ကြိုတင်တွေ့ဆုံခြင်း
Vol. 61 Ch. 988
ဂျာဒါမြို့ လမ်းများနှင့် လမ်းကြားထဲ၌ လွန်ခဲ့သော နှစ်ရက်အတွင်း ဖြစ်ခဲ့သည့် ကိစ္စများကို လူအများက အပြင်းအထန် ဆွေးနွေးနေကြသည်။
အတင်း အဖျင်းများက အမြဲပင် အမြန်ဆုံး ပျံ့နှံ့ကြ၏။ ဗစ်ဇို၏ ‘ဥ-ပေါက်ကွဲ’သော ကိစ္စက ဂျာဒါ တစ်မြို့လုံး ပျံ့နှံ့သွားခဲ့သည်မှာ ကြာခဲ့လေပြီ။ စာရေး ပါဘိုကို ဗစ်ဇိုက လောင်းကစားကြွေး တင်အောင် ပြုလုပ်ပြီး ကိုယ့်ကိုယ်ကို သတ်သေစေရန် ကြံစည်ခဲ့သည်။ ဗစ်ဇိုက ပါဘို၏ သမီးများဖြစ်ကြသော တက်ဇ်နှင့် ခီလီကို အကြွေးတောင်းခြင်း နာမည်ခံပြီး လုရန် ကြိုးစားခဲ့သည်။ ကြယ်အလင်း ကောလိပ်မှ ပြန်လာရုံသာ ရှိသေးသော တက်ဇ်နှင့် စေ့စပ်ထားသူ ခယ်ဒေလာက တက်ဇ်ကို အင်အား အကုန်သုံးပြီး ကယ်ရန် ကြိုးစားခဲ့သည်။
ခယ်ဒေလာ၊ တက်ဇ်နှင့် သူရဲ့ညီမတို့ ဗစ်ဇို စေလွှတ်တဲ့ တိုက်ခိုက်ရေး သမားတွေရဲ့ ဝိုင်းရံပိတ်ဆို့ခြင်းခံနေရပြီး အန္တရာယ်ကျရောက်နေချိန် မှော်ပညာရှင် မျှော်စင်အဖွဲ့မှ သူတော်စင် အဆင့် မှော်ပညာရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သူ လစ်ဒ်က မိတ်ဆွေနှစ်ယောက်နှင့်အတူ ဖြတ်သွားရင်း တရားသဖြင့် အကူအညီ ပေးခဲ့သည်။ ထို့နောက် ဗစ်ဇိုက ကိုယ်တိုင် လာရောက် ဖမ်းဆီးခဲ့တယ်။ သို့သော် ထိုအချိန် လစ်ဒ်က ထိုနေရာ၌ မရှိတော့ပေ။ ဗစ်ဇိုကို လစ်ဒ်၏ မိတ်ဆွေက တိုက်ခိုက်ခဲ့ပြီး ဗစ်ဇိုက အစုလိုက် အပြုံလိုက် ဖျက်ဆီးသော မှော်စာလိပ် [ငရဲမီးတောက်] ကို စတင် အသုံးပြုခဲ့သည်။ ကံကောင်းစွာပင် လစ်ဒ် အချိန်မီ ရောက်လာပြီး စာလိပ် ပေါက်ကွဲမှုကို တားဆီး နိုင်ခဲ့သည်။ သို့မဟုတ်ပါက ရှိရှိသမျှ လူရာပေါင်း များစွာ သေဆုံးခဲ့မည် ဖြစ်သည်။
လစ်ဒ်က [ငရဲမီးတောက်] ကို တားဆီး ပြီးနောက် လစ်ဒ်၏ မိတ်ဆွေများထဲမှ မျက်နှာလွှားနှင့် အမျိုးသမီးက ဒေါသတကြီး တိုက်ခိုက်ပြီး ဗစ်ဇို၏ ခန္ဓာကိုယ် အောက်ပိုင်းကို ဖောက်ခွဲပစ် လိုက်သည်။ ထိုအချိန်မှာ လစ်ဒ်ကဲ့သို့ မှော်ပညာရှင်မျှော်စင်အဖွဲ့မှ သူတော်စင် အဆင့် ဖြစ်သော ရီအယ်ဒို ရောက်လာပြီး ထိုအမျိုးသမီးကို မိုက်မိုက် ရိုင်းရိုင်း ပြောဆိုခဲ့သည်။
ရီအယ်ဒို၏ မိခင်က မိုဂက်စ် မိသားစု၏ ကိုယ်လုပ်တော် ဖြစ်ပြီး ငယ်ငယ်ကတည်းက ကွယ်လွန်ခဲ့ကြောင်း ပြောကြသည်။ မိုဂက်စ် မိသားစု ခေါင်းဆောင် မိုယာနှင့် ရီအယ်ဒိုတို့က ငယ်စဉ် ကတည်းက ဆက်ဆံရေး ကောင်းခဲ့ပြီး ရီအယ်ဒိုက မိုဂက်စ် မိသားစုထဲသို့ ဝင်ရောက်ခဲ့သည်။ မှော်ပညာရှင်မျှော်စင်အဖွဲ့မျ မှော်ဆရာ သခင် တစ်ဦး ဖြစ်လာပြီးနောက် သူက မိုဂက်စ် မိသားစုရဲ့ ခိုင်မာတဲ့ နောက်ခံ ဖြစ်လာခဲ့သည်။
ရီအယ်ဒို၏ ရိုင်းရိုင်း စိုင်းစိုင်း စကားလုံးများက မျက်နှာလွှားနှင့် အမျိုးသမီး၏ အမျက် ဒေါသကို နှိုးဆွခဲ့သည်။ ထို့ကြောင့် မှော်ပညာရှင် မျှော်စင်အဖွဲ့မှ သူတော်စင် အဆင့် မှော်ဆရာသခင် သုံးဦးထဲမှ တစ်ဦး ဖြစ်သည့် ထိုသူက ဗစ်ဇို၏ ခြေရာနင်း၍ သနားစရာ ‘ဥ-ပေါက်ပွဲ’ ခံခဲ့ရသည်။ ထို့နောက် မှော်ပညာရှင် မျှော်စင် အဖွဲ့မှ အရေးကြီးသော ပုဂ္ဂိုလ် တစ်ဦး တိုက်ပွဲသို့ ဝင်ရောက်လာပုံ ရသည်။ ထို့နောက် ရီအယ်ဒို၊ မျက်နှာလွှားနှင့် အမျိုးသမီးနှင့် ထိုအရေးကြီးသော ပုဂ္ဂိုလ်တို့ တချိန်တည်း ပျောက်ကွယ် သွားခဲ့သည်။ လစ်ဒ်သည် ခယ်ဒေလာ၊ တက်ဇ်နှင့် သူ၏ညီမတို့ကို မိုဂက်စ် မိသားစု၏ ဘေးအန္တရာယ်မှ ရှောင်ရှားရန် လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီတွင် နေထိုင်ရန် စီစဉ်ပေးခဲ့သည်။ ထို့နောက် သူက တိုက်ခိုက်နိုင်စွမ်း မရှိပုံရသော အခြားမိတ်ဆွေ တစ်ဦးနှင့် အတူ ထွက်သွားခဲ့သည်။
မိုဂက်စ် မိသားစု၏ ခေါင်းဆောင် မိုယာသည် မြို့တော်ဝန် ဗာနယ်ထံ ချက်ချင်း အစီရင်ခံ တင်ပြခဲ့သည်။ မိသားစု၏ အမွေခံ ဗစ်ဇိုသည် မော်ဒန်း မိသားစု၏ နှိပ်စက်ခြင်းကို ခံရပြီး အမျိုးသားစွမ်းဆောင်ရည် ဆုံးရှုံးခဲ့ကာ မျိုးဆက်ကို ဆက်လက် ထိန်းသိမ်း နိုင်စွမ်း မရှိတော့ကြောင်း ဆိုခဲ့သည်။ ထိုကိစ္စက အတော်လေး ယုတ်မာလှ သောကြောင့် ဗာနယ်သည် လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီကို ဝိုင်းရံရန် ချက်ချင်း စစ်တပ် စေလွှတ်ခဲ့သည်။
မော်ဒန်း မိသားစုက ကျက်သရေပြာ အင်ပါယာ၏ ဧရာမ မိသားစုများထဲမှ တစ်ခုဖြစ်ပြီး လွှတ်တော် ညီလာခံတွင် သိသာထင်ရှားသော ပြောပိုင်ခွင့် ရှိ၏။ ထို့အပြင် လစ်ဒ်သည် မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော စွမ်းအားရှိသည့် သူတော်စင် အဆင့် မှော်ဆရာသခင် သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။ လင်းလက် ကုန်သွယ်ရေး ကုမ္ပဏီက လူရှာရန် တောင်းဆိုမှုကို ငြင်းဆိုပြီးနောက် နှစ်ဖက်စလုံး ခဏတာ ရပ်တန့်နေခဲ့ကြသည်။
မြို့တော်ဝန် ဗာနယ်က ကိုယ်တိုင် ကြီးကြပ်ရန် ရောက်လာခဲ့တယ်။ ပဋိပက္ခ တစ်ခု ဖြစ်တော့မည့်အချိန် သူတော်စင် အဆင့် မှော်ပညာရှင် လစ်ဒ် ပေါ်လာပြီး ပဋိပက္ခကို တားဆီးခဲ့သည်။ ထိုအချိန် ပိုအရေးကြီးသော ကိစ္စ တစ်ခုနဲ့ ပတ်သက်သည့် ကြေညာချက်ကို မြို့တော်ထံ အစီရင်ခံဖို့ လိုအပ်ခဲ့သည်။ လစ်ဒ်နှင့် ခဏတာ ဆွေးနွေးပြီးနောက် ဗာနယ်က စစ်တပ်နဲ့အတူ ထွက်ခွာ သွားခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှု ခဏတာ ရပ်တန့်သွားခဲ့သည်။
မိုဂက်စ် မိသားစုမှ ဗစ်ဇိုသည် မကောင်းမှု များစွာကို ကျူးလွန်ခဲ့ပြီး လူအများကြီးကို ဒုက္ခပေးခဲ့သည်။ ထိုဖြစ်စဉ်တွင် သူ ‘ဥပေါက်ကွဲ’ ခဲ့ခြင်းမှာ အလွန် ကျေနပ်စရာ ကောင်းပေသည်။ မိုယာသည် နစ်နာသူများကို တရား စွဲဆိုသည့် လူယုတ်မာ ဖြစ်နေပြီး ယခု တက်ဇ်၊ သူ၏ညီမနှင့် ခယ်ဒေလာ တို့က ‘ဝရမ်းပြေးများ’ ဖြစ်လာခဲ့၏။ ထိုအရာက လူအများကို အမျက်ဒေါသ များစွာ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် အဆင့်အတန်း တစ်ခုသို့ ရောက်ရှိနေသူများက ဗစ်ဇို မသန်မစွမ်း ဖြစ်သည်ဖြစ်စေ တက်ဇ် ညီအစ်မများ ဝရမ်းပြေးများ ဖြစ်လာသည် ဖြစ်စေ ၎င်းတို့က သာမန် ကိစ္စများသာ ဖြစ်သည်ကို သိရှိကြသည်။ အလွန်ဆုံး ၎င်းတို့က ဖြစ်စဉ်တစ်ခုကို စတင်ရန် ဆင်ခြေသာ ဖြစ်သည်။ အမှန်တကယ် အာရုံစိုက်ရမည့်အရာမှာ ဧရာမ နှစ်ခု ဖြစ်သည့် ရီဂီယန်နာ မိသားစုနှင့် မော်ဒန်း မိသားစုတို့၏ ထိပ်တိုက် တွေ့ဆုံမှုပင်။
ထိုအရာက ကျက်သရေပြာအင်ပါယာ နယ်မြေတစ်ခုလုံး ဆက်တိုက် တုံ့ပြန်မှု ဖြစ်ပေါ်စေနိုင်၏။ သို့သော် တုံ့ပြန်မှုများ မစခင်မှာပင် မမျှော်လင့်ထားသော ကိစ္စ တစ်ခု ဖြစ်သွားခဲ့သည်။
လစ်ဒ်၏ မိတ်ဆွေ နှစ်ဦးထဲတွင် ရီအယ်ဒိုကို စက္ကန့်ပိုင်းအတွင်း ‘ပေါက်ကွဲ’ စေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးက သူတော်စင် အဆင့်ထက် သာလွန်သော နတ်ဘုရား တစ်ပိုင်း တစ်ဦး ဖြစ်သည်မှာ သံသယ ဖြစ်စရာ မရှိပေ။ (သာမန်လူများ၏ အသိတွင် သူတော်စင် အဆင့် အထက်တွင် ‘နတ်ဘုရားတစ်ပိုင်း’ ဖြစ်၏) အခြား အားနည်းသော အမျိုးသားမှာမူ သာမန် အင်ပါယာများနှင့် တိုင်းပြည်များအတွက် ပို၍ အရေးကြီးသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်လေသည်။
နဂါးလင်းလက် အင်ပါယာမှ တတိယ မင်းသား၊ ရွှေရောင်နယ်မြေ အရှင်၊ လူသားတို့၏ ထိပ်တန်း ယန္တရား မဟာဆရာသခင် အာသာ ရိုလန်ပင်။
ကျက်သရေပြာအင်ပါယာ အတွက် အာသာသည် အရေးအကြီးဆုံး သရုပ် တစ်ခုလည်း ရှိနေပြီး ၎င်းက မင်းသမီး လန်ဘိစ် ရှာဘတ်နှင့် စေ့စပ်ထားသူ ဖြစ်ခြင်းပင်။ ယခုတစ်ကြိမ် သူသည် စေ့စပ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် လာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခင် ‘ဥပေါက်ပွဲ’ ဖြစ်ရပ်၏ အမှန်တရားက အောက်ပါ အတိုင်း ဖြစ်လာတော့သည်။ ဗစ်ဇိုက လူအုပ်ထဲ [ငရဲမီးတောက်] စာလိပ်ကို အရူးအမူး အသုံးပြု လိုက်ခြင်းက မင်းသား အာသာကို အလွန် အမင်း ထိတ်လန့် သွားစေခဲ့တယ်။ ထို့ကြောင့် သူ့၏ ‘ဥ’ ကို မင်းသား အာသာ အစောင့်အရှောက်က အပြစ်ပေးသော အနေဖြင့် ဖောက်ခွဲပစ် လိုက်သည်။ ထို့နောက် ရီအယ်ဒို ရောက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို မလေးမစား ပြောဆိုခဲ့ သောကြောင့် ထိုအမျိုးသမီးက ဒေါသ တကြီးဖြင့် ရီအယ်ဒိုကိုပါ ‘ဥပေါက်ကွဲ’ စေခဲ့သည်။
ထို့နောက် အမှန်ပင် ကြောက်စရာ ကောင်းသော အဖြစ်အပျက် တစ်ခု ဖြစ်သွားခဲ့သည်။ မှော်ပညာရှင် မျှော်စင် အဖွဲ့ နောက်ကွယ်မှ အရေးကြီး ပုဂ္ဂိုလ်၊ ဆိုလိုသည်မှာ ရီအယ်ဒို၏ ဆရာ ပေါ်လာခဲ့ပြီး မင်းသား အာသာ၏ အစောင့်အရှောက်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ကာ ရီအယ်ဒိုကို ခေါ်ဆောင် သွားခဲ့သည်။
လစ်ဒ်၏ ကာကွယ်မှုများ ရှိသော်လည်း မင်းသား အာသာက တိုက်ပွဲကြောင့် ဒဏ်ရာများ ရခဲ့သည်။ သူ့၏ စိတ်ဝိညာဉ် စွမ်းအားက ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် အစောင့် အရှောက်က ရီအယ်ဒို၏ ဆရာကို မှော်ပညာရှင် မျှော်စင် အဖွဲ့ထဲအထိ လိုက်ဖမ်းခဲ့သည်။ မြေကြီး တုန်လှုပ်မတတ် တိုက်ပွဲတစ်ခု ဖြစ်ပြီးနောက် မှော်ပညာရှင် မျှော်စင် အဖွဲ့မှ နောက်ထပ် အမျိုးသမီးတစ်ဦးက ဝင်ရောက် ညှိနှိုင်းခဲ့ပြီး အငြင်းပွားမှုကို ခဏတာ ဖြေရှင်းနိုင်ခဲ့သည်။
ယခု မင်းသား အာသာ၏ ဒဏ်ရာ မပျောက်သေးရာ မင်းသမီး လန်ဘိစ်နှင့် စေ့စပ်ပွဲ အခမ်းအနားသို့ ယာယီ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ နဂါး လင်းလက် အင်ပါယာသံတမန်အဖွဲ့က ကျက်သရေပြာ အင်ပါယာသို့ တရားဝင် ဆန္ဒပြခဲ့သည်။
ကျက်သရေပြာ မြို့တော်က ချက်ချင်း တုံ့ပြန်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူများကို ပြင်းထန်စွာ အပြစ်ပေးမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ဂျာဒါ မြို့တော်ဝန် ဗာနယ်ကို မြို့တွင်း လုံခြုံရေး အမြန်ဆုံး ပြင်ဆင်ရန်နှင့် မင်းသား အာသာကို အပြည့်အဝ ကာကွယ်ရန် အမိန့်ပေး ခဲ့သည်။ ထိုအချိန် သိဒ္ဓိအလင်းတောင်မှ ရေဖျန်း ဘုန်းတော်ကြီး သုံးပါးထဲမှ တစ်ပါး ဖြစ်သော ဂရာလင်က ကျက်သရေပြာ မြို့တော်ကို လာရောက် လည်ပတ်နေခဲ့သည်။ ကျက်သရေပြာ အင်ပါယာ၏ ဘုရင် ခလွန်တာ၏ တောင်းဆိုချက်အရ ဂရာလင်သည် ကျက်သရေပြာ အင်ပါယာ၏ ပထမ မင်းသား ဒူရန်ဒယ်နှင့်အတူ ဂျာဒါမြို့ကို သွားရောက်ခဲ့သည်။
နဂါး လင်းလက် အင်ပါယာ၏ ‘သတို့သမီး လိုက်လံ ပို့ဆောင်ရေး’ သံတမန်အဖွဲ့က အခြေအနေ တစ်ခုလုံး၌ မခန့်မှန်းနိုင်သော အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။ မော်ဒန်း မိသားစုကို အကောက်ကြံရန် စီစဉ်ထားသော ဗာနယ် စိတ်ဓာတ် ကျနေခဲ့သည်။ လစ်ဒ်က မှော်ပညာရှင် မျှော်စင် အဖွဲ့၏ သူတော်စင် အဆင့် မှော်ဆရာသခင် သုံးဦးထဲမှ တစ်ဦး ဖြစ်သော်လည်း သူသည် ပုံမှန်အားဖြင့် အထင်အရှား မနေတတ်သူ ဖြစ်သည်။ လစ်ဒ်ထံမှ မမျှော်လင့်သော ထိုးနှက်မှုကို ယခု ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လစ်ဒ်က စေ့စပ်ပွဲအခမ်းအနား လာရောက်သော နဂါးလင်းလက်အင်ပါယာ၏ တတိယ မင်းသားနှင့် တိတ်တဆိတ် ရင်းနှီးနေ၏။ ထို့နောက် ထိုမင်းသားက ပြဿနာထဲ ပါဝင်လာခဲ့သည်။ ထိုအရာက တကယ် တိုက်ဆိုင်မှု သက်သက်ပေလား။
မည်သို့ပင် ဖြစ်စေကာမူ နဂါး လင်းလက် အင်ပါယာ၏ တတိယ မင်းသားက ဂျာဒါမြို့တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဗစ်ဇို၏ [ငရဲမီးတောက်] ဖြစ်ရပ်ဆိုးကြီးကြောင့် မြို့တော်ဝန်က အပြစ်တင်ခံ နေရသည်။ ယခုအခါ အင်ပါယာ၏ မျက်လုံးများစွာသည် ဂျာဒါ ကို စူးစိုက်ကြည့်နေကြသဖြင့် မဆင်မခြင် ဆက်လက်လုပ်ဆောင်၍ မရတော့ပေ။ သူတို့က မင်းသားအာသာ နှစ်သိမ့်ရန် အစွမ်းကုန်သာ ကြိုးစား နိုင်ခဲ့ပြီး လစ်ဒ်ကို ကိုင်တွယ်ရန် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရ၏။
ရက်အနည်းငယ် ကြာပြီးနောက်တွင် မင်းသား ဒူရန်ဒိုနှင့် သိဒ္ဓိကျောင်းတော်မှ ရေဖျန်း ဘုန်းတော်ကြီး ဂရာလင်တို့ ဂျာဒါမြို့ကို နောက်ဆုံးတွင် ရောက်ရှိလာ ခဲ့ကြသည်။ မြို့တော်ဝန် ဗာနယ်နှင့်အတူ သူတို့သည် အိပ်စက်နှင်းဆီ အရေးကြီး ပုဂ္ဂိုလ် တည်းခိုခန်းသို့ ချက်ချင်း ရောက်ရှိ လာခဲ့ကြသည်။ ယခုတွင် ထိုတည်းခိုခန်းက ပြင်းပြင်း ထန်ထန် စောင့်ကြပ်ခံထားရသည်။ နဂါးလင်းလက် အင်ပါယာ၏ သံတမန် အဖွဲ့နှင့် မသက်ဆိုင်သောသူများကို ထွက်ခွာရန် တောင်းဆိုခဲ့သည်။
ဂရာလင်က ချန်လွေ့ကို မြင်သောအခါ အံ့အားသင့် သွားလေသည်။ တတိယ မင်းသားက ပိန်လှီနေ၏။ မျက်လုံးများက ချိုင့်ဝင်နေပြီး ထုတ်လွှတ်သော ဝိညာဉ် စွမ်းအားကလည်း မတည်ငြိမ်ပေ။ သူက အတော်လေး ထိခိုက်ခဲ့သည်မှာ သေချာ နေပေသည်။
ဒူရန်ဒိုက လာရာလမ်းတွင် ထိုအဖြစ် အပျက်၌ နဂါးလင်းလက် အင်ပါယာ သံတမန်အဖွဲ့၏ အခန်းကဏ္ဍကို စဉ်းစား နေခဲ့သည်။ ‘အာသာ’၏ ပုံစံကို မြင်သောအခါ ထင်ထားသည်ထက် ပို၍ ပြင်းထန်နေရာ သူ ထိတ်လန့်သွား၏။ သူက ဂရာလင်အား ချက်ချင်းပင် အလျင်အမြန် ကုသခိုင်းလိုက်သည်။
အမှန်တကယ်၌ သူတို့နှစ်ယောက်က ‘အာသာ’ သည် သူတို့နှစ်ယောက် မလာခင် မိနစ်အနည်းငယ် အလိုမှာပင် ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့နှင့် အတူ အခန်းထဲ အားရပါးရ စားသောက် နေခဲ့မည်ဟု လုံးဝ မတွေးထား မိခဲ့ကြပေ။ ထို ‘သနားစရာအခြေအနေ’က တကယ် ဟန်ဆောင်နေခြင်းပင်။
ဂရာလင်က သိဒ္ဓိအလင်း အင်ပါယာ အတွက် ထိုမင်းသား ‘အာသာ’၏ အဓိပ္ပာယ်ကို အသေအချာ သိရှိထား သောကြောင့် မည်သည့် အမှားအယွင်းမှ မရှိစေခဲ့ပေ။ ယခု သူက ချန်လွေ့၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ် စွမ်းအားကို ပျိုးထောင်ပေးရန် အသန့်စင်ဆုံးသော အလင်းဒြပ်စင်စွမ်းအားကို အပြည့်အဝ အသက်သွင်းခဲ့သည်။ [ကောင်းချီး အလင်းခန္ဓာ]ကြောင့် ကုသမှုက အလွန် ထိရောက်ခဲ့သည်။ ချန်လွေ့၏ စိတ် ဝိညာဉ်က အတော်လေး တိုးတက် လာလေသည်။
ဂရာလင် သက်ပြင်း ချလိုက်၏။ ထိုရက်ပိုင်း အတွင်း၌ နေ့ရောညပါ လမ်းတလျှောက် အလျင်စလို သွားခဲ့ရ ခြင်းကြောင့် သူ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ အလင်းဒြပ်စင် စွမ်းအားကို အပြည့်အဝ အသက်သွင်းပြီးနောက် သူ ပင်ပန်းလာခဲ့သည်။ အသက်ကြီးပြီ ဖြစ်သော ဒူရန်ဒို လည်း ပင်ပန်းနွမ်းနယ် နေပြီ ဖြစ်သည်။ နောက်ကျနေပြီ ဖြစ်ရာ ချန်လွေ့ကို အနှောင့်အယှက် ပေးရန် မသင့်တော်တော့သောကြောင့် သူတို့က စိတ်ချပြီး ထွက်ခွာသွားကြသည်။
သို့သော်လည်း ဂရာလင်သည် ဒူရန်ဒို နှင့်အတူ မြို့တော်ဝန် အိမ်တော်သို့ အနားယူရန် မသွားဘဲ အာသာ၏ ဒဏ်ရာများကို အချိန်မရွေး ကုသပေး နိုင်ရန် တည်းခိုခန်းတွင် နေထိုင်ခဲ့သည်။
“ဟန်ဆောင် မနေနဲ့တော့။” ပါ့ဂ်လီအိုက အခန်းထဲ ပြန်ရောက်လာပြီး ချန်လွေ့ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။ “ဒီလောက် အစွမ်းထက်တဲ့ အသွင်ပြောင်းပညာကို နေမကောင်းဟန်ဆောင်ဖို့ သုံးနေတာ ရှက်စရာပဲ။”
ချန်လွေ့ ပခုံးတွန့်လိုက်၏။ “ခင်ဗျားက မနာလိုဖြစ်နေတာပဲ။”
ပါ့ဂ်လီအိုက သူ့ကို စောင်းပြီး ကြည့်လိုက်သည်။ “မင်းကို မနာလိုတယ် ဟုတ်လား။”
“ဒါဆို ကျုပ်အိမ်ပေါ်မှာ နဂါးမတွေ အစုလိုက် အပြုံလိုက် ခေါ်ပြီးတော့ လာပျံရဲလား။”
“ဟမ့်!” ဆရာသခင် အဆိပ်နဂါးက ထခုန်လုမိမတတ် ဖြစ်သွားခဲ့သည်။ ထိုအခန်းက အသံလုံ မှော်စက်ဝိုင်း ရှိသည်။ ထို့ကြောင့် ဘေးအခန်းက ကြားသွားမည်ကို မကြောက်ဘူးပေ။ “ငါက သစ္စာရှိတယ်။ အဲဒီတော့ ဘာဖြစ်လဲ။”
“တကယ် မနာလို မဖြစ်ဘူးလား။”
“ဟမ့်!ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ ကောင်ပဲ။”
“ကျုပ်က ဇိုလာ အကြောင်း ပြောနေတာ...”
“...”
ပါ့ဂ်လီအို ဆွံ့အသွား၏။ ဒါက တကယ်ကို နာကျင်စရာ အချက်ပဲ။ မနာလိုဘူးလို့ ပြောရင် လိမ်သလို ဖြစ်နေမယ်။ ကျောက်နက်တောင်ခြေ ကနေ လမ်းခွဲတုန်းက အဲဒီမိန်းမက တိုင်းပြည် အဆင့် ထိပ်သီးပိုင်းမှာပဲ ရှိသေးတယ်။ ရက်အနည်းငယ်လေးပဲ ရှိသေးတယ်။ နတ်ဘုရား တစ်ပိုင်း အဆင့်ကို ရောက်သွားပြီ။
ထိုအရူးမက ယခင်က ရက်စက် ကြမ်းကြုတ်ခဲ့သော်လည်း ဆရာသခင် အဆိပ်နဂါးနှင့် အဆင့်အတူတူ ဖြစ်ခဲ့၏။ နှစ်အနည်းငယ်အတွင်း ဆရာသခင် အဆိပါနဂါးက နတ်ဆိုးအရှင်သခင် အဆင့်မှ တိုင်းပြည်အဆင့် အလတ်ပိုင်း ရောက်ရှိလာခဲ့သည်။ ထိုအမြန်နှုန်းက ရွယ်တူများနှင့် ယှဉ်ရင် အတော်လေး ကောင်းမွန်သည်ဟု ပြော၍ ရနိုင်၏။ သို့သော်လည်း ထိုအရူးမက ယခုတွင် အမှန်တကယ် နတ်ဘုရား တစ်ပိုင်း အဆင့်ကို ရောက်နေလေပြီ။
ဆေးရည်မည်း၊ ဥပဒေဿ အပိုင်း အစ၊ အဆောင်ပစ္စည်း-ယောင်၊ ကြယ် အပ်နှင်းခြင်း... ဒီလူသားရဲ့ အကျိုး ကျေးဇူးတွေက ဇိုလာအတွက် ချည်းပဲ မဟုတ်ဘူး။ လူတိုင်း ခံစားခွင့်ရတယ်။ ဒါဆို ငါ ဘာလို့ ဒီလောက် နောက်ကျ နေတာလဲ။ ဒီဉာဏ်များတဲ့လူသားနဲ့ အတူအိပ်ဖို့ လိုတာလား... ရွံစရာကြီး။ ထိုအကြောင်း တွေးမိသော အခါတွင် ပါ့ဂ်လီအိုက ကြောက်လန့် တကြား တုန်ခါသွား၏။ သူက စကားပြောရန် ပြင်လိုက်စဉ် တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ချန်လွေ့ ချက်ချင်းပင် နေမကောင်း ဟန်ဆောင်ကာ တံခါးဖွင့် လိုက်သည်။ ပရိုယိုက သတင်းပို့ရန် ရောက်လာခြင်း ဖြစ်သည်။ “အရှင်။ ဒူရန်ဒို မင်းသား လက်အောက်ခံလို့ ပြောတဲ့ သံတမန် တစ်ယောက်က အရှင်နှင့် တွေ့ခွင့် တောင်းနေပါတယ်။ သူက စာတစ်စောင် ယူဆောင်လာပြီး အရှင်ကို စကားပါးစရာ ရှိတယ်လို့ ပြောပါတယ်။”
“သံတမန်လား။” ချန်လွေ့က သံသယ ဝင်သွားသည်။ ဒူရန်ဒိုက ငါ့ကို ကိုယ်တိုင် ဘာလို့ မပေးတာလဲ။ သူက သံတမန် တောင် စေလွှတ်ရတာလား။
“စာကို ရှာဘတ် တော်ဝင် မိသားစုရဲ့ မှော်တံဆိပ်နဲ့ တံဆိပ်တုံး ထုထားတာကို စစ်ဆေးပြီးပါပြီ။ အတု မဟုတ်ပါဘူး။ သံတမန်က အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမှာ အခု ရှိနေပါတယ်။”
“ကောင်းပြီ။ သံတမန်နဲ့ တွေ့တာပေါ့။” ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး ပရိုယိုနှင့် ပါ့ဂ်လီအိုတို့နှင့် အတူ အရေးကြီးပုဂ္ဂိုလ် ဧည့်ခံခန်းကို ရောက်လာခဲ့သည်။
သံတမန်က တောက်ပသော မျက်လုံး ရှိသည့် ပိန်ပိန်သွယ်သွယ် အမျိုးသား တစ်ဦး ဖြစ်သည်။ ချန်လွေ့ ရောက်လာ သည်ကို မြင်သောအခါ သူက ချက်ချင်းပင် ဦးညွှတ်လိုက်၏။
“ခင်ဗျားတို့အားလုံး သွားတော့။” ချန်လွေ့က သံတမန်ကို ခဏတာ စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။ “ဧည့်ခန်းထဲက အသံလုံ မှော်စက်ဝိုင်းကို ဖွင့်လိုက်။ ကျုပ် အမိန့်မရဘဲနဲ့ ဒီနားကို ဘယ်သူမှ မကပ်ရဘူး။”
ပရိုယို အတော်လေး အံ့အားသင့် သွားသည်။ မင်းသား ‘အာသာ’ က သံတမန်ကို မြင်သောအခါ ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုး ချလိမ့်မည်ဟု မထင် ထားခဲ့ပေ။ “ဒါပေမယ့် အရှင်ရဲ့ လုံခြုံရေးက...”
“ကျုပ် ဘာလုပ်နေလဲ ဆိုတာ ကျုပ် သိပါတယ်။”
ပရိုယိုက ချန်လွေ့၏ ပြတ်သားသော ပုံစံကို မြင်သောအခါ နောက်ထပ် မေးခွန်းများ မမေးတော့ဘဲ ဦးညွှတ်ပြီး ဆုတ်ခွာသွား၏။ ပါ့ဂ်လီအိုကလည်း ထိုနေရာ၌ ကိုယ်ရံတော် အဖြစ် ဟန်ဆောင်ရန် စိတ်မဝင်စားပေ။ သူတို့ နှစ်ယောက် ထွက်သွားပြီးနောက်တွင် ချန်လွေ့က လက်ဝှေ့ယမ်း လိုက်သည်။ “ထိုင်ပါဦး။”
သံတမန်က ထိုင်လိုက်၏။ ချန်လွေ့က စာနှင့် ပတ်သက်သော မေးခွန်း တစ်စုံတစ်ရာမှ မမေးခဲ့ပေ။ သူက သံတမန်၏ မျက်နှာကိုသာ ကြည့်ရင်း ပြုံးလိုက်၏။ “မတွေ့ရတာ နှစ်တွေ အတော်လေး ကြာခဲ့ပြီနော်။ မင်း ဒီကို ရုပ်ဖျက်ပြီး လာမယ်လို့ မထင်ထားခဲ့ဘူး။ ဒါက စောစောစီးစီး ပြန်ဆုံတွေ့ရတာပဲ။ တော်ဝင်မင်းသမီး။”
သံတမန်က အနည်းငယ် ထိတ်လန့် သွား၏။ “ရှင် ဘယ်လို မှတ်မိတာလဲ။”
ချန်လွေ့ စကားမပြောဘဲ ပြုံးလိုက်၏။ သံတမန်၏ မျက်နှာက အလျင်အမြန် ပြောင်းလဲလာပြီး မျက်လုံးထဲတွင် ပြတ်သားမှု အနည်းငယ် ရှိနေသော မိန်းမလှ တစ်ယောက်၏ မျက်နှာ ဖြစ်လာသည်။ ထိုသူက ‘အာသာ’ ယခုတစ်ခေါက် လက်ထပ်ရမည့် စေ့စပ် ထားသူ၊ ကျက်သရေပြာ အင်ပါယာမှ ပုလဲ မင်းသမိး လန်ဘိစ် ပင်။