[ကောင်းကင်ကုသ]
Vol. 60 Ch. 967
“ကျုပ်က မဟာ ဆရာသခင် ဖီနိုအီယာရဲ့ မိတ်ဆွေပါ။ ကျုပ်ကို ငွေလ ကောင်းကင်မြို့ဆီ ဖိတ်ထားလို့ပါ။”
ချန်လွေ့သည် တောင်နေလူပုနှင့် အထင်လွဲမှုမျိုး ထပ်မဖြစ်စေတော့ဘဲ ကျောက်လက်သီးရွာတွင် မည်သည် ဖြစ်ပျက်ခဲ့ကြောင်း ချက်ချင်းပင် သိရှိရန် စိတ်အားထက်သန်နေသည်။ ထို့ကြောင့် သူက အစိမ်းရောင် သစ်ရွက်မြေပုံကို မြှောက်ပြီး အသံ ကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ဒါက သူပေးခဲ့တဲ့ အစိမ်းရောင် သစ်ရွက်မြေပုံပဲ။”
အစိမ်းရောင် သစ်ရွက် မြေပုံက လမ်းညွှန်ရုံ သာမက ကိုယ်ပိုင်သက်သေခံ လက်မှတ်လည်း ဖြစ်ကြောင့် ဖီနိုအီယာ ပြောခဲ့သည်။ နတ်သူငယ် မျိုးနွယ်စု ရုံးခန်းသို့ ရောက်သည်နှင့် ဥပမာ- ချန်လွေ့နဲ့ ကြယ်အလင်း ကောလိပ်၏ ဒု-ဌာနမှူး ဆိုခရစ်တီးစ်တို့ နောက်ဆုံး တစ်ခါ သွားခဲ့သော ခရမ်းသစ်ခွ ဆိပ်ကမ်းကဲ့သို့ နေရာမျိုး ရောက်ရှိ သည်နှင့် မြေပုံကို ပြပြီး နတ်သူငယ် မျိုးနွယ်စုရဲ့ အမြင့်ဆုံး ဂါရဝကို ခံယူကာ ငွေလကောင်းကင်မြို့ကို ခေါ်ဆောင်သွား နိုင်ပေသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချန်လွေ့၏ အစီအစဉ်က လမ်းခရီးတွင် ပြောင်းလဲ သွား၏။ သူက နတ်သူငယ်၏ နေထိုင်ရာသို့ တိုက်ရိုက် မသွားဘဲ သစ်တောပင်လယ်ကို အခြားတစ်ဖက်မှ ပတ်၍ သွားခဲ့သည်။
မြှားသံများ ရုတ်တရက် ရပ်တန့် သွားသည်။ ဆက်သွယ်မှု တစ်မျိုးမျိုး ရှိနေသကဲ့သို့ပင်။ သစ်ပင်လူသားတို့၏ အမြစ်များ ဖြည်းဖြည်းချင်း ပြန်လည်၍ ကျုံ့ဝင်သွားသော်လည်း သစ်တောထဲရှိ နတ်သူငယ်တို့၏ လေးမြှားများမှာ သူတို့ နှစ်ဦးကို ဆက်လက်ပစ်မှတ်ထားနေဆဲ ဖြစ်သည်။ မည်သူမျှ ရှေ့သို့ တက်မလာ ခဲ့ကြပေ။
ချန်လွေ့က ဇိုလာကို မြေပြင်ပေါ် ဆင်းရန် အမူအရာ ပြလိုက်ပြီး သူတို့က ထိုနေရာတွင် ရပ်ကာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။ ခဏအကြာ အဝေးနေရာမှ ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
“မိတ်ဆွေ။ မင်းလား။” ထိုအသံက ဖီနိုအီယာ ကိုယ်တိုင်၏ အသံပင်။
“ဒါပေါ့!” ချန်လွေ့ အံ့ဩပြီး ဝမ်းသာ သွား၏။ “ဆာ-ဖီနိုအီယာ။ ခင်ဗျားရဲ့ မိတ်ဆွေဟောင်း ချန်လွေ့ကို အခုလိုပဲ ကြိုဆိုတာလား။”
ချန်လွေ့ ဟူသော နာမည်က လူသား လောကထဲတွင် လုံးဝ မရင်းနှီးပေ။ ဆွေမျိုးအချို့နဲ့ မိတ်ဆွေ အချို့သာ တကယ့် အဓိပ္ပာယ်ကို သိကြ၏။ ဖီနိုအီယာက သူတို့ထဲမှ တစ်ယောက် ဖြစ်လေသည်။ အသေအချာပင် သူက သစ်တောထဲမှ ထွက်လာပြီး ချန်လွေ့ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ။ ငါ့ရဲ့ မိတ်ဆွေ။” နတ်သူငယ် မဟာ ဆရာသခင်က ရှေ့တိုးလာပြီး ချန်လွေ့ကို ပွေ့ဖက်လိုက်သည်။ ဒီပွေ့ဖက်မှုက ပခုံးကိုသာ ထိသော်လည်း နတ်သူငယ် တစ်ဦးအတွက် အလွန် ရင်းနှီးသော ဓလေ့ တစ်ခု ဖြစ်ပြီး ထိုမြင်ကွင်းကြောင့် သစ်တောထဲမှ နတ်သူငယ် အားလုံး ရန်လိုမှုကို ဖယ်ရှားလိုက်ကြသည်။
“ဒါက ကျုပ်ရဲ့ ဇနီး ဇိုလာပါ။ ခင်ဗျားနဲ့ ဘန်းဒ်တို့ နောက်ဆုံးတစ်ခါ လာတုန်းက သူ လေ့ကျင့်ရေး လုပ်နေတာဆိုတော့ မတွေ့ဖြစ်ခဲ့ဘူး။ ဒါပေမယ့် သူနဲ့ သူ့အဖေ အကြောင်းကို တမင်တကာ ပြောခဲ့တာ ကျုပ် မှတ်မိတယ်။”
ဖီနိုအီယာ တုန်လှုပ် သွားပြီး ဇိုလာ အပေါ် အကြည့်က ချက်ချင်းပင် လေးစားဖွယ် ဖြစ်သွားသည်။ သူက ကျက်သရေရှိစွာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “မင်းနဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်။ ဒဏ္ဍာရီလာ သူရဲကောင်း ဘုရင်ရဲ့ မျိုးဆက် မိန်းမလှလေး။”
ထိုနတ်သူငယ်က ချန်လွေ့၏ လူသား လောကရှိ မိတ်ဆွေများထဲမှ တစ်ဦး ဖြစ်ကြောင်း သိသည့်အခါ ဇိုလာက ပြုံးပြပြီး ရှေးဟောင်း မှော်ပညာရှင် ဓလေ့အတိုင်း ပြန်တုံ့ပြန်လိုက်၏။
အဝေးမှ နတ်သူငယ် များသည် ဖီနိုအီယာ၏ ဦးညွှတ်ပုံကို မြင်သောအခါ အံ့အားသင့် သွားကြပြီး မျိုးနွယ်စု မဟာဆရာသခင်၏ တလေးတစား ဆက်ဆံခံရသည့် ထိုအစွမ်းထက်သော အမျိုးသမီး မှော်ပညာရှင်၏ ဇစ်မြစ်ကို တိတ်တဆိတ် ခန့်မှန်းခဲ့ကြသည်။
ဖီနိုအီယာက ချန်လွေ့ကို မေးသည်။ “မင်း ဘာလို့ ဒီကိုရောက်လာတာလဲ။ မင်းရောက်လာရင် သတိထားမိအောင် နတ်သူငယ် စခန်းအချို့ကို ငါ မှာထား ခဲ့တာ။ ဒါပေမယ့် မင်း ဒီလမ်းကို ရွေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“နောက်မှ ရှင်းပြပါ့မယ်။” ချန်လွေ့က နောက်မှ လက်နက်အစုံနှင့် နတ်သူငယ် စစ်သည်များကို ကြည့်လိုက်၏။ “ဒါက ဘန်းဒ်ရှိတဲ့ ကျောက်လက်သီးရွာလား။ ဘာလို့ နတ်သူငယ် မျိုးနွယ်စုရဲ့ စစ်သည်တွေ ဒီလောက်များနေရတာလဲ။ တစ်ခုခု ဖြစ်နေတာလား။”
ဖီနိုအီယာက လေးလေးနက်နက်နှင့် ခေါင်းညိတ်လိုက်၏။ “သစ်တောနေလူပု တွေမှာ တကယ် ပြဿနာ ရှိနေတယ်။ မင်း ရောက်လာတာ အချိန်ကိုက်ပဲ။ ကျောက်လက်သီးရွာရဲ့ ပြဿနာကို မင်း ဖြေရှင်းနိုင်မလား ကြည့်တာပေါ့။”
ချန်လွေ့နှင့် ဇိုလာတို့က ဖီနိုအီယာ နောက်သို့ လိုက်ကာ သစ်တောထဲသို့ ဝင်ရောက်သွားကြ၏။ လမ်းတလျှောက် ၎င်းတို့သည် သစ်ပင်လူသား အချို့နှင့် နတ်သူငယ် မျိုးနွယ်စုမှ စစ်သည်တော် များနှင့် တွေ့ဆုံခဲ့ကြသည်။ သစ်တောကို ဖြတ်ကျော်ပြီးနောက် ကြီးမားသော ချိုင့်ဝှမ်းကို မြင်တွေ့ခဲ့ရပြီး ထိုနေရာတွင် သစ်တောလူပု၏ ကျောက်လက်သီးရွာ တည်ရှိနေသည်။
“ဒါဆို မင်းက တောင်နေလူပုနဲ့ လိုဏ်ဂူလူပုရဲ့ အကျပ်အတည်းကို ဖြေရှင်းပြီးတော့ ကျောက်လက်သီးရွာကို သတိပေးဖို့ ရောက်လာတာပေါ့။” ဖီနိုအီယာက ချန်လွေ့ ကျောက်နက် တောင်မှ အတွေ့အကြုံ ပြောပြသည်ကို နားထောင်ပြီး ညည်းတွား လိုက်သည်။ “ကံဆိုးချင်တော့ မင်း ခြေတစ်လှမ်း နောက်ကျသွားပြီ။”
ချန်လွေ့သည် နတ်သူငယ် စစ်တပ်၏ ပုံစံကို သတိရပြီး သူ့စိတ်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ရှိနေခဲ့သည်။ “ဒါဆို သစ်တောနေ လူပုတွေက...”
“ကြည့်ပါဦး... ဒီရက်ပိုင်း လူပုတွေ ကိစ္စကြောင့် အရမ်း အလုပ်များနေခဲ့လို့ စကားကို ပုံမှန် မပြောနိုင်တော့ဘူး။” ဖီနိုအီယာက ခေါင်းကို ပုတ်လိုက်သည်။ “မင်း ထင်သလောက်တော့ မဆိုးပါဘူး။ သစ်တောနေလူပုတွေက လမ်းမှားရောက် လိုဏ်ဂူနေလူပုတွေရဲ့ လှည့်ဖြားတာကို ခံရပြီးတော့ လုံးဝ ထိန်းချုပ်ခံရလုနီးပါး ဖြစ်ခဲ့ပေမယ့် နတ်သူငယ် မျိုးနွယ်စုရဲ့ ရှေ့ဖြစ်ဟောသူက ကျောက်စိမ်း သစ်တော ပင်လယ်ကို ဆိုးယုတ်တဲ့ စွမ်းအားတွေ တိုက်စား လာတာကို ကြိုမြင်ခဲ့တယ်။ စုံစမ်းစစ်ဆေးမှုအပြီး ငါတို့က ကျောက်လက်သီးရွာကို ပစ်မှတ် ထားခဲ့တယ်။ ပြီးခဲ့တဲ့ညက နတ်သူငယ် မျိုးနွယ်စုရဲ့ အထူး အစွမ်းထက် ပုဂ္ဂိုလ်တွေကို စေလွှတ်ပြီးတော့ အကျဉ်းချ ခံထားရတဲ့ သစ်တောနေ လူပုဘုရင် အဲဘက်ကို ကယ်တင်ခဲ့တယ်။ အဲဒီနောက် ငါတို့ ကျောက်လက်သီး ရွာကို ကြိုတင်စီစဉ်ထားတဲ့ စီးနင်းမှုကို စတင်ခဲ့ပြီး နယ်မြေတစ်ခုလုံးကို လုံးဝ ထိန်းချုပ်လိုက်တယ်။ ယဇ်ပလ္လင်ဆိုးကို ဖျက်ဆီးတော့ လမ်းမှားရောက်သူတွေ အကုန်လုံးကို တစ်ခါတည်း ဖမ်းဆီးနိုင် ခဲ့တယ်။”
နတ်သူငယ်မျိုးနွယ်စုက အတော်လေး အားကောင်းနေပုံရသည်။ သူတို့သည် အသူရာ ချောက်နက် စွမ်းအား၏ တည်ရှိမှုကို သိရှိနိုင်ပြီး သစ်တောလူပုကို တစ်ခါတည်း ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ချန်လွေ့ သက်ပြင်းချလိုက်၏။ “ဒီလိုကိုး။ ဘန်းဒ်ကော အဆင်ပြေလား။။”
“သစ်တောနေလူပု အတော်များများ ဆိုးညစ်တဲ့ စွမ်းအား တစ်ခုကြောင့် တိုက်စားခံရပြီး စိတ်လွတ် သွားတယ်။” ဖီနိုအီယာက သူ့မိတ်ဆွေအကြောင်း ပြောနေရင်း စိတ်ဓာတ်ကျလာသည်။ “ဘန်းဒ်က တိုက်စားတာ မခံရပေမယ့် တိုက်ပွဲမှာ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ အခု နတ်သူငယ် မျိုးနွယ်စုရဲ့ ကုသရေးသမားက ဒဏ်ရာကို ကုသပေး နေတယ်။ အခြေအနေက အတော်လေး ဆိုးနေတယ်။ မင်း သူ့ကို ကယ်တင်နိုင် ပါ့မလား မသိဘူး။”
ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ “ကျုပ်ကို သူ့ဆီ ချက်ချင်း ခေါ်သွား ပေးပါ။”
သစ်တောလူပုများက ကျောက်စိမ်း သစ်တော ပင်လယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပြီး သဘာဝ၏ စွမ်းအားကို လေးစားခဲ့ကြသည်။ အပြင်ဘက်မြို့ရိုး များမှ လွဲ၍ အတွင်းပိုင်းအဆောက်အအုံ အများစုက သစ်ပင်များ သို့မဟုတ် သစ်ပင်ပန်းပင်များပေါ်တွင် ဆောက် ထားသော အဝိုင်းပုံအိမ်များ ဖြစ်သည်။ ထိုအိမ်များစွာသည် လွန်ခဲ့သောညက တိုက်ပွဲ၌ ပျက်စီးခဲ့ပြီး လမ်းတလျှောက် ကြမ်းတမ်းသော တိုက်ပွဲ သဲလွန်စများ တွေ့နိုင်ပေသည်။ ချန်လွေ့က ဖီနိုအီယာ နောက်သို့ လိုက်သွား၍ သစ်တောလူပု၏ နန်းတော်သို့ လျင်မြန်စွာ ဝင်ရောက် ခဲ့သည်။ ယာယီ အရေးပေါ်ခန်းကို နန်းတော်ခန်းမတွင် ပြုလုပ်ထား၏။
နန်းတော်ခန်းမ၌ ဒဏ်ရာရထားသော လူပုများနှင့် နတ်သူငယ်များ ပြည့်နေပြီး အဓိကခန်းမ၏ အရေးပေါ်ခန်းထဲတွင် ဒဏ်ရာ အပြင်းအထန် ရရှိသူများ ပြည့်နှက်နေသည်။
ချန်လွေ့က လူပု အဘိုးအို ဘန်းဒ်ကို ထူထဲသော ပတ်တီးများ ပတ်ထားပြီး မှော်ကုသမှု ခံယူနေသည်ကို တစ်ချက် ကြည့်လိုက်သည်နှင့် မြင်တွေ့လိုက်ရ၏။ သူက လျင်မြန်စွာ လျှောက်သွား၏။ “ဘန်းဒ်!”
သူ့ဘေးနားတွင် ဘန်းဒ်ကို ကုသပေး နေသည့် နတ်သူငယ် အမျိုးသမီး မှော်ပညာရှင်မတစ်ဦး ရှိသည်။ ထိုလူစိမ်းက မဆင်မခြင် ချဉ်းကပ် လာသည်ကို မြင်သောအခါ သူ့ကို ဆူပူကြိမ်းမောင်းရန် ပြင်ဆင်လိုက်သည်။ သို့သော် နောက်မှ ဖီနိုအီယာ လက်ဝှေ့ယမ်း လိုက်သည်ကို မြင်သောအခါ သူ ချက်ချင်း တိတ်ဆိတ် သွားခဲ့သည်။
“မင်းပဲလား။ လူသားလေး။” လူပု အဘိုးအိုက သူ့ရဲ့ လေးလံသော မျက်ခွံများကို မြှောက်ပြီး ပြုံးပြလိုက်၏။ “ဝိုင်ရှိသေးလား။ ငါ အကောင်းဆုံး ဝိုင် သောက်ချင်တယ်။”
ချန်လွေ့ ဝိုင်တစ်ပုလင်း တိတ်တဆိတ် ထုတ်ယူပြီး အဖုံးဖွင့်ကာ လူပု အဘိုးအိုကို လှမ်းပေးလိုက်သည်။
ဝိုင်ပုလင်းဖုံးကို ဖွင့်လိုက်သည်နှင့် စူးရှသော ဝိုင်ရနံ့များ ပျံ့လွင့်သွား၏။ ဝိုင်ရနံ့က အလွန် ပြင်းထန်သောကြောင့် ဘေးနားရှိ နတ်သူငယ် မှော်ပညာရှင်မက အနံ့ခံလိုက်သောအခါ မူးဝေသွားသည်။ အစက လဲလျောင်းနေသော လူပုများ စိတ်ဓာတ် တက်ကြွ လာကြ၏။ အတော် များများက နှာခေါင်းကို ရှုံ့လိုက်ကြပြီး အချို့က မေးမြန်း နေကြသည်။ “ဒီဝိုင်က ဘာလဲ။ မွှေးနေတာပဲ။”
“ဟား။ ဘာဝိုင်ပဲ ဖြစ်ဖြစ် ဒါက ငါ့ဝိုင်ပဲ။ ယူလာခဲ့။ မြည်းကြည့် တာပေါ့။” ဘန်းဒ်၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ သူက ဒဏ်ရာ အပြင်းအထန် ရထားပြီး မလှုပ်နိုင်ခြင်း မဟုတ်နေလျှင် အပြေးသွားလောက်မည် ဖြစ်သည်။
“ဒါက ကျုပ် လျှို့ဝှက်ချက် အတိုင်း ချက်ထားတဲ့ အကောင်းဆုံး ဝိုင်ဖြူပါ။ ဒါပေမယ့် ဒီပုလင်းသေးသေးပဲ ရှိတယ်။ ဖြည်းဖြည်း သောက်ပါ။” ချန်လွေ့က အထူး ပြုလုပ်ထားတဲ့ လေးထောင့် ပုလင်းလေးကို ယူပြီး ဘန်းဒ်ရှေ့တွင် တင်လိုက်သည်။
နတ်သူငယ် ‘သူနာပြု’ အမျိုးသမီးက သည်းမခံနိုင်တော့ဘဲ အော်ပြောလိုက်၏။ “သူက အခု ဒဏ်ရာ အပြင်းအထန် ရထားပြီးတော့ ဆေးတွေလည်း ခုမှ လိမ်းထားတာ။ ဘယ်လို ဝိုင်သောက်လို့ ရမှာလဲ။”
ချန်လွေ့ ဘာမှ မပြောရသေးခင်မှာပင် သေလုနီးပါး လူပုများ အသံထွက်လာ၏။
“မင်းတို့ နတ်သူငယ်တွေ ဘာသိလဲ။ ဝိုင်က အကောင်းဆုံး။”
“ဘယ်ဆေးပင်မှ ဝိုင်ကောင်းကောင်းနဲ့ မယှဉ်နိုင်ဘူး။”
“ဝိုင်သောက်ပြီးတော့ သေရတာက အကြီးမြတ်ဆုံး ပျော်ရွှင်မှုပဲ။”
“ဒီလို မွှေးတဲ့ ဝိုင်မျိုး။ ငါ့ကို တစ်ခွက် တိုက်မယ်ဆိုရင် မိခင် မြေကြီးဆီ ပြန်လိုက်မယ်။”
“...”
သူနာပြု နတ်သူငယ် အမျိုးသမီးက ဒေါသကြောင့် မျက်နှာ နီရဲသွားပြီး ခဏတာ စကား မပြောနိုင်တော့ပေ။ ဘေးနားမှ ဒဏ်ရာရနေသော နတ်သူငယ် များက မကျေမနပ်ဖြစ်ပြီး လူပုများနှင့် ရန်ဖြစ်ကြ တော့သည်။ ထိုနေရာက ‘အထူးကြပ်မတ်ကုသရေးဌာန’နှင့် လုံးဝ မတူညီပေ။
ထိုအချိန်တွင် ဘန်းဒ်က ဝိုင်ဖြူကို တစ်ငုံလေး သောက်ပြီးပြီ ဖြစ်သည်။ သူက မျက်လုံးဖွင့်ပြီး အသက်ကို ရှူထုတ်လိုက်ရာ အသံက ပို၍ပင် ကျယ်လာသည်။ “ဒီလောက်ပြင်းထန်တဲ့ နောက်ဆက်တွဲ ခံစားမှုမျိုး ရှိတာပဲ။ ငါ ဒီလောက်ပြင်းထန်တဲ့ ဝိုင်မျိုးကို တစ်ခါမှ မသောက်ဖူးဘူး။”
သူက သေခါနီး လူနာတစ်ယောက်နှင့် မတူသော်လည်း ချန်လွေ့က အဘိုးအို၏ ဒဏ်ရာ ပြင်းထန်ကြောင်းကို မြင်နိုင် ပေသည်။ သူက ဝိုင်နဲ့အတူ သတ္တိရှိသော စိတ်ဓာတ်ဖြင့် တောင့်ခံ နေခြင်းသာ ဖြစ်လေသည်။
ဖီနိုအီယာက မေးလိုက်သည်။ “လင်း။ ဒဏ်ရာရတဲ့သူတွေ ဘယ်လိုလဲ။”
နတ်သူငယ်သူနာပြု လင်းက ခေါင်းခါ လိုက်သည်။ “နတ်သူငယ်တွေက ပိုကောင်းတယ်။ ဒါပေမယ့် လူပုတွေရဲ့ ကိုယ်ခန္ဓာက အထူးခြားဆုံး ဖြစ်လို့ သာမန် ကုသမှုတွေက လုံးဝနီးပါး မထိရောက်ပါဘူး။ ဆေးပင်တွေနဲ့ပဲ ကုသလို့ရပြီးတော့ အခြေအနေတွေက မကောင်းပါဘူး။ ဒီလူက လူပုတွေကို ဝိုင်တောင် တိုက်လိုက်သေးတယ်... ...”
နတ်သူငယ် သူနာပြု အမျိုးသမီးက ကုသမှုကို နှောင့်ယှက် သူများအား သိပ်သဘောမကျကြောင်း သိသာနေ၏။ ချန်လွေ့က ဖီနိုအီယာကို ပခုံးတွန့်ပြီး ပြုံးလိုက်သည်။ ဖီနိုအီယာက ချန်လွေ့၏ ပေါ့ပေါ့ပါးပါး အပြုံးကို မြင်ပြီး စိတ်လှုပ်ရှား သွားသော်လည်း ဘာမှ မပြောခဲ့ပေ။
“ဘန်းဒ်။ မင်းဝိုင် ငါ့ကို တစ်ငုံလောက် ပေးသောက်။” ထိုင်ခုံကို မှီထားသော မုတ်ဆိတ်နက် လူပုက အော်လိုက်သည်။
“အဲဘက်။ စဉ်းတောင် မစဉ်းစားနဲ့။ မင်းက ငါ့ညီ သစ်တောနေ လူပုဘုရင် ဖြစ်ရင်တောင် ငါ့ဆီက နောက်ဆုံး ဝိုင် တစ်ငုံကို သောက်ဖို့ မစဉ်းစားနဲ့။” ဘန်းဒ်က အေးစက်စက် လှောင်ပြောင် လိုက်သည်။
ထိုအချိန်ကျမှ မုတ်ဆိတ်နက် လူပုက သစ်တောနေ လူပုဘုရင် အဲဘက် ဖြစ်ပြီး ဘန်းဒ်၏ညီ ဖြစ်နေသည်ကို ချန်လွေ့ သိလိုက်ရသည်။ သူက ဝိုင်ဖြူကို ကိုင်ပြီး သွားလိုက်ရာ ဘန်းဒ်က အော်ပြော လိုက်၏။ “ပြန်လာခဲ့။ ငါ မဝသေးဘူး။ ဒါ ငါ့ဘဝရဲ့ နောက်ဆုံးဝိုင်ပုလင်းပဲ။”
ချန်လွေ့က အနည်းငယ် လှမ်းလိုက်ပြီး နောက်လှည့်ကြည့်ကာ ပြုံးလိုက်၏။ “ဘန်းဒ်။ မိတ်ဆွေ။ ဒါက ခင်ဗျားဘဝရဲ့ နောက်ဆုံး ဝိုင်ပုလင်း မဟုတ်ဘူးလို့ ကျုပ် အာမခံနိုင်ပါတယ်။”
သိပ်မကြာခင် အပြင်မှ ဒဏ်ရာရ သူများက ခန်းမထဲသို့ ဝင်လာပြီး ဖီနိုအီယာနှင့် အဲဘက်တို့ အမိန့်အောက် စုဝေးခဲ့ကြသည်။ ထိုအရာက ချန်လွေ့၏ တောင်းဆိုချက်ကြောင့်ပင်။
ချန်လွေ့က အကွာအဝေးကို မှန်းပြီး ဒဏ်ရာရသူများ၏ အလယ်သို့ သွားကာ ဆူးသရဖူကို ခေါင်းပေါ် တင်လိုက်သည်။ နူးညံ့သော အဖြူရောင် အလင်းသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၏။ အဖြူရောင်အလင်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဒဏ်ရာရသူများက သူတို့၏ ကိုယ်ခန္ဓာများ ပေါ့ပါးသွားသလို ခံစားရပြီး ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းလာသည်။ မှော်ပညာကို အတော်အတန် ခုခံနိုင်သော လူပုများပင် အလားတူ ခံစားခဲ့ကြရသည်။
[ကောင်းကင်ကုသ]
အစွမ်း အထက်ဆုံး ကုသမှု။ ပင်ပန်း နွမ်းနယ်မှု လျှို့ဝှက် အန္တရာယ် မရှိ။ ဝိညာဉ်နှင့် ကိုယ်ခန္ဓာ၏ ဒဏ်ရာများကို အခြေခံအားဖြင့် ပြန်လည်ပြု ပြင်ခြင်း၊ အသစ်ပြန်ဖြစ်နိုင်စွမ်းကို မြှင့်ပေးခြင်း။ တစ်နာရီလျှင် တစ်ခါ အသုံးပြုနိုင်၏။ (အရေအတွက်များစွာအပေါ် သုံးနိုင်...)
အဖြူရောင်အလင်း မှိန်ဖျော့သွား ပြီးနောက် ဒဏ်ရာရသူ အားလုံးက အံ့အားသင့်သော အမူအရာများကို ပြသခဲ့ကြသည်။ အထူးသဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု ယူဆရသူ များစွာမှာ ကိုယ်တိုင် မတ်တပ်ရပ်နိုင် ခဲ့ကြသည်။ လင်း နှင့် အခြား နတ်သူငယ် ကုသရေးသမားများ မှင်တက်သွားကြ၏။
ဖီနိုအီယာ ဝမ်းသာအားရ ဆက်တိုက် ခေါင်းညိတ်နေသည်။ ချန်လွေ့တွင် သေချာပေါက် နည်းလမ်း တစ်ခု ရှိနေ၏။