မှော်ပညာရှင် မျှော်စင် အဖွဲ့
Vol. 61 Ch. 984
ထွက်ပြေး!
ထိုအရာက ယခုတွင် ရှီရို၏ တစ်ခုတည်းသော အတွေးပင်။
နတ်သူငယ် မျိုးနွယ်ရဲ့ မဟာမိတ် တိုင်းပြည်က အထူး အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်ပြီးတော့ ဂျာဒါမြို့ မှော်ပညာရှင် မျှော်စင်အဖွဲ့ အမြင့်ဆုံး အုပ်ချုပ်သူတွေ ထဲကတစ်ယောက် ဖြစ်တဲ့ ငါက ခွေး တစ်ကောင်လို ဒီလိုမျိုး ဘယ်တုန်းကမှ ထွက်မပြေးခဲ့ရဖူးဘူး။
ဒါပေမဲ့ ငါ ထွက်ပြေးရမယ်။ အဲဒီ မိန်းမ ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ရဲ့ ရှေ့မှာ ငါ အမြဲတမ်း ဂုဏ်ယူခဲ့ရတဲ့ ဒြပ်စင်ဆပွား မှော်ပညာ ပါရမီက ဟာသတစ်ခု သာသာပဲ။
လေဒြပ်စင်သုံးပြီးတော့ လေဒြပ်စင်ကို ပယ်ဖျက်တာ၊ မီးဒြပ်စင်နဲ့ မီးကို ပယ်ဖျက်တာ... ငါ့ရဲ့ ဒြပ်ပေါင်း မှော်ကိုတောင် တစ်ဖက်က အဲဒီလိုမျိုး ဒြပ်ပေါင်းမှော်နဲ့ပဲ ချိုးဖျက်ပစ်ခဲ့တယ်။ ဒါက လုံးဝ နင်းချေတာပဲ။ အဆင့်တူ တိုက်ခိုက်တာမျိုးနဲ့ မတူဘူး။
ရှီရိုက ပြိုင်ဘက်၏ စွမ်းအား အငွေ့အသက်က တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်ကြောင်း အကြိမ်ကြိမ် အတည်မပြုခဲ့လျှင် သူက နတ်ဘုရား တစ်ပိုင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ကို ရင်ဆိုင် နေရသည် ဟူ၍ပင် ထင်မိပေလိမ့်မည်။
ငါတို့ နှစ်ယောက်လုံး တိုင်းပြည် အဆင့် ထိပ်သီးပိုင်းတွေပဲ။ ဘာလို့ သူက ဒီလောက် အစွမ်းထက်နေရတာလဲ။
ရှီရို၏ ပါရမီက ဒြပ်စင်ဆပွား မှော်ပညာ ကျွမ်းကျင် ရုံသာမက နေရာလွတ် ပါရီလည်း ရှိသည်။ သူ၏ တယ်လီပို့နှင့် ပြောင်းရွှေ့ခြင်းတို့က အလွန်မြန်ဆန်ပြီး အဆင့်တူ အစွမ်းထက် ပုဂ္ဂိုများထက် များစွာ သာလွန်သည်။ သို့သော် ထိုအမျိုးသမီးက သူ့ထက် လုံးဝမနှေးဘဲ သူ့ကို အကြိမ်ပေါင်းများစွာ ဖမ်းမိလု နီးပါးဖြစ်ခဲ့သော်လည်း ဇိုလာက သူ့ကို မည်သည့်အတွက် မဖမ်းခဲ့ကြောင်း သူ နားမလည်ပေ။ ဇိုလာက ကြောင်နှင့်ကြွက် ကစားနေသလို သူ၏ ခွန်အားနှင့် တိုက်ခိုက်လိုစိတ်ကို တဖြည်းဖြည်းချင်း စားသုံးနေလေသည်။
ထိုအရာကလည်း လုံးဝကို အထင် သေးခြင်းမျိုးပင်။ သို့သော် ရှီရိုတွင် အခုအချိန် ဒေါသထွက်ရန် ဒါမှမဟုတ် စဉ်းစားရန် အပိုအင်အား မရှိပေ။ ရီအယ်ဒိုကို ခေါ်သွားပြီး ပြိုင်ဘက်၏ တိုင်းပြည် အနှောင့်အယှက်များကို အဆက်မပြတ် ဖောက်ထွက်ကာ နေရာ ပြောင်းရွှေ့ရန်သာ အစွမ်းကုန် ကြိုးစား နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အနားမှ မှော်ပညာရှင်မျှော်စင်အဖွဲ့ ဦးတည်ရာကို တဖြည်းဖြည်း သွားနေလေသည်။
နောက်ဆုံးတော့ ရှေ့မှတောင်ထိပ်တွင် ရင်းနှီးသော အဖြူရောင် မျှော်စင်တစ်ခု သူ မြင်လိုက်ရသည်။ ထိုအရာက တကယ့်မျှော်စင်အဖွဲ့ထဲ၌ မပါဝင်သော သာမန် မှော်ပညာရှင်မျှော်စင် တစ်ခုပင်။ ဒါပေမယ့် ထိုအရာက မှော်ပညာရှင် မျှော်စင်အဖွဲ့နှင့် နီးကပ်နေပြီ ဖြစ်ကြောင်း ဆိုလိုနေသည်။
ရှီရိုက နောက်မှ ချဉ်းကပ်လာနေသော ကြောက်မက်ဖွယ်ရာ ဖိအားကို အလိုလို ခံစားမိလိုက်သည်။ အတွေးတစ်ချက်ဖြင့် လက်ဝှေ့ယမ်း လိုက်သည်နှင့် အဝေးမှ မှော်ပညာရှင်မျှော်စင်က ထူးဆန်းသော အလင်းရောင်များ ထွက်လာလေသည်။ ၎င်းက တဖြည်းဖြည်း မြင့်တက်လာပြီး မျှော်စင်ထဲမှ အော်ဟစ်သံ များစွာ ထွက်ပေါ် လာလေသည်။ နတ်သူငယ်က ဂရုမစိုက်ပေ။ သူ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင် တစ်ခု လင်းလက်သွားပြီး အဖြူရောင် မျှော်စင်၌ ထူးဆန်းသော သင်္ကေတများ တစ်ခုပြီး တစ်ခု ပေါ်လာကာ ချိတ်ဆက်သွား၏။
ထိုအချိန် သူ့စိတ်ထဲ၌ အန္တရာယ် ခံစားမှုက ပိုမို၍ ပြင်းထန်လာသည်။ အဲဒီမိန်းမက တကယ်ပဲ အမှီလိုက်လာပြီ။
ရှီရို ညည်းတွားလိုက်ပြီး တိုင်းပြည် စွမ်းအားကို ထုတ်လွှတ် လိုက်သည်။ ဧရာမ အဖြူရောင် မျှော်စင်က သူ့နှင့် ဇိုလာ ကြားတွင် ချက်ချင်းပေါ်လာ၏။ ထို့နောက် ၎င်းနှင့် ချိတ်ဆက်ထားသော သင်္ကေတများက ပြင်းထန်သော အလင်းရောင် ထုတ်လွှတ်ပြီး အဖြူရောင် မျှော်စင် ပေါက်ကွဲသွားတော့သည်။
ပေါက်ကွဲသော အချိန်တွင် ရှီရိုက အချိန် အကြာကြီး စုစည်းထားသော နေရာလွတ် တန်ပြန် စွမ်းအားကို ထုတ်လွှတ်လိုက်၏။ သူက ပေါက်ကွဲမှု အရှိန်အဟုန်ကို အသုံးချပြီး အလွန် ဝေးသောနေရာသို့ နေရာပြောင်းရွှေ့ လိုက်လေသည်။
အဖြူရောင် မျှော်စင်၏ ပိုင်ရှင်က သူတော်စင်အဆင့်သို့ သိပ်မကြာခင်ကမှ ရောက်လာသည့် မှော်ပညာရှင် တစ်ဦး ဖြစ်ကြောင်း နတ်သူငယ် အကြီးအကဲက ရေးရေးလေး မှတ်မိလိုက်သည်။ သူ၏ နာမည်က အက်ဒ်ဆိုလား ဘာဆိုလား ပင်။ သူက အလွန် ငယ်ရွယ်ပြီး ကျက်သရေပြာ အင်ပါယာရဲ့ တော်ဝင် မိသားစုနှင့်လည်း ပတ်သက်နေပုံရသည်။ လစ်ဒ်ပင် အက်ဒ်ကို အရင်က သူ့ဆီ ခေါ်လာခဲ့ဖူးသည်။ သူက မှော်ပညာရှင် မျှော်စင်ရဲ့ အပြင်အဆင်နဲ့ ပတ်သက်ပြီး အထူးအကြံများ ပေးခဲ့သေးသည်။
ထိုအကြောင်းကြောင့် ရှီရိုက သူ့၏ ထူးခြားသော ပါရမီကို အသုံးပြုပြီး မှော်ပညာရှင် မျှော်စင်ကို အချိန်တို အတွင်း ကြောက်မက်ဖွယ် ကောင်းသော တိုင်းပြည်အဆင့် ဗုံးအဖြစ် အလွယ်လေး ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်၏။ မှော်ပညာရှင် မျှော်စင်ထဲမှ မှော်ပညာရှင်များ၊ လက်အောက်ခံများ၊ မှော်စက်ဝိုင်း အမျိုးမျိုး၊ ပစ္စည်းများ... အားလုံးက ပေါက်ကွဲမှုကို အားဖြည့် ပေးသော စွမ်းအင်များ ဖြစ်လာခဲ့လေသည်။
အဖြူရောင် မျှော်စင်၏ ပေါက်ကွဲမှု စွမ်းအားက အတော်လေး အံ့သြစရာ ကောင်းပေသည်။ တောက်ပနေသော အလင်းရောင်နှင့် ကြောက်မက်ဖွယ် ကောင်းသော တုန်ခါမှုလှိုင်းတို့က သတိလက်လွတ် ဖြစ်သွားသော နတ်မိမယ် နဂါးကို ချက်ချင်းပင် ဝါးမျိုသွားသည်။ အစီအရင် တစ်မျိုးဖြင့် ကာကွယ်ထားတဲ့ တောင်တန်းကြီးပင် ကြီးမားလှသော တုန်ခါမှုဒဏ်ကြောင့် အက်ကွဲသွားခဲ့သည်။
အောင်မြင် သွားခဲ့သော ရှီရိုသည် မရပ်တန့်နေဘဲ အဖိုးတန် အခွင့် အရေးကို အသုံးချကာ ဆက်တိုက် တယ်လီပို့ လုပ်ပြီး ဇိုလာနှင့် ဝေးရာသို့ သွားနေခဲ့သည်။ သူက ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ရာ စွမ်းရည်ကို ကောင်းစွာ သိရှိ၏။ ခုနက တိုက်ခိုက်မှုမှာ ရုတ်တရက် ဖြစ်သော်လည်း သူ့ကို ပြင်းပြင်း ထန်ထန် ထိခိုက်စေခြင်း သို့မဟုတ် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို များစွာ လျော့ချနိုင်ခြင်း မရှိလောက်ပေ။ လိုက်ဖမ်းခြင်းကို အတိုင်းအတာ တစ်ခုအထိ နှောင့်နှေး စေရုံမျှသာဖြစ်၏။ ထိုသို့ ကြီးမားသော ပေါက်ကွဲမှုက မှော်ပညာရှင် မျှော်စင် အဖွဲ့မှ ကင်းလှည့် တပ်ဖွဲ့များ၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်နိုင် လောက်သည်။ ဘယ်လို နည်းပဲဖြစ်ဖြစ် ဒီမိန်းမကို ခဏလောက် တားပြီးတော့ မှော်ပညာရှင်မျှော်စင်အဖွဲ့ကို အေးအေး ဆေးဆေး လွတ်မြောက်နိုင်ဖို့ အချိန် လုံလောက်တယ်။
မျှော်စင်အဖွဲ့ထဲကို ရောက်တာနဲ့ ငါ့ရဲ့ ‘အိမ်ကွင်း’ ဖြစ်သွားပြီ။ အဲဒီမိန်းမ ဘယ်လောက် အစွမ်းထက်ပါစေ၊ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ နတ်ဘုရားတစ်ပိုင်းအဆင့် လီလီယာ လည်း ရှိတယ်။ အရမ်းကို လုံခြုံလိမ့်မယ်။
ပေါက်ကွဲ သွားတဲ့ အဖြူရောင် မျှော်စင်နဲ့ အထဲက လူတွေကတော့... သူတို့က လူ့ပုရွက်ဆိတ် လေးတွေပဲ။ သူတို့ရဲ့ နိမ့်ကျတဲ့ အသက်ကို စတေးပြီး ငါ့လို အထူး အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက် လွတ်မြောက်နိုင်ဖို့အတွက် အခွင့်အရေး လုပ်ပေးတာ ဂုဏ်ယူစရာပဲ။
ပေါက်ကွဲမှု၏ အလင်းက လျင်မြန်စွာ မှိန်ဖျော့သွားပြီး ဇိုလာက မီးခိုးများ ကြားထဲတွင် အပျက်အစီး မရှိဘဲ ပေါ်လာသည်။ ခုနက ပေါက်ကွဲမှုက ရုတ်တရက် ဖြစ်ပြီး အစွမ်းထက် သော်လည်း ဇိုလာကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။
နတ်မိမယ် နဂါးက သူ့နောက်မှ နေရာကို ကြည့်လိုက်ရာ ထိုနေရာမှ အဖြူရောင် မျှော်စင်က အတွင်းမှ အသက်များနှင့်အတူ အမှုန့်ဖြစ်သွားပြီ ဖြစ်သည်။
သူ၏ လှပသော ခရမ်းရောင် မျက်လုံးထဲမှ အလင်းတန်းလေး တစ်ခု လင်းလက်သွား၏။ သူ၏ တကိုယ်လုံး လင်းလက်သွားပြီး နေရာမှ ပျောက်ကွယ် သွားတော့သည်။
အခြားတစ်ဖက်တွင် ချန်လွေ့က လစ်ဒ် ‘အကူအညီ’ဖြင့် မျှော်စင်အဖွဲ့ ဘက်ကို အလျင်အမြန် ပျံသန်း နေသည်။ လေဒြပ်စင်နှင့် ရေဒြပ်စင် ကျွမ်းကျင်သည့် သူတော်စင် အဆင့် အထွတ်အထိပ် မှော်ပညာရှင် တစ်ယောက် ဖြစ်သော လစ်ဒ်၏ ပျံသန်းနှုန်းက အတော်လေး မြန်သော်လည်း ‘ပြောင်းရွှေ့’ နိုင်သော တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ် များကို ယှဉ်၍ မရသေးပေ။ သူက တိုက်ပွဲ သဲလွန်စများအတိုင်း လိုက်သွားခြင်း ဖြစ်သည်။
အဖြူရောင် မျှော်စင်ရှိရာ နယ်မြေသို့ ပျံသန်း ရောက်ရှိသောအခါ လစ်ဒ်၏ အရှိန်က ရုတ်တရက် နှေးကွေးသွား၏။ တောင်များ ကွဲအက်သွားသည်ကို လည်းကောင်း၊ ကြောက်မက်ဖွယ် ပေါက်ကွဲမှု သဲလွန်စကို လည်းကောင်း မြင်တွေ့ရသောအခါ သူ အံ့အားသင့် သွားခဲ့သည်။
“ဘာဖြစ်လို့လဲ။ ဆာ-လစ်ဒ်။” ချန်လွေ့က သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဒီနေရာမှာ မှော်ပညာရှင် မျှော်စင် ရှိခဲ့ဖူးတယ်။” လစ်ဒ်၏ မျက်နှာ အမူအရာက အနည်းငယ် ရုပ်ဆိုးနေ ခဲ့သည်။ “မှော်ပညာရှင် အက်ဒ်က နည်းနည်း ထူးခြားတဲ့ အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားတယ်... သူ သေသွားရင် ဒီဖြစ်ရပ်က အင်ပါယာရဲ့ အဆင့်မြင့် အရာရှိတွေကို တုန်လှုပ်စေပြီးတော့ အကျိုးဆက်တွေ ဆိုးရွားလိမ့်မယ်။”
ချန်လွေ့ မျက်မှောင် ကြုတ်လိုက်၏။ “ကျုပ် သိသလောက်တော့ ဇိုလာက သာမန် လေ့ကျင့်သူတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်က လမ်းတလျှောက် အပြစ်မဲ့သူတွေ တစ်ယောက်မှကို ဒဏ်ရာရအောင် လုပ်တာ မတွေ့ခဲ့ရဘူး။ အက်ဒ်က ဇိုလာကို တိုက်ခိုက်ခဲ့တာများလား။”
လစ်ဒ်က ရှေ့ကို မပျံသွားခဲ့ပေ။ ထိုအစား သူက ချန်လွေ့ကို မြေပြင်ပေါ် ခေါ်သွားခဲ့သည်။ “မှော်ပညာရှင်မျှော်စင် ပတ်ပတ်လည်က မြေပြင်အစီအရင်မှာ ပုံမှန်အားဖြင့် ရေဒြပ်စင် သုံးထားတဲ့ မှော်စက်ဝိုင်း တစ်ခု တပ်ဆင်ထားတယ်။ ဒါက ရန်သူတွေရဲ့ တိုက်ခိုက်မှုတွေကို စောင့်ကြည့်ပြီး ပြန်ကြည့်ဖို့ သုံးတာ။ ဒီက အစီအရင်က တော်တော်လေးကို ပျက်စီးနေပေမယ့် မှော်စက်ဝိုင်းအချို့ ကျန်နေနိုင်သေးတယ်။ ဆာ-အာသာ အချိန်ယူပြီး မှော်စက်ဝိုင်းကို ပြန်ပြင်ပြီး အသက်သွင်းဖို့ ကြိုးစား နိုင်မလား။ ဒီကိစ္စက ကျုပ်အတွက် အတော်လေး အရေးကြီးတယ်...”
ချန်လွေ့က အက်ဒ်၏ အဆင့်အတန်း မသေးကြောင်း သတိထားမိသည်နှင့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူက လစ်ဒ်၏ အကူအညီဖြင့် ဆိုးဆိုးရွားရွား ပျက်စီးနေသော စိတ်ပုံရိပ် မှော်စက်ဝိုင်းကို ပြန်ပြင်ရန် စတင်ခဲ့သည်။
ချန်လွေ့၏ မှော်စက်ဝိုင်း ပါရမီများက ထိုအချိန် အပြည့်အဝ ပေါ်လွင်လာ၏။ ထိုအရာက လုံးဝ ဖျက်ဆီးခံထားရသော ‘မှော်စက်ဝိုင်းအပိုင်းအစ’ တစ်ခုသာ ဖြစ်သည်။ သို့သော် သူ့၏ မယုံနိုင်စရာ နည်းလမ်းများနှင့် လျင်မြန်စွာ ပြန်လည် ချိတ်ဆက်ပြီး ပြန်လည် တည်ဆောက် နိုင်ခဲ့လေသည်။ သူက အမှန်တကယ်ပင် ထိုမှော်စက်ဝိုင်း၏ လုပ်ဆောင်ချက် အများစုကို ပြန်ပြင်နိုင်ခဲ့သည်။
“သုံးလို့ရလောက်တယ်။ ဒါပေမယ့် ပစ္စည်း အလုံအလောက် မရှိတဲ့အတွက် ရေဒြပ်စင် မှော်ပညာကို ခင်ဗျားက အသုံးပြုပြီး အသက်သွင်းရ လိမ့်မယ်။ ကျုပ် ဒါနဲ့ ပတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး။”
“ဒီလို မှော်စက်ဝိုင်း ပညာရှင်က တကယ့် မှော်ပညာကို မတတ်မြောက် နိုင်တာ မယုံနိုင်စရာပါပဲ။” လစ်ဒ်က ခေါင်းခါလိုက်သည်။ ထို့နောက် သူ၏ လက်ထဲမှာ အပြာရောင် အလင်း မှိန်ပျပျတစ်ခု ပေါ်လာ၏။ ထိုသူတော်စင် အဆင့် မှော်ပညာရှင်က ချန်လွေ့၏ ပတ်ပတ်လည်တွင် ဒြပ်စင် နှီးနွှယ်မှု အတက်အကျ မည်သည်မှ မရှိကြောင်း အမှန်တကယ် ခံစားမိလေသည်။
ချန်လွေ့က ပခုံးတွန့်လိုက်၏။ သူက မှော်ပညာနှင့် ပတ်သက်၍ မည်သည်ကိုမှ မသိကြောင်း ဝန်ခံလိုက်၏။ ‘မှော်စက်ဝိုင်း’ နှင့် ‘မှော်’က စကားလုံး တစ်လုံးသာ ကွာခြားသော်လည်း အခြေခံ အားဖြင့် ကွာခြားချက် ရှိလေသည်။။ အတိုချုပ် ပြောရလျှင် မှော်ပညာက ဒြပ်စင်များကို ခံစားပြီး ရွှေ့ပြောင်းနိုင်ရန် လိုအပ်သည်။ ထိုအရာက မှော်စွမ်းအား၊ စိတ်ဝိညာဉ် စွမ်းအား နှင့် ဝိညာဉ်စွမ်းအား စသည့် အမျိုးမျိုး လိုအပ်ပေသည်။ မှော်စက်ဝိုင်း အတွက် အဓိက အစိတ်အပိုင်းမှာ ကုန်ကြမ်းနှင့် ထွင်းစာ စွမ်းရည်ပင်။ မည်သို့ အခင်းအကျင်းနှင့် ကုန်ကြမ်းကို အသုံးပြုသည် ဖြစ်စေကာမူ ဒြပ်စင်၏ တုံ့ပြန်မှု ရရှိအောင် ပြုလုပ်ရပေမည်။ ပထမတစ်ခုက ကိုယ်ပိုင် စွမ်းအားပြီး အချိန်မရွေး အသုံးပြုနိုင်ကာ သီဝရီအရ အနှိုင်းမဲ့ တိုးမြှင့်နိုင်၏။ ဒုတိယက ပြင်ပ အရာများ၏ အကူအညီဖြင့် သဘော ပေါက်ရန် လိုအပ်ပြီး တိုးတက်မှုက အသိပညာစနစ်နှင့် အမျိုးအစားအလိုက် အကန့်အသတ် ရှိပေသည်။
ချန်လွေ့ အတွက်မူ တိုင်းပြည် စွမ်းအားဖြင့် အစားထိုး အသုံးပြု နိုင်သည်။ အထင်ရှားဆုံးမှာ ရှေးမှော်စာ နှင့် နဂါးထွင်းစာတို့ပင်။ သို့သော် ယခုတွင် ချန်လွေ့က မှော်စက်ဝိုင်း ဆရာသခင် “အာသာ”၏ သရုပ်ကို သရုပ်ဆောင်နေရာ မည်သည့် စွမ်းအားမှ ပြသမည် မဟုတ်ပေ။
လစ်ဒ်က ပြန်လည် တည်ဆောက် ထားသော စိတ်ပုံရိပ် မှော်စက်ဝိုင်းထဲကို မှော်ပညာကို အသုံးပြုခဲ့ပြီးနောက်တွင် စိတ်ပုံရိပ် အပိုင်းပိုင်း ဖြစ်နေသော်လည်း အဓိက အစိတ်အပိုင်းများက လစ်ဒ်ကို အမှန်ပင် ထိတ်လန့်သွားစေခဲ့သည်။
ရှီရို လက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင် မျှော်စင်က မြောက်တက်ပြီး ပေါက်ကွဲ သွားခဲ့ခြင်း ဖြစ်သည်။
အမှန်တရား ပြန်လည်ဖော်ထုတ်မှုက လစ်ဒ်ကို တုန်လှုပ် စေခဲ့သည်။ ‘လူသတ်သမား’ က ဇိုလာ မဟုတ်ဘဲ ရှီရို ဖြစ်နေခဲ့၏။
“ဆာ-လစ်ဒ်..” ချန်လွေ့က အစမ်း သဘော မေးကြည့်လိုက်သည်။
“ကိစ္စမရှိပါဘူး။ အရင်သွားကြမယ်...” သူတော်စင် အဆင့် မှော်ပညာရှင်က ထိုတစ်ကြိမ် မဖြေတော့ဘဲ မျက်နှာ ပျက်နေခဲ့သည်။
လစ်ဒ်က ချန်လွေ့နှင့်အတူ ရှေ့သို့ ဆက်လက် ပျံသန်းသွားရာ သူ၏ အရှိန်က ယခင်ထက် ပိုမြန်နေပြီး အင်အား အကုန်လုံး အသုံးပြုနေပုံ ရသည်။
ရှေ့မှာ မြင်ကွင်းထဲတွင် မြူခိုးများ ထူထပ်နေပြီး မြူခိုးထဲ၌ မှော်ပညာရှင် မျှော်စင်ကို ရေးရေးလေး မြင်ရသည်။ တစ်ခုတည်း မဟုတ်ပေ။
မြူခိုးများက အလွန်ထူသည့်အတွက် ကောင်းကောင်း မမြင်ရသော်လည်း အဝေးမှ ကောင်းကင်တွင် အရောင် မှိန်ဖျော့ဖျော့ ရောင်ပြန်ဟပ်နေ၏။
လစ်ဒ်၏ အရှိန်က ရုတ်တရက် နှေးကွေးသွားပြီး သူက သတိထားကာ မြူခိုးတွေထဲကို ဝင်သွားလိုက်သည်။
“ဒါက မှော်ပညာရှင်မျှော်စင်အဖွဲ့လား။”
“အင်း...” လစ်ဒ် ပြန်ဖြေသည်။ သူ့အကြည့်က လေးနက်ပြီး ဂုဏ်သိက္ခာ ရှိသည်။ သူ့ကိုယ်ပေါ်တွင် မှိန်ပျပျ အလင်းရောင်ရှိနေပြီး သတိထားလျက် ရှေ့ဆက် သွားနေ၏။ “အတိအကျ ပြောရရင် အရေးပေါ် တိုက်ခိုက်ရေး အခြေအနေရောက်နေတဲ့ မျှော်စင်အဖွဲ့ပဲ။ ဒီမြူခိုးတွေက အကာအကွယ် မှော်စက်ဝိုင်းတွေပဲ။ မဒမ်-ဇိုလာ ဒီကို ရောက်နေတာ သေချာတယ်။ ကျုပ်တို့ အရမ်း နောက်မကျဘူးလို့ မျှော်လင့် တာပဲ။”
မြူခိုးများထဲတွင် ရှင်းရှင်းလင်းလင်း မမြင်သော်လည်း အကာအကွယ် မှော်စက်ဝိုင်းများထဲက မှော်ပညာရှင် မျှော်စင်အဖွဲ့၏ အရွယ်အစားနှင့် စွမ်းအားကို ချန်လွေ့ သေသေချာချာ ခံစားမိသည်။ ထို’မျှော်စင်အဖွဲ့’ ဆိုတာ မှော်ပညာရှင်မျှော်စင်များကို ရိုးရိုးလေး စုစည်းထားခြင်းမျိုး မဟုတ်ပေ။ မှော်စက်ဝိုင်း အမျိုးမျိုး၊ အစီအရင်နှင့် မှော်ပညာရှင်များနှင့် ပတ်သက်သော အရာများက မြို့တစ်မြို့ကဲ့သို့ ရောယှက် ပျံ့နှံ့နေလေသည်။
အစစ်အမှန် မှော်ပညာရှင်မြို့ပင်။
လစ်ဒ်က ထိုနေရာနှင့် အလွန်ရင်းနှီး ကျွမ်းဝင်ပြီး တိုက်ခိုက်မှု များကို ရှောင်ရှားရန် အထူးပစ္စည်းများလည်း ဆောင်ထား၏။ ယခု မျှော်စင်အဖွဲ့က အရေးပေါ် တိုက်ခိုက်ရေး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ရာ အကာအကွယ် မှော်စက်ဝိုင်း စွမ်းအားကို အပြည့်အဝ အသက်သွင်းထားသောကြောင့် သူက သတိထား ပျံသန်းနေရသည်။ သူတို့က စွမ်းအား လှုပ်ရှားမှုများ၏ အလယ် ဗဟိုသို့ တဖြည်းဖြည်း နီးကပ်လာခဲ့၏။
ရှေ့မှ ကောင်းကင်က ရုတ်တရက် လင်းထိန်သွားသည်။ တောက်ပသော ရောင်စုံအလင်းများ ကခုန်နေသည်ကို ရေးရေးလေး မြင်နေရပြီး သူတို့၏ ပတ်ပတ်လည်မှ မြူခိုးများလည်း အလျင်အမြန် ပါးလာခဲ့သည်။
ထို့နောက် ချက်ချင်းပင် အုန်းခနဲ ပေါက်ကွဲသံ တစ်သံ ကြားလိုက်ရ၏။ ရောင်စုံ အလင်းရှိရာ အလယ်ဗဟိုမှ ကိုယ်တွယ် မရသော ကြီးမားသည့် ပုံစံကွက်များ ပျံ့နှံ့လာပြီး မြူခိုးများ အားလုံး ချက်ချင်း ပျောက်ကွယ်သွား၏။
“မျှော်စင်အဖွဲ့ရဲ့ ကာကွယ်ရေး မှော်စက်ဝိုင်း... ပျက်စီးသွားပြီ!” လစ်ဒ်၏ မျက်လုံးများ ပြူးသွားပြီး သူမြင်နေ ရသည်ကို မယုံနိုင် ဖြစ်နေသည်။
အတိအကျပြောရလျှင် မှော်ပညာရှင် မျှော်စင်အဖွဲ့၏ အကာအကွယ် မှော်စက်ဝိုင်းများတင် မကပေ။ မျှော်စင် အဖွဲ့ထဲသို့ ထွက်ပြေးခဲ့သော နတ်သူငယ် အကြီးအကဲ ရှီရိုလည်း ပြိုလဲသွား၏။
ရှီရိုက မှော်ပညာရှင်မျှော်စင်အဖွဲ့ထဲ၌ ဇိုလာ၏ အနိုင်ယူခြင်းကို ခံခဲ့ရလေသည်။
လစ်ဒ် အသက်ရှု မြန်နေခဲ့သည်။ သူက ယနေ့ တစ်ခါမှ မကြုံဖူးလောက်အောင် ထိတ်လန့်သွားခဲ့လေသည်။
ထိုအချိန် ကောင်းကင်တွင် တောက်ပ နေသော လတစ်စင်း ထွက်ပေါ်လာ၏။
အပြာရောင် လခြမ်းပင်။
ရောင်စုံ အလင်းများ ရုတ်တရက် မှိန်ဖျော့သွားပြီး လေထဲတွင် ရေခဲတမျှ အေးစက်သော အငွေ့အသက်များ ပြည့်နှက် သွားခဲ့သည်။
“အိုး...သွားပြီ!” လစ်ဒ်က အော်ပြော လိုက်၏။ “မဒမ်-ဒါဆာ လှုပ်ရှား တော့မယ်!”