ဘာလို့ နေရာတိုင်းမှာ လူဆိုးတွေ ရှိနေရတာလဲ
Vol. 61 Ch. 981
လစ်ဒ်၏ မှော်ပညာရှင် ဓလေ့ထုံးတမ်း ယဉ်ကျေးမှုကို မြင်သောအခါ ချန်လွေ့က ဦးညွှတ်လိုက်ပြီး သာမန်လူ တစ်ဦး၏ ပုံစံမျိုး ချက်ချင်း ပြသလိုက်သည်။ သို့သော် ဇိုလာက သူ ခေါင်း အနည်းငယ် စောင်းကာ ဦးညွှတ်လိုက်၏။ သို့သော် ထိုကဲ့သို့ ဦးညွှတ်ခြင်းက အဆင့်တူများ အတွက် မဟုတ်ဘဲ အဆင့်နိမ့်များ အတွက် ဖြစ်သောကြောင့် လစ်ဒ်ကို အံ့အားသင့် စေခဲ့သည်။
ဆာ-သူတော်စင်အဆင့် မှော်ပညာရှင် မတုံ့ပြန်ခင်မှာပင် ချန်လွေ့က ပြောသည်။ “တောင်းပန်ပါတယ်။ ကျုပ်တို့ လုပ်စရာ ရှိသေးတယ်။ ဒါကြောင့် ဒီမှာ အကြာကြီး နေလို့ မရပါဘူး။ ဆာ-လစ်ဒ် ကို နောက်တစ်ခါ လာလည်ပါ့မယ်။”
ဘေးနားမှ စာရေးမ၏ မျက်နှာ အမူအရာက လုံးဝ မယုံကြည်နိုင် ဖြစ်နေပုံရသည်။ ဒီယောက်ျားနဲ့ မိန်းမက ဆာ-လစ်ဒ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းရအောင် အသိဉာဏ်မဲ့ကြတာပဲ။
လစ်ဒ် မျက်မှောင်ကြုတ်ပြီး ပေါ့ပေါ့ ပါးပါးနေပုံရသည့် လူနှစ်ယောက်ကို ကြည့်လိုက်၏။ သူတို့က ဖိတ်ကြားမှုကို အမှန်တကယ်ပင် ဂရုမစိုက်ပုံ ရသည်။ ခဏ စဉ်းစား ပြီးနောက် သူက မေးလိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက်က တခြားနေရာက ဖြစ်မယ်။ ဘယ်ကို သွားမလို့လဲဆိုတာ မေးလို့ ရမလား မသိဘူး။”
“ကျုပ်တို့ ကျောက်မျက်စိမ်း လဟာပြင်ကို သွားမလို့ပါ။” ပရိုယိုက မြို့ထဲရှိ အိပ်စက်နှင်းဆီ အရေးကြီး ပုဂ္ဂိုလ် တည်းခိုခန်း၌ ချိန်းဆိုထား၏။ မြို့ထဲ ရောက်စဉ်က ထိုဟိုတယ်မှာ ကျောက်မျက်စိမ်း လဟာပြင် နယ်မြေ၌ ရှိကြောင်း သိထားပြီးဖြစ်ရာ ထိုအဖြေက လုံးဝ ဝတ်ကျေတမ်းကျေ မဟုတ်ပေ။
“ခင်ဗျားတို့နှစ်ယောက် အရေးကြီးတဲ့ ကိစ္စတွေ ရှိနေမှတော့ ကျုပ် မတား တော့ပါဘူး... ဒါပေမဲ့ ကျုပ်လည်း အဲဒီဘက်ကို သွားဖို့ ရှိနေတယ်။ အတူတူ သွားကြမလား။ ခုနက ‘တိမ်ချိန်းကြိုး’နဲ့ ပတ်သက်ပြီး မေးစရာ ရှိနေသေးတော့ ခင်ဗျားတို့ နှစ်ယောက် ကိုလည်း အကြံဉာဏ် တောင်းလို့ ရတာပေါ့။”
ချန်လွေ့က ခဏလောက် စဉ်းစားပြီး သဘောတူခဲ့သည်။ ယောက်ျားက ထိုသို့ ပြောသည့်အတွက် ဇိုလာက ကိစ္စမရှိပေ။
သူတို့ သုံးယောက် စိမ်းပြာရောင် ကျောက်မျက် လဟာပြင် ဆီသို့ အတူတူ လျှောက်သွားကြသည်။ ထိုမှော်ပညာရှင် မြို့တွင် မှော်ပညာရှင်များက သာမန်ပင်။ လစ်ဒ်က ပုံမှန်တွင် ရိုးရိုးရှင်းရှင်းသာ နေတတ်ပြီး သိပ်ပြီး ထင်ပေါ်ခြင်း မရှိပေ။ အဆင့်မြင့်ပြီး ရင်းနှီးသော မှော်ဆိုင် ဝန်ထမ်း အချို့ကလွဲ၍ သူ့ကို သိသူ အရမ်းနည်းပါး၏။ သူတို့သုံးယောက်က လမ်းတလျှောက်တွင် ထူးခြားသော မည်သည့် အာရုံစိုက်မှုမှ မခံခဲ့ရပေ။
လစ်ဒ်က လမ်းတစ်လျှောက် မေးခွန်း များစွာ မေးခဲ့သည်။ ‘တိမ်ချိန်းကြိုး’နှင့် ပတ်သက်သည်များသာမက သူ ပုံမှန် ကြုံတွေ့လေ့ ရှိသော မှော်စက်ဝိုင်းဆိုင်ရာ ပြဿနာများကိုပါ မေးခဲ့သည်။ ယခင် မေးခွန်းနှစ်ခုက ဇိုလာကို နည်းနည်း စိတ်ကူး ရစေခဲ့သော်လည်း နောက်ပိုင်း မေးခွန်းများက နတ်မိမယ်နဂါးအတွက် အလွန် ရိုးရှင်းသောကြောင့် သူက ဆက်ဖြေရန် စိတ်မရှည်တော့ပေ။ သူက ယောက်ျားဖြစ်သူကို ချက်ချင်း မျက်လုံး မှိတ်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ စိတ်ကူး စိတ်သန်းများကို ဆက်လက် ရှာဖွေနေခဲ့သည်။
ကြံရာမရသည့်အဆုံး ချန်လွေ့က သူ၏ ဆရာနေရာကို လွှဲယူကာ ဇိုလာအတွက် ဖြေပေးခဲ့ရသည်။ ထိုအဖြေက လစ်ဒ်ကို ထပ်မံ အံ့အားသင့်စေခဲ့သည်။ သူ့ကို ဆယ်နှစ်ကျော် စိတ်အနှောင့်အယှက် ပေးခဲ့သော ပြဿနာက အမှန်တကယ် ပြေလည်သွားခဲ့သည်။ သူသည် မူလက ထိုအမျိုးသမီးမှာ မှော်စက်ဝိုင်း ဆရာ သခင် ဖြစ်ကြောင်း ထင်ခဲ့သော်လည်း ဤ ‘အာသာ’ ပြသသော မှော်စက်ဝိုင်း အဆင့်က ထိုအမျိုးသမီးထက် မနိမ့်ကျ ခဲ့ပေ။ အနည်းဆုံး ချန်လွေ့က သူ့ထက် အများကြီး ပိုတော်၏။
လစ်ဒ်က နောက်ထပ် မှော်ပညာနှင့် ပတ်သက်သော မေးခွန်းအ ချို့ကို ထပ်မေးလိုက်ရာ ချန်လွေ့ မဖြေနိုင်ခဲ့ပေ။ လစ်ဒ်က ခုနက မပြောပလောက်သော ဓလေ့ထုံးတမ်းနှင့် ချိတ်ဆက်ပြီးနောက် ခန့်မှန်းချက် ပိုမို သေချာသွားခဲ့သည်။ ‘အာသာ’က မှော်စက်ဝိုင်းကျွမ်းကျင်ပြီး ‘ဇိုလာ’က မှော်ပညာရှင် တစ်ယောက် ဖြစ်လိမ့်မယ်။ သူရဲ့ မှော်စက်ဝိုင်း အသိပညာကို သူ့ခင်ပွန်း သင်ပေးခဲ့တာ။ ‘ဇိုလာ’က စွမ်းအားကို ဖုံးကွယ်ထား ပြီးတော့ ငါ့ကို အဲဒီလိုမျိုး ခေါင်းညိတ် ပြခဲ့တာက ငါ့ရဲ့ သူတော်စင်အဆင့် အငွေ့အသက်ကို ဖုံးကွယ်ခဲ့လို့ပဲ။ သူက ငါ့ထက် အစွမ်းထက်တယ်လို့ ထင်တာ။
သူတော်စင်အဆင့် မှော်ပညာရှင်၏ စိတ်ကူးစိတ်သန်းက အလွန်ကြွယ်ဝပြီး မှန်းဆချက်အချို့က ကိုက်ညီမှု ရှိသည်။ ကံမကောင်းစွာပင် အရေးကြီးဆုံး အပိုင်းများ အားလုံး မှားနေကြောင်းကို သူ မသိခဲ့ပေ။
လူအုပ်ထဲ၌ ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်က ရှေ့ဆက်လျှောက် နေကြသည်။ ဇိုလာက ပတ်ဝန်းကျင်ကို ကြည့်နေရင်း လစ်ဒ်က ချန်လွေ့ကို စကားများ ဆက်တိုက် ပြောနေသည်။ ‘နောက်တစ်ခါ လာလည်ပါ့မယ်’ က စကား အဖြစ်သာ ဖြစ်ပေလိမ့်မည်။ လစ်ဒ်က မှော်ပညာကို အဓိကသင်ယူ နေပြီး မှော်စက်ဝိုင်းက အသေးစား ဘာသာရပ် တစ်ခုသာ ဖြစ်သော်လည်း ထိုသို့ ဆရာသခင်အဆင့် မှော်စက်ဝိုင်း သုတေသီမျိုးနှင့် တွေ့ဆုံရသည်မှာ ရှားပါးသောကြောင့် အချိန်ယူပြီး မေးခွန်းများ မေးသည်မှာ သဘာဝ ကျပေသည်။
သူတို့ လမ်းလျှောက် နေစဉ် ရှေ့တွင် ရုတ်တရက် ရုတ်ရုတ် သဲသဲ ဖြစ်သွား၏။ တစ်ယောက်ယောက် တိုက်ခိုက်နေသလို မျိုးပင်။
သူတို့ သုံးယောက် ရှေ့ဆက်သွားရာ လူအချို့က လူငယ် တစ်ယောက်ကို အုပ်စုဖွဲ့ တိုက်ခိုက်နေကြောင်း တွေ့လိုက် ရသည်။ ထိုသူက မှော်ပညာရှင် တစ်ယောက် ဖြစ်ပြီး သူ့ကိုယ်သူနဲ့ နောက်က မိန်းကလေး နှစ်ယောက်ကို ကာကွယ်ရန် မှော်ဒိုင်းကာ နှစ်ခုကို အသုံးပြုနေသည်။ မိန်းကလေး နှစ်ယောက်ထဲမှ တစ်ယောက်က ၁၇ နှစ်ခန့် ရှိပြီး နောက်တစ်ယောက်က ၁၀နှစ်ခန့်သာ ရှိသေးသည်။
လူငယ်လေးများကို ဓားရှည် ကိုင်ဆောင် ထားသော အနီးကပ် တိုက်ခိုက်ရေးသမား အချို့ ဝိုင်းရံထားပြီး မှော်ပညာရှင် နှစ်ယောက်က သူတို့ နောက်တွင် အခွင့်အရေးကို စောင့်ဆိုင်း နေကြသည်။
ထိုလူငယ်က မခံနိုင် တော့သည်မှာ မြင်သာပေသည်။ မှော်ဒိုင်း ပြိုလဲရန် အချိန်တစ်ခုပဲ လိုတော့၏။
“အဲဒါ ရိုမွန်မိသားစုက ခယ်ဒေလာ မဟုတ်လား။ ကြယ်အလင်း ကောလိပ် ကနေ ပြန်လာပြီး ဘာလို့ အဲဒီသူတွေနဲ့ ရန်ဖြစ်နေတာလဲ။”
“မင်း မသိသေးဘူးလား။ မိုဂက်စ် မိသားစုရဲ့ ဗစ်ဇူက ခယ်ဒေလာ စေ့စပ်ထားတဲ့ တက်ဇ်နဲ့ တက်ဇ်ရဲ့ညီမ ခီလီကို သဘောကျပြီး တက်ဇ်ရဲ့အဖေကို အကောက်ကြံခဲ့တာ။ အဲဒါကြောင့် သနားစရာ စာရေးပါဘိုက လောင်းကစား အကြွေးတွေ အများကြီး တင်ပြီး နောက်ဆုံး ဒေဝါလီခံပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်။ ဗစ်ဇူက အကြွေး သိမ်းတဲ့အနေနဲ့ တက်ဇ်နဲ့ သူ့ညီမကို ခေါ်သွားဖို့ ကြိုးစားနေတုန်း ခယ်ဒေလာ အားလပ်ရက် ပြန်လာတာနဲ့ တိုက်ဆိုင် သွားခဲ့တာ...”
“ဗစ်ဇူ။ မင်း တိရိစ္ဆာန်ပဲ။ ခီလီက အသက် ငယ်ငယ်ပဲ သေးတယ်...”
“တိုးတိုးပြော။ သူတို့ မကြားစေနဲ့။”
“...”
ချန်လွေ့နှင့် ဇိုလာတို့၏ နားများက အလွန် အာရုံခံကောင်းသည် ဖြစ်ရာ ပတ်ဝန်းကျင်ရှိ တီးတိုးသံများမှနေ၍ အဖြစ်အပျက် တစ်ခုလုံးကို သိပြီးသား ဖြစ်နေပြီ ဖြစ်သည်။ ဇိုလာ၏ မျက်လုံးက လူသတ်ချင်စိတ်ဖြင့် လင်းလက်သွား၏။ သူ လှုပ်ရှားရန် ပြင်လိုက်စဉ် ချန်လွေ့က သူ့ကို ဆွဲလိုက်သည်။
“ဆာ-လစ်ဒ်။ မှော်ပညာရှင်မြို့ ဆိုတဲ့ နာမည်ကို ကျုပ် အရင်ကတည်းက လေးစားခဲ့တာ။ ဒါပေမယ့် ဒီလို ကိစ္စမျိုး ကြုံရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ အဲဒီ မိန်းကလေး နှစ်ယောက်... ကျုပ် သူတို့ကို ကူညီချင်တယ်။ အဲဒီမတိုင်ခင် ကျုပ် မေးချင်တာက မိုဂက်စ်မိသားစုက အရှိန်အဝါ ကြီးလား။”
“မိုဂက်စ် မိသားစုက ဂျာဒါမှာရှိတဲ့ အဓိက စီးပွားရေး မိသားစုကြီး နှစ်ခုထဲက တစ်ခုပဲ။ ဒါကြောင့် သူတို့က တော်တော်လေး အစွမ်းထက်တယ်။ ဗစ်ဇူက မြို့ထဲမှာ ရာထူးအချို့ ရထား တယ်လို့ ကြားတယ်။ အသေးစိတ် ကိုတော့ မမှတ်မိဘူး...” လစ်ဒ်၏ မျက်နှာက ပျက်သွား၏။ “ဒီကောင်တွေ အတော် လွန်တယ်။ ခင်ဗျားတို့ နှစ်ယောက် ဒီလို အသေးအဖွဲ ကိစ္စမျိုးကို ဝင်မပါပါနဲ့။ ကျုပ်ပဲ ဖြေရှင်းလိုက်မယ်။ ဒီအမှိုက်တွေ ကျုပ်တို့စကားပြောတာကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။”
ထိုသို့ ပြောပြီးနောက် လစ်ဒ်သည် ခြေလှမ်းကျဲကျဲနှင့် ရှေ့သို့ တိုးသွားရာ ရှေ့မှလူက မမြင်နိုင်သော စွမ်းအားဖြင့် ဖယ်ရှား ခံလိုက်ရပုံရသည်။
ထိုအချိန် ခယ်ဒေလာ၏ မှော်ဒိုင်းများ နောက်ဆုံး ပြိုလဲသွားလေပြီ။ လူငယ် မှော်ပညာရှင်၏ မျက်နှာက ဖြူဖျော့ သွားသည်။ သူက မှော်စွမ်းအားကို ချက်ချင်း ပြန်စုစည်း၍ မရတော့ပေ။ သူ့ဆီကို လူတစ်ယောက် ပြေးဝင်လာပြီး ဓားရှည်ဖြင့် ထိုးတော့မည် ပြင်လိုက်၏။
ဓားရှည်က ရုတ်တရက် ရပ်တန့် သွားပြီး နီရဲလာ၏။ ဓားကိုင်ထားသူ၏ လက်တွင် မီးလောင်ရာများ ပေါ်လာပြီး ဓားရှည်က ‘ချွမ်း’ ခနဲ အသံဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ သူက နာကျင်စွာ အော်ဟစ်နေ၏။ နောက်မှ လူများ၏ လက်နက် များကလည်း အတူတူပင်။
သူတို့ အားလုံး အံ့အားသင့်သွား ကြသည်။ ပြိုင်ကွင်းထဲ လျှောက်လာ နေသော လစ်ဒ်ကို ကြည့်ပြီးနောက် မှော်ပညာရှင် နှစ်ယောက်က တစ်ဖက်လူ စွမ်းအားက ထူးခြားကြောင်း သိလိုက်ပြီး မဆင်မခြင် မလုပ်ရဲကြပေ။ သူက ပြောလိုက်သည်။ “ခင်ဗျား ဘယ်သူလဲ။ မိုဂက်စ် မိသားစုရဲ့ ကိစ္စကို ဝင်စွက်ဖက် ရဲတယ်ပေါ့။”
“ထွက်သွားစမ်း!” လစ်ဒ်က ထိုသူများနှင့် အဓိပ္ပာယ် မရှိသော စကားများ ပြောမနေတော့ပေ။ လက်ကို ဝှေ့ယမ်း လိုက်သည်နှင့် မှော်ပညာရှင် နှစ်ယောက်နှင့် ဓားသမားများက မမြင်နိုင်သော ဧရာမလက်သီးဖြင့် အထိုး ခံလိုက်ရသလိုပင် နောက်ပြန် လွင့်သွား ကြသည်။ အနီးအနားမှ လူများကတော့ မမြင်နိုင်တဲ့ စွမ်းအားကြောင့် လုံးဝ မထိခိုက်ခဲ့ကြပေ။ ထိုတိုက်ခိုက်မှုက သိမ်မွေ့သော မှော်ထိန်းချုပ်မှုကို ပြသ ခဲ့သော်လည်း ဇိုလာ၏ မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။ သို့သော် မှော်ပညာရှင် နှစ်ယောက်ကတော့ ကြောင်လန့်သွား၏။
“ဒီကောင်မလေး နှစ်ယောက်ကို ဆာ-ဗစ်ဇူက တောင်းဆို ထားတာ။ ခင်ဗျား ..ခင်ဗျား ဘယ်လို လုပ်ရဲတာလဲ...”
သူ၏ စကားမဆုံးခင် လစ်ဒ်က လေထဲ၌ လက်ကို ထပ်ဝှေ့ယမ်းလိုက်ရာ အမျိုးသား မျက်နှာတွင် လက်ချောင်းရာ ငါးခု ထပ်ပေါ်လာခဲ့သည်။ သူ့သွားများ မြေပြင်ပေါ် ပြုတ်ကျသွားပြီး သတိလစ် သွား၏။ မည်သူမှ စကား ထပ်မပြော ရဲကြတော့ပေ။ သူတို့က လုပ်ဖော် ကိုင်ဖက်များနှင့် အတူ ကြောက်လန့်စွာ ထွက်ပြေးသွားကြလေသည်။
လူငယ် ခယ်ဒေလာက မိန်းကလေး နှစ်ယောက်ကို ထူပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ လစ်ဒ်က ခေါင်းခါပြပြီး ကိစ္စမရှိကြောင်း ပြော၏။ ချန်လွေ့က ချီးမွမ်း လိုက်သည်။ “ဆာ-လစ်ဒ်ရဲ့ ခွန်အားနဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေက တကယ် အံ့သြစရာပါပဲ။ ခင်ဗျားနဲ့ တွေ့ဆုံရတာ ဂုဏ်ယူပါတယ်။ ဒါပေမယ့် အဲဒီလူတွေက လက်မလျှော့ဘဲ ဒီကလေး သုံးယောက်ကို အမြဲတမ်း ဒုက္ခပေး နေမှာကို ကျုပ် စိုးရိမ်မိတယ်။”
လစ်ဒ်က သူတို့ သုံးယောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူ စကားပြောရန် ပြင်လိုက်စဉ် ဇိုလာက ပြောသည်။ “ခုနက မှော်လက်သီးရဲ့ ဖိသိပ်မှု တည်ဆောက်ပုံမှာ တစ်ခုခု လွဲနေတယ်။ မှော်စွမ်းအား အများကြီး ကုန်တယ်။ ပြီးတော့ နောက်ထပ် ဖိသိပ်တာ၊ စွမ်းအား တိုးမြှင့်တာ လုပ်ရင်လည်း ဒြပ်စင်တွေ ပြိုလဲနိုင်တဲ့ အခွင့်အရေး ရှိတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက် စေနိုင်တဲ့ ပေါက်ကွဲမှု ဖြစ်ဖို့ လွယ်တယ်။”
လစ်ဒ် တုန်လှုပ် သွား၏။ သူ၏ မျက်လုံးထဲတွင် မယုံနိုင်စရာ အမူအရာ ပေါ်လာသည်။ ထိုအမျိုးသမီးက သူ ဂုဏ်အယူရဆုံး ဖိသိပ် မှော်ပညာကို တကယ် မြင်နိုင်ခဲ့ပြီး မှော်ပညာ၏ အားနည်းချက် များကိုလည်း ဖော်ထုတ် ခဲ့သည်။ ထိုသို့ ပေါက်ကွဲမှု အန္တရာယ်က အမှန် တကယ် ရှိခဲ့သည်။ တစ်ချိန်က လစ်ဒ် ကိုယ်တိုင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ဖူးသည်။
အမှန်တကယ်၌ နတ်မိမယ်နဂါးက လစ်ဒ်၏ အဓိက ပြဿနာများကို ထောက်ပြ ခဲ့ခြင်းမှာ သူကို ယခင်က အသေးစား စိတ်ကူးနှစ်ခု ပေးခဲ့၍ပင်။ ဒါကြောင့် အပြန်အလှန် ကျေးဇူးဆပ်ခြင်း ဟူ၍ ယူဆနိုင်၏။ သို့မဟုတ်ပါက သူ စကားပြောပြီး အချိန်ဖြုန်းမည် မဟုတ်။
ထိုသို့ ဆိုသည့်တိုင် လစ်ဒ်က တုန်လှုပ် သွားခဲ့သည်။
“မဒမ်-ဇိုလာ၊ ဒီပြဿနာကို ကျုပ် ဘယ်လို ဖြေရှင်းရမလဲ။” လစ်ဒ်က သတိထားစွာ မေးပြီး တစ်ဖက်လူကို သူနှင့်အဆင့်တူ အဖြစ် သဘောထား လိုက်ပုံရသည်။
‘မဒမ်’ဇိုလာက မျက်တောင်ခတ်ပြီး ပေါ့ပေါ့ပါးပါး စကား အနည်းငယ် ပြောလိုက်၏။ ထိုစကားလုံးများက ရိုးရှင်းသော်လည်း အဓိက အချက်များ ထိမိပြီး သူ့ကို နိုးထစေခဲ့သည်။
လစ်ဒ်က စကားလုံးတိုင်းကို အာရုံစိုက် နားထောင်ခဲ့သည်။ သူ စဉ်းစားလေလေ ပိုပြီး ဖြစ်နိုင်ခြေ ရှိလာလေလေ ဖြစ်၏။ သူ လမ်းမလျှောက်နေတော့ဘဲ နားလည်မှုနဲ့ စဉ်းစား ဆင်ခြင်မှုထဲသို့ နစ်မြောသွား တော့သည်။
ချန်လွေ့က လစ်ဒ်ကို မနှောင့်ယှက် ခဲ့ပေ။ သူက ဇိုလာ၏ လက်ကို ဆွဲပြီး ခယ်ဒေလာနှင့် ညီအစ်မ နှစ်ယောက်ကို ကျောက်မျက်စိမ်း လဟာပြင်သို့ ခေါ်သွား ခိုင်းခဲ့သည်။ ခယ်ဒေလာသည် ခုနက လစ်ဒ်၏ အကူအညီကို ရခဲ့ပြီး လစ်ဒ်၏ စွမ်းအားကို မြင်ခဲ့ပြီး ချန်လွေ့က လစ်ဒ်၏ မိတ်ဆွေ ဆိုသည်မှာ သေချာနေသည်။ ခဏ စဉ်းစားပြီးနောက် သူက သဘောတူ လိုက်သည်။
ခဏကြာ လမ်းလျှောက်ပြီးနောက် ရုတ်တရက် လူအုပ်ကြီး တစ်အုပ်က နောက်မှ ရောက်လာသည်။ ခယ်ဒေလာ နှင့် ညီအစ်မ နှစ်ယောက်က ကြောက်ရွံ့သော အမူအရာ ပြသလိုက် ကြသည်။ သူတို့ သုံးယောက်ကို ချန်လွေ့ ပြုံးပြီး အဆင်ပြေကြောင်း ပြသနေခဲ့သည်။
လူအုပ်ကြီးနှင့် မြင်းများ အမှီလိုက် လာလေသည်။ လမ်းတလျှောက်က လမ်းသွားလမ်းလာများ ရှောင်ရှားလိုက် ကြသည်။ ထိုသူများက စံသတ်မှတ် ထားသော သားရေချပ်ကာများ ဝတ်ဆင် ထားပြီး လက်နက်များ ကိုင်ဆောင် ထားကာ မြင်းစီးလာကြသည်။ သူတို့က ပုံမှန် စစ်တပ်နဲ့ တူနေ၏။ သူတို့ ငါးယောက်က အလျင်အမြန်ပင် အဝိုင်း ခံလိုက်ရသည်။
ဆာ-ဗစ်ဇူ။ သူတို့ပဲ!” သူတို့ကို မြင်သွားသော သူက လစ်ဒ် ဆီမှ သင်ခန်းစာရခဲ့သော ဓားသမားများထဲမှ တစ်ယောက် ဖြစ်သည်။ သူ အကြာကြီး ရှာဖွေခဲ့သော်လည်း လစ်ဒ်၏ အရိပ်ကို မမြင်ရတာကြောင့် သူက ချန်လွေ့နဲ့ ဇိုလာ ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “ကျုပ်တို့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ အဲဒီနှစ်ယောက်ပဲ!”
ခေါင်းဆောင်က မြင်းပေါ်မှ ဗစ်ဇူ ပင်။ သူက ကောက်ကျစ်သော ပုံစံဖြင့် မွေးဖွား လာသော နောက်ကွယ်မှလူပင်။ သူက ချန်လွေ့နှင့် ဇိုလာ ကို ခဏတာ စိုက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်၏ တည်ငြိမ်သော ပုံစံကို မြင်သောအခါ သူက စိတ်ထဲ၌ တိတ်တိတ်လေး တွေးပြီး အစမ်းသဘော မေးလိုက်သည်။ “မင်းတို့ ဘယ်သူတွေလဲ။ မြို့စောင့်တွေ ဝရမ်းပြေး ဖမ်းတာကို တားရဲတယ်လား။”
တက်ဇ်က ဒေါသတကြီး အော်ပြော လိုက်၏။ “ကျွန်မတို့က ဝရမ်းပြေးတွေ မဟုတ်ဘူး။ ရှင်က ကျွန်မ အဖေကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် လုပ်ခဲ့တာ။ ပြီးတော့ ကျွန်မက ပိုင်ဆိုင်မှု အားလုံးကို ရောင်းပြီးတော့ အကြွေး ဆပ်ပြီးသွားပြီ။”
ဗစ်ဇူက စာချုပ်တစ်ခုကို ထုတ်ယူပြီး ဝှေ့ယမ်းကာ ခနဲ့လိုက်သည်။ “မင်းအဖေ လက်မှတ်ထိုးထားတဲ့ စာချုပ်မှာ မင်းက ၁၀ဆ ပြန်ဆပ်ရမယ်လို့ သေသေချာချာ ပြောထားတယ်။ အခု မင်း မဆပ်နိုင် တော့ရင် မင်းကိုယ်မင်း ရောင်းပြီးတော့ အကြွေးဆပ်ရုံပဲ ရှိတယ်။”
ဇိုလာ နှာခေါင်းရှုံ့လိုက်ရာ စာချုပ်က အလိုလို မီးလောင်ကျွမ်းသွား၏။ ဗစ်ဇူက ကြောက်လန့်တကြား လက်ကို လွှဲယမ်း လိုက်သည်။ စာချုပ်က မျက်စိတစ်မှိတ် အတွင်း ပြာဖြစ်သွား၏။ ချန်လွေ့က အားရပါးရ ပြောလိုက်၏။ “ဒါ...ဆာ-ဗစ်ဇူ၊ ဒါက တကယ့်ကို မှော်ဆန်တဲ့ မီးမှော်ပညာပဲ။”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ ရယ်သံများ ထွက်ပေါ်လာ၏။ ဗစ်ဇူက ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်မည်လို့ မမျှော်လင့်ထားပေ။ သူက ဒေါသထွက် သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ “သူတို့ အကုန်လုံးကို ဖမ်း။ သူတို့ ခုခံရဲရင် ကောင်မလေး နှစ်ယောက်က လွဲပြီးတော့ ကျန်တာ အကုန်သတ်ပစ်!”
ခယ်ဒေလာက မှော်တုတ်တံကို တင်းတင်းဆုပ်ကိုင်ထားပြီး ဖြူဖျော့တဲ့ မျက်နှာနှင့်အတူ ညီအစ်မ နှစ်ယောက် အရှေ့တွင် ရပ်နေပြီး တိတ်တိတ်လေး မန္တန်များ ရွတ်ဆိုနေပြီ ဖြစ်သည်။
“ဘာလို့ ဝတ္ထုတိုင်းမှာ... အဲ... နေရာတိုင်းမှာ မင်းလို လူဆိုးတစ်ယောက် ရှိနေရတာလဲ။ ဒါက ဇာတ်လိုက် ထင်ပေါ်ဖို့ အနင်းခံရအောင် လုပ်ထားတာ အသေအချာပဲ။” ချန်လွေ့ သက်ပြင်း ချလိုက်ပြီး ဇိုလာကို ပြောလိုက်၏။ “ချစ်ရတဲ့ သူရဲကောင်းမလေး။ အခုက မင်းရဲ့ အချိန်ပဲ။”
“အိုး...” ဇိုလာက ပြုံးပြီး ပြန်ဖြေ လိုက်သည်။ ‘ချစ်ရတဲ့ သူရဲကောင်းမလေး’ ဟူသော အခေါ်အဝေါ်က အတော်လေး အသုံးဝင်ပုံရ၏။