အသူရာချောက်နက် ဝိညာဉ်မျိုးကွဲ
Vol. 61 Ch. 994
မရဏနက်နောက်လိုက်များ ရှေ့ဆက် သွားလိုက်ကြပြီး သူတို့၏ နောက်ဆုံး ရဲဘော်သုံးဦး တိတ်တဆိတ် ပျောက်ဆုံး သွားကြပြီး တိတ်တဆိတ် ပြန်လည် ပေါ်လာသည်ကို မသိခဲ့ကြပေ။
ချန်လွေ့နှင့် အခြားသူများက သူတို့ နေရာကို အစားထိုးခဲ့ခြင်း ဖြစ်သည်။ ချန်လွေ့တွင် စိတ်ကြိုက် အသွင်ပြောင်း နိုင်သည့် [ရုပ်ဖျက်] စွမ်းရည် ရှိပြီး ဇိုလာက အသွင်ပြောင်းခြင်းတွင် ပို၍ပင် ကျွမ်းကျင်သည်။ သူက ပါ့ဂ်လီအိုကို အသွင်ပြောင်း ပညာရပ် သုံးထားရာ သူ ဝတ်ရုံပင် ဝတ်ရန် မလိုအပ်တော့ပေ။ ဒိုဒို အတွက်မူ အသွင်ပြောင်းလဲခြင်းသည် ဆရာသခင် တကယ်ခန့်ညား၏ မွေးရာပါ စွမ်းရည် ဖြစ်သောကြောင့် ပြဿနာ မရှိပေ။ သို့သော် သေရမည်ကို ကြောက်ရွံ့ခြင်းသည်လည်း ဆရာသခင် တကယ်ခန့်ညား၏ အရည်အချင်းတစ်ခု ဖြစ်သောကြောင့် ဒိုဒိုက စတုတ္ထမြောက် ‘မရဏနက် နောက်လိုက်’ မဖြစ်ခဲ့ပေ။ ထိုအစား သူက ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားပြီး သခင်မ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုချွဲကျိကောင်သည် အဆင့်တိုးပြီးနောက် သခင်မဘေးတွင် နေထိုင်ရခြင်းက သခင်ဘေးတွင် နေထိုင် ရသည်ထက် ပို၍လုံခြုံသည်ဟု သေသေ ချာချာ ခံစားမိခဲ့သည်။
သူတို့ သုံးဦးက အဖွဲ့နောက် လိုက်၍ ရှေ့သို့ လျှောက်သွားခဲ့ ကြသည်။ လမ်းတစ်လျှောက်တွင် အလောင်း ကဲ့သို့သော လမ်းများရှိနေပြီး မရဏနက် နောက်လိုက်များက အကျင့် ဖြစ်နေပုံ ရသည်။ ချန်လွေ့၏ လျှို့ဝှက် ဆန်းကြယ်သော ဘာသာရေးဂိုဏ်း အကြောင်း သိထားသလောက် ဆိုလျှင် ထိုမရဏနက် နောက်လိုက်များက သစ္စာ အရှိဆုံးနှင့် အရူးသွပ်ဆုံး အဓိက အဖွဲ့ဝင်များပင်။ သူတို့၏လက်များတွင် သွေးများ စွန်းနေ၏။
ဆိုးရွားသော အလောင်းလမ်းကြောင်း အနည်းငယ်ကို ဖြတ်လျှောက်ပြီးနောက် ရှေ့မှ နေရာလွတ်က ရုတ်တရက် ပွင့်လာ ခဲ့သည်။ ထိုနေရာက နန်းတော်ကြီးတစ်ခု ကဲ့သို့ အလွန်ကြီးမားသော နေရာ ဖြစ်သည်။ ၎င်းသည် အားကစားကွင်း သုံးလေးခုလောက် ကျယ်ပြောသည်။ နေရာလွတ်က အလွန်ကြီးသောကြောင့် အလင်းရောင်က အထူးတလည် ပြင်းထန်ခြင်းမရှိပေ။ အဝေးမှ နံရံပေါ်တွင် နံရံဆေးရေး ပန်းချီများကဲ့သို့ လိုဏ်ဂူပုံစံ အဆောက်အဦး များကို ရေးရေးလေး မြင်နိုင်သည်။ ဓာတ်လှေကားများနှင့် အခြား ကိရိယာအချို့လည်း ရှိနေသည်။
ထိုနေရာက လိုဏ်ဂူနေ လူပုများ တူးထားသော ခမ်းနား ထည်ဝါသည့် မြေအောက်လောက ဖြစ်ပြီး စစ်မှန်သော ရွှေလင်းလက် မြေအောက် နန်းတော် ဖြစ်ရပေမည်။
သို့သော် လက်ရှိ ရွှေလင်းလက် မြေအောက် နန်းတော်က ကမ္ဘာပေါ်မှ ငရဲဘုံ အစစ်အမှန်တစ်ခု ဖြစ်နေ၏။
အလောင်းလမ်းကြောင်းသည် ရှေ့သို့ တိုးလာခဲ့သော်လည်း ၎င်းက ပြန့်နေခြင်း မရှိတော့ဘဲ ထူးဆန်းသော ပုံသဏ္ဌာန် ရှိသော အရိုးမျှော်စင်များအဖြစ် စုပုံနေ ခဲ့သည်။ ထိုအရိုးမျှော်စင်များကို အထူး အစီအစဉ်အရ စီစဉ်ထားပြီး ပြင်းထန် လှသော သေခြင်းနှင့် ပျက်စီးခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
အစီအစဉ်က သေဆုံးခြင်းစွမ်းအင်နှင့် ပျက်စီးခြင်းအငွေ့အသက်ကို များစွာ မြှင့်တင်နိုင်သည့် မှော်စက်ဝိုင်း တစ်မျိုး ဖြစ်လောက်သည်။ သူတို့ ရှေ့ဆက် သွားလေလေ အငွေ့အသက်မှာ ပို၍ ပြင်းထန်လာလေလေ ဖြစ်သည်။ ပြီးမြောက်ခြင်း မရှိသေးသော အရိုး မျှော်စင်အချို့ ရှိနေသေးပုံ ရသည်။ မရဏနက်နောက်လိုက် အများအပြားက အထူးကိရိယာဖြင့် ပုံသွင်း တည်ဆောက် နေကြသည်။ ကုန်ကြမ်းက သေချာပေါက် အလောင်းများစွာပင်။ အလောင်းများစွာ သေဆုံးသည်မှာ အချိန်အကြာကြီး မရှိသေးသည်မှာ ထင်ရှားပေ၏။
ချန်လွေ့က တယ်လီပို့ အစီအရင်နှင့် ဆင်တူသော နေရာလွတ် ကိရိယာ တစ်ခုကိုလည်း တွေ့ရှိခဲ့၏။ မရဏနက် နောက်လိုက်များက နေရာလွတ် တံခါးမှ တဆင့် အဓိကယဇ်ပလ္လင်သို့ သွားလာပြီး အလောင်းများကို သယ်ယူပို့ဆောင်ခဲ့ ကြပုံရသည်။
အရိုးမျှော်စင်အုပ်စု စုစည်းရာနေရာ၏ အလယ်ဗဟို၌ သုံးထပ်ခန့် မြင့်သော ကြီးမားသည့် အဆောက်အအုံ တစ်ခု၊ သို့မဟုတ် ပို၍ တိတိကျကျ ပြောရလျှင် ခမ်းနား ထည်ဝါသည့် ယဇ်ပလ္လင်တစ်ခု ရှိနေသည်။
ယဇ်ပလ္လင် နေရာတွင် ထူးခြားသော အလောင်းများ၊သွေးများ မရှိသော်လည်း မကောင်းဆိုးဝါးအငွေ့အသက်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ချန်လွေ့ နှင့် အခြားသူများပင် တိတ်တဆိတ် ထိတ်လန့် သွားခဲ့ကြပြီး အထူးသဖြင့် ဇိုလာ၏ လက်ထဲရှိ ‘ဓား’ က အနည်းငယ် တုန်ယင်နေခဲ့သည်။
အဖွဲ့ ရပ်တန့် သွားခဲ့သည်။ ရွှေရောင် မျက်နှာဖုံး ဦးဆောင်သော မရဏနက် နောက်လိုက်များက ယဇ်ပလ္လင်နှင့် အနီးဆုံး အရိုးမျှော်စင်သို့ လျှောက်သွား ခဲ့ကြပြီး အနက်ရောင်ဝတ်စုံ ဝတ်ထား သူကို အရိုအသေ ပေးခဲ့ကြသည်။ “ဆာ-ချီ။ ကျုပ်တို့ ကျူးကျော်သူကို မတွေ့ခဲ့ပါဘူး။”
ထိုဆာ-ချီက ရွှေနက်မျက်နှာဖုံးနှင့် ရွှေရောင်ချည်ဖြင့် ယက်လုပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထား၏။ အဝေးရှိ ယဇ်ပလ္လင်၏ လှေကားထစ်များပေါ်တွင် တူညီသောဝတ်စုံဖြင့် ရွှေနက်မျက်နှာဖုံး ဝတ်ထားသည့် လူ နှစ်ဦး ရှိသည်။ ထိုမျက်နှာဖုံးနှင့် ဝတ်ရုံက လျှို့ဝှက် ဆန်းကြယ်သော ဘာသာရေးဂိုဏ်း၏ အစောင့်အရှောက်များထဲတွင် အမြင့်ဆုံး အဆင့် ‘ဖျက်ဆီးခြင်း သံတမန်များ’ ဖြစ်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေး ဂိုဏ်း၏ အစောင့်အရှောက်က သိဒ္ဓိ ကျောင်းတော်၏ ခုံသမာဓိမှ လူသတ် သမားများနှင့် ညီမျှသည်။ ဖျက်ဆီးခြင်း သံတမန်ချုပ်၊ ဖျက်ဆီးခြင်း သံတမန်၊ အစောင့်အရှောက်အချုပ်၊ အစောင့် အရှောက် ခေါင်းဆောင်၊ အစောင့် အရှောက် ဟူ၍ ကြီးစဉ် ငယ်လိုက် အဆင့်အတန်း ရှိလေသည်။ အသူရာက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်ခဲ့စဉ်တွင် အစောင့်အရှောက်ချုပ် ဖြစ်ခဲ့သည်။ ထို့ကြောင့် တစ်ဆင့် ပိုမြင့်သော ဖျက်ဆီးခြင်း သံတမန်က အထူး အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သည်မှာ သဘာဝပင်။
ချန်လွေ့၏ [သရုပ်ခွဲမျက်လုံး] တွင် ထို‘ဆာ-ချီ’နှင့် ပတ်သက်သော သက်ဆိုင်ရာ အချက်အလက်များ ပေါ်လာခဲ့သည်။ သူ၏ မျိုးနွယ်မှာ လူသားဖြစ်ပြီး ၎င်းနောက်တွင် ဝိညာဉ် မျိုးကွဲဟူ၍ မှတ်ချက်တစ်ခု ရှိနေခဲ့သည်။ စွမ်းအားအကဲဖြတ်မှုက SS သို့ ရောက်ရှိနေခဲ့ပြီး ၎င်းက တိုင်းပြည်အဆင့် အလတ်ပိုင်း ဖြစ်သည်။ [စိစစချက်] ၏ အရည်အချင်းတွင် မျှော်လင့်ထားသည့် အတိုင်း ‘သွေးစတေးဝိညာဉ်’ ဖြစ်၏။ သူက အသူရာချောက်နက် စွမ်းအားဖြင့် တိုက်စား ခံခဲ့ရသော လူသား အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လောက် ပေသည်။
“ဘာမှမတွေ့ဘူးလား။” ဆာ-ချီက အနည်းငယ် အံံ့အားသင့် သွားခဲ့သည်။ “ငါ့ရဲ့ အာရုံခံနိုင်စွမ်းက အဓိက ယဇ်ပလ္လင် တစ်ခုလုံးရဲ့ ကာကွယ်မှုနဲ့ ပေါင်းစည်း ထားပြီးသား။ မှားစရာ မရှိဘူး။ ဒီတစ်ခေါက် ကျူးကျော်သူက အတော်လေး အစွမ်းထက်ပြီးတော့ တိတ်တိတ်လေး ပုန်းနေတာများလား။”
“မင်းမှားနေပြီ။ ချီ။” ယဇ်ပလ္လင် ထိပ်မှ အသံတိုးတိုး တစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု မြင်ကွင်းထဲ ပေါ်လာခဲ့သည်။ ထိုသူက မျက်နှာပေါ်တွင် သွေးနီရောင် မျက်နှာဖုံးဝတ်ထားသည့် အနီရောင် ဝတ်ရုံ ဝတ်ထားသော အမျိုးသား တစ်ဦး ဖြစ်လေသည်။
အနီရောင်မျက်နှာဖုံးကို ဂိုဏ်းအုပ် အချုပ်နှင့်အထက် ‘ပြည်သူများ’သာ ဝတ်ဆင်နိုင်သည်။ ထိုသူ၏ သွေးနီရောင် မျက်နှာဖုံးက နဖူးပေါ် ရွှေရောင်စိန်ပုံစံ သလင်းကျောက်တစ်ခု ရှိပြီး ၎င်းသည် အလွန်မြင့်မားသော အဆင့်အတန်းကို ကိုယ်စားပြု၏။ ၎င်းမှာ ပုပ်ရဟန်းမင်း၏ ဂုိဏ်းချုပ် ပြီးလျှင် ဒုတိယပင်။
“အရှင်သူမြတ် သောမက်စ်။” ချီက လေးစားစွာပင် ဦးညွှတ်လိုက်၏။
သောမက်စ်၏ မျက်လုံးက ချန်လွေ့နှင့် အခြားသူများ၏ နေရာကို ကြည့်လိုက်၏။ “ရန်သူက ပုန်းနေတာ မဟုတ်ဘူး။ သူတို့က ငါတို့လူတွေနဲ့ ရောနေတာ။”
ထိုစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် မရဏနက် နောက်လိုက် များက သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ဝိုင်းရံ လိုက်ကြသည်။ ယဇ်ပလ္လင်၏ အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး ဝင်လာသော မရဏနက် နောက်လိုက်၏ ခန္ဓာကိုယ်များတွင် သွေး စက်ဝိုင်းများ ရုတ်တရက် ပေါ်လာ၏။ ချန်လွေ့နှင့် အခြားသူများမှ လွဲ၍ပင်။
သရုပ်မှန် ချက်ချင်း ဖော်ထုတ်ခံခဲ့ရ၏။ ချန်လွေ့နှင့် အခြားသူများက မဖုံးကွယ် ထားတော့ဘဲ ချက်ချင်း သူတို့၏ မူလအသွင်ကို ပြန်ပြောင်းလိုက်သည်။ ပတ်ပတ်လည်ရှိ မရဏနက် နောက်လိုက် များက သူတို့ဆီသို့ အလျင်အမြန် ပြေးလာခဲ့ကြသည်။
ချန်လွေ့က ခြေထောက် ဆောင့်နင်း လိုက်ရာ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း စွမ်းအား ပါဝင်နေသော အလွန် ကြီးမားသည့် စွမ်းအားက သူတို့ သုံးယောက်ကို ဗဟိုပြု ပျံ့နှံ့သွားခဲ့သည်။ မီတာဒါဇင်ပေါင်းများစွာ အကွာအဝေးရှိ မရဏနက် နောက်လိုက်များ ချေမှုန်း ခံလိုက်ရသည်။ ထိုလူများ အားလုံးက သေသင့်သော အပြစ်သားများ ဖြစ်ရာ ချန်လွေ့တွင် နောက်ဆံတင်းစရာ မရှိပေ။
ချန်လွေ့က တိုင်းပြည်စွမ်းအားဖြင့် ဆောင့်နင်းခြင်းသည် သာမန်အင်အား ရှိသော မရဏနက် နောက်လိုက်များကို ဖယ်ရှားခဲ့သော်လည်း စွမ်းအားပျံ့နှံ့မှုက မျှော်လင့်ထားသည်ထက် အားနည်းပြီး မြေကြီးပင် မတုန်ခါခဲ့ကြောင်း သတိပြု မိခဲ့သည်။ အနီးနားရှိ အရိုးမျှော်စင် များလည်း လုံးဝ ထိခိုက်မှုမရှိခဲ့ပေ။
ယဇ်ပလ္လင်နှင့် ထိုအရိုးမျှော်စင်များမှာ ထူးဆန်းပုံရသည်။ မြေအောက်နန်းတော် တစ်ခုလုံးက သာမန် စွမ်းအားများ လုံးဝမလှုပ်ခါနိုင်သော ခိုင်မာသည့် အရာ တစ်ခု ဖြစ်နေပုံရသည်။
သို့သော်လည်း ထိုတိုက်ခိုက်မှုမှ ထွက်ပေါ်လာသော တိုင်းပြည်အဆင့်၏ ထိပ်သီးပိုင်း အငွေ့အသက်သည် ချီကို သတိထားစေရန် လုံလောက်ခဲ့သည်။ သူက အခြားသော ဖျက်ဆီးခြင်း သံတမန် နှစ်ဦးကို ချက်ချင်း ခေါ်လိုက်သည်။ “သွေးလင်းယုန်! နဂါးပျံ!”
မရဏနက် နောက်လိုက်များက များသောအားဖြင့် နာမည်ရင်းများကို မသုံးကြဘဲ အမည်ဝှက်များ သို့မဟုတ် ကုဒ်အမည် များကိုသာ သုံးကြသည်။ လျှို့ဝှက် ဆန်းကြယ်သော ဂိုဏ်းချုပ် ‘သောမက်စ်’လည်း အလားတူပင် ဖြစ်၏။
ဖျက်ဆီးခြင်း သံတမန် သုံးဦးသည် တြိဂံပုံစံဖြင့် ချန်လွေ့နှင့် အခြားသူ များကို ချက်ချင်း ဝိုင်းရံခဲ့ကြ၏။ ဇိုလာ၏ လက်ချောင်းထိပ်တွင် နူးညံ့သော အလင်းရောင် တစ်ခု ပေါ်လာခဲ့သည်။ ၎င်းက သေးငယ်သော အလင်းစက်လုံး အဖြစ် စုစည်းပြီး ပေါက်ကွဲထွက်သွား၏။
တချိန်တည်းမှာတွင် ဖျက်ဆီးခြင်း သံတမန် သုံးဦး၏ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့သည်။ ထိုမြင်ကွင်းက ယဇ်ပလ္လင်ပေါ်ရှိ သောမက်စ်ကို အံ့အား သင့်စေခဲ့သည်။ တိုင်းပြည် အဆင့် ဖျက်ဆီးခြင်း သံတမန် သုံးဦးက စက္ကန့်ပိုင်း အတွင်း အသတ်ခံခဲ့ရတယ်။
အဲဒီမိန်းမက...အနည်းဆုံး နတ်ဘုရား တစ်ပိုင်း အဆင့်ပဲ။
သောမက်စ်က ပေါ့ဆရဲခြင်း မရှိဘဲ အသူရာ ချောက်နက် ဘာသာစကားကို လျင်မြန်စွာ ရွတ်ဆိုခဲ့သည်။ မြေအောက် နန်းတော်ရှိ မရဏနက်နောက်လိုက်များ၏ ခန္ဓာကိုယ်များ ပေါက်ကွဲ ထွက်ခဲ့ပြီး သွေးများက မြေပေါ်သို့ ကျသည်နှင့် တပြိုင်နက် အနီးနားရှိ အရိုးမျှော်စင် များ စုပ်ယူ ခဲ့သည်။ အရိုးမျှော်စင်များက ထူးဆန်းသော မြူခိုးကို ထုတ်လွှတ်ပြီး သွေးရောင် ဖျော့ဖျော့လေး ထွက်နေ၏။ ချန်လွေ့နှင့် အခြားသူများ တချိန်တည်း အထူး စိတ်ဓာတ်ကျမှုကို ခံစားခဲ့ရသည်။ တစ်စုံတစ်ခုသည် သူတို့၏ စိတ်ထဲတွင် လေးလံစွာ ကျဆင်းလာ ခဲ့သလိုမျိုးပင်။ စွမ်းအားအသုံးပြုရန် ပိုမို၍ခက်ခဲလာပြီး အသက်ရှူရန်ပင် အနည်းငယ် ခက်ခဲ နေခဲ့သည်။
ဇိုလာက သောမက်စ်ဘက်ကို လက် ဝှေ့ယမ်း လိုက်သောအခါတွင် ယဇ်ပလ္လင် ပတ်လည်၌ ဖောက်ထွင်းမြင်ရသော အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ပြီး အထူးအကာအကွယ်နံရံတစ်မျိုး ပျက်စီး သွားသကဲ့သို့ပင်။
ဇိုလာက စွမ်းအားကို ချက်ချင်း တိုးမြှင့်လိုက်သည်။ အက်ကွဲကြောင်းက လျင်မြန်စွာပြန့်နှံ့သွားပြီး ပြိုကျတော့မည် ဖြစ်သည်။ ထိုအချိန်တွင် ယဇ်ပလ္လင်၌ တိုင်တစ်တိုင် မြှင့်တက် လာခဲ့သည်။ တိုင်ထိပ်က ဖောက်ထွင်း မြင်ရသော အမိုးခုံးတစ်ခု ဖြစ်သည်။ အမိုးခုံးထဲတွင် အဝါရောင်တောက်ပနေသော အရာဝတ္ထု တစ်ခု ရှိနေသည်။ တိုင်ပေါ်လာသည်နှင့် တပြိုင်နက် ကာကွယ်ရေး စွမ်းအားက ချက်ချင်း တည်ငြိမ်သွားခဲ့၏။ ဇိုလာက စွမ်းအားကို မည်မျှ တိုးမြှင့်စေကာမူ ယဇ်ပလ္လင်၏ ကာကွယ်မှုကို မဖျက်ဆီး နိုင်ခဲ့ပေ။
“မြေဒြပ်စင်ဇစ်မြစ်...” ဇိုလာသည် အမိုးခုံးထဲရှိ အရာဝတ္ထုကို စိုက်ကြည့်ပြီး ထိုကာကွယ်ရေးအင်အား၏ ဖွဲ့စည်းပုံကို စတင် စစ်ဆေးလိုက်သည်။ “မြေဒြပ်စင် အပိုင်းအစပဲ!”
ချန်လွေ့၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ ၎င်းသည် မြေဒြပ်စင်ဘုရင် မိုးရီ အလိုအပ်ဆုံးသော ဇစ်မြစ် အပိုင်းအစ ဖြစ်၏။
“မင်းတို့ ဘယ်သူတွေပဲ ဖြစ်ဖြစ်၊ ဒီကို ကျူးကျော်လာရဲတယ်ဆိုတော့ သေဖို့ပဲ ရှိမှာပဲ။” သောမက်စ်သည် ဇိုလာ၏ စွမ်းအားနှင့် အသိပညာကို အံ့အားသင့် ခဲ့သော်လည်း လုံးဝ မတွန့်ဆုတ်ဘဲ ကြောက်ရွံ့မနေပေ။ သူက အသူရာ ချောက်နက် မန္တန်ကို ထပ်မံရွတ်ဆို နေခဲ့သည်။ အရိုးမျှော်စင်များ၏ သွေး မြူခိုးများမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ အဓိကယဇ်ပလ္လင်တစ်ခုလုံး သွေးနီရောင် တောက်ပနေခဲ့ပြီး လူတိုင်း၏စိတ်ထဲတွင် စိတ်ဓာတ်ကျမှု ခံစားချက် ပို၍ပင် ပြင်းထန်လာခဲ့သည်။
ဒိုဒို၏ ကြောက်လန့် နေသော မျက်လုံးများ အောက်တွင် ဇိုလာ သတ်ဖြတ်ခဲ့သော ဖျက်ဆီးခြင်းသံတမန် သုံးဦး၏ ခန္ဓာကိုယ်များ သူ့အလိုလို ပြန်လည် စုစည်းလာခဲ့သည်။
ချန်လွေ့က နိမိတ်မကောင်းသည့် အရာတစ်ခုကို အလိုလို ကြိုသိနေခဲ့ပြီး သူ၏လက်များကို ဓားပုံစံသို့ ချက်ချင်း ပြောင်းလိုက်သည်။ ရာနှင့်ချီသော [အရှိန်အဝါဓားသွား]၏ ထက်ရှသော ချီစွမ်းအင်များက ဖျက်ဆီးခြင်းသံတမန် သုံးဦးဆီသို့ ချက်ချင်း ပျံသန်းသွား ခဲ့သော်လည်း သတ္တုကို ဖြတ်တောက်ရန် လုံလောက်သော ၎င်းတို့က ဖျက်ဆီးခြင်း သံတမန် အလောင်းများကို ထိသည်နှင့် တပြိုင်နက် အစအနမကျန် ပျောက်ကွယ် သွားခဲ့၏။ ၎င်းက အခြားဒိုင်မန်းရှင်းသို့ ပျံသန်းသွားသလို ဖြစ်နေပြီး ပါ့ဂ်လီအို၏ အဆိပ်တိုက်ခိုက်မှုလည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။
ချက်ချင်းပင် ဖျက်ဆီးခြင်းသံတမန် သုံးယောက်၏ ခန္ဓာကိုယ်ပတ်လည်တွင် သွေးနီရောင်မီးတောက်များ တောက်ပပြီး မီးတောက်များက ထူးဆန်းသော ပန်းပုံစံ ပေါင်းစည်းသွားကာ အလောင်းက စုပ်ယူသွားခဲ့သည်။
အလောင်းများက ဝတ်ရုံများနှင့် မျက်နှာဖုံးများ ပွင့်ထွက် သွားခဲ့ပြီး ဖောင်းကားလာခဲ့သည်။ ကြွက်သားများ ပုံစံက ကြောက်မက်ဖွယ် ကောင်းသော ယိုယွင်းမှုများကို ပြသခဲ့ပြီး အရိုးဆူးများ ထွက်ပေါ်လာကာ လက်များကလည်း ထက်ရှသော လက်သည်းများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ ခဏအကြာ အရပ်ရှည်ပြီး ရုပ်ဆိုးသော အနီရောင် မကောင်းဆိုးဝါး သုံးကောင်က ချန်လွေ့ နှင့် အခြားသူများ ရှေ့တွင် ပေါ်လာ ခဲ့လေသည်။
မျိုးနွယ်စု - အသူရာချောက်နက် ဝိညာဉ်မျိုးကွဲ (၂နာရီ ၅၉ မိနစ် ကျန်ရှိ)
စွမ်းအားအကဲဖြတ်မှု - SSS
ခန္ဓာအမျိုးအစား - SSS
ခွန်အား - SSS+
စိတ်ဝိဉာဉ် - SSS-
အမြန်နှုန်း - SSS-
[စိစစ်ချက်] - အရှင်သခင်၏ဆန္ဒ၊ ခွန်အား၊ အလိုလို ပြန်ကောင်းနိုင်ခြင်းနှင့် ထိခိုက်မှု တိုးမြင့်လာ။
အန္တရာယ်အဆင့် - အလွန်မြင့်မား။
နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ! ပြီးတော့ စွမ်းအားက နတ်ဘုရား တစ်ပိုင်းရဲ့ ထိပ်သီးပိုင်းကို ရောက်နေပြီ! ဒီလိုမျိုး အသွင်တာမျိုးက အချိန်ကန့်သတ်ချက် ရှိပြီးတော့ အချိန်ကုန်တာနဲ့ လုံးဝ ပျောက်ကွယ် သွားနိုင်ပေမဲ့ အချိန်က ၃နာရီ ဖြစ်နေတယ်။ ငါတို့က စွမ်းအား နည်းလွန်းရင် ၃စက္ကန့် အတွင်း အပိုင်းပိုင်း ဖြစ်သွားလိမ့်မယ်။
ချန်လွေ့ တိတ်တဆိတ် တုန်လှုပ် သွားခဲ့သည်။ အဓိကယဇ်ပလ္လင်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါး တစ်ကောင်ကို ဖန်တီး နိုင်မည်ဟု မထင်ထားခဲ့ပေ။
မကောင်းဆိုးဝါး ဖြစ်လာပြီးနောက် အဓိကယဇ်ပလ္လင်၏ သွေးရောင်အလင်း ပျောက်ကွယ်သွားခဲ့ပြီး အရိုးမျှော်စင် များ၏ သွေးမြူခိုးများ ပို၍ပါးသွား၏။ လူတိုင်း၏ စိတ်ထဲတွင် စိတ်ဓာတ်ကျမှု အနည်းငယ် လျော့နည်းသွားသည်ကို ခံစားခဲ့ရသည်။ သူတို့၏ စွမ်းအင် အများစု ကုန်သွားခဲ့ပုံရသည်။ ထိုသို့ ပြောင်းလဲခြင်းမျိုးက သက်သက်ချည်း မဟုတ်ဘဲ ယဇ်ပလ္လင် တစ်ခုလုံး၏ ‘စွမ်းအင်’ကို သိသိသာသာ သုံးစွဲသွား သည်မှာ ထင်ရှားပေသည်။
ချန်လွေ့ အလျင်အမြန် စဉ်းစား လိုက်၏။ ဒီတိုက်ပွဲနေရာက ငါ့အတွက် အတော်လေး အရေးနိမ့် နေတယ်။ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေး စွမ်းအားကို သုံးဖို့ ခက်ခဲပြီး စွမ်းအင် သုံးစွဲမှုက နှစ်ဆ ဖြစ်လိမ့်မယ်။ အရှင် သခင်ရဲ့ ဆန္ဒပါတဲ့ ဒီမကောင်းဆိုးဝါး သုံးကောင်ကို အနိုင်ယူချင်ရင်တော့ အခက်အခဲ အများကြီး ရှိလောက်မှာ စိုးမိတယ်။ အခက်ခဲဆုံးကတော့ အဓိက ယဇ်ပလ္လင်ရဲ့ စွမ်းအားက အတော်လေး ထူးဆန်းနေတာပဲ။ ဂိုဏ်းချုပ် သောမက်စ် ရှိနေတာဆိုတော့ သူက နောက်ထပ် မကောင်းဆိုးဝါးတွေ ဖန်တီးဦးမလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
အဓိက ယဇ်ပလ္လင်ကို တိုက်ရိုက် ဖျက်ဆီးပြီး မြေဇစ်မြစ် အပိုင်းအစကို ရယူခြင်းက အရေးအကြီးဆုံးပင်။
“ကျွန်မမှာ ဒီမြေဒြပ်စင် ဇစ်ြမစ်ရဲ့ အကာအကွယ်ကို ဖွင့်ဖို့ နည်းလမ်း ရှိတယ်။ ဒါပေမယ့် အချိန်ယူရလိမ့်မယ်။ ပြီးတော့ အဲ ဒီအရိုးမျှော်စင်တွေက အဓိကပဲ။ သူတို့ကို အရင်ဖျက်ဆီးပစ်။” ရှေ့မှ ယဇ်ပလ္လင်၏ အအကာကွယ်ကို စမ်းသပ် နေခဲ့သော ဇိုလာက ပြောလိုက်သည်။
“ဟုတ်ပြီ။ မကောင်းဆိုးဝါး သုံးကောင်ကို ငါ ကိုင်တွယ်လိုက်မယ်။ ပါ့ဂ်လီအို။ ခင်ဗျားက အဲဒီ အရိုး မျှော်စင်တွေကို သွားဖျက်ဆီး။ ဒိုဒိုနဲ့ ဇိုလာက အဓိကယဇ်ပလ္လင်ကို ဖျက်ဆီးဖို့ နည်းလမ်းတွေ စဉ်းစားထား!”
ချန်လွေ့က ထိုစကားကိုသာ ပြောရန် အချိန်ရခဲ့ပြီး မကောင်းဆိုးဝါး သုံးကောင်က ကြောက်မက်ဖွယ်ရာ ဟိန်းသံဖြင့် အပြေး လာနေခဲ့သည်။
နောက်စက္ကန့်ပိုင်း၌ ကြက်သွေးရောင် ကြယ်အလင်း တစ်ခုက ကြောက်စရာ ကောင်းသော အသူရာ ချောက်နက် ဝိညာဉ် မျိုးကွဲများကို လွှမ်းမိုးသွား တော့သည်။