ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်း
Vol. 61 Ch. 987
ရီအယ်ဒို သေဆုံးမှုက ရှီရို၏ ဂယက်ရိုက်ခတ်မှုများ အကြား ပေါက်ကွဲ သွားခဲ့သော ဗုံးတစ်လုံးနှင့် တူသည်။ ဒေါသနှင့် အမုန်းတရားများက သူ၏ အသိစိတ် တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွား၏။ ချန်လွေ့တွင် ရုတ်တရက် မည်သည်ကြောင့် ထိုကဲ့သို့သော စွမ်းအားများ ပိုင်ဆိုင်ခဲ့ကြောင်း သူ စဉ်းစားမနေခဲ့ပေ။ သူ၏စိတ်ထဲတွင် အတွေး တစ်ခုသာ ရှိခဲ့သည်။ ဒီယုတ်မာတဲ့ လူသားကို အမှုန့် ဖြစ်အောင် ကြိတ်ပစ်မယ်။
ရှီရိုက ချန်လွေ့နှင့် အတော်လေးကို နီးကပ်နေသည်။ သူက စွမ်းအား အကုန် အသုံးပြုခဲ့လျှင် ဇိုလာက သူ့ကို ကယ်ချင်လျှင်ပင် နောက်ကျနေပြီ ဖြစ်၏။
ဒေါသထွက်နေသော နတ်သူငယ်က နတ်မိမယ်နဂါး၏ မျက်နှာ အမူအရာကို မမြင်ရတာ ဝမ်းနည်းစရာပင်။ ဒါဆာ တစ်ယောက်တည်းသာ သတိထားမိ၏။ နတ်မိမယ်နဂါး၏ လှပသော မျက်နှာတွင် ထိတ်လန့်မှု အနည်းငယ်မျှပင် မရှိဘဲ လုံးဝ ‘ကယ်တင်ရန်’ စိတ်ကူး မရှိနေပေ။
စက္ကန့်ပိုင်းအတွင်း ရှီရိုသည် ချန်လွေ့ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နတ်သူငယ် အကြီးအကဲက ထိုလူသား သေတော့မည်ဟု လွဲမှားစွာ ထင်နေချိန် လက်တစ်ဖက် ပေါ်လာ၏။ နောက်ထပ် စက္ကန့်ပိုင်း အတွင်း၌ သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကော မြှောက်တင် ခံလိုက်ရသည်။ အသက်ရှူ ကျပ်သော ခံစားမှုက နတ်သူငယ်ကို ခဏတာ မတုံ့ပြန် နိုင်စေခဲ့ပေ။ သူက လက်နှင့် ခြေထောက်ကို မသိစိတ်ဖြင့် ကန်မိနေခဲ့သည်။
ရှီရိုက သူ့ကိုယ်သူ ပြန်ထိန်းပြီးနောက် တိုင်းပြည် စွမ်းအားကို အသုံးပြုပြီး ထိန်းချုပ်မှုကို ဖယ်ရှားရန် စီစဉ်ခဲ့ သော်လည်း ပြိုင်ဘက်၏ လက်ထဲမှ လှိုင်းလုံးများကဲ့သို့ ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရ၏။ သူ၏ တိုင်းပြည် အဆင့် ထိပ်သီးပိုင်း စွမ်းအားက ထိုလှိုင်းလုံးများကဲ့သို့ ဧရာမ အင်အားကြောင့် အကြိမ်ကြိမ် တုန်လှုပ် သွားပြီး လုံးဝ ပြိုလဲသွားခဲ့လေသည်။ သူက တိုင်းပြည်ကို မစုစည်းနိုင်တော့။
ရှီရို သိမ့်သိမ့်တုန် သွားပြီး နောက်ဆုံး ပြိုင်ဘက်၏ ကြောက်စရာကောင်းသော စွမ်းအားကို သဘောပေါက် သွား၏။ သူက အနည်းဆုံး ငါနဲ့ စွမ်းအား အတူတူ ဖြစ်ရမယ်။ နတ်သူငယ် အကြီးအကဲက သူ အများကြိး လုပ်လိုက်မိကြောင်း ရုတ်တရက် သဘောပေါက် လိုက်၏။ အနီးးကပ်တိုက်ခိုက်မှု ကျွမ်းကျင်သော အဆင့်တူ တစ်ယောက်ကို ရင်ဆိုင်ရာ၌ မှော်ပညာရှင် တစ်ယောက်ကို နောက်ကို မဟုတ်ဘဲ ရှေ့သို့ တက်သွားမိခြင်း ဖြစ်လေသည်။
ထိုအမှားက သေစေနိုင်၏။
အခြေအနေက ရုတ်တရက် ပြောင်းလဲ သွား၏။ ဇိုလာ၏ လှုပ်ရှားမှုများကို သတိထားနေသော ဒါဆာက ရှီရိုသည် ချန်လွေ့၏ ထိန်းချုပ်မှု ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှီရို၏ နာကျင်နေသော မျက်နှာ အမူအရာကို မြင်သောအခါ ဒါဆာက အော်လိုက်ပြီး အပြာရောင် အလင်းတန်း တစ်ခုက ချန်လွေ့ဆီကို ပျံသန်းသွား၏။ မည်သို့ပင် ဆိုစေကာမူ ရှီရိုက နတ်သူငယ် မျိုးနွယ် အကြီးအကဲ ဖြစ်ပြီး အပြင်လူများ၏ သတ်ခြင်းကို ခံ၍ မရနိုင်ပေ။
ဇိုလာက အချိန်အကြာကြီး သတိထား နေခဲ့ရာ ဒါဆာကို အောင်မြင်ခွင့် ပေးမည် မဟုတ်ပေ။ ရောင်စုံ အလင်းတန်းများ လင်းလက်ပြီး အပြာရောင် အလင်းက အစအနမကျန် ပျောက်ကွယ်သွား၏။
ဒါဆာက ဆက်လုပ်ရန် ပြင်လိုက်စဉ် ရုတ်တရက် ရပ်သွား၏။ အကြောင်းမှာ သူက ထူးခြားသော အငွေ့အသက် တစ်မျိုးကို ခံစားမိ၍ပင်။ ထိုအငွေ့ အသက်က လတ်ဆတ်ပြီး သန့်ရှင်းသော သဘာဝ စွမ်းအားနှင့် ရင်းနှီးပုံရတယ်။ သူ့ဝိညာဉ်က သန့်စင် သွားသလို ခံစားရပြီး သူ့စိတ်က လန်းဆန်းသွား၏။
ထိန်းချုပ် ခံထားရသော ရှီရိုပင် ထိုအငွေ့အသက်ကို ခံစားမိပြီး သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
“သ...သဘာဝသစ်ပင်...” ဒါဆာက တတုန်ကယင် အသံဖြင့် ပြောလိုက်၏။ ထိုလူသားတွင် အမှန်တကယ်ပင် သိဒ္ဓိ သစ်ပင်၏ အငွေ့အသက် ရှိနေသည်။
ထိုအငွေ့အသက်က သိပ်ပြီးတော့ မပြင်းထန်သော်လည်း အမှန်တကယ် သိဒ္ဓိသစ်ပင်၏ သဘာဝ စွမ်းအားပင်။ ထို့အပြင် ထိုကဲ့သို့ သဘာဝ သစ်ပင်၏ အငွေ့အသက်က အသူရာချောက်နက် တိုက်စားမှုကြောင့် ဖြစ်ခဲ့သလိုမျိုး ဟောင်းနွမ်းကာ သေရေး ရှင်ရေး ဖြစ်မနေဘဲ ပြန်လည် မွေးဖွားလာ သကဲ့သို့ပင် အသက်ဓာတ်နှင့် ခွန်အား ပြည့်နှက်နေ၏။
“ရှင်က... သူရဲကောင်းဘုရင်အသစ်ပဲ!” ဒါဆာက ချက်ချင်း တုံ့ပြန်လိုက်၏။ စုစည်းထားသော စွမ်းအားများက ချက်ချင်း အစအန မကျန် ပျောက်ကွယ် သွားပြီး သူက ဖြည်းဖြည်းချင်း မြေပြင်ကို ဆင်းသက်လာလိုက်သည်။
“ကောင်းကင် မြို့တော်ကနေ သတင်း ရထားတာလား။”
“ဒါဆာက အရှင် သူရဲကောင်းဘုရင်ကို ရိုသေစွာ ဂါရဝ ပြုပါတယ်။ အရှင်က နတ်သူငယ် မျိုးနွယ်ရဲ့ မျှော်လင့်ချက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင် ပါတယ်။ သိဒ္ဓိသစ်ပင် ပြန်လည် ရှင်သန် လာတာက နတ်သူငယ် မျိုးနွယ်ရဲ့ အရေးကြီးဆုံး ဖြစ်ရပ်ပါပဲ။ မနေ့ကမှ ကောင်းကင်မြို့တော်က သတင်းရခဲ့တာ။ ဒါပေမယ့် အရှင်ရဲ့ တောင်းဆိုချက်ကြောင့် ဒီသတင်းတွေမှာ အရှင်ရဲ့ အခြေအနေကို အသေးစိတ် မဖော်ပြထားဘူး။ မဟုတ်ရင် ဒီနေ့ ဒီလို နားလည်မှု လွဲတာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။”
ရှီရို၏ မျက်နှာ အမူအရာမှာ ထိုအချိန်တွင် အလွန် ဖြူဖျော့နေ၏။ ထို ‘စက်ဆုပ်ဖွယ်’ လူသားက အသူရာ ချောက်နက် စွမ်းအားကို တွန်းလှန်ပြီး သဘာဝသစ်ပင်ကို ကယ်တင်ခဲ့သော သူရဲကောင်းဘုရင် ဖြစ်နေ၏။
“ကျုပ်က အကြီးအကဲ ရှီရို ပြောသလို စက်ဆူပ်စရာ လူသား တစ်ယောက်ပါ။ ကျုပ်ကို ‘အရှင်’လို့ ခေါ်လို့ မရနိုင်ပါဘူး။ ဒီနေ့ ဖြစ်တာက ‘နားလည်မှုလွဲ’ တာပဲ လို့လည်း မထင်ဘူး။” ချန်လွေ့က ရှီရိုကို မချဘူး။ သူက ဒါဆာကို အသာလေး ကြည့်လိုက်သည်။ “အတိအကျပြောရရင် နတ်သူငယ် မျိုးနွယ်ရဲ့ သူရဲကောင်းဘုရင် ဂုဏ်ပုဒ်ကိုပဲ လက်ခံထားတာ။ တကယ့် သူရဲကောင်း ဘုရင် မဟုတ်ဘူး။ နတ်သူငယ်တိုင်းက သူ့လိုမျိုးဆိုရင်... ဒီဘွဲ့နာမည်ကြောင့် ကျုပ် ရှက်မိမှာပဲ။ ကျုပ်တင်မကဘူး၊ ကျုပ်ဇနီးရဲ့အဖေ၊ တကယ့် နတ်သူငယ် ဘုရင်ကလည်း ဒါကို ရှက်စရာ အကောင်းဆုံးလို့ မြင်လိမ့်မယ်။”
ဇနီးရဲ့ ဖခင်။ တကယ့် နတ်သူငယ် ဘုရင်တဲ့လား။ ဒါဆာက မသိစိတ်ဖြင့် ဇိုလာကို လှမ်းကြည့် လိုက်သည်။ ဟုတ်တယ်။ နတ်မိမယ်နဂါး။ ဒီနဂါး ပါရမီရှင်ရဲ့ ဖခင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀က နတ်သူငယ်ဘုရင် စပန်ပဲ။
ဒါဆာက ခါးသက်သက် ပြုံးလိုက်၏။ ဒီတိုက်ပွဲက မတန်ဘူး။ ရှီရိုပဲ ဖြစ်ဖြစ်၊ သေဆုံးသွားတဲ့ ရီအယ်ဒိုပဲ ဖြစ်ဖြစ်၊ သူတို့က ဒီနှစ်ယောက်ကို စပြီးတော့ ဒုက္ခပေးခဲ့တာ။ ဒါက ပြဿနာကို မီးထွန်း ရှာနေတာနဲ့ အတူတူပဲ။
“ဧကရီလစ်ဗ်က ဒီသိဒ္ဓိသစ်ရွက် သံတော်ဆင့် ကျုပ်ကို ပေးခဲ့တုန်းက သူရဲ့ အာဏာနဲ့ တူညီတဲ့ အာဏာကို သုံးနိုင်တယ်လို့ ပြောခဲ့တယ်။” ချန်လွေ့က ကြည်လင်လှသော ‘သစ်ရွက်’ တစ်ရွက်ကို ထုတ်ယူ လိုက်တယ်။ ထိုအရာက ဖြည်းဖြည်းချင်း ဒါဆာဆီသို့ ပျံသန်းသွား၏။ “ဒါဆို အကြီးအကဲ ဒါဆာ။ ဒီနေ့ဖြစ်ပျက်ခဲ့တာ အားလုံး ကောင်းကင်မြို့တော်ကို အမှန်အတိုင်း အစီရင်ခံပေးပါ။ ပြီးတော့ ဒီ အကြီးအကဲ ရှီရိုကို နတ်သူငယ် မျိုးနွယ်စုကနေ လုံးဝ ထုတ်ပယ်ဖို့ ကျုပ်ရဲ့ အဆိုပြုချက်ကို ပြောပြပေးပါ။ အသက်နဲ့ မျိုးနွယ်စုကို ခွဲခြားပြီးတော့ ဆက်ဆံတဲ့ နတ်သူငယ် တစ်ယောက်က တကယ့် နတ်သူငယ်လို့ မထင်ဘူး။ နတ်သူငယ် မျိုးနွယ်စုက ဒီ တိုင်းပြည်အဆင့် အကြီးအကဲကို ကာကွယ်ပေးဖို့ လိုတယ်လို့ ခံစားရရင် ကျူပ်ရဲ့ သိဒ္ဓိသစ်ရွက် သံတော်ဆင့်ကို လုံးဝ ပြန်ယူသွားလိုက်ပါ။”
ဒါဆာ၏ မျက်လုံးထောင့် အနည်းငယ် တွန့်သွားခဲ့သည်။ နောက်ဆုံး စကားက ပြင်းထန်လွန်းလှသည်။ သိဒ္ဓိသစ်ပင်၏ မျှော်လင့်ချက်နှင့် နတ်သူငယ် မျိုးနွယ်၏ ရှင်သန်မှုက သူရဲကောင်းဘုရင်အပေါ်တွင် မူတည်နေ၏။ မည်သည့် နတ်သူငယ်ပင် ဖြစ်စေကာမူ ထိုကဲ့သို့ ပြင်းထန်သော အကျိုးဆက်ကို မခံနိုင်ပေ။
ဒါဆာက မျက်နှာ ဖြူဖျော့နေသော ရှီရိုကို တစ်ချက် ကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ “ဒီနေ့ ဖြစ်ခဲ့တာတွေနဲ့ အရှင်ရဲ့ စကားတွေကို ဧကရီ လစ်ဗ်နဲ့ အကြီးအကဲတွေဆီကို အမှန်အတိုင်း အစီရင်ခံဖို့ ရှီရိုကို ငွေလ ကောင်းကင် မြို့တော်ဆီ ပြန်ခေါ်သွားပါ့မယ်။”
ထိုစကားက ရှီရို၏ ဒဏ်ရာပေါ်ကို ဆားဖြူးလိုက်ခြင်းပင်။ လူသိရှင်ကြား ထုတ်ပယ်ခံရခြင်းက သေချာသလောက် ဖြစ်နေပြီး ပြောင်းလဲရန် ဖြစ်နိုင်ချေ မရှိတော့ပေ...
ရှီရို၏ ခေါင်းထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ဖြစ်နေပြီး ကမ္ဘာကြီး လည်နေ၏။ မိမိ မျိုးနွယ်စုက သာလွန် သည်ဟု ထင်နေသော သူ့အတွက် နတ်သူငယ် မျိုးနွယ်စုမှ လုံးဝ ထုတ်ပယ် ခံရခြင်းက သေသည်ထက် ပိုဆိုး၏။
ရီအယ်ဒို၏ သေဆုံးမှု၊ နောင်တ၊ မုန်းတီးမှု၊ ဒေါသ... အမုန်းအသစ်တွေနဲ့ အမုန်းဟောင်းများက ရှီရို၏ စိတ်ထဲကို ရေလွှမ်းမိုးသလို ဝင်ရောက် လာသည်။ တကိုယ်လုံး ရုတ်တရက် လောင်သွားပြီး ပတ်ဝန်းကျင် နေရာလွတ် ကလည်း အန္တရာယ် ရှိသော အငွေ့အသက်များ ထွက်လာပြီး ပြောင်းလဲလာသည်။
ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်း!
“ရူးနေလား! ရပ်လိုက်စမ်း!” ဒါဆာ အံ့အားသင့်သွား၏။ ရှီရို၏ စွမ်းအားနှင့် ပါရမီနှင့်ဆိုလျှင် ဒါဆာပင် ထိုကဲ့သို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းကို ခံနိုင်ရည် မရှိနိုင်ပေ။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ‘သူရဲကောင်းဘုရင်’ အတွက်မူ ပြောနေ စရာပင် မလိုပေ။
သူရဲကောင်းဘုရင်တွင် နတ်သူငယ် မျိုးနွယ်စု၏ သေရေး ရှင်ရေးနှင့် ပတ်သက်နေသော သဘာဝ သစ်ပင် ရှိနေသည်။ သူ့ကို တစ်ခုခု ဖြစ်သွား ခဲ့လျှင်...
ဒါဆာက အမှန်တကယ် ဒေါသထွက် သွားပြီး ချန်လွေ့ဆီကို အသည်းအသန် ပြေးသွားလိုက်၏။ ဒီရှီရိုက နတ်သူငယ် မျိုးနွယ် တစ်ခုလုံးကို သူ့နဲ့အတူ သင်္ဂြိုဟ်ဖို့ ဆွဲခေါ်သွားတာပဲ။
ရှီရို၏ ကိုယ်ထဲမှ တိုင်းပြည် စွမ်းအားက အရူးအမူး ဖောင်းပွလာ၏။ တွန့်လိမ်ပြီး ကြောက်မက် ဖွယ်ရာ ကောင်းသော မျက်နှာပေါ် အမုန်းတရား ပြည့်နှက်နေသော အသံ တစ်သံ ထွက်လာခဲ့သည်။ သူ့တကိုယ်လုံးက တလက်လက် အရောင်များဖြင့် ပေါက်ကွဲ ထွက်သွား၏။ “သေလိုက်တော့။ ရွံစရာ ကောင်...”
ချန်လွေ့ အလန့်တကြား ဆုတ်ခွာခြင်း ရှောင်ရှားခြင်း မလုပ်ခဲ့ပေ။ တကယ်တော့ နောက်ကျနေပြီ ဖြစ်၏။
“ဝုန်း!” မြေပြင် တုန်ခါသွားပြီး ဧရာမ အင်အားက ဒါဆာကို လွင့်စင် သွားစေ ခဲ့သည်။
သွားပြီ။ ဒါဆာ ပထမဆုံး ခံစားမိသည် မှာ စိတ်ပျက်အားငယ်မှုပင်။ သို့သော် သူ ချက်ချင်း သဘောပေါက် လိုက်၏။ နေပါဦး! တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ကိုယ့်ကိုယ်ကို ဖောက်ခွဲတဲ့ စွမ်းအားက ဒီလောက် အားမနည်း နေသင့်ဘူး။ တစ်ခုခုက ဖိနှိပ်တာ ခံလိုက်ရ သလိုပဲ။
ထိုအချိန်မှာ အနီရောင် ကြယ်အလင်း တစ်ခု ထွန်းလင်းလာပြီး ချပ်ကာ ဝတ်ထားတဲ့ ပုံရိပ်တစ်ခုက ပေါက်ကွဲမှု အလယ်ဗဟိုမှာ ပေါ်လာ၏။ အံ့သြစရာ ကောင်းတဲ့ စွမ်းအင်တစ်ခုက သူ့လက် နှစ်ဖက်ရဲ့ အလယ်ဗဟိုမှာ လည်နေ၏။ ထိုစွမ်းအင်က ရှီရို သူ့အသက်ကို စတေးပြီး ဖောက်ခွဲခဲ့သော တိုင်းပြည် စွမ်းအားပင်။
လက်ဖဝါးများကို ပေါင်းစပ်လိုက်ပြီး နောက်တွင် ကြောက်မက်ဖွယ်ရာ တိုင်းပြည် စွမ်းအားက မှုတ်ထုတ် လိုက်သော ဖယောင်းတိုင်မီး ကဲ့သို့ပင် ငြိမ်းသွားလေသည်။
ဒါဆာက ကိုယ်ခန္ဓာတစ်ခုလုံးတွင် ပြင်းထန်သော စွမ်းအားများ ထုတ်လွှတ် နေသော လူသားကို တုန်လှုပ်စွာ ကြည့်နေခဲ့သည်။ ကြယ်များကဲ့သို့သော မျက်လုံးများကို ကြည့်လိုက်သောအခါ သူ့စိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက် သွားသည်။ သူက လေးလေးနက်နက် အရိုအသေ ပြုလိုက်၏။
မှော်ပညာရှင် မျှော်စင် အဖွဲ့ တိုက်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။ လစ်ဒ်ကို ကယ်တင်ပြီးနောက် ချန်လွေ့က စွမ်းအားမရှိသော မှော်စက်ဝိုင်းပညာရှင် အဖြစ် ပြနေခဲ့သည်။ ဒါဆာက သူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည်မဟုတ်။ သူက ရီအယ်ဒို သေဆုံးခြင်းကို လစ်ဒ်အား ပြောပြလိုက်၏။ နတ်သူငယ် တစ်ပိုင်းက မိသားစုနှင့် ပူးပေါင်းပြီး အပြစ်မဲ့ သူများကို ညှဉ်းပန်းနှိပ်စက် ခဲ့ကြောင်း၊ ထို့ကြောင့် ထိုက်သင့်သော အပြစ်ပေးခြင်းကို ခံရကြောင်းလည်း ပြောဆို ခဲ့သည်။ သူက ရှီရို အကြောင်း ဘာမှမပြောခဲ့ပေ။ ၎င်းသည် နတ်သူငယ် မျိုးနွယ်၏ အတွင်းရေး ကိစ္စ ဖြစ်၏။
ထိုသို့ ဆိုသည့်တိုင် လစ်ဒ်ကို အံ့သြ စေခဲ့သည်။ ရီအယ်ဒို၏ သေဆုံးမှုက ဇိုလာနှင့် တစ်ခုခု ပတ်သက်မှု ရှိနေရ ပေမည်။ ဒီအမျိုးသမီးမှာ ဒီလောက် ကြီးမားတဲ့ ‘စွမ်းအား’ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီပဋိပက္ခက လုံးဝ ပြေလည်သွားခဲ့ပြီ။
ဒါပေမယ့် အဖြူရောင် မျှော်စင်က သေဆုံးသွားတဲ့ အက်ဒ်ကိုရော ဘယ်လို လုပ်မလဲ။ မြို့တော်ကို ငါ ဘယ်လို ရှင်းပြရမလဲ။
လစ်ဒ်က ချန်လွေ့နှင့် ဇိုလာတို့နှင့် အတူ သဘာဝမျှော်စင် နေရာလွတ်မှ ထွက်ခွာလာခဲ့သည်။ စိတ် မငြိမ်မသက် ဖြစ်နေစဉ် နောက်ထပ် ဆိုးရွားသော သတင်းတစ်ခု ရောက်လာ၏။
မိုဂက်စ် မိသားစု၏ ခေါင်းဆောင် မိုယာသည် ဂျာဒါ မြို့စား ဗာနယ်ထံသို့ တိုင်ကြားခဲ့သည်။ လစ်ဒ်က ဝရမ်းပြေး တက်ဇ်ညီအစ်မများကို ကာကွယ်ပေးပြီး မိုဂက်စ် မိသားစု၏ အမွေခံ ဗစ်ဇိုကို ဒဏ်ရာရစေခဲ့ကာ မိသားစု အကြီးအကဲ ရီအယ်ဒိုအား ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ဗာနယ်သည် မော်ဒန်း မိသားစု၏ လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီကိုကို ဝိုင်းရံရန် စစ်တပ် စေလွှတ်ခဲ့သည်။ ဂျာဒါမြို့ရှိ မော်ဒန်းမိသားစု၏ ခေါင်းဆောင် နီမိုက မှော်ပညာရှင်မျှော်စင်အဖွဲ့သို့ အကူအညီ တောင်းခံရန် လူတစ်ဦးကို စေလွှတ်ခဲ့၏။
မူလက မိုဂက်စ်မိသားစု အင်အားနှင့် မော်ဒန်း မိသားစုကို ခြိမ်းခြောက်နိုင်စွမ်း မရှိသော်လည်း မြို့တော်ဝန် ဗာနယ် နောက်ကွယ်တွင် မော်ဒန်း မိသားစု၏ နိုင်ငံရေးပြိုင်ဘက် ရီဂီယန်နာ မိသားစု ရှိနေခဲ့သည်။ နှစ်ဖက်မှ အဆင့်မြင့် အရာရှိများသည် လွှတ်တော် အဆောက် အအုံ၌ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။ ၎င်းတို့နောက်ကွယ်ရှိ ပဋိပက္ခများနှင့် ပွတ်တိုက်မှုများက သေးသေး ကြီးးကြီး အဆုံးမရှိခဲ့ပေ။
မိုဂက်စ် မိသားစုသည် မူလက သေးငယ်သော ကြားနေ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်သည်။ သို့သော် ယခု မိုယာက ဗာနယ်ကို စတင် တိုင်ကြား လိုက်ခြင်းက ရီဂီယန်နာ မိသားစုဘက်မှ သူ ရပ်တည်ကြောင်း အဓိပ္ပာယ်ပင်။
ဗာနယ်က ဂျာဒါ မြို့ မြို့စားဖြစ်ပြီး လစ်ဒ်သည် မှော်ပညာရှင် မျှော်စင် အဖွဲ့ရှိ သူတော်စင်အဆင့် မှော်ပညာရှင် သုံးဦး ထဲမှ တစ်ဦး ဖြစ်သည်။ သူသည် ကျက်သရေပြာအင်ပါယာနှင့် နတ်သူငယ် မျိုးနွယ်အစည်းအရုံး ကိုယ်စားလှယ် လည်း ဖြစ်သည်။ နှစ်ဖက်စလုံးသည် မတူညီသော နေရာများတွင် အရေးပါသော ရာထူးများကို ပိုင်ဆိုင် ထားသည်ဟု ယူဆရသည်။ ပုံမှန် အားဖြင့် သူတို့က တစ်ဦးနှင့် တစ်ဦး ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။
သို့သော် လတ်တလော နှစ်များ အတွင်း လွှတ်တော်၏ အခြေအနေမှာ မခန့်မှန်းနိုင် ဖြစ်နေပြီး မိသားစုကြီး နှစ်ခုကြား ပဋိပက္ခများ တိုးလာနေ၏။ ယခု ၎င်းတို့သည် ထိုအခွင့်အရေးကို ရရှိထားရာ ထိုဖြစ်ရပ်ကို ကြီးကြီးမားမား အငြင်းပွားရန် အသုံးပြု ကြသည်မှာ သဘာဝကျပေသည်။
ဗစ်ဇိုကြောင့်သာဆိုလျှင် ကိစ္စ မရှိပေ။ ရပါတယ်။ လစ်ဒ်ကို အမှန်တကယ် စိုးရိမ်စေသည်က အက်ဒ် အကြောင်းပဲ။ အကြောင်းမှာ အက်ဒ်၏ တကယ့် သရုပ်မှန်က ကျက်သရေပြာအင်ပါယာမှ ဘုရင် ခလွန်တာ၏ တရားမဝင်သော သားတော် ဖြစ်နေခြင်းပင်။
ခလွန်တာက ထိုသားတော်ကို အလွန် အရေးထားပြီး လစ်ဒ်ကို သူ့အား အထူး ဂရုစိုက်ရန် အမိန့်ပေးခဲ့သည်။ သို့သော် အခု အက်ဒ်က ရှီရိုကြောင့် အသတ် ခံလိုက်ရ၏။ ထိုတိုက်ပွဲ အကြောင်းရင်းက လစ်ဒ်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ် နေသည်။ ထိုကိစ္စ ဖြစ်လာသည်နှင့် လစ်ဒ် ကိုယ်တိုင် သို့မဟုတ် မော်ဒန်း မိသားစု တစ်ခုလုံးအတွက် စိတ်ကူး၍မရနိုင်သော အကျိုးဆက်များ ဖြစ်လာနိုင်ပေသည်။
ချန်လွေ့က ဖြစ်စဉ် တစ်ခုလုံးကို အကုန် သိသွားပြီးနောက် ခဏတာ တိတ်ဆိတ်နေပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
မကြာခင်မှာပင် ဂျာဒါ မြို့တစ်မြို့လုံးကို သတင်းများ ပျံ့နှံ့သွားခဲ့၏။ မိုဂက်စ် မိသားစုမှ ဗစ်ဇိုက မင်းသမီး လန်ဘိစ်နှင့် လက်ထပ်ရန် ရောက်လာခဲ့သော နဂါး လင်းလက် အင်ပါယာမှ တတိယမြောက် မင်းသား အာသာရိုလန်ကို စော်ကားပြီး ထိခိုက်စေခဲ့လေသည်။
ကမ္ဘာကျော် ရွှေရောင်နယ်မြေအရှင်၊ ယန္တရား မဟာဆရာသခင် မင်းသား အာသာက နဂါးလင်းလက် အင်ပါယာ တစ်ခုလုံးကိုယ်စား ကျက်သရေပြာ အင်ပါယာကို အပြင်းအထန် ဆန္ဒပြ ခဲ့လေသည်။