လေလုံးထွားသူများအား လေဖြင့် ပါးရိုက်ခြင်း
Vol. 01 Ch. 31
“ဦးလေး.. ကျွန်တော် တစ်ခုလောက် မေးချင်လို့။ ဒီတောင်မှာ သားရဲတွေ ကျက်စားလားဗျ။” ထန်ရှုသည် တောင်ခြေတွင် တွေ့ရသော လက်သမားတစ်ယောက်အား လေးလေးစားစား မေးလိုက်သည်။
“မင်း အမဲလိုက်ချင်လို့လား။ ဒီတောင်မှာတော့ သားကောင်ရိုင်းတွေ အများကြီးရှိတယ်။ အောက်ခြေမှာ ဒေါင်းတွေ၊ ယုန်တွေနဲ့ တောဝက်တွေ ရှိတယ်။ တောင်လယ်လောက်မှာတော့ လိပ်တွေ၊ မိကျောင်းတွေ၊ ဖွတ်တွေရှိတယ်။ ပျံသန်းနိုင်တဲ့သားကောင်တွေလည်း ထပ်ရှာနိုင်သေးတယ်။” လယ်သမားကြီးသည် သူ၏ဆေးတံအား အားရပါးရ ရှိုက်လိုက်ပြီး ဆေးအခိုးအငွေ့များအား သိပ်သည်းစွာ မှုတ်ထုတ်လျက် အရသာခံနေရင်း ပြန်ဖြေပေးလိုက်သည်။
လူအိုကြီး၏အဖြေစကားသည် ထန်ရှုသည် အလွန်ပျော်ရွှင်စေခဲ့သည်။ ဒေသခံများသည် သူတို့အနီးတဝိုက်ရှိ ဝန်းကျင်အခြေအနေအား အခြားသူများထက် ပိုမိုအကျွမ်းတဝင်ရှိတတ်ကြသည်မဟုတ်ပါလား။ ထန်ရှုသည် ညတစ်ဝက်နီးပါး တောင်ထိပ်တွင် အချိန်ကုန်ခဲ့သော်လည်း မည်သည့်အရာမျှ ရှာမတွေ့ခဲ့ချေ။ ဒေသခံများကို မေးခြင်းဖြင့် ထိုကဲ့သို့ ကြီးမားလှသောရိတ်သိမ်းမှုမျိုး ရမည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
ထန်ရှုသည် သားကောင်ရိုင်းများအား မည်သည့်နေရာတွင် ရှာဖွေရမည်အား မေးပြီးသောအခါ လယ်သမားအိုကြီးသည် သက်ပြင်းရှည်တစ်ချက်အား ချလျက်
“ဒါပေမယ့် အဲ့ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက။ အခုချိန်မှာတော့ လူတွေက တရားလွန် အမဲလိုက်လာကြတော့ သူတို့တွေကို အဝေးကို ခြောက်လှန့်သလိုဖြစ်သွားခဲ့ပြီ။ အနည်းငယ်လောက်ပဲ တောင်ပေါ်မှာ ရှိတော့တယ်ကွ။ အဲ့ဒါတောင်မှ လူတွေ ရှာဖို့ မလွယ်တော့ဘူး။”
လယ်သမားအိုကြီး၏စကားသည် ကောင်းကင်ထက်မှ ကျဆင်းလာသည့် အေးစက်နေသောရေများသဖွယ် ထန်ရှု၏နှလုံးသားလေးအား အေးစက်သွားစေခဲ့ပြီး သူ၏မျက်နှာထက်မှ အပြုံးသည်လည်း ရုတ်ခြည်းပင် ပျောက်ကွယ်သွားရသည်။ ထို့နောက် လယ်သမားကြီးအား ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ခရီးရှေ့ဆက်လာခဲ့ပြီး အခြားဒေသခံများကိုလည်း မေးမြန်းလာခဲ့သည်။တောင်ခြေရွာလေးရှိ တစ်ဒါဇင်ခန့်သော လယ်သမားများအား မေးမြန်းခဲ့ပါသော်လည်း သူလိုချင်သောအဖြေကို မရရှိသောကြောင့် သည်အဖြစ်သည် ထန်ရှုအား မျှော်လင့်ချက်မဲ့စေခဲ့သည်။ ဒေသခံများအနေဖြင့် သားရဲရိုင်းတွေ၏သတင်းအစအနကို မကြားဖူးခဲ့ရင်တောင်မှ သည်ဟာသည် တောင်တန်းများနှင့်ကာရံထားသော ရွာလေးတွင် သည်သားရဲများ မရှိခြင်းဟု မဆိုလိုခြင်းပင်လော။
ထန်ရှုသည် သဘာဝအားဖြင့် စေ့စပ်သေချာသူဖြစ်သည်။ သူသည် အရာရာကို ပြည့်စုံအောင် ပြုလုပ်ပြီး နောက်ဆုံးရည်မှန်းချက်ကို ရောက်ရှိစေသူဖြစ်သည်။ မနေ့ညက သားရဲများ၏သဲလွန်စအား မရှာတွေ့နိုင်ခဲ့ခြင်းသည် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည့်ဆေးရည်တွင် ပါဝင်မည့်အရာတစ်ခု လျော့နည်းခြင်းပင်ဖြစ်သည်။ သည်အခြေအနေအား သူလက်မခံနိုင်သောကြောင့် ခွင့်စာတစ်စောင်ရေးကာ နေ့လည်ပိုင်းတွင် ကျောင်းမှ ထွက်ခွာလာခဲ့ပြီး ထိုရွာလေးသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။ တောင်ခြေရွာလေးရှိ လယ်သမားများထံမှ အသုံးဝင်မည့် မည်သည့်သတင်းမှ မရရှိခဲ့သောကြောင့် ထန်ရှုသည် တောင်ထိပ်သို့ တောက်လျှောက်တက်သွားခဲ့ပြီး ကိုယ်တိုင် လိုက်လံရှာဖွေတော့သည်။
တောင်တန်းများနှင့်ကာရံထားသောရွာလေးအား ချွန်ထက်ပြီး တွဲလွဲကျနေသော တောင်စွန်းများဖြင့် ဝန်းရံထားသည်။ ၎င်းသည် ပင်လယ်ရေအထက် ပေ၅၀၀ကျော်တွင် ရှိပြီး မြေပြင်မှ ပေ၂၀၀အထက်တွင် ရှိသည်။ အမြင့်ဆုံးမြေပြန့်နေရာသည် တောင်ထိပ်အထပ်ထပ် ဝန်းရံလျက်ရှိပြီး တောင်တန်းများပေါ် တက်ရသည့်ခံစားချက်မျိုး ရရှိစေသည်။ ထိုကဲ့သို့ မြေပြန့်မျိုးသည် ရွှမ်ကျင်းပြည်နယ်တွင် အလွန်ရှားပါးသောဖြစ်ရပ်မျိုးဖြစ်သည်။ ကျန်းရှန်ကျောင်းသည် တောင်တန်းများနှင့်ကာရံထားသောရွာလေးအား တည်ဆောက်ကာ မင်းအဖြစ်ခံယူခဲ့ပြီးနောက် မြို့ရိုးများ၊ မြို့ဂိတ်များနှင့်အတူ ရှေးလီမိသားစု၏ မိသားစုခန်းမ၊ အစိတ်စိတ် ဖြစ်နေသော ဓားကျောက်တုံး၊ အစိုးရအဆောက်အဦးများ၊ ရဲတိုက်၊ ကွမ်ရင်မယ်တော်ဘုရားကျောင်းနှင့် အခြားအဆောက်အဦးများအား တည်ဆောက်ခဲ့သည်။ ထို့ကြောင့် တောင်ထိပ်သို့သွားရာလမ်းသည် အဖုအထစ်၊ အခုံးအတွန့်များနှင့် ရှုပ်ထွေးသော မြွေလိမ်မြွေကောက်လမ်းတစ်ခုဖြစ်သည်။ ထိုလမ်းကလေးသည် အလွန်အတွန့်အခေါက်များကာ ရှည်လျားလွန်းလှသောကြောင့် ထန်ရှုသည် ထိုလမ်းအတိုင်း မသွားတော့ဘဲ တောင်တက်ရန်အတွက် ရွေးချယ်လိုက်သည်။
လမ်းခရီးတလျှောက် ထန်ရှုသည် လိပ်နှင့် ချိုးငှက်အနည်းငယ်အား တောနက်ထဲတွင် တွေ့ခဲ့သည်။ အခြားသူများက မြွေပွေးနှင့် ကင်းမြီးကောက်များအား တွေ့ပါက ပျော်မြူးနေကြချိန်တွင် ထန်ရှုမှာ ထိုအကောင်များ၏ကိုက်ခဲခြင်းအား ခံရလုနီးပါးဖြစ်သွားရသည့်အခါများလည်း ရှိသည်။
ကံမကောင်းသည်မှာ ထိုအကောင်များအား စားရန်အတွက် ရှာဖွခြင်းထက် ထန်ရှုသည် ရှားပါးသားကောင်မျိုးရှာလိုချင်ခြင်းသာဖြစ်သောကြောင့် ၎င်းအကောင်များသည် သူ့အား အပေါက်သေးပေါက်ရန်အတွက်ပင် စိတ်မဝင်စားကြချေ။
နာရီဝက်ကြာပြီးနောက် ထန်ရှုသည် တောင်ထိပ်ပေါ်တွင် လိပ်အနည်းငယ်၊ ယုန်အနည်းငယ်နှင့် မြွေတစ်ဒါဇင်တို့ဖြင့် အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူ၏ကျောင်းလွယ်အိတ်ထဲတွင်လည်း ကင်းမြီးကောက်များနှင့် ရှားပါးပြီး အဖိုးထိုက်တန်သောဆေးပင်များဖြင့် ပြည့်နှက်လျက်ရှိသည်။
မူလက ထန်ရှုသည် ထိုအကောင်များအား အမဲမလိုက်လိုသော်လည်း သူ၏မိသားစုစားသောက်ဆိုင်အကြောင်းနှင့် ကျန်းမာရေးအားနည်းနေသော မိခင်ဖြစ်သူအား စဉ်းစားမိလိုက်သဖြင့် ထန်ရှုသည် သူ့အတွက် မလိုအပ်သော်လည်း ယူဆောင်ခဲ့ခြင်းဖြစ်သည်။ သူ့အတွက် ဒီအကောင်များအား လွယ်ကူစွာ မြင်နိုင်ဖမ်းနိုင်လေသည်။
“ဟိတ် ချာတိတ်.. မင်းက တော်လှချည်လားကွ။ ငါတို့၅ယောက်မှ ယုန်၂ကောင်ပဲရတယ်။ မင်းက လိပ်တွေရော မြွေတွေရော အများကြီးပဲ။
“ကောင်လေး.. မင်းလက်ထဲက အကောင်လေးတွေကို ရောင်းမလား။ ဈေးသာပြော။ ငါတို့ အားလုံးဝယ်လိုက်မယ်။”
“ချာတိတ်.. မင်းအဝတ်အစားကြည့်ရတာ ဒီဒေသခံပဲဖြစ်ရမယ်။ ငါတို့ကို အဲ့ဒီအကောင်လေးတွေ ပေး။ ငါတို့ဝယ်မယ်။”
****
ထန်ရှု မတ်တတ်ရပ်ကာ ခါးဆန့်ရုံရှိသေးသည်။ လူ၅ယောက်သည် သူ့အား ဝိုင်းအုံလာပြီး သူ၏လက်ထဲမှ လိပ်များနှင့် မြွေပွေးများအား တောက်လောင်နေသောမျက်ဝန်းများဖြင့် ကြည့်ကာ မလုရုံတမယ်ပင် ဖြစ်နေကြသည်။
ထန်ရှုသည် တောင်စွယ်ပြားအောက်မှ လှမ်းတက်လိုက်ရသောကြောင့် ထိုအပေါ်တွင် ရပ်ထားသောကားအား မမြင်မိခြင်းဖြစ်သည်။ ထိုလူများသည် ထန်ရှုအား အပိုဝင်ငွေရရန်အတွက် အမဲလိုက်သော လယ်သမားတစ်ဦးဖြစ်မည်ဟု ထင်ကြသောကြောင့် ဂရုမစိုက်သော အပြုအမူစကားများဖြင့် ပြောဆိုကြပြီး အထင်သေးသောအကြည့်များဖြင့် ကြည့်ကာ အနည်းငယ်မျှပင် ယဉ်ကျေးမှုမရှိကြချေ။
“စိတ်မကောင်းပါဘူး။ ဒီအကောင်လေးတွေက အိမ်အတွက်မို့ မရောင်းနိုင်ပါဘူး။” ထန်ရှုသည် ထိုဝိုင်းအုံနေသောလူ၅ယောက်အား ခပ်ဖျော့ဖျော့ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုလိုက်သည်။
လမ်းဘေးတွင် ရပ်ထားသော ဝရန်ဂလာ၊ လင်ရိုဗာနှင့် မာစီးဒီးဘင့်ကား၃စီးအား ထန်ရှုသည် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုလူများသည် ချမ်းသာပြီး အဆင့်အတန်းမြင့်သောအသိုင်းအဝိုင်းမှ ဖြစ်ပေမည်။ ထန်ရှုသည် ထိုသူများနှင့် ရန်စမပွားလိုသောကြောင့် သူ့အား နောက်ထပ်မတောင်းဆိုရန်အတွက် စကားစဖြတ်လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ထန်ရှုသည် သူ၏အကောင်လေးများကို လိုချင်နေသော ထိုသူများ၏စိတ်အား လျှော့တွက်ခဲ့မိပုံရသည်။
“ဟေး.. ကောင်လေး.. မင်း ဘယ်လောက်နဲ့ရောင်းမှာလဲ။ ငါတို့၂ဆပေးမယ်လေ။ ဈေးသာပြောလိုက်။ ငါတို့ပေးမယ်။”
ပန်းပွင့်ပုံဒီဇိုင်းများနှင့် ရှပ်အကျီင်္အား ဝတ်ဆင်ထားသော လူငယ်က ထန်ရှုအား စိုက်ကြည့်လိုက်ပြီး ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။
“ယောကျာ်းတစ်ယောက်က သူပြောတဲ့စကားတည်ရမယ်။ ခင်ဗျား ကျွန်တော့်ကို ငွေအများကြီး ပေးရင်တောင် ကျွန်တော် မရောင်းဘူး။” သူ့အား စားတော့မတတ်ကြည့်နေသော ထိုလူရွယ်၏အကြည့်ကြောင့် ထန်ရှုသည် မျက်ခုံးများ မြင့်တက်သွားရကာ
“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါဦး။ ကျွန်တော် တောင်အောက်ကို ဆင်းတော့မှာမလို့။”
မူလက ထန်ရှုသည် စိတ်ဝိညာဉ်စွမ်းအား ရှိသော ဒီနေရာလေးတွင် လေ့ကျင့်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ထိုနေရာမှာ ယခု လူပြည့်နေသောကြောင့် ထိုအတွေးအား စွန့်လွှတ်ကာ နောက်တစ်နေ့မှ လာရောက်ရန် အစီအစဉ်ဆွဲလိုက်သည်။
“အာ.. ဒါဆိုလည်း ငါတို့ အချို့ကို ဝယ်လိုက်မယ်လေ။ အဲ့ဒါဆို မင်းလည်း ကျန်တာ အိမ်ယူသွားလို့ရတယ်။ မင်းရဲ့စကားလည်း တည်ရာရောက်သလို ငွေလည်း ရှာနိုင်သွားတာပေါ့။” ထိုလူရွယ်မှပင် အကြံဉာဏ်ပေးကာ ပြုံးလိုက်သည်။
ကျိုးကြောင်းသင့်လျော်သော ထိုလူငယ်၏စကားကြောင့် ထန်ရှုသည် ထိုသူများအား စိတ်အနှောင့်အယှက်မလုပ်လိုသောကြောင့် ခေါင်းညိတ်ကာ ထိုအတိုင်းဆောင်ရွက်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် ရိုင်းပျသောအသံတစ်သံသည် ထန်ရှုခေါင်းညိတ်တော့မည့်အချိန်တွင် ကြားဖြတ်ကာ
“ရွှဲ့ရန်ဖေး.. မင်းက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ပျင်းစရာကောင်းနေပြီကွ။ ဘာလို့ ဒီအစုတ်အပြတ်လေးနဲ့ ညှိနေရတာတုန်း။ ဘာမှ မပေးဘဲ သူ့ဆီက ယူလိုက်ရုံပဲ။”
ထိုပြောလိုက်သူသည် အလိုကြီးသောသွင်ပြင်ရှိပြီး ၁.၉မီတာအရပ်အမြင့်ရှိသောကြောင့် သံမျှော်စင်ကြီးနှင့်ပင် တူနေသေးသည်။
“ကျန်းယုံကျင်း ပြောတာမှန်တယ်။ ဒီတောင်တန်းများနှင့်ကာရံထားသော ရွာလေးတစ်ခုလုံးက ငါတို့ရဲ့ဟာ။ သူမပေးချင်တောင်မှ ငါတို့ကို ပေးကိုပေးရမယ်။”
“ဟိတ် ကောင်လေး.. ဒီလိပ်တွေက ပြည်နယ်ဥပဒေအရ ကာကွယ်ထားတဲ့အကောင်တွေပဲ။ သူတို့ကို ဖမ်းရင် ဥပဒေချိုးဖောက်တာပဲ။ မင်းကို ရဲစခန်းထဲ ထည့်လိုက်ရမလား။”
****
ကျန်းယုံကျင်းပြောစကားအား သံယောင်လိုက်ကာ ကျန်သော၃ယောက်သည် ကျယ်လောင်စွာ ရယ်မောလျက် ထန်ရှုအား မခိုးမခန့်ကြည့်နေကြသည်။ ထန်ရှုသည် လက်ရှိအခြေအနေအတွက် ဘယ်လိုညှိနှိုင်းမည်ကို သူတို့သိလိုကြသည်။
ရွှဲ့ရန်ဖေးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ သူ့အနေဖြင့် အမြဲတစေ ပြသနာများအား ငွေကြေးဖြင့်သာ တိတ်ဆိတ်စွာ ဖြေရှင်းဆောင်ရွက်လေ့ရှိသောကြောင့် သူ့အပေါင်းအဖော်များသည် ထန်ရှုအား ထိုကဲ့သို့ ခြိမ်းခြောက်တောင်းဆိုလိမ့်မည်ဟု ထင်မထားမိပါချေ။ သို့သော်လည်း ရွှဲ့ရန်ဖေးသည် သည်လယ်သမားလူငယ်လေးအား အခွင့်အရေး တစ်ကြိမ်ပေးပြီးပြီဖြစ်သောကြောင့် သူငယ်ချင်းများ၏ ပျော်ရွှင်မှုအား ဝင်ရောက်မစွက်ဖက်ပါချေ။ အခွင့်အရေးကို တန်ဖိုးမထားသောသူသည် ဒီလူငယ်လေးပင်မဟုတ်ပါချေလော။
“ဒီဟာကို ပျော်စရာကောင်းတယ်လို့ ခင်ဗျားတို့ ထင်တယ်ပေါ့။” ရွှဲ့ရန်ဖေးနှင့် အဖွဲ့သည် ထိုလယ်သမား လူငယ်လေး ကြောက်ရွံ့သွားလိမ့်မည်ဟု တွေးထင်ထားမိကြသည်။ သို့သော် မမျှော်လင့်စွာဖြင့် ထိုလူငယ်လေးသည် သူတို့တစ်ယောက်ချင်းစီအား ထီမထင်ဟန်ဖြင့် ကြည့်လိုက်ပြီး စနောက်လိုသောအပြုံးပင် ပြုံးနေချေသေးသည်။
“မင်..မင်း.. ဘာပေါက်ကရတွေ ပြောနေတာလဲ။” သူတို့စိတ်ကူးထဲမှအတိုင်း ထိုလယ်သမားလူငယ်လေးမှ တုံ့ပြန်သည်မဟုတ်သောကြောင့် အသံများပင် ကပ်သွားရသည်အထိ ကျန်းယုံကျင်းသည် အံ့အားသင့်သွားရသည်။ အခြားလူရွယ်များသည်လည်း ကြောင်အနေသည့်အမူအရာဖြင့် ရှိနေကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အဖြစ်အပျက်အား အံ့အားသင့်နေဟန်ရှိရသည်။
“ခင်ဗျားတို့ ဒါကို အပျင်းပြေ လုပ်တာလို့ ကျွန်တော်ထင်တယ်။” ထန်ရှုက ပြုံးလျက် ညင်သာသောအသံဖြင့် ရှင်းပြလိုက်သည်။ “ ပထမအချက်အနေနဲ့ သူများဆီက ဒီသားကောင်လေးတွေကို ဓားပြတိုက်သလို လုယူခြင်းက မှားတယ်။ ကျွန်တော့်ဆီကနေလည်း ခင်ဗျားတို့ မလုနိုင်ဘူး။ ဒုတိယအနေနဲ့ ရဲစခန်းကို ကျွန်တော့်ကို ခေါ်သွားမယ်လို့ ခြိမ်းခြောက်ဖို့ မလိုဘူး။ ကျွန်တော်က အဲ့ဒီကလူတွေနဲ့လည်း သိတယ်။ နောက်ဆုံးအနေနဲ့ ဒီတောင်တန်းတွေနဲ့ ကာရံထားသောရွာလေးက ပြည်နယ်ကပိုင်တာ ခင်ဗျားတို့ပိုင်တာ မဟုတ်ဘူး။ ဒေသဖွံ့ဖြိုးရေးအတွက် အခွင့်အာဏာ ခင်ဗျားတို့ရတော့မှ ဒီစကားကို ခင်ဗျားတို့ ပြောပိုင်ခွင့်ရှိတယ်။”
စကားဆုံးသည်နှင့် ထန်ရှုသည် အေးဆေးစွာ ထွက်ခွာသွားတော့သည်။
ထန်ရှု၏အရိပ် ပျောက်ကွယ်သွားတော့မှပင် ရွှဲ့ရန်ဖေး၊ ကျန်းယုံကျင်းနှင့် အခြားလူများ ပြန်တုံ့ပြန်ရန် သတိရတော့သည်။
“ချီးတဲ့မှပဲ။ ဘယ်ခွေးကောင်လဲ။ ငါတို့ကို အနုနည်းနဲ့ ပါးရိုက်လိုက်သလိုပဲ။”
“ငါတို့က ဒီကောင်လေးကို အာဏာမရှိဘဲနဲ့ အနိုင်ကျင့်လို့ မရဘူးဟုတ်လား။ ခုခေတ်ကလေးတွေက ဘယ်လိုတောင် မိုက်မဲရိုင်းစိုင်းလိုက်လဲလို့။”
“ငရဲပဲ။ ဒီခွေးကောင်လေးကို သင်ခန်းစာ မပေးနိုင်ဘူးလို့ ငါ မယုံဘူး။
****
အချို့က ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး ကားများပေါ်သို့ အပြေးအလွှားတက်ကာ ထန်ရှုအား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးချင်နေကြသည်။
သူ့နောက်သို့ မိနစ်အနည်းငယ်ကြာအောင် လိုက်ကြသော်လည်း ထန်ရှုအား မတွေ့ရသောအခါ ရွှဲ့ရန်ဖေးနှင့် အဖွဲ့သည် ခြေလျင်သွားသောသူ့နောက်သို့ လိုက်မိနေသည်ကို နားလည်လာခဲ့သည်။ တောင်ပတ်ဝန်းကျင်တစ်လျှောက် သူတို့သည် ခြေလျင်လျှောက်မိနေပြီး ထန်ရှု သူတို့အား လေဖြင့် ပါးမရိုက်သွားမီက ကွင်းပြင်အသေးစားလေးတစ်ခုသာရှိသည်ကိုလည်း သတိရမိသွားခဲ့သည်။ ထို့ကြောင့် အမဲလိုက်ခြင်းဂိမ်းအား ပြုလုပ်ရန် စိတ်မဝင်စားကြတော့ဘဲ ကျိန်ဆဲကြကာ ပြန်ဆင်းလာခဲ့ကြသည်။
ထိုကားများသည် အဖုအထစ်လမ်းတစ်လျှောက် ပျောက်ကွယ်သွားပြီးနောက် တောင်ထိပ်ပေါ်ရှိ ထင်းရှူးပင်တစ်ပင်ပေါ်မှ ပုံရိပ်တစ်ခု ခုန်ချလာသည်။ ထန်ရှုသည် အမှန်တကယ် ထွက်ခွာသွားခြင်းမဟုတ်ဘဲ တောင်အောက်သို့ အနည်းငယ်ဆင်းသွားခဲ့ပြီး ပုန်းကွယ်ရန်ထောင့်တစ်နေရာဆီသို့ ဦးတည်ခဲ့သည်။ အစပိုင်းတွင် ထန်ရှုသည် တောင်ထိပ်ပိုင်းအား စွန့်ခွာပြီး နောက်တစ်နေ့မှ ပြန်လာရန် ရည်ရွယ်ခဲ့သည်။ သို့သော် ထိုသူများ၏မောပန်းနေသော မျက်နှာများအား တွေ့မြင်ရသောအခါ သူတို့သည် တောင်ထိပ်ပေါ်တွင် အကြာကြီး နေခဲ့ပြီးဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်ပြီး တောင်မှ ထွက်ခွာမည့်သူ့အစီအစဉ်အား စွန့်လွှတ်ခဲ့သည်။ ထန်ရှုသည် ကျောင်း၌ခွင့်တင်ခဲ့ခြင်းမှာ တောင်များနှင့်ဝန်းရံနေသော ရွာကလေးအား နှံ့နှံ့စပ်စပ် ရှာဖွေလေ့လာလိုသောကြောင့်ဖြစ်ပြီး ယေဘုယျအားဖြင့် သူ့တွင် လက်ဗလာဖြင့် ပြန်လိုစိတ် မရှိပေ။
“ဒါ လွန်လွန်းတယ်။ အရေးကြီးတဲ့အချိန်ကျမှ သူက ခွင့်တင်ပြီး ငါ့ခွင့်ပြုချက်တောင် မတောင်းဘဲ ထွက်သွားရလား။ ဒီဟာ ကျောင်းပြေးတာနဲ့ အတူတူပဲ မဟုတ်ဘူးလား” ထန်ရှုတစ်ယောက် ရွာလေးတွင် စိတ်လက်ပေါ့ပါးစွာ ရှာဖွေလေ့လာနေစဉ်တွင် ယွမ်ချူးလင်ဆီမှ ခွင့်စာကိုရပြီး ဟန်ကျင်းဝူ၏ဒေါသများ ပေါက်ကွဲတော့မည့်အခြေအနေဖြစ်သည်။
“ယွမ်ချူးလင်… နင်က သူ့ရဲ့သူငယ်ချင်းကောင်း မဟုတ်ဘူးလား။ ဒီလိုတာဝန်မဲ့တဲ့လုပ်ရပ်မျိုး သူ့ကို ဘယ်လိုခွင့်ပြုလိုက်တာလဲ။” ထန်ရှု၏မကောင်းတဲ့အပြုအမူကြောင့် ဟန်ကျင်းဝူသည် ဆူပူရေရွတ်နေပြီး ထန်ရှုအား ကျောင်းပြေးရန် ခွင့်ပြုလိုက်သော ယွမ်ချူးလင်အား လက်ညိုးထိုးကာ ပြောဆိုလိုက်ပြန်သည်။
ဟူကျူရှင်းသာ ထိုကဲ့သို့ သူ့အား ဆူပူနေပါက ယွမ်ချူးလင်သည် တစ်ခွန်းမခံ တုံ့ပြန်ကာ ထွက်ခွာသွားမည်ဖြစ်သည်။ သို့သော် ဟန်ကျင်းဝူ၏ဆူပူမှုအား ခံနေရသောအချိန်မှာမူ အမှားလုပ်ထားမိသော မူလတန်းကျောင်းသားလေးသဖွယ် ခံစားနေရကာ အသက်ပင် ရဲရဲမရှူဝံ့ဘဲ ရှိနေချေသည်။
“ဆရာမဟန်… ဒီဟာအတွက် ယွမ်ချူးလင်ကို ဆူလို့မရဘူး။ ထန်ရှုက ခွင့်စာပဲ ထားခဲ့ပြီး ပြေးထွက်သွားတာ။ ကျွန်မတို့ သူနဲ့ ဘာစကားမှတောင် ပြောဖို့အခွင့်အရေး မရလိုက်ဘူးရှင့်။” အတန်းပိုင်ဆရာမက ယွမ်ချူးလင်အား ဆူပူနေပြီး ထိုဆူပူမှုမှာ နေ့တစ်ဝက်ကြာသည့်တိုင်အောင် ရပ်တန့်လိုက်မည်မဟုတ်သောအရိပ်အယောင်အား တွေ့မြင်နေရသဖြင့် ချန်းယန်နန်သည် ဘေးတစ်ဖက်မှ ညင်သာသောအသံလေးဖြင့် သတိပေးလိုက်သည်။
အမှန်တကယ်တော့ ထန်ရှုသည် သူ ကျောင်းပျက်ပါက အကျိုးဆက်မှာ ယွမ်ချူးလင်ဆီသို့ သက်ရောက်လိမ့်မည်ဟု သံသယရှိခဲ့သည်။ ထို့ကြောင့် သူ၏ခွင့်စာအား ချန်းယန်နန်သို့ တိုက်ရိုက်ပေးခဲ့ပြီး အတန်းပိုင်ဆရာမအား ပေးရန်အတွက် တောင်းဆိုခဲ့သည်။ သို့သော် ချန်းယန်နန်သည် ထန်ရှုက သူမအား စနောက်သည်ဟုထင်မှတ်သောကြောင့် ထိုခွင့်စာအား ယွမ်ချူးလင်သို့ ပေးခဲ့သည်။ ဟန်ကျင်းဝူ အတန်းဝင်သောအခါ ထိုဦးနှောက်မရှိသော ယွမ်ချူးလင်သည် ဆရာမဟန်အား တိုက်ရိုက်ပေးလိုက်သည်တွင် ဟန်ကျင်းဝူ၏ စိတ်ပျက်နေသော ပြသနာမုန်တိုင်းသည် သူ့အား ရိုက်ခတ်ခြင်းပင် ဖြစ်လေတော့သည်။