← Chapters

အံ့အားသင့်စရာ အပြောင်းအလဲ

Vol. 61 Ch. 991

အံ့အားသင့်စရာ အပြောင်းအလဲ

Vol. 61 Ch. 991

ထိုနေ့တွင် လူသားလောတစ်ခုလုံးကို အံ့အားသင့် သွားစေသော ဖြစ်ရပ်ကြီး တစ်ခုက ကျက်သရေပြာ မြို့တော် ဖန်စီဒီယန်တွင် ဖြစ်ပွားခဲ့သည်။

ထိုအရာက ခမ်းနား ထည်ဝါသော မင်္ဂလာပွဲတစ်ခု၌ ဖြစ်ပြီး ဖန်စီဒီယန်သို့ ပုလဲ မင်းသမီး လန်ဘိစ်နှင့် လက်ထပ်ရန် ရောက်ရှိလာခဲ့သည့် နဂါး လင်းလက် အင်ပါယာ၏ တတိယမြောက် မင်းသား အာသာသည် စေ့စပ်ပွဲ အခမ်းအနားတွင် လူသိရှင်ကြား လန်ဘိစ်နှင့် လက်ထပ်ရန် ငြင်းဆိုလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။

၎င်းက လန်ဘိစ်နှင့် ကျက်သရေပြာ အင်ပါယာ တစ်ခုလုံး အတွက် ကြီးမားသော ဂုဏ်သိက္ခာ ကျစရာ ဖြစ်သည်။ ကျက်သရေပြာ အင်ပါယာ၏ ဘုရင်ခလွန်တာက လူအများ ရှေ့တွင် မျက်နှာပျက်ခဲ့ရသည်။

ဒေါသ ထွက်နေသော ဧကရာဇ် ခလွန်တာက ထိုနေရာတွင်ပင် ရန်လိုမှု ပြသပြီး အာသာကို ဖမ်းဆီးရန် တော်ဝင် အစောင့်များကို အမိန့်ပေး ခဲ့သည်။ အပြစ်ရှိသော မင်းသား အာသာသည် သူ၏ အစောင့်အရှောက်များကို တားဆီး လိုက်ပြီး တော်ဝင်အစောင့်များက သူ့ကို အကျဉ်းချစေခဲ့သည်။

ဧကရာဇ်၏ ထိပ်တန်း မိန်းမလှ ဖြစ်သည့် ပုလဲ မင်းသမီး လန်ဘိစ်သည် ဖြစ်စဉ်တစ်ခုလုံး၌ အဓိကအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ အာသာက သူ့အလိုလို အကျဉ်းကျ ခံပြီးနောက် မင်းသမီး လန်ဘိစ်သည် သူ၏ လှပသော ဆံနွယ်ရှည်ကို ဒေါသတကြီး ဖြတ်ပစ်ပြီး မည်သူ့ကိုမျှ လက်ထပ် တော့မည် မဟုတ်ကြောင်း သစ္စာဆိုခဲ့သည်။

ထိုဇာတ်လမ်း ပျံ့နှံ့သွားသည်နှင့်အမျှ ဆူပူမှုများ ဖြစ်ပေါ်လာ ခဲ့သည်။ ၇နှစ်ကြာ မုဆိုးမ ဘဝဖြင့် နေထိုင်ခဲ့ရသော မင်းသမီး လန်ဘိစ်သည် စေ့စပ်သူ အာသာ ပြန်ပေါ်လာရန် စောင့်ဆိုင်းခဲ့ရ သော်လည်း စေ့စပ်ပွဲ အခမ်းအနားတွင် ထိုသို့ ဖြစ်ပွားခဲ့လေသည်။

အ‌တော် ကြာအောင် အာသာနှင့် လန်ဘိစ်နှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး မင်းသား အာသာက ကြယ်အလင်း ကောလိပ်တွင် ကျောင်းတက်စဉ် ကျက်သရေပြာ အင်ပါယာ၏ တော်ဝင် အမျိုးသမီး ဖြစ်သူ ဗာရိုနီကာနှင့် ချစ်ကျွမ်းဝင် ခဲ့ကြောင်းကို လူတိုင်း သိရှိသွားခဲ့ကြသည်။

သူက တော်ဝင် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ကျက်သရေပြာ တော်ဝင် မိသားစုတွင် ဗာရိုနီကာက နိမ့်ကျသော မိသားစု အခွဲမှသာ ဖြစ်လေသည်။ သူ၏ မိဘများက ငယ်ငယ် ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့ပြီး အထူး နောက်ခံ သို့မဟုတ် အာဏာ မရှိပေ။ နဂါး လင်းလက် အင်ပါယာ၏ ဧကရာဇ် မဟာလက်ဇ်၏ အထူး တောင်းဆိုမှုအရ ဗာရိုနီကာက နိုင်ငံရေးသဘောတူညီချက် တစ်ခု၏ သားကောင် ဖြစ်ခဲ့ရပြီး သူ၏ ဖခင်ထက် အသက်များစွာ ကြီးသော နဂါးလင်းလက်အင်ပါယာ ပထမမင်းသား ဆိုဖေးလ်နှင့် အတင်း လက်ထပ်ခဲ့ရ၏။

မင်းသား အာသာက နဂါးလင်းလက် အင်ပါယာသို့ အလျင်အမြန် ပြန်သွားပြီး ၃ရက် ၃ညကြာ ခမည်းတော် ဖြစ်သူ လက်ဇ်ကို အသနားခံ ခဲ့သော်လည်း နောက်ဆုံးတွင် ဖျားနာခဲ့ရပြီး ထိုနိုင်ငံရေး လက်ထပ်ခြင်းကို ရပ်တန့် နိုင်ခြင်း မရှိခဲ့ပေ။ ထိုထက် ဝမ်းနည်းစရာမှာ ဗာရိုနီကာက မင်းသားကို လက်ထပ်ပြီး မကြာမီတွင် မုဆိုးမတစ်ယောက် ဖြစ်လာ ခဲ့ပြီး ကျက်သရေပြာ အင်ပါယာသို့ ပြန်မလာ နိုင်တော့ပေ။

စေ့စပ်ပွဲ အခမ်းအနားတွင် အာသာ၏ မင်္ဂလာပွဲကတိသစ္စာကို ငြင်းဆိုခဲ့သည့် မူရင်း စကားမှ “စိတ်မကောင်းပါဘူး။ ငါ ဘယ်သူ့ကို ချစ်လဲဆိုတာကို မင်း သိပါတယ်။ မင်းကို လက်မထပ်ဘူး” ဆိုသည်မှာ ဗာရိုနီကာကို ဆိုလိုခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

မည်သို့ပင် ဆိုစေကာမူ မင်းသမီး လန်ဘိစ်တွင် အပြစ်မရှိပေ။ သူသည် အကြီးမားဆုံး နစ်နာသူ ဖြစ်ခဲ့သည်။ ထိုထိပ်တန်း မိန်းမလှ မင်းသမီးက ဘဝ တစ်လျှောက်လုံး လက်မထပ်ဘဲ နေရန် ဆုံးဖြတ်ပြီး ကတိသစ္စာ ပြုခဲ့ကြောင်း သိရှိပြီးနောက် လူများစွာက သနားစွာဖြင့် သက်ပြင်းချခဲ့ကြသည်။

လူတိုင်းက မင်းသမီး လန်ဘိစ်ကို စိတ်မကောင်း ဖြစ်နေစဉ် နောက်ထပ် အံ့သြစရာ ကောင်းသည့်အရာ တစ်ခု ဖြစ်ပွားခဲ့သည်။

နောက်ညတွင် ‘နှလုံးသားမရှိသူ’ မင်းသား အာသာ အကျဉ်းကျခံ ထားရသော ထောင်ကို လျှို့ဝှက် ဆန်းကြယ်သူ အများအပြား ဝင်ရောက် စီးနင်းခဲ့သည်။ ပြင်းထန်သော တိုက်ပွဲ အတွင်း ထောင်တွင် ပေါက်ကွဲမှု အကြီးကြီး ဖြစ်ပွားခဲ့သည်။ ထိုအချိန်က မင်းသား အာသာကို သွားရောက် တွေ့ဆုံရန် ရှိသော သိဒ္ဓိအလင်းတောင်မှ ရေဖျန်း ဘုန်းတော်ကြီး ဂရာလင်နှင့် ဒုတိယ မင်းသား ဗစ်တာတို့လည်း ကြောက်မက်ဖွယ် ကောင်းသည့် ဘေး အန္တရာယ်ကို ခံခဲ့ကြရပြီး ဂရာလင် ကလည်း ဒဏ်ရာ အပြင်းအထန် ရရှိ ခဲ့သောကြောင့် သတိလစ်သွားခဲ့သည်။

အာသာအပါအဝင် ထောင်တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား အောက်တွင် ဘာမှ မကျန်အောင် ပျက်စီး သွားခဲ့သည်။ မင်းသားကို လျှို့ဝှက် ဆန်းကြယ်သူက ပြန်ပေးဆွဲသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး မင်းသား အာသာက ပေါက်ကွဲမှု အတွင်း ကံမကောင်းစွာဖြင့် သေဆုံးသွားကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့၏။ မင်းသား အာသာ၏ အစောင့် အရှောက်များက စုံစမ်း စစ်ဆေးရန် ခွဲထွက် ခဲ့ကြပြီး ပရိုယိုက ဆက်လက် ညှိနှိုင်းမှုများ ပြင်ဆင်ရန် အတွက် သံတမန်အဖွဲ့၏ ကိုယ်စားလှယ် အဖြစ် ဖန်စီဒီယန်တွင် ရှိနေခဲ့သည်။

စုံစမ်းစစ်ဆေးမှုနှင့် အတည်ပြုချက် အရ လျှို့ဝှက်ဆန်းကြယ်လူမှာ သိဒ္ဓိ ကျောင်းတော်မှ ဖမ်းဆီးနေသော လမ်းမှားကိုးကွယ်သူ ဖြစ်ကြောင်း သိခဲ့ ရသည်။ ကျက်သရေပြာ အင်ပါယာ ထောင်ကို ဝင်ရောက် စီးနင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သိပ်မကြာခင်က လမ်းမှားကိုးကွယ်သူများ၏ အခြေစိုက် စခန်းကို ကျက်သရေပြာ အင်ပါယာက ရှင်းလင်းခဲ့ခြင်း အတွက် လက်စား ချေရန်နှင့် ကျက်သရေပြာ အင်ပါယာနှင့် နဂါးလင်းလက် အင်ပါယာတို့ အကြား ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ရန် ဖြစ်၏။

ဧကရာဇ် ခလွန်တာက စိတ်အပူဆုံး ဖြစ်နေသည်။ ထိုဖြစ်စဉ်က လက်ထပ်ရန် ငြင်းဆိုခြင်းထက် များစွာပို၍ ဆိုးရွား၏။ သူက ဂုဏ်သိက္ခာ မထိခိုက်စေရန် အတွက် အာသာကို ထောင်ထဲတွင် အကျဉ်းချထားခြင်း ဖြစ်သည်။ ထိုသို့ အရေးပေါ် အခြေအနေ ဖြစ်လာမည်ဟု မည်သို့ မျှော်လင့်ခဲ့မည်နည်း။ ယခုတွင် အာသာ အသက်ရှင်မရှင် မသေချာပေ။ အကောင်းဆုံး ဖြစ်နိုင်သော အရာမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သော်လည်း သူက အဆိုးဆုံး အတွက် ကြိုတင် ပြင်ဆင်ထားခဲ့၏။ မည်သို့ပင်ဖြစ်စေကာမူ အာသာသည် ကျက်သရေပြာ အင်ပါယာ၌ အကျဉ်းချ ခံရပြီးနောက် မတော်တဆမှုနှင့် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်သည်။ သူက နဂါးလင်းလက် အင်ပါယာကို ရှင်းပြချက် တောင်းဆို ရမည် မဟုတ်ဘဲ ယခု ကျက်သရေပြာ အင်ပါယာက နဂါး လင်းလက် အင်ပါယာကို ရှင်းပြချက် ပေးရမည် ဖြစ်သည်။ ယခု တစ်ခုတည်းသော ဖြေရှင်းချက်မှာ အာသာကို ရှာဖွေရန် ဖြစ်သည်။ ထိုအခါမှသာ ထိုဒုက္ခမှ လွတ်မြောက်ပြီး ထိန်းချုပ်နိုင်မည် ဖြစ်၏။

သံတမန်အဖွဲ့မှ ပရိုယိုအပြင် ရေဖျန်း ဘုန်းတော်ကြီး ဂရာလင်လည်း ရှိနေခဲ့၏။ သက်သေများထဲမှ တစ်ဦး ဖြစ်သည့် အလျောက် သူက တိုက်ခိုက်သူများနှင့် တိုက်ခိုက်ခဲ့လေသည်။ တစ်ဖက်က ကျောင်းတော်၏ အဆိုးဆုံး ရန်သူ ဖြစ်သော မရဏနက် နောက်လိုက် ဖြစ်ကြောင်းကို အတည်ပြု နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ထိုအရာက မင်းသား ‘အာသာ’၏ ထွက်ပြေးရန် အစီအစဉ် မဟုတ်ဘဲ စစ်မှန်သော မတော်တဆ တိုက်ခိုက်မှု တစ်ခု ဖြစ်နေခဲ့သည်။

‘အာသာ’က ကောင်းကင် တမန် သုံးပါးထဲက တစ်ပါးဖြစ်တဲ့ ရာဖယ်ရယ် သတ်မှတ်ထားတဲ့ ‘သိဒ္ဓိသားတော်’ပဲ။ သူက ငါ စောင့်ကြည့်နေတဲ့ ကြားထဲမှာ မရဏနက် နောက်လိုက်တွေရဲ့ အလစ် တိုက်ခိုက်တာကို ခံခဲ့ရတယ်။ သူ တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်သွားလောက်တယ်။

သောက်ဘာသာရေးဂိုဏ်း...

ဒဏ်ရာ အပြင်းအထန် ရခဲ့သော်လည်း ဂရာလင်က နိုးလာပြီးနောက် ဂျာဒါသို့ ချက်ချင်း အလျင်အမြန် သွားခဲ့သည်။ သူက [တယ်လီပို့လမ်းကြောင်း] မှတဆင့် သိဒ္ဓိ အလင်းတောင်သို့ ပြန်သွားပြီး ပုပ်ရဟန်းမင်း ဗန်တီ-စ်ထံသို့ ဖြစ်စဉ်ကို သတင်းပို့ခဲ့သည်။ အာသာမှာ ဆူးသရဖူ အသိအမှတ် ပြုခြင်းကို ခံထားရသော ပိုင်ရှင် ဖြစ်သည်။ နှင်းဒဲလက်ပန်းပင်ကို ဆုံးရှုံးပြီးနောက် ဆူးသရဖူ၏ အဓိက အခန်းကဏ္ဍမှာ အစားထို၍ မရနိုင်ပေ။ ယခု အာသာသည် သိဒ္ဓိခွက်ကို ပိုင်ဆိုင်ထားရာ ထိုတိုက်ခိုက်မှုက ကျောင်‌းတော်အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ သေချာသည်မှာ ရာဖယ်ရယ် ကဲ့သို့ ကောင်းကင်တမန်များပင် ထိတ်လန့်သွား ကြပေလိမ့်မည်။

တတိယမင်းသား ‘အာသာ’ က လက်ထပ်ခြင်းကို လူပုံအလယ် ငြင်းခဲ့ပြီး ထောင်ထဲတွင် မရဏနက်နောက်လိုက်၏ တိုက်ခိုက်ခြင်းခံရသော သတင်းများမှာ နဂါး လင်းလက် အင်ပါယာသို့ မကြာမီ ပျံ့နှံ့သွားခဲ့ပြီး ဆူပူအုံကြွမှုများ ဖြစ်ပွား စေခဲ့သည်။

နဂါးလင်းလက်အင်ပါယာ၏ ဧကရာဇ် မဟာလက်ဇ်တွင် အာသာ၏ သေခြင်း ရှင်ခြင်းကို သေသေချာချာ ခံစား နိုင်သော အထူး သွေးမျိုးဆက် အာရုံ ခံစားမှု ရှိသည်။ သို့သော် သူသည် ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့် တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ဘဲ ဒုတိယမင်းသား ဂါဖီးလ်မှ ရွှေရောင် နယ်မြေကို ယာယီ တာဝန်ယူရန် တောင်းဆိုမှု ကိုလည်း ငြင်းဆိုခဲ့သည်။ သူက မင်းသား အာသာ ရှိရာနေရာကို အပြည့်အဝ ရှာဖွေရန်သာ အမိန့်ပေးခဲ့သည်။

အင်အား အမျိုးမျိုးက မင်းသား ‘အာသာ’ကို ရှာဖွေရန် ဦးနှောက် ခြောက်နေချိန် ချန်လွေ့မှာ နောက်ထပ် လုံခြုံသောနေရာ ဖြစ်သည့် မုန်တိုင်း ကျွန်းတွင် ရှိနေခဲ့သည်။

ဂရာလင် အထင် မှားခဲ့လေသည်။ ထိုအရာက ‘အာသာ’၏ အစီအစဉ်ပင် ဖြစ်သည်။ သိဒ္ဓိခွက်နှင့် အပေးအယူ ပြုလုပ်ပြီး မင်္ဂလာပွဲတွင် လူသိရှင်ကြား ငြင်းပယ်ခြင်းက လန်ဘိစ်၏ အစီအစဉ် အတိုင်း သူ့အတွက် သနားစရာ ကောင်းသော အခြေအနေ ဖန်တီးရန် ဖြစ်ကာ လူအချို့၏ အတွေးများကို တရားသဖြင့် ဖြတ်တောက်ရန်အတွက် သာမက လူများ၏ သနားကြင်နာမှု ကိုလည်း ရရှိစေခဲ့သည်။ ဒုတိယမင်းသား ဗစ်တာ ကဲ့သို့သော ပြိုင်ဘက် အတွက်မူ ကြီးမားသော ထိုးနှက်ချက် ဖြစ်၏။

မရဏနက်နောက်လိုက် တိုက်ခိုက်မှု ကြောင့် ဖြစ်ပေါ်လာသော ပျောက်ဆုံးမှု ဖြစ်စဉ်မှာ ချန်လွေ့၏ မူရင်းအစီအစဉ် ဖြစ်သော်လည်း ထောင်ထဲ အကျဉ်းကျ ခံရသည့် အခွင့်အရေးကို ယူ၍ အနည်းငယ်သာ ပြောင်းလဲထားသည်။ လန်ဘိစ်ပင် အမှန်တရားကို မသိခဲ့ပေ။

ထိုအစီအစဉ်၏ အကြီးမားဆုံးသော ထူးခြားချက်မှာ တိုက်ခိုက်သူများက အတုအယောင်မဟုတ်ဘဲ စစ်မှန်သော မရဏနက် နောက်လိုက်များ ဖြစ်ခြင်းပင်။ ထိုအရာက အရှေ့ပိုင်းခရိုင်ရှိ မရဏနက် နောက်လိုက်များ၏ လုပ်ကြံသတ်ဖြတ်မှု ဖြစ်သည်။ စီစဉ်သူမှာ အရှေ့ပိုင်းခရိုင်၏ ဂိုဏ်းအုပ်အချုပ် ဆိုရန်လီ ဖြစ်ကာ အရှေ့ပိုင်းခရိုင်မှ လျှို့ဝှက် ဘာသာရေး ဂိုဏ်း၏ ပထမ အစောင့်အရှောက် ‘အသူရာ’က ၎င်းတွင် ကိုယ်တိုင်ပါဝင်ပြီး

ညွှန်ကြားခဲ့သူ ဖြစ်သည်။

ထိုတစ်ခေါက်တွင် သူက အာသာ ကို ‘အောင်မြင်စွာ’ သတ်နိုင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုများ ရရှိ ခဲ့သည်။ ထို့ကြောင့် အသူရာသည် ဆိုရန်လီ၏ ယုံကြည်မှုကို ရရှိပြီး မရဏနက် နောက်လိုက်၏ အဆင့်မြင့် အဆင့်များနှင့် အဆက်အသွယ် ရရှိရန် အခွင့်အရေးရခဲ့သည်။ ယခု အသူရာ၏ တာဝန်မှာ ယုံကြည်မှုကို ခိုးယူပြီး လျို့ဝှက် ဘာသာရေးဂိုဏ်း၏ သတင်း အချက်အလက်များကို ရရှိရန် သာမက အသူရာချောက်နက်၏ အုပ်စိုးသူ ၃ဦး၏ အဓိကယဇ်ပလ္လင်ကို ရှာဖွေကာ ဖျက်ဆီး ပစ်ရန်လည်း ဖြစ်သည်။

ငွေလ ကောင်းကင် မြို့တော်တွင် ချူအီလီယာကို တွန်းလှန်ပြီး သဘာဝ သစ်ပင်၏ အသူရာချောက်နက် လမ်းကို လုံးဝ ဖျက်ဆီးခဲ့သော်လည်း လောက တစ်ခုလုံး အပေါ် အသူရာချောက်နက်၏ ကြီးမားသော အန္တရာယ်ကို အခြေခံ အားဖြင့် ရှင်းလင်းနိုင်ခြင်း မရှိသေး သောကြောင့် သူက သတိလွတ်၍ မရပေ။

ချန်လွေ့ဘေးတွင် ဇိုလာ၊ ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့ ရှိနေသည်။ သူတို့အားလုံးက ကြယ်အပ်နှင်း စင်မြင်နှင့် ပေါင်းစည်း ထားသော အခြေအနေတွင် ရှိနေကြ၏။ ထောင်ပေါက်ကွဲမှု မဖြစ်ခင် အချိန်တွင် [ကြယ်ဂိတ်] မှတဆင့် မုန်တိုင်းကျွန်းသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ချန်လွေ့က မုန်တိုင်းကျွန်းကို ရွေးချယ် ရခြင်း၏ အကြောင်းရင်းမှာ ပိုမို၍ အရေးကြီးသည်။ စိတ်လှည့် သစ်တော၌ ဇိုလာသည် ဒြပ်စင်နတ်ဘုရားမ သရဖူကို ကံကောင်းစွာဖြင့် ရရှိခဲ့ပြီးနောက်တွင် နတ်သူငယ်မျိုးနွယ်စုမှ ရှေ့ဖြစ်ဟော အလူစီယာက ပြောခဲ့ဖူးသည်။ “ဒါကို ယူပြီး ဒြပ်စင်အုပ်စိုးသူနဲ့ သွားတွေ့။ ပြီးရင် မင်းက မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရလာနိုင်တယ်။”

အလူစီယာက သူ့ကို လှည့်စားခဲ့ ဖူးသော်လည်း သူ၏ ခန့်မှန်းချက်က လိမ်လည်မှု လုံးဝ မဟုတ်ပေ။ ချန်လွေ့က ဇိုလာနှင့် ကျန်သူများကို လေဒြပ်စင် ကောင်များ၏ တိမ်တိုက် နန်းတော်သို့ တိုက်ရိုက် ခေါ်ဆောင် သွားခဲ့ပြီး လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းနှင့် တွေ့ဆုံစေခဲ့သည်။

လေဒြပ်စင် ဘုရင်က ဇိုလာ၏ အပြောင်းအလဲကို ချက်ချင်း ခံစားမိ၏။ [ဒြပ်စင်၆ခုတိုင်းပြည်] ပိုင်ဆိုင်ထားသော ထိုနတ်မိမယ်နဂါးက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း အင်အားဖြင့် နတ်ဘုရား တစ်ပိုင်းကို ယှဉ်ပြိုင်ခဲ့ရာ ဆက်သ်တိုင်း၌ နက်ရှိုင်းသော အထင်အမြင်ကို ကျန်ရစ် စေခဲ့သည်။ ခဏအတွင်း သူက နတ်ဘုရား တစ်ပိုင်းအဆင့်သို့ အမှန်ပင် အဆင့်တက်ပြီး သူ၏ အငွေ့အသက် ကလည်း အတော်လေး တည်ငြိမ်နေ၏။

ဇိုလာသည် နတ်သူငယ် မျိုးနွယ်စုမှ နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ် ဒါဆာနှင့််တိုက်ပွဲတွင် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားခဲ့၏။ ထို့နောက် သူက ချန်လွေ့ “နလန်ထူချိန်” အတွင်း မှော်ပညာရှင်မျှော်စင်အဖွဲ့တွင် နေနေ ခဲ့သည်။ ဒါဆာ၏ အကူအညီဖြင့် သူက တိုင်းပြည် တစ်ဆင့်ချင်း တည်ငြိမ်အောင် ပြုလုပ်ခဲ့လေသည်။

ချန်လွေ့ ဖြစ်စေ၊ ဇိုလာ ဖြစ်စေ၊ သူတို့နှစ်ဦးလုံးက နတ်သူငယ် မျိုးနွယ်စု အတွက် ထူးခြားသော ဂုဏ်ပုဒ်များ ရှိခဲ့သောကြောင့် ဒါဆာက ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။ နတ်ဘုရား တစ်ပိုင်းအဆင့် ကနဦးပိုင်း ဖြစ်သော ဇိုလာက ရှားပါးသော လေ့ကျင့်ရေး ပြိုင်ဘက်ဟုလည်း ပြော၍ ရပေသည်။ တစ်ဦးနှင့် တစ်ဦး သင်ယူဆွေးနွေး ပြီးနောက် သုတေသန အမျိုးမျိုးနှင့် မှော်စက်ဝိုင်းများတွင် ကျွမ်းကျင်သော ဒါဆာနှင့် ဇိုလာတို့ ပို၍ ရင်းနှီးလာခဲ့ ကြသည်။ သူတို့က အစောကြီး ကတည်းက တွေ့ဆုံချင် ခဲ့ကြသော သူငယ်ချင်းများကဲ့သို့ ခံစားခဲ့ကြရသည်။ သူတို့က အတော်လေး ရင်းနှီးသွားခဲ့၏။

ချန်လွေ့၏ အကြံပြုချက်အရ ဇိုလာက ဒြပ်စင် နတ်ဘုရားမ သရဖူကို ပြလိုက် သောအခါ ဆက်သ်တိုင်းက အလွန်ပင် စိတ်လှုပ်ရှားခဲ့ပြီး နတ်မိမယ်နဂါးကို အချိန် အတော်ကြာ ထူးဆန်းသော မျက်လုံးဖြင့် ကြည့်ခဲ့သည်။ နောက်ဆုံး သူက အတည်ပြုပြီး ခေါင်းညိတ်ခဲ့သည်။

ထိုအပြုအမူက မစ်-နတ်မိမယ်နဂါးကို စိတ်ရှုပ် သွားစေခဲ့သည်။ ချန်လွေ့ပင် မည်သည့်အရာ ဖြစ်ခဲ့ကြောင်းကို နားမလည်ခဲ့ပေ။ ဆက်သ်တိုင်းက အဖြေ မပေးခဲ့သော်လည်း သူက ချန်လွေ့နှင့် အခြားသူများကို မုန်တိုင်းကျွန်းတွင် ရက် အနည်းငယ်ကြာ နေနေရန် တောင်းဆို ခဲ့သည်။

သုံးရက် အကြာတွင် ‘အဖြေ’ ပေါ်လာပုံ ရသည်။ ချန်လွေ့နှင့် ဇိုလာတို့ တိမ်တိုက် နန်းတော်သို့ ထပ်မံ၍ ဖိတ်ခေါ်ခံရသော အခါ ဧည့်သည် နှစ်ဦးက ပင်မခန်းမတွင် စောင့်ဆိုင်းနေကြလေပြီ။

မီးဒြပ်စင်ဘုရင် အော့ဂ်မာတွန်၊ အလင်း ဒြပ်စင်ဘုရင် ဒယ်ကတ်စ်နှင့် ‘အိမ်ရှင်’ ဖြစ်သော ဆက်သ်တိုင်းတို့ ဖြစ်သည်။ အလင်း ဘုရင် သုံးပါးစလုံး ရောက်ရှိနေပြီ ဖြစ်သည်။

“ဟို... မစ်-ဇိုလာ။ မင်းရဲ့ ဒြပ်စင် နတ်ဘုရားမ သရဖူကို ပြလို့ရမလား။”

အော့ဂ်မာတွန်က စိတ်မရှည်ဆုံး ဖြစ်သည်။ ဆက်သ်တိုင်း မပြောခင်မှာပင် သူက နတ်မိမယ်နဂါး ကို စိတ်အား ထက်သန်စွာ မေးလိုက်သည်။

ဇိုလာက ချန်လွေ့ ကြိုတင် အသိပေး ထားခဲ့ သောကြောင့် တစ်ဖက်လူ၏ ရိုင်းပြမှုကို ဂရုမစိုက်ခဲ့ပေ။ သူ၏ ခေါင်းပေါ်တွင် သရဖူ ပေါ်လာခဲ့သည်။ ဒြပ်စင် နတ်ဘုရားမ သရဖူကို မြင်ဖူးပြီး ဖြစ်သော ဆက်သ်တိုင်း အပါအဝင် ဒြပ်စင်ဘုရင် သုံးပါးစလုံးက ကြည့်နေ လိုက်ကြသည်။

အလင်း ဒြပ်စင်ဘုရင် ဒယ်ကတ်စ်က ပြောသည်။ “မစ်-ဇိုလာ။ မင်းရဲ့ [ ဒြပ်စင်၆ခု တိုင်းပြည်] စွမ်းအားကို ထပ်ကြည့်လို့ ရမလား။”

နူးညံ့ပြီး နွေးထွေးသော အလင်းတန်း တစ်ခုက နတ်သမီးနဂါး၏ လက်ချောင်း ထိပ်မှ ပေါ်လာပြီး ၎င်းက ဖောက်ထွင်း မြင်ရသော အရောင် ၆ရောင်ကို ယဲ့ယဲ့ ဖော်ပြနေ၏။

၎င်းက ရိုးရှင်းသော အလင်းတစ်ခု မျှသာ ဖြစ်သော်လည်း ဒြပ်စင်ဘုရင် သုံးပါး၏ အမြင်အာရုံနှင့် အာရုံခံနိုင်စွမ်း စွမ်းအင်တို့ကြောင့် ၎င်းတွင် ပါဝင်သော စွမ်းအားအဆင့်ကို သတိပြုမိခဲ့ကြသည်။

“ဒြပ်စင် အရင်းအမြစ် စွမ်းအား ၆ခုက လုံးဝ ပေါင်းစပ်နေတာပဲ။”အော့ဂ်မာတွန် ချီးကျူးခလိုက်သည်။ ဒြပ်စင်ဘုရင်များ ထံမှ ဒြပ်စင် အရင်းအမြစ် စွမ်းအးများ ရရှိရန် ချန်လွေ့ ကြိုးပမ်းအားထုတ် နေခြင်းမှာ မည်သူ့အတွက် ဖြစ်ကြောင်း သူ နားလည်သွားခဲ့လေပြီ။

ဒယ်ကတ်စ်က ခဏ စဉ်းစားပြီးနောက် ဘုရင်နှစ်ပါးနှင့် အမြန် အကြည့်ချင်း ဖလှယ်ခဲ့ပြီး မေးလိုက်သည်။ “မစ်-ဇိုလာ။ မင်းမှာ အပြီးပြည့်စုံဆုံး [ဒြပ်စင်၆ခု တိုင်းပြည်]တင် မကဘူး။ ဒြပ်စင် နတ်ဘုရားမ သရဖူကပါ အသိအမှတ် ပြုထားကို တွေ့ရတယ်။ မင်း ပိုမြင့်တဲ့ စွမ်းအားအဆင့်ကို ရချင်လား။”

ပိုပြီး မြင့်တာလား။ နတ်ဘုရား တစ်ပိုင်းထက် ပိုမြင့်တာလား။ ဇိုလာ ၏ မျက်လုံး လင်းလက်သွားပြီး ခေါင်းညိတ် လိုက်၏။

“စွမ်းအားနဲ့ တာဝန်က အတူတူ ရှိနေတာ။ ဒါကြောင့် မင်း ပိုကြီးမားတဲ့ တာဝန်ကို လက်ခံဖို့ အသင့်ဖြစ်ပြီလား။”

ဇိုလာ ကြောင်သွားခဲ့သည်။ သူက ဒြပ်စင် နတ်ဘုရားမ သရဖူကို ရရှိသော အခါ၌လည်း ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောက ထိုစကားကိုပင် ပြောခဲ့သည်။ သူက ပြုံးပြနေသော ချန်လွေ့ကို လှည့်ကြည့် ခဲ့သည်။ ထိုအပြုံးတွင် ဇိုလာက အရာ များစွာကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် နတ်မိမယ်နဂါးလည်း ပြုံးပြပြီး ဘာမှ ထပ်မပြောခဲ့ပေ။ သူက ဒြပ်စင်ဘုရင် သုံးပါးကိုသာ ထပ်မံ ခေါင်းညိတ်ပြ ခဲ့လေသည်။

ရှည်ရှည်ဝေးဝေး စကားများ မပြော သော်လည်း အလင်း ဒြပ်စင်ဘုရင် သုံးပါးက သူ၏ မျက်လုံးထဲတွင် တုန်လှုပ် ခြောက်ခြားခြင်း မရှိသော ယုံကြည်မှုကို မြင်နေရသည်။ ခဏတာ အကြည့်ချင်း ဖလှယ်ပြီးနောက် ဒြပ်စင်ဘုရင် သုံးပါးက အရေးကြီးသော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပုံရသည်။

“မစ်-ဇိုလာက ကံကြမ္မာကို ရွေးချယ် ခဲ့တာလား ဒါမှမဟုတ် ကံကြမ္မာက သူကို ရွေးချယ်ခဲ့တာလားဆိုတာ မသေချာဘူး။ သေချာတာကတော့... သူနဲ့ ဒြပ်စင် နတ်ဘုရားမ သရဖူတို့က တစ်ဦးနဲ့ တစ်ဦး ရွေးချယ်ခဲ့ကြတာပဲ။”

ဒယ်ကတ်စ်၏ စကားတွင် နားမလည် နိုင်သော နက်နဲသည့် အဓိပ္ပာယ် ရှိနေခဲ့သည်။ “မင်း သူ့ကို အမှောင်ထု ဘုရင်သုံးပါးနဲ့ ထပ်ပြီးတော့ ပေးတွေ့ သင့်တယ်။ ဒါက အံ့သြစရာတစ်ခု ဖြစ်လာမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ဒီမတိုင်ခင်တော့ မင်းမှာ နောက်ထပ် ရယူဖို့ ကြိုးစားရမယ့် အရေးကြီးတဲ့ အရာတစ်ခု ရှိတယ်။ အဲဒါက ဇစ်မြစ် အပိုင်းအစပဲ။”

ချန်လွေ့ စိတ်ဓာတ် တက်ကြွသွား၏။ လက်ရှိ ဇစ်မြစ်အပိုင်းအစ ၆ခုအနက် ၄ခုက သက်ဆိုင်ရာ ဒြပ်စင်ဘုရင်ထံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး နှစ်ခုကို စုဆောင်း ရဦးမည် ဖြစ်သည်။ ၎င်းတို့မှာ မြေဇစ်မြစ် အပိုင်းအစနှင့် မီးဇစ်မြစ် အပိုင်းအစတို့ပင်။

မီးဇစ်မြစ်အပိုင်းအစ ရှိရာအရပ်ကို မသိရသေးပေ။ မြေဇစ်မြစ်အပိုင်းအစ၏ ရှိရာအရပ်နှင့် ပတ်သက်၍ မီးဒြပ်စင် ဘုရင်အော့ဂ်မာတွန်သာ သိရှိသည်။ ချန်လွေ့နှင့် အလင်း ဘုရင် သုံးပါးတို့ နောက်ဆုံးတွေ့ဆုံစဉ် အော့ဂ်မာတွန်က မြေဇစ်မြစ် အပိုင်းအစ ရှိရာအရပ်နှင့် လဲလှယ်ရန် မြေဇစ်မြစ် အပိုင်းအစကို ပေးရမည် ဟူသော အခြေအနေကို ဖော်ပြခဲ့သည်။

“မြေဇစ်မြစ် အပိုင်းအစ ဘယ်မှာရှိလဲ ဆိုတာ ငါ မင်းကို အခုပြောပြမယ်။” မီးဒြပ်စင်ဘုရင်က ယခင် အခြေအနေ များကို မပြောဘဲ တိုက်ရိုက်ပြောခဲ့သည်။

ချန်လွေ့ ခေါင်းညိတ်ပြီး ရိုးသားစွာ ပြောခဲ့သည်။ “ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီး အော့ဂ်မာတွန်။ မီးဇစ်မြစ် အပိုင်းအစကို အကောင်းဆုံး ရှာဖွေဖို့ ကျုပ် အကောင်းဆုံး ကြိုးစားပြီးတော့ နောက်ထပ် ဒြပ်စင်တိုက်ပွဲ မတိုင်ခင် အရှင်မင်းကြီးရဲ့ လက်ထဲ ရောက်အောင် လုပ်ပေးပါ့မယ်လို့ ကတိပေးပါတယ်။”

“ဒီနှုတ်ကတိက နောက်ဆုံးတစ်ခေါက် သဘောတူညီချက်ထက် ပိုပြီးယုံကြည် ရတယ်လို့ ခံစားမိတယ်။ မင်းက မိတ်ဆွေကောင်း တစ်ယောက်ပဲ။” အော့ဂ်မာတွန် ပြုံးလိုက်ပြီး ကျန်သော ဒြပ်စင်ဘုရင် နှစ်ပါးလည်း ပြုံးခဲ့ကြသည်။ “မင်း မီးဇစ်မြစ်အပိုင်းအစကို အစွမ်းကုန် ရှာဖွေဖို့ လိုတယ်။ ဒါပေမယ့် ဒြပ်စင် စစ်ပွဲကြောင့် မဟုတ်ဘူး။ ဇစ်မြစ် အပိုင်းအစ ၆ခု စုဆောင်းမှု ပြီးမြောက်ခြင်းရဲ့ အဓိပ္ပာယ်နဲ့ နှိုင်းယှဉ်ရင် ဒြပ်စင်စစ်ပွဲက အရေးမပါဘူး။”

အရေးမပါဘူးတဲ့လား။ ဒြပ်စင်စစ်ပွဲက ဒြပ်စင်ဘုရင်တွေ ကျရှုံးတာနဲ့ သက်ဆိုင် နေတယ်။ သူတို့ ကျဆုံးသွားတာနဲ့ နှစ်တွေ ဘယ်လောက်ကြာမှ ပြန်ပြီး မွေးဖွား လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါက ဘုရင်တွေ အမြဲတမ်း ဂရုအစိုက်ဆုံး အရာ ဖြစ်ခဲ့တာပဲ။

ဇစ်မြစ် အပိုင်းအစကို အပြည့်အဝ စုဆောင်းပြီးရင် ဘယ်သူပဲ ကျဆုံး ကျဆုံး အရေးမကြီးတာများလား။

လေဒြပ်စင် ဘုရင်က ချန်လွေ့ အံအားသင့်နေသည်ကို မြင်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါက အရေးအကြီးဆုံးပဲ။ မိတ်ဆွေ။ မင်း သံသယ ဖြစ်စရာ မလိုပါဘူး။ အချိန်တန်ရင် အဖြေတွေ အားလုံး ပေါ်လာလိမ့်မယ်။”

All Chapters