← Chapters

အဓိကယဇ်ပလ္လင်

Vol. 61 Ch. 993

အဓိကယဇ်ပလ္လင်

Vol. 61 Ch. 993

ကြီးမားသော လက်က ချန်လွေ့နှင့် အခြားသူများကို တိုက်ရိုက်ဆုပ်လိုက်ပြီး ကြီးမားသော ဖိအားနှင့် အတူ ကြောက်မက်ဖွယ်ရာ ချော်ရည်များ လမ်းတလျှောက် စီးဆင်းလာခဲ့သည်။

ဇိုလာက မျက်တောင်ခတ်လိုက်ရာ ဧရာမက်က အလျင်အမြန် ပြောင်းလဲ သွားခဲ့သည်။ သူတို့ကို မထိခင်မှာပင် ၎င်းက အရည်အဖြစ် ပြောင်းလဲပြီး ပြုတ်ကျသွားကြ၏။

ချန်လွေ့သည် [သရုပ်ခွဲမျက်လုံး] တွင် မည်သည့် အထူး အချက်အလက်ကိုမှ သတိမပြုမိခဲ့ပေ။ ၎င်းက မီးဒြပ်စင်ဘုရင် ပြောခဲ့သော ‘အသိစိတ်မရှိသော ဒြပ်စင် တည်ရှိမှု’ ဖြစ်ပေလိမ့်မည်။ မြေအောက် မီးတောင် အုပ်စု၏ ပတ်ဝန်းကျင်အရ ဒြပ်စင်တည်ရှိမှုများ တစ်ဆင့်ပြီးတစ်ဆင့် မီးဒြပ်စင်ကောင်များ ဖြစ်နိုင်သော်လည်း ထိုကဲ့သို့သော အင်အား၏ လွှမ်းမိုးမှု အောက်တွင် ၎င်းတို့က အစစ်အမှန် အသက်ကို မဖွဲ့စည်းနိုင်ဘဲ အမြဲပင် သန့်စင်သောစွမ်းအင်မျှသာ ဖြစ်ကြောင်း ပြောခဲ့သည်။

၎င်းတွင် အသိစိတ် မရှိသောကြောင့် မိတ်ဆွေ သို့မဟုတ် ရန်သူဟူ၍ မသိပေ။ ၎င်းသည် ထူးဆန်းသော အင်အား၏ ထိန်းချုပ်မှုအောက်‘ကျူးကျော်လာသော’ ပြင်ပလူ အားလုံးကို ဗီဇအတိုင်း တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

ဧရာမလက်ကြီးက ရှုံးနိမ့်သွားသည်နှင့် တပြိုင်နက် မီးစာထွန်းညှိလိုက်သလိုမျိုး ပတ်ဝန်းကျင်ရှိ ချော်ရည်များ လျင်မြန်စွာ ပြောင်းလဲ လာခဲ့သည်။ ထူးဆန်းသော အသွင်အပြင်များ ပေါ်ထွက်လာခဲ့၏။ အချို့မှာ လူ့ခန္ဓာကိုယ်နှင့် တူညီပြီး အချို့မှာ နဂါးကြီးများနှင့် ဆင်တူကာ တစ်ခုပြီးတစ်ခု သူတို့ဆီသို့ အပြေး လာခဲ့ကြသည်။

ထိုဒြပ်စင်များ၏ စွမ်းအားက သိပ်ပြီး မကောင်းလှပေ။ ဇိုလာက နေရာပြန့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အနီးနားရှိ ရန်သူအားလုံး ပြိုကျသွားခဲ့သော်လည်း ခဏအကြာ ၎င်းတို့က ချော်ရည်ထဲတွင် ပြန်လည်မွေးဖွားလာခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ တိုက်ခိုက်မှု စွမ်းအားက တဖြည်းဖြည်း တိုးလာခဲ့ပြီး ကိုင်တွယ်ရန် အလွန် ခက်ခဲလာသည်။

ဒိုဒိုက အစောပိုင်းတွင် ထိတ်လန့် သွားခဲ့သော်လည်း ထိုရန်သူများက သူ့ထက် အားနည်းကြောင်း ခဏအကြာ ခံစားမိခဲ့သည်။ သူက သခင်ရှေ့တွင် ကြွားချင်သော်လည်း ထိုမီးဒြပ်စင်များက အစစ်အမှန် အရာဝတ္ထုများ မဟုတ်ပေ။ ဆရာသခင် ချွဲကျိကောင်က သူ၏ လက်သီးများသည် ဂွမ်းကို ထိနေသလို ခံစားခဲ့ရသည်။ အထူးသဖြင့် သူ ဂုဏ်ယူခဲ့သော အသွင်ပြောင်းလဲခြင်းနှင့် မသေနိုင်ခြင်းကို အသုံးပြုရန် နေရာ မရှိသောကြောင့် သူက စိတ်ပျက် အားငယ်စွာဖြင့် သခင်၏ ပုခုံးပေါ်သို့ ပြန်လာခဲ့သည်။

လူတိုင်း လမ်းလျှောက်ရင်း တိုက်ခိုက် နေကြကာ ထိုနေရာမှ ထွက်ပေါက်ကို ရှာဖွေရန် ကြိုးစားနေ ကြသော်လည်း ထိုနေရာ၏ ပတ်ဝန်းကျင်မှာ အများကြီး ပြောင်းလဲသွားပုံရသည်။

“မီးဒြပ်စင် အာရုံကိုသုံးပြီး ထိန်းချုပ် ရင်းမြစ်ရဲ့ တည်နေရာကို ရှာချင်တယ်။ ခဏလောက် ထိန်းထားပေး။ ကျွန်မကို အနှောင့်အယှက် မဖြစ်စေနဲ့။” ဇိုလာက ရုတ်တရက် ရပ်ပြီး စကားတစ်ခွန်း ပြောလိုက်သည်။ သူက ပတ်ပတ်လည်မှ ဝင်လာသော မီးကဲ့သို့ တိုက်ခိုက်မှုများ အကြားတွင် မျက်လုံးကို တစ်ခါတည်း ပိတ်လိုက်သည်။

ချန်လွေ့နှင့် ပါ့ဂ်လီအိုတို့ အများကြီး မပြောကြပေ။ ဇိုလာ ဘာလုပ်နေကြောင်း သူတို့အားလုံး သေချာ သိကြသည်။ ချန်လွေ့က စဉ်းစားလိုက်ပြီး ဖောက်ထွင်း မြင်ရသော အမိုးခုံးတစ်ခုက သူတို့ သုံးဦးကို (သူ၏ ပခုံးပေါ်မှ တကယ် ခန့်ညားသော ချဲကျိကောင် အပါအဝင်) ဝိုင်းရံလိုက်၏။ အကာအကွယ် ဒိုင်း၏ အကွာအဝေးကို ချဲ့ပြီးနောက် ခုခံမှုက များစွာ အားနည်းသွားခဲ့သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများသည် အထူးသဖြင့် အားမကောင်းသော်လည်း ကြိမ်နှုန်းနှင့် ဖုံးလွှမ်းမှုက အလွန်အံ့သြစရာကောင်း၏။ အနားယူရန် အချိန် မရှိသလောက်ပင်။ အကာအကွယ်ဒိုင်းပေါ်၌ တဖြည်းဖြည်း အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

အကာအကွယ်ဒိုင်းတွင် တိုက်ခိုက်မှု စုပ်ယူပြီး အလိုလို ပြန်ကောင်းနိုင်သည့် အထူးဂုဏ်သတ္တိ ရှိသော်လည်း ပြန်လည် ကောင်းမွန်လာသည့် အရှိန်က အက်ကွဲ သည့်အရှိန်ထက် သိသိသာသာ နှေးနေ၏။ ထိုအက်ကွဲကြောင်းများက အမိုးခုံး တစ်ခုလုံးသို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

၎င်းက ပြိုလဲလုနီးပါး ဖြစ်နေချိန်တွင် ဇိုလာ၏ ခရမ်းရောင် မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။

ကောင်းကင်မှ အဆုံးမရှိသော တိုက်ခိုက်မှုများ ရုတ်တရက် ရပ်တန့် သွားပြီး ပြိုလဲသွား၏။ ယခင်ပြိုလဲမှုနှင့် မတူဘဲ ပြန့်ကျဲနေသော မီးနှင့် ချော်ရည်များက မမြင်နိုင်သော အင်အား အောက်တွင် နောက်ပြန်လှည့်ပြီး နေရာ တစ်ခုတွင် စုစည်းသွား ခဲ့သည်။ ဝဲကတော့ကဲ့သို့ နေရာလွတ် ဝင်ပေါက် တစ်ခု ပေါ်လာခဲ့သည်။

“မြန်မြန်။ ဒီဝင်ပေါက်ကို အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး၊ မြန်မြန် သွားကြ။”

လူတိုင်းက အလင်းစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲပြီး မစဉ်းစားဘဲ ဝင်ပေါက်ထဲသို့ အလျင်အမြန် ပြေးဝင် သွားခဲ့ကြသည်။

ဝင်ပေါက်ကို ဖြတ်ပြီးနောက် သူတို့ ရှေ့ရှိ အလင်းရောင်က မှိန်သွားခဲ့သည်။ မြင်ကွင်းက တောက်ပသော အနီရောင်မှ အခြားမြင်ကွင်းသို့ ပြောင်းလဲသွား၏။

သူတို့ရှေ့မှ အရာကို မြင်လိုက်ရာ ရက်စက်ကြမ်းကြုတ်သည်ဟု အမြဲတမ်း လူသိများသော ပါ့ဂ်လီအို ဖြစ်စေ၊ အမြဲတမ်း စိတ်အေးလက်အေး ရှိသော ဇိုလာဖြစ်စေ အားလုံး ပင့်သက်ရှိုက် လိုက်ကြသည်။ ဒိုဒိုသည် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားသည် အထိ ကြောက်လန့်နေခဲ့၏။ သူက လက်နှစ်ဖက် အသွင်ပြောင်းကာ မျက်လုံးကို ဖုံးထားပြီး မလွှတ်ရဲတော့ပေ။

ထိုနေရာက သာမန် လမ်းကြောင်း တစ်ခုဖြစ်ပြီး ဘေးနှစ်ဖက်တွင် အပိုင်း အလိုက်ု မီးတုတ်များ လောင်ကျွမ်း နေ၏။ ထိုမီးတုတ်က အချိန် အကြာကြီး ခံပေသည်။ ထိုအရာက လူတိုင်း အံ့သြ နေရခြင်း၏ အကြောင်းရင်း မဟုတ်ပေ။ အကြောင်းမှာ လမ်းကြောင်းတစ်ခုလုံးက အလောင်းများ ပြည့်နေ၍ပင်။

နံရံများ၊ မျက်နှာကြက်များနှင့် သူတို့၏ ခြေထောက်အောက်ရှိ အရာအားလုံးကို အထူး နည်းလမ်းအချို့ဖြင့် အလောင်း များကို ထူထပ်စွာ ထည့်သွင်းထား၏။ နံရံများမှ ထွက်နေသော အရိုးကဲ့သို့သော လက်များကပင် အလွန် ကြောက်စရာ ကောင်းလှသည်။ အရိုးများ အဖြစ် မပြောင်းလဲ သေးသည့် အချို့သော အလောင်းများတွင် မသေဆုံးခင် ကြောက်လန့်သော အမူအရာကို ရေးရေးလေး မြင်နိုင်နေသေးသည်။ မကောင်းသောအနံ့နှင့် သေဆုံးခြင်း အနံ့က လေထဲတွင် ပျံ့နှံ့နေ၏။

အလောင်းလမ်းကြောင်း။ ထိုအရာက အအစစ်အမှန် အလောင်းလမ်းကြောင်း ဖြစ်သည်။ ၎င်းက ဥမင်လိုဏ်ခေါင်း၏ အစွန်း နှစ်ဖက်သို့ ပျံ့နှံ့သွားခဲ့ပြီး မည်မျှ ကြာပြီဖြစ်ကြောင်း သူတို့ မသိခဲ့သလို ထိုကဲ့သို့ ဥမင်လိုဏ်ခေါင်းမျိုး မည်မျှ ရှိသည်ကိုလည်း မသိခဲ့ကြပေ။

ချန်လွေ့က ခန္ဓာကိုယ် တစ်ခုလုံးရှိ အမွေးများ ထောင်လာပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်ကို ခံစား ခဲ့ရသည်။ အစောပိုင်း ကြောက်လန့်မှု အပြင် သူက ပို၍ဒေါသထွက်ခဲ့သည်။ ယခင်က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထား သော်လည်း ထိုမြင်ကွင်းကို မြင်ရသော အခါတွင် သူ၏ဒေါသကို မထိန်းနိုင်ခဲ့ပေ။ အသက်တွေ အများကြီး! ဒီလိုမျိုးကို ‘လူမဆန်တာ’ လို့တောင် ပြောလို့ မရတော့ဘူး!

ဘေးနားမှ ဇိုလာက ချန်လွေ့၏ ပြင်းထန်သော ခံစားမှုများကို ခံစားမိခဲ့ပြီး လက်ကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။

ချန်လွေ့၏ ကြယ်စွမ်းအား ခဏတာ လည်ပတ်သွားခဲ့ပြီး စိတ်ကို အေးအေး ထားလိုက်သည်။ သူသည် ဇိုလာနှင့် ပါ့ဂ်လီအိုကို ကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ သူ့စိတ်ထဲရှိ ယုံကြည်မှု ပို၍ခိုင်မာလာခဲ့သည်။ ဒါတွေ အားလုံးကို ဖျက်ဆီးပစ်မယ်။ အသူရာချောက်နက်ကို ဖျက်ဆီးပစ်ရမယ်။

“အလောင်းတွေက လူပုတွေရော လူသားတွေရောပါပဲ။ ရွှေလင်းလက် မြေအောက် နန်းတော်ရဲ့ မြေအောက် လောကထဲ ရောက်နေပြီလို့ ထင်တယ်... ဒီမှာ မြေဒြပ်စင်ဇစ်မြစ် စွမ်းအား ရှိနေတာ အသေအချာပဲ။” ဇိုလာက ခဏကြာ သေချာအောင် ခံစားကြည့် နေခဲ့သည်။ “ဒါပေမယ့် ဒီဇစ်မြစ်က ထောင့်တိုင်းမှာ ပြန့်ကျဲနေပြီး ထူးဆန်းတဲ့ ပျက်စီးခြင်း အငွေ့အသက်နဲ့ ပြည့်နေတယ်။ ဖျက်ဆီးခြင်း အငွေ့အသက် သန့်စင်မှုက အတော်လေး မြင့်မားပြီးတော့ အနှောင့်အယှက်လည်း အတော်လေး ပြင်းတယ်။ မြေဒြပ်စင် ဥပဒေသရဲ့ ရင်းမြစ်ကို သိရဖို့ မဖြစ်နိုင်ဘူး။”

ပါ့ဂ်လီအိုက အခြား မူမမှန်မှုကို သတိပြုမိခဲ့သည်။ “ဒီမှာ ဖိနှိပ်စွမ်းအား အတော်လေး အားကောင်းတာကို ငါ ခံစားမိတယ်။ ဒီမှာ တိုက်ခိုက်ရင် အပြင်းထန်ဆုံး စွမ်းအားကို သုံးဖို့ ခက်ခဲလိမ့်မယ်။ ပြီးတော့ စွမ်းအင် ကုန်ဆုံးမှုက နှစ်ဆလောက် ဖြစ်နေမှာ စိုးရတယ်။”

“ဒါက သွေးစတေးရဲ့ စွမ်းအားပဲ” ချန်လွေ့က ပင့်သက် ရှိုက်လိုက်သည်။ သူက ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို အကောင်းဆုံး သိသည်။ မိုးတိမ်မြို့ရှိ အပျက်အစီး များနှင့် နှိုင်းယှဉ်ပါက ထိုနေရာရှိ မကျေနပ်မှုက ပို၍ သိပ်သည်းပြီး ပြင်းထန်သည်။ ၎င်းသည် လူများကို မရည်ရွယ်ဘဲ ကြောက်ရွံ့ လာစေသည့် အထူးဖိအား တစ်မျိုးဖြင့် ပြည့်နှက်နေ၏။

အကြောက်တရားလား။

ချန်လွေ့က လက်သီးကို တိတ်တဆိတ် ဆုပ်လိုက်သည်။ ‘အကြောက်တရား’ ပဲ ဖြစ်ဖြစ်၊ ‘အမုန်တရား’ပဲ ဖြစ်ဖြစ်၊ အဲဒါကို ဖျက်ဆီးပစ်ရမယ်!

သူတို့ သုံးယောက်က ခဏတာ သတိထား၍ ရှေ့သို့ လျှောက်သွားခဲ့ပြီး လမ်းဆုံ တစ်ခုသို့ ရောက်ရှိခဲ့သည်။ မည်သည့် လမ်းသို့ သွားရမည်မှန်း မသိကြပေ။

“ခဏလေး။ နောက်ကနေ အသံတွေ ကြားရသလိုပဲ။” ဇိုလာက အနောက်ကို ညွှန်ပြခဲ့သည်။ ယခု နတ်မိမယ်နဂါးက အဖွဲ့ထဲတွင် အာရုံခံစားမှု အကောင်းဆုံး ဖြစ်သည်။ ၎င်းက ချန်လွေ့ [ဓူဝံကြယ် အသွင်ပြောင်းခြင်း]ကို မသုံးထားသော အခြေအနေ၌ ဖြစ်၏။

ခဏအကြာ ပါ့ဂ်လီအိုနှင့် ချန်လွေ့ တို့လည်း ကြားခဲ့ရသည်။ အသံက သူတို့ဆီကို အမှန်တကယ် ချဉ်းကပ် လာနေခဲ့သည်။ အတော်များပုံရသည်။

ဒီလို မရဏနေရာမှာ အသက်ရှင် နေတဲ့လူတွေလည်း ရှိနေသေးတာပဲ။

ဇိုလာက လက်နှစ်ဖက်ဖြင့် စက်ဝိုင်း တစ်ခုကို ရေးဆွဲလိုက်သည်။ “မလှုပ်နဲ့!”

စကားဆုံးသွားသည်နှင့် တပြိုင်နက် ပါ့ဂ်လီအို၊ ချန်လွေ့နှင့် ဒိုဒိုတို့သည် သူတို့ကို တချိန်တည်းတွင် ဖုံးအုပ် ထားသော အမြှေးပါး ကဲ့သို့သော အင်အား တစ်ခုကို ခံစားခဲ့ရသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး မီးတုတ်၏ လက်ခနဲ ဖြစ်နေသော အလင်းရောင်နှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။

ကိုယ်ယောင်ဖျောက်ခြင်းပင်!

ထိုအရာက ပါရမီတစ်ခု မဟုတ်ဘဲ စစ်မှန်သော မှော်ပညာ အာနိသင်ဖြစ်ပြီး နေရာပြန့်ကိုယ်ယောင်ဖျောက်ခြင်းလည်း ဖြစ်လေသည်။ ချန်လွေ့နှင့် ဒိုဒိုတို့က အစပိုင်းတွင် ဘာမှ မသိသော်လည်း အဆိပ်နဂါးက အရာအားလုံးကို သိရှိသူ ဖြစ်ရာ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။

ခဏအကြာ အသံ ပိုနီးကပ်လာခဲ့ပြီး အရှိန်က အလွန် လျင်မြန်သည်။ ထိုနေရာသို့ ရောက်ရှိလာ သောအခါ အရှိန် တဖြည်းဖြည်း နှေးကွေးသွား၏။

အသေအချာပင် လူ ၁၂ယောက်ခန့် ရှိနေခဲ့ပြီး သူတို့အားလုံးက အနက်ရောင် ဝတ်ရုံများ၊ မျက်နှာများပေါ်တွင် ငွေရောင် မျက်နှာဖုံးများ၊ လက်ထဲ၌ လက်နက်များ ကိုင်ဆောင် ဝတ်ဆင် ထားကြသည်။ ရွှေရောင် မျက်နှာဖုံးနှင့် တစ်ယောက်က ခေါင်းဆောင် ဖြစ်ပုံရသည်။

ချန်လွေ့က ထိုဝတ်စုံနှင့် မစိမ်းလှပေ။ မရဏနက် နောက်လိုက်တွေပဲ။

သေချာတယ်။ သူတို့ပဲ။

ထိုလူအနည်းငယ်က ကိုယ်ယောင် ပျောက်နေသော ပါ့ဂ်လီအိုနှင့် ထိပ်တိုက် တွေ့လုနီးပါး ဖြစ်နေချိန် အဆိပ်နဂါး လှုပ်ရှားရန် ပြင်လိုက်သော်လည်း ဇိုလာ၏ တိုင်းပြည်စွမ်းအားဖြင့် ဖိနှိပ်ထားသော အသံက သူ့နားသို့ ရောက်ရှိလာခဲ့သည်။ “မလှုပ်နဲ့!”

ထိုသူက ‘ကိုယ်ယောင်ပျောက်’ နေသော အဆိပ်နဂါးနှင့် ထိတွေ့မိ ခဲ့သော်လည်း လေကို ထိမိသကဲ့သို့ ပါ့ဂ်လီအိုကို ဖြတ်သန်း သွားခဲ့သည်။ ပါ့ဂ်လီအို လုံးဝ မရှိနေ သကဲ့သို့ပင်။

မှော်အကြောင်း ဘာမှမသိသော ချန်လွေ့ တစ်ယောက်ပင် ထိုအချိန်တွင် အံ့သြသွားခဲ့၏။ ဒီကိုယ်ယောင်ဖျောက် စွမ်းရည်က လုံးဝကို မယုံနိုင်စရာပဲ။ ငါ့ရဲ့ [တိတ်တဆိတ်] ထက်တောင် ပိုပြီးတော့ အစွမ်းထက်တယ်။

“ထူးဆန်းတယ်။ ဆာ-ချီက ဒီမှာရှိတဲ့ နေရာလွတ် အတက်အကျ မတူဘူးလို့ ခံစားမိတယ်လို့ ပြောခဲ့တာ မဟုတ်လား။ တစ်ယောက်ယောက် ဖောက်ဝင်လာ တာလား။ ဘာလို့ ဘယ်သူ့ကိုမှ မတွေ့ ရတာလဲ။”

“နံပါတ်၃၅။ မင်းတို့အဖွဲ့ ဘယ်ကို သွား။”

“နံပါတ်၂၇။ မင်းတို့အဖွဲ့ ညာကိုသွား။”

“နံပါတ်၄၃။ မင်းတို့ အဖွဲ့နဲ့ ငါနဲ့ အလယ်ကို သွားမယ်။”

“ကျူးကျော်သူကို တွေ့ရင် အရှင် ဖမ်းဖို့ ကြိုးစား။ ကိုင်တွယ် ဖြေရှင်းလို့ မရရင် ချိပ်ပိတ်ကို ချက်ချင်းဖောက်ခွဲပစ်။ ဘာမှမတွေ့ရင် ဒီလမ်းဆုံမှာ ပြန်ဆုံမယ်။”

“ဟုတ်ကဲ့ပါ။ ခေါင်းဆောင်။”

ခဏအကြာ အဖွဲ့သုံးဖွဲ့က လမ်းဆုံသို့ ပြန်လာခဲ့ကြသည်။

“ခေါင်းဆောင်။ ဘာမှမတွေ့ပါဘူး!”

“ကျွန်တော်တို့လည်း မတွေ့ဘူး!”

ရွှေရောင်မျက်နှာဖုံးဝတ်ဆင်ထားသော ခေါင်းဆောင်က ခဏတာ စဉ်းစား နေခဲ့သည်။ “မဖြစ်နိုင်ဘူး။ ဆာ-ချီက သေသေချာချာကို... ဒီလမ်းကြောင်းမှာ ပုန်းဖို့ နည်းလမ်းမရှိဘူး။ ငါတို့ လာခဲ့တဲ့ လမ်းမှာလည်း ဘာမှ မတွေ့ခဲ့ဘူး။ ကျူးကျော်သူ ထွက်သွားပြီလား။ ဒါမှမဟုတ် ငါတို့ထက် အများကြီး အစွမ်းထက်ပြီး ဖုံးကွယ်နိုင်စွမ်းတောင် ရှိနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဆာ-ချီကို အမြန်ဆုံး သတင်းပို့လိုက်။ ဒီပင်မ ယဇ်ပလ္လင်က အပြည့်အဝ ဖြစ်ပေါ် တော့မယ်။ ဘာတစ်ခုမှ အမှားအယွင်း ဖြစ်လို့ မရဘူး။”

နောက်ဆုံး စကားကို ကြားလိုက်ရ သောအခါ ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် လင်းလက် သွားခဲ့သည်။ ဒီနေရာက ပင်မယဇ်ပလ္လင် ဖြစ်နေတာပဲ။

ချန်လွေ့က သိဒ္ဓိ ကျောင်းတော်ရှိ တမန်တော် ကူးလားထံမှ မိုးတိမ်မြို့ရှိ ပင်မယဇ်ပလ္လင်က အသူရာ ချောက်နက် အုပ်စိုးသူထံသို့ တိုက်ရိုက်စတေးသည့် ယဇ်ပလ္လင် ဖြစ်ကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။ ၎င်းတွင် အထူး စည်းမျဉ်းများနှင့် အပြင်းထန်ဆုံးသော စွမ်းအားများ ပါဝင်နေသည်။ ၎င်းသည် နယ်မြေအသီးသီးရှိ လျှို့ဝှက်ယဇ်ပလ္လင် ပူဇော်မှုများကို အလိုလို စုပ်ယူနိုင်၏။

ပင်မယဇ်ပလ္လင်သည် အသူရာ ချောက်နက် အုပ်စိုးသူအား စိတ်ဝိဉာဉ် စွမ်းအားကို ပေးပို့ပြီး စိတ်ထိန်းချုပ်မှုကို အားကောင်းစေသည်။ ယဇ်ပူဇော်ခြင်း စွမ်းအား ကြီးမားလေလေ အုပ်စိုးသူ၏ ဆန္ဒသည် စိတ်ဝိဉာဉ်ပြောင်းလဲမှုဆီသို့ ပေးပို့နိုင်စွမ်း ပိုကောင်းလေလေ ဖြစ်ပြီး ပြသနိုင်သော ခွန်အားလည်း ပို၍ ပို၍ အစွမ်းထက်လေလေ ဖြစ်သည်။

သီဝရီအရ အရှင်သခင် တစ်ဦးစီက အဓိက ယဇ်ပလ္လင် တစ်ခုနှင့်သာ ပတ်သက်သည်။ ငရဲအဖြစ်သို့ ပြောင်းလဲ သွားသော ရွှေလင်းလက် မြေအောက် နန်းတော်၏ မြေအောက်လောကသည် အမှန်တကယ် ပင်မယဇ်ပလ္လင် ဖြစ်နေ၏။

ဒါက ‘ငါးအကြီးကြီး’ မိတာပဲ။ ဒါပေမယ့် တစ်ခုတော့ သေချာတယ်။ အန္တရာယ်ကလည်း ပိုကြီးလာလိမ့်မယ်။

ခေါင်းဆောင် ခုနက ပြောခဲ့တဲ့အတိုင်း ဆိုရင် ပင်မယဇ်ပလ္လင်က အပြည့်အဝ မဖြစ်သေးဘူး။ ဒီအခွင့်အရေးကိုယူပြီး တစ်ခါတည်းနဲ့ ဖျက်ဆီးပစ်လို့ရတယ်။

ပါ့ဂ်လီအိုက ပြောသည်။ “သူတို့ နောက်ကို လိုက်မယ်။ ငါတို့မှာ ဇိုလာရဲ့ ကိုယ်ယောင်ဖျောက် မှော်ပညာ ရှိနေ တာပဲ။ အဲဒါကြောင့် ငါတို့ကို မတွေ့ လောက်ဘူး။”

“ခဏလေး...” နတ်မိမယ်နဂါးက ပြောလိုက်သည်။ “ဒီလိုမျိုး အဖွဲ့လိုက် ကိုယ်ယောင်ဖျောက်တာ ရွေ့လို့မရဘူး။ ရွေ့လိုက်တာနဲ့ ပေါ်သွားမှာပဲ။ ပြီးတော့ ကြာချိန်လည်း အကန့်အသတ် ရှိတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင်ကတော့ ကိုယ်ယောင်ဖျောက်ပြီး လှုပ်ရှားလို့ ရတယ်။”

ထိုအခါမှသာ ချန်လွေ့က ထိုကဲ့သို့ အားနည်းချက်မျိုး ရှိနေသေးကြောင်းကို သဘောပေါက်ခဲ့သည်။ သို့သော်လည်း အတား အဆီးများနှင့် ထိတွေ့မှုကို လျစ်လျူရှု နိုင်သော ထိုကိုယ်ယောင် ဖျောက်ခြင်း အမျိုးအစားက အလွန် အစွမ်းထက်နေပြီ ဖြစ်သည်။ သူက ချက်ချင်း ပြုံးလိုက်ပြီး မရဏနက် နောက်လိုက်များ သွားနေသောဘက်ကို လက်ညှိုးထိုးပြုလိုက်သည်။ “တကယ်တော့ ငါတို့ ကိုယ်ယောင် ဖျောက်စရာ မလိုပါဘူး။ အသွင်ပြောင်း လိုက်ရုံပဲ။”

အသွင်ပြောင်းတာလား။ နတ်မိမယ် နဂါးက လှပသော မျက်လုံးများကို မှိတ်တုတ် မှိတ်တုတ် လုပ်လိုက်ပြီး သ‌ဘောပေါက်သွားခဲ့သည်။

All Chapters