ရွေးခဲ့တဲ့လမ်း
Vol. 61 Ch. 990
အခန်းထဲ၌-
ချန်လွေ့က လက်ထဲရှိ ခွက်ကို အေးအေးဆေးဆေး ကြည့်နေခဲ့သည်။
ငွေရောင် သတ္တုခွက်၏ မျက်နှာပြင်တွင် အတောင်ပံ တစ်စုံ ထွင်းထားပြီး ရိုးရှင်းသော်လည်း အနုစိတ်လှကာ နူးညံ့သောအလင်းရောင်ကို ထုတ်လွှတ် နေသဖြင့် လူများကို ထူးခြားသော ငြိမ်းအေးမှုမျိုး ပေးစွမ်းနေ၏။
ထိုအရာက အလင်း သိဒ္ဓိ အမွေအနှစ် သုံးခုထဲမှ တစ်ခုဖြစ်သော သိဒ္ဓိခွက်ပင်။
ကျက်သရေပြာအင်ပါယာ စုဆောင်းမှု ထဲပ အမြင့်ဆုံးသော သိဒ္ဓိအမွေအနှစ်က အလှည့်အပြောင်း များစွာ ပြီးနောက် သူ့ဆီကို ရောက်လာခဲ့လေပြီ။
ထိုအတွက် ကျက်သရေပြာ အင်ပါယာ ဘုရင်ခလွန်တာနှင့် ဂရာလင် အကြိမ်ကြိမ် တွေ့ဆုံခဲ့ရ၏။ ခလွန်တာ၏ အစောပိုင်း သဘောထားက အလွန် ခက်ထန်သည်။ ‘ကံအားလျော်စွာ’ မင်းသမီး လန်ဘိစ်က သတင်းရခဲ့သည်။ ပုလဲ မင်းသမီးက ခမည်းတော်ဖြစ်သူ မဟာခလွန်တာကို အကြံဉာဏ်ပေးရန် ချဉ်းကပ်လာခဲ့ပြီး အင်ပါယာရဲ့ လက်ရှိ အခြေအနေက မတည်မငြိမ် ဖြစ်နေကာ လွှတ်တော် ညီလာခံကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြောင်း ထောက်ပြခဲ့သည်။ သိဒ္ဓိခွက်ကို မူလက ကောင်းကင် တမန်တော် သုံးပါးက သိဒ္ဓိအင်ပါယာ သုံးခုကို ပေးခဲ့ခြင်း ဖြစ်ပြီး လက်တွေ့ အသုံးကျသော အကျိုးသက်ရောက်မှု မရှိပေ။ သင်္ကေတစ်ခုသာ ဖြစ်၏။ သိဒ္ဓိခွက်ကို အသုံးချပြီး လွှတ်တော် ညီလာခံကို သိဒ္ဓိ ကျောင်းတော် အကူအညီဖြင့် လုံးဝ ထိန်းချုပ်နိုင်မည် ဆိုလျှင် ထိုက်တန်ပေသည်။
ထို့နောက် လန်ဘိစ်က မဟာခလွန်တာ နှင့်အတူ ဂရာလင်နှင့် လျှို့ဝှက်ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ တော်ဝင် မင်းသမီးသည် အမြတ်အစွန်း အတွက် ယှဉ်ပြိုင်ရန် ညှိနှိုင်းမှု စွမ်းရည်များကို အပြည့်အဝ အသုံးချကာ ဂရာလင် ကို အလျှော့ပေး ခိုင်းခဲ့သည်။ နောက်ဆုံး နှစ်ဖက်စလုံး သဘောတူညီမှု ရရှိခဲ့သည်။ ကျောင်းတော်က ခလွန်တာ များပြား သည်ဟု ယူဆသော တန်ဖိုး ကြီးကြီး မားမားကို ပေးခဲ့ပြီး ဂရာလင်သည် သူ့ဆန္ဒအတိုင်း သိဒ္ဓိခွက်ကို ရရှိခဲ့သည်။
ထိုသိဒ္ဓိခွက် အပေးအယူတွင် လန်ဘိစ် က အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုအရာက ချန်လွေ့နှင့် သူ့၏ အပေးအယူ လုပ်ထားသော ရလဒ်လည်း ဖြစ်၏။
သိဒ္ဓိခွက်ကို ရရှိပြီးနောက် ဂရာလင်က ချန်လွေ့ဆီသို့ ချက်ချင်း လျှို့ဝှက်စွာ ပေးအပ်ခဲ့ပြီး ချန်လွေ့က ‘နလန်ပြန်ထူ’ နေသော အခွင့်အရေးကို အသုံးချကာ ထိုသိဒ္ဓိအမွေအနှစ်ကို ခွဲခြမ်းစိတ်ဖြာ ခဲ့လေသည်။
ဆူးသရဖူ ကဲ့သို့ပင် [ကျက်သရေ အလင်းခန္ဓာ]ဖြင့် သိဒ္ဓိခွက်ကို ခွဲခြမ်း စိတ်ဖြာရန် အများကြီး အားထုတ်စရာ မလိုခဲ့ပေ။ သိပ်မကြာခင် သိဒ္ဓိခွက်က သူ၏ တကယ့်ပိုင်ဆိုင်မှု ဖြစ်လာခဲ့သည်။
သိဒ္ဓိခွက်တွင် စွမ်းရည် နှစ်ခု ရှိ၏။
ပထမဆုံးက [သိဒ္ဓိ အကာအကွယ်] ဖြစ်သည်။ ၎င်းက နေရာပြန့် ကောင်းချီး ပေးနိုင်သော စွမ်းရည်တစ်ခု ဖြစ်ပြီး အချိန်တိုအတွင်း ကံကောင်းစေနိုင်၏။ ထို’ကံ’သည် ကောင်းချီးပေးခံရသူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် မှော်ထိခိုက်မှုများကို လျှော့ချပေးနိုင်သည်။ အမျိုးမျိုးသော အားလျှော့ အခြေအနေများ၏ ကြာချိန် သိသိသာသာ တိုတောင်းသွားပေမည်။ တိုးမြှင့်မှု အခြေအနေ၏ ကြာချိန်က တိုးလာမည်။ [သိဒ္ဓိအကာအကွယ်] က အလွန် အသုံးဝင်သော တိုက်ခိုက်ရေး ပံ့ပိုးမှု စွမ်းရည်တစ်ခု ဆိုသည်မှာ အသေအချာပင်။ တစ်ခုတည်းသော နှမြောစရာမှာ ၎င်းကို ၂၄နာရီလျှင် တစ်ကြိမ်သာ အသုံးပြု နိုင်ခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ [သိဒ္ဓိဝိညာဉ်] ပင်။ ထိုခိုက်နေသော ဝိညာဉ်ကို သိဒ္ဓိခွက်ထဲ ထည့်ထားပြီး ပြန်လည်ကောင်းမွန် လာသည်အထိ ပြုစု စောင့်ရှောက် ပေးနိုင်သည်။ ပြန်လည်ကောင်းမွန်သော အချိန်က ဝိညာဉ် ထိခိုက်ခဲ့သော အတိုင်းအတာအပေါ်တွင် မူတည်၏။ အလင်း စွမ်းအားကို စတေးပြီး ပြန်လည်ကောင်းမွန်မှုကို အရှိန်မြှင့်တင်၍ ရသည်။ ထိုစွမ်းရည်က ချန်လွေ့အတွက် အသုံးမဝင်ဘူးဟု ယူဆ၍ ရသည်။ သို့သော်လည်း သိဒ္ဓိခွက်ကို ရယူခြင်း၏ ရည်ရွယ်ချက်က ဖန်တီးခြင်း ဇစ်မြစ်ကို ဖန်တီးရန်ပင်။ သိဒ္ဓိခွက်၏ စွမ်းရည်က အရေးမကြီးပေ။
ထိုကာလအတွင်း မင်းသား ‘အာသာ’ ၏ ဒဏ်ရာတင်မကဘဲ နောက်ထပ် ‘မှော်ပညာရှင်’ တစ်ဦးဖြစ်သော မင်းသား အက်ဒ်၏ သေဆုံးမှုလည်း အဆုံးသတ် သွားခဲ့သည်။ အက်ဒ်၏ သေဆုံးမှု အကြောင်းရင်းက ရီအယ်ဒို၏ ဆရာ ဖြစ်သူ နတ်သူငယ်မျိုးနွယ် အကြီးအကဲ ရှီရိုကြောင့်ပင်။ ‘အာသာ’ ကို မတော်တဆ ဒဏ်ရာ ရစေပြီးနောက် ‘အာသာ’၏ အစောင့်အရှောက် ဇိုလာ ဒေါသတကြီး လိုက်လံခြင်း ခံရရာ ရှီရိုက ဇိုလာကို ထိတ်လန့်တကြား ရပ်တန့်ရန် အက်ဒ်ရှိနေသော အဖြူရောင် မျှော်စင်ကို ဖောက်ခွဲပစ်ခဲ့လေသည်။
ထိုဖြစ်စဉ်တွင် အကြီးဆုံး တရားခံက မိုဂက်စ် မိသားစုမှ ဗစ်ဇိုနှင့် ရီအယ်ဒိုပင်။ သူတို့နှစ်ယောက်က မိုဂက်စ်မိသားစု၏ အင်အားကို အားကိုးပြီး မကောင်းမှုများ လုပ်ခဲ့ကြောင်း နောက်ပိုင်း လူများက ဖော်ထုတ်ခဲ့သည်။ အထူးသဖြင့် ယခု တစ်ခေါက်တွင် ဗစ်ဇိုက လူအုပ် ကြားထဲတွင် [ငရဲမီးတောက်] စာလိပ်ကို သုံးရန် ကြိုးစားခဲ့ခြင်းကို ခွင့်လွှတ်၍ မရနိုင်ပေ။
မြို့တော်ဝန် ဗာနယ်ရီဂီယာနာသည် စစ်တပ်ကို ကိုယ်တိုင် ဦးဆောင်ကာ မိုဂက်စ် မိသားစုကို သိမ်းပိုက်ခဲ့ပြီး ခေါင်းဆောင် မိုယာ အပါအဝင် လူအများအပြားကို ဖမ်းဆီးခဲ့သည်။ ရီဂီယန်နာ မိသားစုဘက်က ရပ်တည် ပြီးနောက် လက်စားချေနိုင် လိမ့်မည်ဟု ထင်မှတ်ထားသော မိုယာက ရုတ်တရက် ဆွံ့အသွားခဲ့သည်။ ဗာနယ်က မိုယာနှင့် ဗစ်ဇိုတို့ကို ကြိုးပေး ကွပ်မျက်ရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းရန် စီရင်ချက်ချကြောင်း ကြေညာသောအခါ မြို့သူမြို့သားများက လက်ခုပ်တီးလိုက်ကြသည်။
ဗာနယ်သည် မိုဂက်စ် မိသားစုကို စွန့်လွှတ်ပြီး အလျင်အမြန် ‘အချိန်ကိုက်’ တုံ့ပြန်ခဲ့သော်လည်း ဘုရင် ခလွန်တာ၏ အမျက်ဒေါသနှင့် ကြုံတွေ့ ခဲ့ရသည်။ ဂျာဒါမြို့၏ မြို့တော်ဝန် အနေဖြင့် သူ၏ အရည်အချင်း မပြည့်မီသော အုပ်ချုပ်မှု ကြောင့်သာ မဟုတ်ခဲ့လျှင် ထိုသို့သော အဖြစ်အပျက်မျိုး မည်သို့ ဖြစ်ပွား နိုင်မည်နည်း။ ‘အာသာ’ နှင့် အက်ဒ် ကဲ့သို့သော အရေးကြီး ပုဂ္ဂိုလ်များပင် ပါဝင်ပတ်သက်ခဲ့သည်။ ဖြစ်စဉ် ဖြစ်ပွား ပြီးနောက် ဗာနယ်သည် ဗစ်ဇို၏ အပြစ်ကို မဖော်ထုတ်ဘဲ မိုဂက်စ် မိသားစုနှင့် ပူးပေါင်းကာ မော်ဒန်း မိသားစု၏ လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီကို ဝိုင်းရံရန် စစ်တပ် စေလွှတ်ခဲ့သည်။ ထိုတစ်ခုတည်းဖြင့်ပင် ခွင့်လွှတ်၍ မရနိုင်တော့ပေ။ ဘုရင် ခလွန်တာ၏ စရိုက်နှင့် ဆိုလျှင် လက်ရှိတွင် တရားဝင် အပြစ်ပေးခြင်း မရှိသော်လည်း နောင်တွင် ပြင်းထန်စွာ အပြစ်ပေးခံရလိမ့်မည်။
အက်ဒ်ကို ကာကွယ်ရန် တာဝန်ရှိသည့် လစ်ဒ်တွင်လည်း အပြစ်ရှိခဲ့၏။ သို့သော် ထိုစဉ်က အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုဖြစ်ပြီး အခင်းဖြစ်ရာ နေရာ၌ လက်ဒ် ရှိနေခဲ့လျှင်ပင် အဖြူရောင် မျှော်စင် ပေါက်ကွဲခြင်းကို တားဆီး နိုင်မည် မဟုတ်ပေ။ အရေးကြီးဆုံးမှာ လစ်ဒ်သည် အဓိက ပုဂ္ဂိုလ်ဖြစ်သော မင်းသား ‘အာသာ’ကို ကာကွယ် ပေးခဲ့ခြင်း ဖြစ်၏။ မင်းသမီး လန်ဘိစ်၏ ကာကွယ်မှု အောက်တွင် လစ်ဒ်၏ ပြစ်ဒဏ်က မျှော်လင့်ထားသည်ထက် များစွာ သက်သာခဲ့ပြီး သူ၏ ဘွဲ့ကို ရုပ်သိမ်း ခံခဲ့ရသော်လည်း မှော်ပညာရှင် မျှော်စင်အဖွဲ့တွင် ဆက်လက် နေထိုင် နိုင်ခဲ့သည်။
နတ်သူငယ်မျိုးနွယ်၏ သဘောထားကို ပြောရမယ်ဆိုလျှင် နတ်သူငယ်မျိုးနွယ်က နတ်သူငယ် တစ်ပိုင်း ရီအယ်ဒိုကို သေဒဏ် ပေးခဲ့ပြီဖြစ်ကြောင်း ကြေညာ ခဲ့သည်။ မှော်ပညာရှင် အက်ဒ်ကို သေစေခဲ့သော အကြီးအကဲ ရှီရိုကမူ ငွေလကောင်းကင်မြို့တော်သို့ သွားရာ လမ်းတွင် ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံး သွားခဲ့လေသည်။ နတ်သူငယ် မျိုးနွယ်က မှော်ပညာရှင် အက်ဒ် သေဆုံးသွားခြင်းကို ဝမ်းနည်းကြောင်း ပြောခဲ့သည်။ ထိုကိစ္စက ရှီရို၏ တာဝန် လံုံးဝ ဖြစ်သည်။ နတ်သူငယ် မျိုးနွယ်နှင့် ကျက်သရေပြာ အင်ပါယာတို့၏ ဆက်ဆံရေးကို မထိခိုက်ခဲ့ပေ။ နှစ်ဖက် စလုံးက အမျိုးမျိုးသော ပူးပေါင်း ဆောင်ရွက်မှုများကို ထပ်မံ လုပ်ဆောင် သွားမည် ဖြစ်သည်။ အထူးသဖြင့် မဟာဆရာသခင် ဖီနိုအီယာ တီထွင် ထားခဲ့သော နောက်ဆုံးပေါ် မှော် လက်နက် နည်းပညာများကို ကျက်သရေပြာ အင်ပါယာနဲ့ မျှဝေမည် ဖြစ်သည်။ နတ်သူငယ် မျိုးနွယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ကျက်သရေပြာအင်ပါယာ၏ အရေးအကြီးဆုံး အားသာချက်များထဲမှ တစ်ခုလည်း ဖြစ်၏။ ဘုရင် ခလွန်တာက သာမန် တရားမဝင် သားတော်လေး တစ်ယောက်အတွက် ကြီးမားသော အစီအစဉ်ကို လုံးဝ ထိခိုက်စေမည် မဟုတ်ပေ။ ထို့ကြောင့် သူက ချက်ချင်း ပူးပေါင်း ဆောင်ရွက်ရန် ဖော်ရွေသော သဘောထားကို ပြသခဲ့ပြီး ထိုကိစ္စက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ကိစ္စများ ပြေလည်သွား ပြီးနောက် သိဒ္ဓိခွက်ကို ခွဲခြမ်းစိတ်ဖြာပြီးစီးခဲ့သော ချန်လွေ့က နေမကောင်းနေဟန်မဆောင် တော့ပေ။ ဗာနယ် စေလွှတ်လိုက်သော လက်နက်ကြီးတပ်ဖွဲ့၏ အကာအကွယ် အောက်တွင် သူက သံတမန်အဖွဲ့ တစ်ခုလုံးကို ကျက်သရေပြာ မြို့တော်သို့ ဦးဆောင်သွားခဲ့လေသည်။
ကျက်သရေပြာ အင်ပါယာမှ ဖန်စီဒီယန်နှင့် ရီယိုဒီရှာတို့ကို လူသား လောက၏ အဓိက မြို့တော်ကြီး နှစ်ခုဟုလည်း လူသိများပေသည်။ စည်ပင်ဝပြောမှုနှင့် မှော်ဆန်သော ယဉ်ကျေးမှု၏ အငွေ့အသက်များသည် ပြောပြရန်ပင် မလိုပေ။ ချန်လွေ့သည် ဖန်စီဒီယန်သို့ ရောက်လာသောအခါ တော်ဝင်မိသားစု၏ ကိုယ်စားလှယ် ဒုတိယမင်းသား ဗစ်တာက ကြိုဆိုခဲ့ပြီး တော်ဝင်အိမ်တော်ခန်းမတွင် နေခဲ့သည်။
ခဏအကြာ ချန်လွေ့ကို ကျက်သရေပြာ အင်ပါယာ၏ ဘုရင် ခလွန်တာက ကြိုဆိုခဲ့သည်။ သူက အလွန် ခန့်ညားပုံရပြီး လက်ဇ်ထက်ပင် ပိုမို သာလွန်ပုံ ရသည်။ အမှန်တကယ်၌ ခလွန်တာ၏ ကျက်သရေပြာ အင်ပါယာ အပေါ် ထိန်းချုပ်မှုက လက်ဇ်ထက် များစွာ နိမ့်ကျသည်။ အကြောင်းမှာ ကျက်သရေပြာအင်ပါယာတွင် ညီလာခံ လွှတ်တော် ရှိနေခြင်းကြောင်းပင်။ ထို လွှတ်တော်က ချန်လွေ့၏ ယခင်ဘဝမှ လွှတ်တော်နှင့် မတူညီ သော်လည်း ဘုရင်အပေါ်တွင် သိသာ ထင်ရှားသော ထိန်းချုပ်နိုင်စွမ်း ရှိရာ ခလွန်တာသည် လက်ဇ်ကဲ့သို့ အင်ပါယာအပေါ် အကြွင်းမဲ့ အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပေ။
နှစ်ရက် အကြာတွင် စေ့စပ်ပွဲ အခမ်းအနား တရားဝင် စတင်ခဲ့သည်။
နဂါး လင်းလက် အင်ပါယာနှင့် လက်ထပ် ထိမ်းမြားခြင်းက တိုင်းပြည် အခမ်းအနားတစ်ခု ဖြစ်ပြီး အလွန်ပင် ကြီးကျယ် ခမ်းနားသည်။ ကျက်သရေပြာ အင်ပါယာ တဝန်းလုံးမှ တော်ဝင် မျိုးနွယ်များ၊ ဝေးလံသော ဒေသများမှ မြို့တော်ဝန် များနှင့် မိသားစု ကိုယ်စားလှယ် များပင် တက်ရောက် ခဲ့ကြလေသည်။
ဓလေ့ထုံးတမ်းများ ထပ်ကာထပ်ကာ ပြုလုပ်ပြီးနောက် အဓိက ပွဲတော် စတင် တော့သည်။
ထိုစေ့စပ်ပွဲမှ မင်းသားနှင့် မင်းသမီး၊ ၇နှစ်ကြာ ပျောက်ကွယ် သွားပြီးနောက် ပြန်ပေါ်လာသော နဂါး လင်းလက် အင်ပါယာမှ တတိယမင်းသား အာသာ ရိုလန်နှင့် ကျက်သရေပြာ အင်ပါယာ၏ ထိပ်တန်းမိန်းမလှ ပုလဲ မင်းသမီး လန်ဘိစ်ရှာဘတ်တို့က သက်သေများ အရှေ့တွင် ဘေးချင်းယှဉ် လျှောက်လှမ်း လာခဲ့ကြသည်။
သက်သေမှာ လွှတ်တော် ညီလာခံမှ အလေးစားခံရဆုံးသော အကြီးအကဲ လူးကတ်စ် ဖြစ်သည်။ သတို့သမီး ဝတ်စုံနှင့် လှပပြီး ကျက်သရေရှိသော လန်ဘိစ်က ပန်းများကို ကိုင်ဆောင်ကာ ခန့်ညားသော မဟာ ဆရာသခင် မင်းသားနှင့် လက်ချင်းတွဲ ရပ်နေသည်ကို ကြည့်ရင်း ပတ်ဝန်းကျင်မှ မျက်လုံးများက အံ့သြခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း... နှင့် စိတ်သက်သာရာ ရခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ စိတ်သက်သာရာ အရဆုံးမှာ ဒုတိယမင်းသား ဗစ်တာပင်။ ထိုညီမငယ်သည် လွန်ခဲ့သော ၇နှစ် အတွင်း သူ့ကို အလွန်အံ့သြစေခဲ့သည်။ သူသည် မူလက စေ့စပ်ထားသူ ပျောက်ဆုံးသွားပြီး ‘ပြန်လက်ထပ်’၍ မရသော သနားစရာ စေ့စပ်ထားသူ တစ်ဦး ဖြစ်သော်လည်း ကြီးမားသော သတ္တိနှင့် ပိုမို၍ ကျွမ်းကျင်လာသော စွမ်းရည်များကြောင့် ထီးနန်းအတွက် အင်အားကြီးသော ပြိုင်ဘက် တစ်ဦး ဖြစ်လာခဲ့သည်။ သူက သိဒ္ဓိခိုလှုံရာနှင့် လွှတ်တော်ညီလာခံမှ အထောက်အပံ့ များစွာကိုလည်း ရရှိခဲ့သည်။ ထို့ကြောင့် လန်ဘိစ်က သူ၏ အပြင်းထန်ဆုံးနှင့် အကြောက်ရဆုံး ပြိုင်ဘက် ဖြစ်လာ၏။
သို့သော် ၇နှစ်ကြာ ပျောက်ဆုံး နေခဲ့သော ‘ယောက်ဖ’ အာသာ ပြန်ပေါ် လာသည်နှင့် တပြိုင်နက် အင်ပါယာ နှစ်ခုကြား လက်ထပ် ထိမ်းမြားမှု ပြန်လည် စတင်ခဲ့သည်။ ဗစ်တာ အတွက်မူ ထိုအရာက ကြီးမားသော အံ့အားသင့်စရာ ဖြစ်၏။ သူက လုံးဝကို ပျော်နေခဲ့သည်။ လန်ဘိစ်က အာသာ ကို လက်ထပ် လိုက်သည်နှင့် တပြိုင်နက် သူ့အတွက် ခြိမ်းခြောက်မှု အလိုလို ပျောက်ကွယ်သွားမည် ဖြစ်သည်။
လန်ဘိစ်နှင့် အာသာ၏ လက်ထပ်ပွဲက အင်ပါယာ နှစ်ခု၏ အရေးအကြီးဆုံး လက်ထပ်ပွဲ ဖြစ်သည်။ လန်ဘိစ် မည်မျှပင် ထူးချွန်ပါစေ၊ ၎င်းကို မပြောင်းလဲ နိုင်ပေ။ အာသာက ကျက်သရေပြာ အင်ပါယာသို့ ရောက်ရှိ နေပြီ ဖြစ်သည်။ ထို့ကြောင့် ဗစ်တာသည် ထိုကာလအတွင်း လုံးဝ စိတ်အေး လက်အေး ရှိခဲ့ပြီး ယခင်ကကဲ့သို့ သတိထား၍ လှုပ်ရှားခြင်း မရှိတော့ပေ။ သူက ပွဲတော်ကြီးများကိုပင် ကျင်းပ ခဲ့သည်။ အမှန်တကယ်၌ လန်ဘိစ်သည် လွန်ခဲ့သော ၂နှစ်အတွင်း သူ့အပေါ် ဖိအားများစွာ ပေးခဲ့ပြီး သူ့အာရုံများကို တင်းမာစေခဲ့သည်။ ယခုမှသာ သူ စိတ်အေး လက်အေး အနားယူနိုင် ခဲ့လေသည်။
ကျက်သရေပြာ အင်ပါယာမှ ဘုရင် ခလွန်တာ၏ အကြည့်က အနည်းငယ် ရှုပ်ထွေးနေ၏။ သူ့စိတ်ထဲမှာ တော်ဝင် မိသားစုရဲ့ သာမန် အမျိုးသားကြီးစိုးရေး အတွေးအခေါ်များ ရှိနေသေးသော်လည်း ထိုသမီးတော်က သူ၏ ကျန်ရှိသော သားတော်များထက် ပိုတော်ကြောင်းကို ဝန်ခံရပေလိမ့်မည်။ သူ၏ ဒုတိယ သားတော် ဗစ်တာက အပေါ်ယံ၌ သူနှင့် ယှဉ်ပြိုင် နိုင်ခဲ့သော်လည်း ခလွန်တာ ၏ မျက်လုံးထဲတွင်တော့ အများကြီး နိမ့်ကျ နေဆဲပင်။ ကံဆိုးစွာပင် သူက သမီးတော် ဖြစ်နေ၏။ အထူးသဖြင့် ‘အာသာ’ ပြန်ပေါ်လာခြင်းသည် ၇နှစ်အကြာက လက်ထပ်ပွဲကို ပြန်လည် စတင်စေခဲ့ သောကြောင့် ခလွန်တာ၏ စိတ်ထဲတွင် တစ်ခါတလေ ပေါ်လာတတ်သော ‘ငါ့သမီးက အကောင်းဆုံး အမွေခံ ဖြစ်နိုင်တယ်’ ဟူသော အတွေးကို လုံးဝ ဖယ်ရှားလိုက်လေသည်။
တော်ဝင်မိသားစုအတွက် အိမ်ထောင် ကျပြီးသော သမီးတစ်ဦးက သူစိမ်း၏ ဇနီးဖြစ်သည်။ သူက အနာဂတ်တွင် ရန်သူပင် ဖြစ်လာနိုင်သည်။
သက်သေ လူးကတ်စ် ဖတ်ကြားသော မင်္ဂလာ ကတိကဝတ်က ခလွန်တာ၏ အတွေးများကို ဖြတ်တောက်လိုက်၏။ “... လန်ဘိစ်ရှာဘတ်။ အာသာ ရိုလန်ကို လက်ထပ်ပြီး ဘဝ တလျှောက်လုံး သူနဲ့အတူ ကုန်ဆုံးမှာလား။”
လန်ဘိစ်က လက်ထဲမှ ပန်းစည်းကို တင်းတင်းဆုပ်ကိုင်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ “ဟုတ်ကဲ့။ လက်ထပ် ပါမယ်။”
“အာသာရိုလန်။ လန်ဘိစ်ရှာဘတ်ကို လက်ထပ်ပြီး သူကို ကာကွယ် စောင့်ရှောက်ရင်း ဘဝတလျှောက်လံုံး ချစ်ခင်သွားဖို့ ဆန္ဒရှိပါသလား။”
ချန်လွေ့က လန်ဘိစ် ကို တစ်ချက် ကြည့်လိုက်သည်။ ဟုတ်တယ်။ ငါက သိဒ္ဓိခွက်ကို ရခဲ့ပြီ။ အခု အဲဒီ ကတိကို ဖြည့်ဆည်းရမယ့် အချိန်ပဲ။ ထိုအရာက လန်ဘိစ်၏ အစီအစဉ် ဖြစ်ပြီး ချန်လွေ့၏ မူလအစီအစဉ်ထက် ပိုမို ပြတ်သား၏။
လန်ဘိစ်က သူ့ကို မကြည့်နေ သော်လည်း အကြည့်ကို ခံစားမိသည်။ သူက ရှင်းပြ၍ မရအောင် ပျောက်ဆုံး နေပုံရသည်။
“အဟမ်း... အာသာရိုလန်။ လန်ဘိစ် ရှာဘတ်ကို လက်ထပ်ပြီး သူကို ကာကွယ် စောင့်ရှောက်ရင်း သူရဲ့ ဘဝ တလျှောက်လုံး ချစ်ခင်သွားဖို့ ဆန္ဒ ရှိပါသလား။” လူးကတ်စ်က အသံ တိုးလွန်းသည် သို့မဟုတ် မင်းသား ‘အာသာ’က မင်းသမီး လန်ဘိစ်၏ အလှကြောင့် မှင်သက် နေသည်ဟု ထင်လိုက်ပြီး အသံ ကျယ်ကျယ်နှင့် ထပ်မေးလိုက်သည်။
ချန်လွေ့က သူ့အကြည့်ကို ရုပ်သိမ်းပြီး တိတ်တဆိတ် သက်ပြင်း ချကာ ပြောလိုက်သည်။ “မရှိပါဘူး။”
“ဒါဆို ကျေးဇူးပြုပြီး လဲလှယ်...” လူးကတ်စ်က နောက်ထပ် လုပ်ထုံး လုပ်နည်းကို တစ်ဆင့်ပြီး တစ်ဆင့် ကြေညာတော့မည် ပြင်လိုက်စဉ် တစ်ခုခု ရုတ်တရက် မှားနေကြောင်း သိလိုက်၏။ “ဘာ...ခုနက ဘာပြောလိုက်တာလဲ။”
လူးကတ်စ် တစ်ယောက်တင် မကပေ။ ပရိသတ်ထဲမှ အရေးကြီးပုဂ္ဂိုလ် အားလုံး နီးပါးက နားကြား မှားသည်ဟု ထင်ခဲ့ကြသည်။ လန်ဘိစ်က ချန်လွေ့ကို ‘အံ့သြ’သော မျက်နှာဖြင့် ကြည့်နေ၏။
“ကျုပ် ဆန္ဒ မရှိဘူးလို့ ပြောတာ။” ချန်လွေ့ရဲ့ အသံက အလွန်တည်ငြိမ်၏။ “လန်ဘိစ်၊ စိတ်မကောင်းပါဘူး။ ငါ ဘယ်သူ့ကို ချစ်တယ်ဆိုတာ မင်း သိပါတယ်။ ငါ မင်းကို လက်ထပ်မှာ မဟုတ်ဘူး။”
ထိုစကားက အုန်းအုန်းကျက်ကျက် ဖြစ်စေခဲ့၏။ ကျက်သရေပြာ အင်ပါယာမှ ဘုရင်ခလွန်တာ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲ သွားသည်။ ရုတ်တရက် သူက ထရပ်လိုက်ပြီး ပတ်ဝန်းကျင်မှ တော်ဝင်မျိုးနွယ်များ အားလုံး အံ့အားသင့်သော မျက်နှာ အမူအရာများ ပြသနေကြ၏။ မင်းသမီး လန်ဘိစ်ကို လက်ထပ်ရန် လာသော နဂါးလင်းလက် အင်ပါယာမှ မင်းသား အာသာက ထိုကဲ့သို့ အခမ်းအနားတွင် ပွင့်ပွင့်လင်းလင်း လက်ထပ်မှုကို ငြင်းပယ် လိုက်ခြင်း ဖြစ်သည်။
လန်ဘိစ်၏ လက်များ တုန်ယင်သွားပြီး လက်ထဲရှိ ပန်းစည်းမှ ပန်းပွင့်အချို့ ကြွေကျသွားခဲ့သည်။ ထို့နောက် လက်က တုန်ယင်နေရာ ပန်းစည်း တစ်ခုလုံး ပြုတ်ကျ သွားတော့သည်။
သူက ထိုဇာတ်ဝင်ခန်းကို ကိုယ်တိုင် ရေးခဲ့ပြီး စာသား အကုန်လုံးကိုလည်း မှတ်မိနေသည်။ သို့သော် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ လှပသော မျက်လုံးများက အနည်းငယ် ပျောက်ဆုံး နေဆဲပင်။
တခဏအတွင်း သူ့စိတ်ထဲ ရှင်းပြ၍ မရနိုင်သော ခံစားမှုတစ်ခု ဖြစ်လာ၏။
ထိုအရာက အာသာနှင့် မပတ်သက် လောက်ပေ။ မိမိ၏ လက်ထပ်ပွဲကို ဖျက်ဆီးသော အမျိုးသမီးတိုင်းက ထိုသို့ ခံစားရနိုင်ပေသည်။
မိန်းမတွေက မိန်းမတွေ ပါပဲလား။ လန်ဘိစ်က သူ့ဆီမှ တစ်ခုခုက ထာဝရ ထွက်သွား ခဲ့သလိုပင် လက်ဗလာကို ကြည့်နေလိုက်သည်။။
သူက အဆုံးသတ်ကို ကြိုသိထားနှင့် သော်လည်း တကယ်တမ်း ရွေးချယ်မှုနှင့် ရင်ဆိုင်ရသည့်အခါ ထူးဆန်သလို ခံစား နေရလေသည်။
လက်များကို တိတ်တဆိတ် ကြည့်နေရင်း...
သူ၏ မျက်လုံးထဲတွင် ဗရုတ်သုတ်ခ မြင်ကွင်းများ မရှိသလို နားထဲတွင်လည်း ခလွန်တာ၏ ဒေါသတကြီး အော်သံများ အပါအဝင် ဆူညံသံများ မရှိတော့ပေ။
သူက သူ့ကိုယ်သူ တစ်ခုခုသာ ပြောလိုက်၏။
ဒါ နင်ရွေးခဲ့တဲ့ လမ်းပဲ။ လန်ဘိစ်။
လေထဲတွင် ပန်းပွင့်များ လွင့်ပျံနေပြီး တဖြည်းဖြည်း အောက်သို့ ကျဆင်း သွားတော့သည်။