← Chapters

ပေါက်ကွဲမှု

Vol. 61 Ch. 982

ပေါက်ကွဲမှု

Vol. 61 Ch. 982

ပတ်ပတ်လည်မှ စစ်သည်များကို ကြည့်နေရင်း ဇိုလာက ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ခယ်ဒေလာက မှော်သုံးပြီး နောက်ဆုံး ခုခံရန် ပြင်နေစဉ် စစ်သည်များ၏ လက်ထဲရှိ လက်နက်များ ရုတ်တရက် အရည်ပျော်ကျပြီး သံရည်ပူများအဖြစ် မြေပြင်ပေါ်သို့ ပြုတ်ကျ သွားလေသည်။ သူတို့က အဟန့်တကြားနှင့် အော်ဟစ် ဆူညံနေတော့သည်။

တစ်ခုခု မှားယွင်းနေကြောင်း မြင်ရာ ဗစ်ဇူသည် မြင်းတပ်ကို ရှေ့သို့ သွားခိုင်းလိုက်၏။ ခြေလှမ်း အနည်းငယ် မျှသာ ရှေ့ရောက်သည်နှင့် စစ်မြင်းများက အလွန်ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခုကို ရိပ်မိလိုက်ကြပုံ ရသည်။ သူတို့က ကြောက်ရွံ့နေပြီး တစ်ကောင်ပြီး တစ်ကောင် မြေပေါ် လဲကျကုန်သည်။

ဗစ်ဇူကိုလည်း သူ၏မြင်းက မြေပြင်ပေါ် ပစ်ချခဲ့သော်လည်း သူက ကျွမ်းကျင်မှု အချို့ ရှိသောကြောင့် သူ့ကိုယ်သူ တည်ငြိမ်အောင် လှိမ့်လိုက်နိုင်သည်။

ရုတ်တရက် သူ၏ မျက်နှာပေါ်သို့ စေးကပ်သော အရာတစ်ခု ပျံဝဲလာ၏။ အနံ့အသက်ဆိုးကြီးက သူ့နှာခေါင်းထဲ တည့်တည့် ဝင်ရောက် လာလေသည်။ ဗစ်ဇူက ခဏတာမျှ ကြောင်နေခဲ့သည်။ သူက မျက်နှာကို ဖုံးအုပ်နေသော အရာအား သိသွားသောအခါ သူ အလျင်အမြန် သုတ်ပစ်လိုက်၏။ သူက အစာအိမ် ပြောင်းပြန်လှန် သွားသလို ခံစားရပြီး ထိုးအန်နေတော့သည်။

ကြည့်ရှုသူ အားလုံး အံ့အားသင့်သွား ကြသည်။ ဒီအမျိုးသမီးက ဒီလောက် ရဲတင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို အနိုင်ယူ တာတင်မကဘူး။ ဗစ်ဇူရဲ့ မျက်နှာကို မြင်းချေး “လတ်လတ်ဆတ်ဆတ်” လည်း ကပ်ပေးလိုက်တာ!

ဗစ်ဇူ၏ ပုံမှန် မကောင်းမှုများကို မကြိုက်သော လူ အများအပြားက ရယ်မောလိုက်ကြသည်။

ဗစ်ဇူက မိသားစု ဂုဏ်ကျက်သရေနှင့် အရိပ်အာဝါသအောက် ကြီးပြင်းလာသူ ဖြစ်သည်။ သူက လူအများရှေ့တွင် ထိုကဲ့သို့ ရှက်စရာမျိုး တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ ထိုလှောင်ပြောင်သံ များက သူ့ရင်ဘတ်ကို ချွန်ထက်သော ဓားတစ်ချောင်း ကဲ့သို့ ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။

ရှက်ရွံ့မှုနှင့် ဒေါသတို့ကြားတွင် ဗစ်ဇူ သည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူက စာလိပ်တစ်ခုကို ထုတ်ပြီး မစဉ်းစားဘဲ အသက်သွင်းကာ ရှေ့သို့ ပစ်ချလိုက်၏။

စာလိပ် ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ အပူချိန် ရုတ်တရက် မြင့်တက်လာသည်။ လူအုပ်ထဲရှိ မှော်ပညာရှင် အချို့က အန္တရာယ် သတိပေးချက် များကို အလိုလို ရိပ်မိကြသည်။ ဥပမာ အလွန်အမင်း ပြင်းထန်သော မီးဒြပ် ဖြစ်သည့် [ငရဲမီးတောက်] ပင်!

ထိုအရာက မီးဒြပ်စင်၏ အစွမ်း အထက်ဆုံးသော နေရာပြန့် ပျက်စီးမှု မှော်ပညာများထဲမှ တစ်ခု ဖြစ်သည်။

ထိုကဲ့သို့ လူစည်ကားရာ နေရာတွင် [ငရဲမီးတောက်] စာလိပ်ကို သုံးလိုက်၏။

ထိုအရာက တားမြစ်ထားသော အပြုအမူပင်။ ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်သော ဗစ်ဇူက ထိုကဲ့သို့ ရူးသွပ်သော အပြုအမူကို အမှန်တကယ် ပြုလုပ်ခဲ့ လေသည်။

[ငရဲမီးတောက်] ၏ မီးတောက်များ ပျံ့နှံ့သွားသည်နှင့် အနီးနားမှ လူရာနဲ့ချီ... သို့မဟုတ် ပိုများသော လူများက မီးလောင်ပြာကျ သွားပေလိမ့်မည်။

ဗစ်ဇူ၏ ကိုယ်ပေါ်မှ အလင်းရောင် အမြှေးပါးကို ကြည့်ရသည်မှာ [ငရဲ မီးတောက်] မပေါက်ကွဲခင် ကိုယ်ပေါ်၌ အကာအကွယ် အားစက်ကွင်း တစ်ခု ဖန်တီးပေးထားခြင်းဖြစ်ပြီး ထိုစာလိပ်၏ ထုတ်လုပ်ရေး အဆင့်က အတော်လေး မြင့်မားကြောင်း ပြသနေသည်။

သို့သော် ကျန်သောသူများကတော့ ထိုကဲ့သို့ အပြုအစု မရရှိခဲ့ပေ။ ကာကွယ်ရေးတပ်ဖွဲ့မှ စစ်သားများပင် မရခဲ့ပေ။

အန္တရာယ်ကို ရိပ်မိသော လူအုပ်ထဲမှ မှော်ပညာရှင်များက အလျင်အမြန် နောက်ဆုတ် သွားကြသည်။ စာလိပ်၏ မှော်အသက်သွင်းချိန်က တိုက်ရိုက် မှော်ပညာ အသုံးပြုခြင်းထက် ပုံမှန် အားဖြင့် အနည်းငယ် ပိုနှေးသော်လည်း ခဏတာမျှသာ ဖြစ်သည်။ အန္တရာယ်ကို သတိပြုမိသူ အများစုက ထွက်ပြေးရန် အချိန်မရှိကြတော့ဘဲ ထိတ်လန့်တကြား အော်ဟစ်နေကြတော့သည်။

ဇိုလာလည်း ကြောင်သွားပုံ ရပြီး ထွက်ပြေးရန် မေ့သွားခဲ့သည်။ သို့သော် စာလိပ် လုံးဝ ပေါက်ကွဲသည့်တိုင် သူက ထိုမီးဒြပ်စင်များကို အလွယ် တကူ ပျံ့လွင့်အောင် ပြုလုပ် နိုင်ပေသည်။ အမှန်တကယ်၌ မစ်-နတ်မိမယ်နဂါးက နောက်မှ တစ်ယောက် လာနေကြောင်း ရိပ်မိလိုက်ပြီး ချန်လွေ့၏အသံ အချိန်မီ သူ့နားထဲ ရောက်လာခြင်းကြောင့် သူ ရပ်လိုက်ပြီး နောက်ကို ခြေနှစ်လမ်း ဆုတ်လိုက်လေသည်။ သူက နောက်မှ လစ်ဒ်၏ အော်သံကို ကြားလိုက်ရ၏။

ပေါက်ကွဲ သွားသော စာလိပ်၏ ပတ်ပတ်လည်၌ ဖောက်ထွင်းမြင်ရသော အပြာရောင် အမိုးခုံးတစ်ပိုင်း ပေါ်လာပြီး ထိုအချိန်ပင် [ငရဲမီးတောက်] စွမ်းအား ပေါက်ကွဲထွက်လာခဲ့သည်။

အနီရောင်မီးတောက်က ကြောက်စရာ ကောင်းသော စွမ်းအားဖြင့် လောင်ကျွမ်း ခဲ့သော်လည်း ဖောက်ထွင်းမြင်ရသော အပြာရောင် အမိုးခုံးဖြင့် လုံးဝကို ထိန်းချုပ်ခံထားရ၏။ အနီးအနားရှိ လူများက ထိခိုက်မှု လုံးဝမခံစားရပေ။ အခြား တစ်ဖက်တွင်မူ မြေပြင်ပေါ်ရှိ မာကျောသော အစမ်းရောင် ကျောက်တုံး များပင် မီးလောင်ပြီး လွန်ကဲလှသော အပေါက်ကြီး ဖြစ်သွားခဲ့သည်။

မီးက တဖြည်းဖြည်း ငြိမ်းသွားပြီး အပြာရောင် အမိုးခုံး ပျောက်သွား၏။ ကြည့်ရှုနေကြသော ပရိသတ်များလည်း သက်ပြင်း ချလိုက်ကြသည်။

ဗစ်ဇူက မျက်နှာပေါ်မှ ချေးများကို သုတ်ပြီးနောက် သူ ဘာလုပ်ခဲ့သည်ကို သဘောပေါက် သွားပြီး ချွေးအေးများ စီးကျလာတော့သည်။ သူ့စိတ်ထဲမှ မကျေနပ်ချက်များက ရုတ်တရက် ထိတ်လန့်မှု အဖြစ် ပြောင်းလဲသွား၏။ [ငရဲမီးတောက်] တကယ် ပေါက်ကွဲခဲ့ရင် လူရာနဲ့ချီ သေဆုံးပြီးတော့ အကျိုးဆက် တွေက စဉ်းစားလို့ မရအောင် ဆိုးဝါး လိမ့်မယ်။ မိုဂက်စ် မိသားစုတောင် ငါ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။

“ခွေးကောင်!” လစ်ဒ် အော်လိုက်၏။ “မင်းက မိုဂက်စ် မိသားစုက ဗစ်ဇူလား။ ရီအယ်ဒိုမှာ မင်းလို တူတစ်ယောက် ဘယ်လိုလုပ် ရှိနေတာလဲ။”

ဗစ်ဇူက မိမိကို စော်ကားသောသူကို စစ်သားများအား အပိုင်းပိုင်း လုပ်ခိုင်းရန် အမိန့်ပေးတော့မည့် အချိန်၌ သူက လစ်ဒ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ထိတ်လန့် သွားခဲ့သည်။ အခြားသူများက လစ်ဒ်ကို မသိကြ သော်လည်း သူက ထိုမထင်မရှား မှော်ပညာရှင်ရဲ့ သရုပ်ကို သိသည်။ သူ့၏ အဟုန်က ချက်ချင်း ကျဆင်းသွားပြီး အလျင်အမြန် ဦးညွှတ်လိုက်။ “ဆာ... ဆာ-လစ်ဒ်!”

လစ်ဒ်က ဒေါသတကြီး ပြောလိုက်၏။ “မင်း ခုနက ဘာလုပ်ခဲ့လဲ သိလား။”

ဗစ်ဇူက အပြစ်ရှိသလို ခေါင်းငုံ့လိုက်ပြီး ချန်လွေ့က ဖြေလိုက်၏။ “သူ ဘာမှ မလုပ်ခဲ့ပါဘူး။ ပါဘို မိသားစုနဲ့ ဒီက ရာနဲ့ချီတဲ့ မိသားစုတွေကို ဖျက်ဆီးချင်ရုံပဲ ဟုတ်တယ်မလား။ မီးမှော်ပညာအရာမှာ ကျွမ်းကျင်တဲ့ ဆာ-ဗစ်ဇူ...”

“ပါးစပ် ပိတ်ထားစမ်း!” ဗစ်ဇူက ချန်လွေ့နှင့် လစ်ဒ်တို့က ‘မိတ်ဆွေ’များ ဖြစ်ကြောင်း မသိပေ။ သူက လစ်ဒ်ကို အံကြိတ်ပြီး ပြောလိုက်၏။ “ဆာ-လစ်ဒ်၊ သူပြောတဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့! ဒီလူတွေ အားလုံးက ဝရမ်းပြေးတွေပါ။ သူတို့က ကျုပ် အရင်ဆုံး ဖမ်းခိုင်းတဲ့သူကို ဒဏ်ရာရအောင် လုပ်ခဲ့တာ။ အခု သူက ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဥပဒေ စိုးမိုးမှု ကိုတောင် ခုခံဖို့ ကြိုးစားနေတယ်။ ကျုပ် ခုနက အလျင်လို နေတုန်း အမှားကြီး လုပ်မိတော့မလို့ပဲ။ ကံကောင်းစွာနဲ့ ဆာ ရောက်လာလို့ပေါ့။ သူတို့ကို ဖမ်းဖို့ ကူညီပေးပါ။”

လစ်ဒ်က တက်ဇ် ညီအစ်မများ၏ ဖြစ်ရပ်ကို အစပိုင်း သံသယရှိနေဆဲ ဖြစ်သော်လည်း ယခု ဗစ်ဇူက အမှန်ကို အမှား ဖြစ်အောင် ပြောနေကြောင်း ကြားလိုက်သည့်အခါ အဖြစ်အပျက်၏ အမှန်တရားကို မည်သို့ နားမလည်ဘဲ နေနိုင်မည်နည်း။ သူက အေးစက်စက်နှင့် ပြောလိုက်၏။ “ခုနက အဲဒီကောင်တွေကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ငါပဲ။ ဒီ ‘ဝရမ်းပြေး’ နှစ်ယောက်က ငါ့ရဲ့ မိတ်ဆွေတွေပဲ။”

ဗစ်ဇူ၏ မောက်မာသော မျက်နှာက ပို၍ မည်းမှောင်သွား၏။ မှားယွင်းစွာ သတင်းပေးခဲ့သော ထိုကောင်များကို ရိုက်နှက်လိုစိတ် ဖြစ်ပေါ်လာသည်။ ယခု သူ့ကိုယ်သူ ဆင်ခြေပေးရန် ခက်ခဲ သော်လည်း အနည်းဆုံးတော့ သူ ရယူ ချင်သော ညီအစ်ကို ရယူရပေမည်။

ဗစ်ဇူက ချက်ချင်း ရှေ့တိုးလာပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။ “ဆာ-လစ်ဒ်၊ ကျုပ်ရဲ့ အသိဉာဏ်မဲ့တဲ့ တပည့် တွေကို ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် အဲဒီ မိန်းကလေးနှစ်ယောက်က ကျုပ် ဦးလေး ရီအယ်ဒို သီးသန့် သတ်မှတ်ထားတဲ့ စမ်းသပ်ခံလူတွေပါ။ ဒါကြောင့် ကျုပ်... ကို ခွင့်လွှတ်ပေးပါ...”

ဗစ်ဇူက ထိုသို့ ပြောပြီးသည်နှင့် အန်ချင်စိတ်ကို သည်းမခံနိုင်ဘဲ သိသိ သာသာပင် နောက်ကို အနည်းငယ် ဆုတ်လိုက်၏။ ထို့နောက် သူ့မျက်နှာကို သုတ်ရန် တဘက်ကို ယူလိုက်သည်။ ထို့နောက် သူ့ကို အရှက်ရ စေခဲ့သော ‘တရားခံ’ ဇိုလာကို လှမ်းကြည့်လိုက်၏။ ဒီမိန်းမက လစ်ဒ် ရဲ့ မိတ်ဆွေဖြစ်နေလို့ အခုအချိန် လက်စားချေလို့ မရသေးဘူး။ နောက်မှ လက်စားချေဖို့ ကြိုးစားမယ်...

လစ်ဒ် မျက်မှောင်ကြုတ် လိုက်၏။ ၎င်းက ဗစ်ဇူ၏ ကိုယ်နံ့ကြောင့် သာမက သူ ပြောခဲ့သော နာမည်ကြောင့်လည်း ဖြစ်၏။

ရီအယ်ဒို...

လစ်ဒ်၊ ရီအယ်ဒို နဲ့ လီလီယာ တို့ကို မှော်ပညာရှင်မျှော်စင်အဖွဲ့၏ သူတော်စင် အဆင့် မှော်ပညာရှင်သုံးဦး ဟူ၍လည်း သိကြသည်။ သူတို့ သုံးယောက် စွမ်းအားက တူညီသော်လည်း ရီအယ်ဒို တွင် အကြီးဆုံး အားသာချက် ရှိ၏။ သူက မှော်ပညာရှင်မျှော်စင် အဖွဲ့၏ အမြင့်ဆုံး ထိန်းချုပ်သူများ ထဲမှ တစ်ယောက်ဖြစ်သော အကြီးအကဲ ရှီရို၏ တိုက်ရိုက် တပည့် ဖြစ်နေခြင်းပင်။

“ဒီလို ဆက်စပ်မှုမျိုး ရှိနေတယ် ဆိုတော့ ခင်ဗျားရဲ့ ရွေးချယ်မှုက ဘာလဲ။ ဆာ-လစ်ဒ်။” ချန်လွေ့၏ အသံ ထွက် လာသည်။ အကြောင်းရင်း တစ်ခုကြောင့် ပြုံးနေသော မျက်နှာက လစ်ဒ်၏ စိတ်ထဲတွင် အေးစက်မှု အနည်းငယ် ခံစားနေရစေသည်။

လစ်ဒ်က ထို’အထင်’ကို အမြန် ဖယ်ရှားလိုက်သည်။ ခဏ စဉ်းစားပြီး နောက်တွင် သူက ပြောသည်။ “ရီအယ်ဒို က မှော်ပညာရှင် မျှော်စင်အဖွဲ့က အကြီးအကဲ ရှီရိုရဲ့ တပည့်ပဲ။ သူ့ကို အာမခံချင်ပေမယ့် ညီအစ်မတွေကို ကူညီဖို့ ကြိုးစားပါ့မယ်။”

“ခင်ဗျားရဲ့ ‘အကူအညီ’ ဆိုတာက ဘာလဲဆိုတာ ကျုပ် မသိပေမယ့် ခင်ဗျား အဲဒီ ရို ဘာဆိုလား ဆိုတဲ့သူကို ဒီလောက် အာမခံချင်ဘူး ဆိုတော့ ဒီကိစ္စထဲ ဝင်မပါပါနဲ့။” ထိုသို့ပြောပြီး ချန်လွေ့က ဇိုလာ ကို ကြည့်လိုက်သည်။ “ကျုပ် ခုနက ဆာ-ဗစ်ဇူနဲ့ ပတ်သက်တဲ့ အကြောင်းတွေ အများကြီးကို ပရိသတ်တွေဆီက ကြားခဲ့ရတယ်။ ဒါက မကောင်းတဲ့ မှတ်တမ်း စာရင်းလို့ ပြောလို့ရတယ်။ အထူးသဖြင့် သူက မိန်းမတွေကို နှိပ်စက်ရတာ ကြိုက်တယ်။ ကိုယ်တို့ သူ့ကို ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာ ပေးသင့်တယ်လို့ ထင်တယ်။ ဟုတ်တယ်မလား။ ချစ်ဇနီးလေး။”

ဇိုလာက နားလည်ဟန်ဖြင့် မျက်တောင် ခတ်ပြလိုက်သည်။ လစ်ဒ် အံ့သြသွားပြီး ပြောလိုက်၏။ “ခဏလေး၊ ဗစ်ဇူ ရဲ့ ဦးလေးက...”

စကားမဆုံးခင်မှာ ဗစ်ဇူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှ ‘ဘုန်း’ခနဲ အသံ ထွက်လာပြီး သွေးမှုန်များ ထွက်လာ တော့သည်။ ထို့နောက် ဗစ်ဇူ ထံမှ နှလုံးးစူးမတတ် အော်သံ ထွက်လာ၏။ သူက ခန္ဓာကိုယ် အောက်ပိုင်းကို လက်နဲ့ အုပ်ထားပြီး မြေပေါ် လူးလှိမ့်ကာ အော်ဟစ်နေလေသည်။

ထိုအရာက လေဓာတ်ကို အဓိက ထားပြီး မီးဓာတ်ရဲ့ လျှို့ဝှက်ချက်ကို ပေါင်းစပ်ထားသော ဒြပ်စင်များ၏ ရှုပ်ထွေးလှသည့် အသုံးချမှုပင်။ ၎င်းက အချို့သော အင်္ဂါ အစိတ်အပိုင်းကို ပြိုကွဲပြီး ပေါက်ကွဲမှု ဖြစ်စေ၏... အချုပ်အားဖြင့် ဆိုရရင် ‘ဥ’ပေါက်ကွဲ သွားခြင်းပင်။

လုံးဝပေါက်ကွဲပြီး ဘာမှ မကျန်တော့။

ထိုမြင်ကွင်းက စစ်သည်များကို ကြောက်လန့်တကြားဖြစ်စေပြီး သူတို့က မသိစိတ်မှနေ၍ အစိတ်အပိုင်းတစ်ခုကို ကာကွယ်လိုက်ကြသည်။ ပရိသတ်ထဲမှ အမျိုးသား ပရိသတ်များပင် သူတို့၏ ခြေထောက်တွေကို မသိစိတ်မှနေ၍ ညှစ်ထား လိုက်မိကြပြီး ခန္ဓာကိုယ် အောက်ပိုင်းမှာ အအေးဓာတ် တစ်ခု ခံစားလိုက်ရ၏။

လစ်ဒ်က ဇိုလာ မဆင်မခြင် တိုက်ခိုက် လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ပြင် ထိုအရာက အတော်လေး ကြမ်းပြီး သူက ပင့်သက်ရှိုက်လိုက်မိ၏။ တစ်ချိန်တည်း မှာပင် သူက နောက်ထပ် အသေးစိတ် တစ်ခုကို သတိထားမိ လိုက်သည်။ ဗစ်ဇူမှာ အရင်က စာလိပ်နဲ့ တွဲပါလာတဲ့ အကာအကွယ် စွမ်းအားမျိုး ရှိခဲ့တယ်။ ဒါပေမယ့် ဒီအကာအကွယ် စွမ်းအားက ဇိုလာ ရှေ့မှာ လုံးဝ အသုံးမဝင်ခဲ့ဘူး။

ဗစ်ဇူ၏ ‘ဥ’ ပေါက်ကွဲသွား ပြီးနောက် အကာအကွယ်စွမ်းအားက မယုံနိုင်စရာ ကောင်းလောက်အောင် တည်ရှိနေဆဲပင်။ အတွင်းမှ ‘ဥ’ ကိုယ်တိုင် ပေါက်ကွဲသွား သကဲ့သို့ ဖြစ်နေပြီး အခြားထိခိုက်မှု တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။

ထိုအချိန် လစ်ဒ်က ခေါင်းကို ရုတ်တရက် မော့လိုက်ရာ လေထဲ၌ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက အဖြူရောင်ဝတ်ရုံ ဝတ်ထားတဲ့ လူငယ် တစ်ယောက်ပင်။ ဝတ်ရုံမှာ အနီရောင်၊ အဝါရောင်နဲ့ ငွေရောင် ပုံစံကွက်များ ပုံဖော်ထားပြီး ကျက်သရေ ရှိကာ ထူးခြားလှသည်။ သူက ဂျက်စပါကဲ့သို့ ရှည်လျားသော တုတ်တံကို ကိုင်ထားပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့် သာမန် မဟုတ်ကြောင်း မြင်နိုင်ပေသည်။

“ရီအယ်ဒို!” လစ်ဒ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လေးနက်သော အမူအရာ ပေါ်လာ၏။ သူက စာလိပ်ကို သတိရလိုက်ပြီး ချက်ချင်းပင် နားလည် သွားခဲ့သည်။ ထိုစာလိပ်ကို ရီအယ်ဒိုက ပြုလုပ်ထားပြီး ၎င်းတွင် အာရုံခံနိုင်သော လုပ်ဆောင်ချက် အချို့ ရှိရပေမည်။ ဗစ်ဇူ အန္တရာယ် ကျရောက်ပြီး စာလိပ်ကို အသုံးပြုသည်နှင့် ရီအယ်ဒိုက ချက်ချင်း ရောက်လာမည် ဖြစ်သည်။

အခုတော့ ဒုက္ခရောက်ပြီ။ ဇိုလာက ဗစ်ဇူကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် လုပ်လိုက်ပြီးတော့ ရီအယ်ဒို ရောက်လာတယ်။ ဒါက ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်လောက်ဘူး။

ချန်လွေ့က လစ်ဒ်ပြောသော ‘ရီအယ်ဒို’ မှာ အလွန်ချောမောပြီး နားရွက်များက နည်းနည်း ချွန်နေကြောင်း သတိပြုမိ လိုက်သည်။ သို့သော် သာမန် နတ်သူငယ်နှင့် ကွဲပြားနေ၏။ နတ်သူငယ် တစ်ပိုင်းပဲ။

ရီအယ်ဒို၏ ပုံရိပ်က လျင်မြန်စွာ လက်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ရောက်လာခဲ့သည်။ မြေပေါ်တွင် ငိုယို နေသော ဗစ်ဇူကို မြင်လိုက်ရာ သူ့၏ မျက်နှာ အမူအရာ ပြောင်းသွား၏။ သူက မှော်တုတ်တံကို ဝှေ့ယမ်းလိုက်ရာ [ကုသမှု] ပျံဝဲသွားသော်လည်း ငိုသံ မလျော့ကျ သွားပေ။ ထိုနေရာ ပေါက်ကွဲခြင်းကို သာမန် ကုသမှုနဲ့ ကုသ၍ မရနိုင်လောက်ပေ။

ရီအယ်ဒိုက တက်ဇ် နဲ့ သူ့ညီမကို ကြည့်ပြီး မျက်လုံးက ထူးဆန်းသော အလင်းရောင် လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက လစ်ဒ်ကို ပြင်းပြင်း ထန်ထန် စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ဘာလို့ သူ့ကို ထိခိုက်အောင် လုပ်ရတာလဲ။”

လစ်ဒ် မဖြေခင်မှာပင် ချန်လွေ့က ပြောသည်။ “သူ ဘာလုပ်ခဲ့လဲ ဆိုတာ ဘာလို့ အရင် မမေးတာလဲ။ မဟုတ်မှ လွဲရော...အဲဒီမိန်းကလေး နှစ်ယောက်က မင်းတကယ် လိုချင်တဲ့သူတွေ များလား။”

ရီအယ်ဒို၏ တုံ့ပြန်မှုက မြန်ဆန်၏။ “မင်း သူ့ကို ထိခိုက်အောင်လုပ်တာလား။ မင်းက ဘယ်သူလဲ။”

“တိတိကျကျပြောရရင် ကျုပ်ဇနီးပါ။” ချန်လွေ့က ပခုံးတွန့် လိုက်သည်။ “ကျုပ်တို့က... ဒီမြို့ကို ဖြတ်သွား ဖြတ်လာ ခရီးသွားတွေပါ။ ဘယ်သူလဲ ဆိုတာ စိတ်ပူစရာမလိုပါဘူး။”

ဇိုလာက ရုတ်တရက် ရှေ့တိုးလိုက်၏။ သူလည်း အနည်းငယ် ပြုံးနေပုံ ရသည်။

(‘ဇနီး’ဆိုတဲ့ အခေါ်အဝေါ်ကို ငါ ကြိုက်တယ်။ အထူးသဖြင့် လူတွေ အများကြီး ရှေ့မှာဆို ပိုကြိုက်တယ်။)

ရီအယ်ဒို၏ မျက်နှာသည် ရုတ်တရက် ပျက်သွားပြီး ပြင်းထန်သော သတ်ဖြတ် ချင်စိတ် ပေါက်ကွဲထွက်လာ၏။ ဇိုလာက မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ပုံ ရသော်လည်း လူသတ်ချင်စိတ်က အစအနမကျန် ပျောက်ကွယ်သွားသည်။

ရီအယ်ဒို၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားပြီး မအံ့သြဘဲ သူက ပြုံးလိုက်၏။ “ကောင်းပြီ။ ငါက မိန်းမ နှစ်မျိုးကို အကြိုက်ဆုံးပဲ။ ပထမ တစ်မျိုးက ခုခံနိုင်စွမ်းရှိတဲ့ မိန်းမ၊ ဒုတိယ တစ်မျိုးက ခုခံနိုင်စွမ်းမရှိတဲ့ မိန်းမပဲ။ မင်း မွေးဖွားလာတာကို နောင်တရစေရမယ်...”

သူ၏ စကား မဆုံးခင် ဇိုလာ၏ ခရမ်းရောင် မျက်လုံးမှ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွား၏။ နောက်ထပ် တစ်စက္ကန့်တွင် ရီအယ်ဒို၏ ကိုယ်ပေါ်မှ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်ပြီး သွေးမှုန်များ ပြန့်ကျဲသွား တော့သည်။

အတော်လေး အစွမ်းထက်ပုံရသော နတ်သူငယ် တစ်ပိုင်း၏ မျက်နှာက ချက်ချင်း ဆိုသလို ဖြူဖျော့သွား၏။ သူ့၏ မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ‘ဒုတ်’ဟူသော အသံနှင့် အတူ မှော်တုတ်တံ ပြုတ်ကျ သွားခဲ့ပြီး နတ်သူငယ် တစ်ပိုင်း၏ ကိုယ်လုံးက ချက်ချင်းပင် မြေပြင်ပေါ် ပြုတ်ကျ သွားတော့သည်။ သူက ပုစွန်လုံးကဲ့သို့ ကွေးကွေးလေး ဖြစ်သွားပြီး ခန္ဓာကိုယ် အောက်ပိုင်းကို တင်းတင်းကြက်ကြပ် ဖုံးအုပ်ထားနေသည်။ လည်ပင်းမှလည်း စူးရှသော အော်သံတစ်သံ ထွက်လာ၏။

ထိုအချိန် လစ်ဒ်ပင် ကြက်သေသေ သွားခဲ့သည်။ သူ့လိုပင် နာမည်ကြီး သူတော်စင်အဆင့် မှော်ပညာရှင် တစ်ယောက် ဖြစ်သော ရီအယ်ဒိုက မျက်စိတစ်မှိတ် အတွင်း ‘ဥ-ပေါက်ကွဲ’ ခံလိုက်ရလေသည်။

လုံးဝ မခုခံနိုင်ခဲ့ဘူး။

လစ်ဒ် သိမ့်သိမ့်တုန်သွား၏။ ဇိုလာကို ကြည့်နေသော သူ၏ အကြည့်များက လေးစားမှုများ ပြည့်နှက် သွားလေသည်။ ဇိုလာက သူ့ကို အရင်က အဆင့်တူ ဓလေ့ထုံးတမ်းဖြင့် မည်သည်ကြောင့် မတုံ့ပြန်ခဲ့ကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့၏။ သူတော်စင်အဆင့် ထိပ်သီးပိုင်း ဖြစ်တဲ့ ရီအယ်ဒိုကို တစ်စက္ကန့်အတွင်း ‘ဥ-ပေါက်ကွဲ’ အောင် လုပ်နိုင်ခဲ့တာဆိုတော့ ဒီအမျိုးသမီးက အထူး အစွမ်းထက်ပုဂ္ဂိုလ်ပဲ။

All Chapters