လန်ဘိစ်၏ ရည်မှန်းချက်
Vol. 61 Ch. 989
“တကယ် စောစောစီးစီး ပြန်ဆုံတွေ့ ကြတာပဲ။” လန်ဘိစ်က အလျင်အမြန် စိတ်ငြိမ်သွားပြီး ပြုံးလိုက်၏။ “သံတမန် ဆိုတဲ့ သရုပ်က နည်းနည်း ရုတ်တရက် ဖြစ်ပြီးတော့ သံသယဖြစ်ဖို့ ကောင်းတယ် ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ တစ်ချက် ကြည့်တာနဲ့ ကျွန်မကို ဘာလို့ သိသွားတာလဲ ဆိုတာ သိချင်တယ်။ ကျွန်မရဲ့ အသွင်ပြောင်း ပညာရပ်ကို ဌာနမှူးဟောင်း ကာလီဆယ် သင်ပေး ခဲ့တာ။ သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေတောင် မမြင်နိုင်ဘူး။ ဧကန္တ... အဲဒီ အားနည်းတဲ့ ကောင်လေးက သူတော်စင်အဆင့် ဒါမှမဟုတ် သူတော်စင် အဆင့်ထက် ကျော်လွန်တဲ့ စွမ်းအားမျိုး ရှိနေတာလား..”
“မင်းရဲ့ ခန့်မှန်းချက်... ဒါမှမဟုတ် မင်းရဲ့ ကောင်းချီးက အမှန်တကယ် ဖြစ်လာရင် ကောင်းမှာပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ အမှန်တရား ကတော့ ငါ့ကို အဲဒီလူယုတ်မာက စာလိပ်တစ်ခုနဲ့ သတ်လုနီးပါး ဖြစ်ခဲ့တယ်။ ပြီးတော့ အရေးကြီးတဲ့ လူကြီးမင်း တစ်ဦးရဲ့ တိုက်ခိုက်မှု နောက်ဆက်တွဲကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်။” ချန်လွေ့က ပိန်လှီနေသော မျက်နှာကို လက်ညှိုးထိုးပြပြီး သက်ပြင်းချလိုက်၏။ “ငါ မင်းကို အမှန်အတိုင်း ပြောမယ်။ ငါ မင်းကို သိတာက ငါရခဲ့တဲ့ ထူးခြားတဲ့ စွမ်းရည် တစ်ခုကြောင့်ပဲ။ မင်း ဒါကို ယန္တရား ဆရာသခင် တစ်ယောက်ရဲ့ အချို့ နယ်ပယ်တွေက ပါရမီလို့ ယူဆနိုင်တယ်။ ဒီလို ပါရမီက ပြောင်းလဲမှု နည်းစနစ်ရဲ့ ဖုံးကွယ်မှုကို အပြည့်အဝ မြင်နိုင်တာတော့ မဟုတ်ဘူး။ အရေး အကြီးဆုံး ကတော့ မင်းက ငါ့ကို ရင်းနှီးတဲ့ ခံစားမှု တစ်ခု ပေးခဲ့တာပဲ။ စာကြည့်တိုက်မှာ တိတ်တိတ်လေး စာဖတ်တာ ကြိုက်တဲ့သူ တစ်ယောက်ကို ငါ မြင်ရသလိုပဲ။ ဒါပေမယ့် တစ်ခါ တလေမှာ သူက မမျှော်လင့်ထားတဲ့ စနောက်မှုတွေ လုပ်တတ်တယ်။ အဲဒီ... ကောင်မလေး...”
အာသာ၏ မှတ်ဉာဏ် အပိုင်းအစ များက ယခုအခါ ပြည့်စုံလုနီးပါး ရှိနေပြီ ဖြစ်သည်။ လန်ဘိစ်သည် ထိုစဉ်က ကြယ်အလင်း ကောလိပ်တွင် မူလတန်း ကျောင်းသူလေး ဖြစ်ခဲ့သည်။ အင်ပါယာ နှစ်ခု၏ တော်ဝင် မျိုးနွယ်များ အနေဖြင့် သူတို့နှစ်ဦးက အပြန်အလှန် ပတ်သက်မှု များစွာ ရှိခဲ့သည်။ သူတို့၏ ခင်မင် ရင်းနှီးမှုမှာ သာမန်မျှသာ ဖြစ်သော်လည်း အသိဟောင်းများဟု ယူဆ၍ ရနိုင်၏။
နောက်ဆုံး စကားက လန်ဘိစ်၏ မျက်လုံးများကို လွမ်းဆွတ်မှုနဲ့ အတူ အရောင်လက် သွားစေခဲ့ပြီး သူက ပြုံးလိုက်သည်။ “ရှင်ပြောတဲ့ ‘ယန္တရား’ အရည်အချင်းက ယန္တရားပညာရှင် အားလုံးနဲ့ ကိုက်ညီမယ်လို့ မထင်ဘူး။ ယန္တရား မဟာဆရာသခင် အာသာ။”
ချန်လွေ့လည်း ပြုံးရင်း ဝိုင်ပုလင်း တစ်လုံးနဲ့ ဖန်ခွက်နှစ်လုံး ထုတ်လိုက်၏။ လန်ဘိစ်အတွက် ဝိုင်တစ်ခွက် ငှဲ့ပေးပြီး သူ့ဖန်ခွက်ကို မြှောက်လိုက်သည်။ “အသက်တစ်ခုစီက မတူကြဘူး။ မဟာ ဆရာသခင်ဆိုတာက တကယ်တော့ ကံကောင်းမှု သက်သက်ပဲ။ ၇ နှစ်အတွင်း အကြီးမားဆုံး ကံကောင်းမှုပေါ့။”
“၇နှစ် ရှိပြီ။ အဲဒီတုန်းက ဘာမှမသိတဲ့ ကောင်မလေးက အသက် ၂၀နီးပါး ရှိနေပြီ။ ဆရာမ ဗာရီုနီကာကို စွဲလမ်းခဲ့တဲ့ ကောင်လေးက အခု နာမည်ကြီး မဟာ ဆရာသခင် ဖြစ်နေပြီ။” လန်ဘိစ် က ဝိုင်ခွက်ကို ယူပြီး ဝိုင်အနည်းငယ် သောက်ကာ သူ့ကို မော့ကြည့် လိုက်သည်။ “ရှင် ပျောက်သွားတဲ့ ၇နှစ်အတွင်း ဘာတွေ ဖြစ်ခဲ့လဲ ပြောပြ ပေးလို့ ရမလား။”
ချန်လွေ့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မရင်းနှီးတဲ့ နေရာတစ်ခုမှာ အသက် ရှင်နိုင်ဖို့ ရုန်းကန်ခဲ့ရရုံပါ။ ကံကောင်း စွာနဲ့ပဲ အခုထိ အသက်ရှင်နေနိုင် သေးတယ်။”
“ဒါဆို ၇နှစ် ကြာပြီးတော့ ရှင်က လူတိုင်းရဲ့ အရှေ့ကို ပြန်လာပြီပေါ့။”
“ဘာလို့လဲ။ မပြန်လာသင့်လို့လား။” ချန်လွေ့က လန်ဘိစ်ကို ပြုံးရင်း ကြည့်လိုက်သည်။ သူ လိုရင်းကို ပြောတော့မှာလား။
“ဖြစ်သင့်တာ မဖြစ်သင့်တာမျိုး မဟုတ်ဘူး။” လန်ဘိစ်က ခေါင်းခါရင်း ဖန်ခွက်ကို ချလိုက်သည်။ “နည်းနည်း ခံစားချက် ပြင်းထန် သွားတာပါ။ အစီအစဉ်က အပြောင်းအလဲတွေနဲ့ အမှီမလိုက်နိုင်ဘူး။”
ချန်လွေ့က တမင်တကာ မျက်မှောင် ကြုတ်လိုက်၏။ “မင်းသမီး ဆိုလိုတာက... ငါ ပေါ်လာတာက မင်းရဲ့ အစီအစဉ် တစ်ခုကို ဖျက်ဆီးခဲ့တာလား။”
“ပွင့်ပွင့်လင်းလင်း ပြောလို့ရမလား။”
“ရတာပေါ့။” ချန်လွေ့ ရယ်လိုက်၏။ “မင်းက ငါနဲ့ ပြန်ဆုံဖို့ ဒါမှမဟုတ် ကြိုတွေ့ဖို့ သက်သက် လာတာ မဟုတ်ဘူးဆိုတာ ငါ ယုံတယ်။”
လန်ဘိစ်က အသာလေး ခေါင်းညိတ် လိုက်၏။ “ကောလိပ်မှာ စာသင်တုန်းက ကျွန်မက ဘာမှမသိတဲ့ ကောင်မလေး တစ်ယောက်ပါ။ ရှင်ပြောသလိုပဲ စာကြည့်တိုက်မှာ တိတ်တိတ်လေး စာဖတ်ရတာ ကြိုက်ပြီးတော့ တစ်ခါ တလေ လူတွေကို စနောက်တတ်တယ်။ စာအုပ်တွေထဲမှာပါတဲ့ အချစ်ကိုလည်း တစ်ချိန်က မျှော်လင့်ဖူးပေမယ့် ဘဝ အကြောင်း ဒါမှမဟုတ် အစီအစဉ် အကြောင်း ဘာမှ သိပ်မစဉ်းစားခဲ့ဖူးဘူး။ အင်ပါယာက ကျွန်မကို ရှင်နဲ့ လက်ထပ်ဖို့ ကြေညာပြီးနောက် ကျွန်မ ဘဝက ရုတ်တရက် ဒီလိုမျိုး ဆုံးဖြတ်ခံလိုက် ရတယ်။ အချစ်ဆိုတာ ဘာမှန်းတောင် နားမလည်သေးခင် ကတည်းက ကောင်မလေး တစ်ယောက်က သူကို လုံးဝမချစ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ် ရတော့မယ်။ ရှင်... အဲဒီ ခံစားချက်ကို နားလည်မှာ မဟုတ်ဘူး။”
“ရှင် စွဲလမ်းခဲ့တဲ့ အမျိုးသမီးက တခြားတစ်ယောက်နဲ့ လက်ထပ်သွားလို့ ရှင့် စိတ်ထဲမှာ ခံစားချက် မတူတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။” လန်ဘိစ်က ခနဲ့ရင်း ပြောလိုက်သည်။ “တကယ်တော့ ကျက်သရေပြာအင်ပါယာရဲ့ မင်းသမီး တစ်ပါး အနေနဲ့ နိုင်ငံရေး လက်ထပ် ထိမ်းမြားတာက ရှောင်လွှဲလို့ မရဘူး။ အမှန်အတိုင်းပြောရရင် ရှင့်အပေါ် ဘာမှ မကောင်းတဲ့ ခံစားချက် မရှိပါဘူး။ အဲဒီ ဆိုးသွမ်းတဲ့ ကောင်တွေနဲ့ လက်ထပ် တာထက် ရှင်နဲ့ လက်ထပ်တာက ပိုကောင်းပါတယ်။ ကျွန်မ ကံကြမ္မာကို လက်ခံလိုက်ပြီးတော့ ကျွန်မရဲ့ စေ့စပ်သူ ရှင်က ပျောက်ကွယ် သွားခဲ့တယ်။ ဒီပျောက်ကွယ်မှုက ၇ နှစ်ကြာခဲ့တယ်။ ဒီ၇နှစ်အတွင်း ကျွန်မ အများကြီး ကြုံတွေ့ခဲ့ရတယ်။ ရှင့်ရဲ့ ခမည်းတော် လက်ဇ်ရဲ့ ကြီးမားတဲ့ ဖိအားမရှိခဲ့ရင် ကျွန်မက ကုန်ပစ္စည်း တစ်ခုလိုပဲ အကျိုးစီးပွားလှိုင်းထဲမှာ အကြိမ်ကြိမ် ‘လက်ထပ်’ခံရမှာပဲ! ရှင် ပေါ်မလာသရွေ့ ဒါမှမဟုတ် မဟာလက်ဇ်က ဒီကိစ္စကို လက်မလျှော့သရွေ့ ကျွန်မက ‘စေ့စပ်ထားသူ’ဆိုတဲ့ ဘွဲ့ကို ဆုပ်ကိုင် ထားပြီး ‘မုဆိုးမ’ အဖြစ် အသက်ဆုံးတဲ့ အထိ နေရမှာပဲ။ ကောလဟာလတွေ၊ စူးစူးရဲရဲ အကြည့်တွေ၊ ကြံစည်မှုတွေ... က ကျွန်မကို ရှုံးနိမ့်လုနီးပါး ဖြစ်စေ ခဲ့တယ်။ ကျွန်မ မကျေနပ်ဘူး။ ဒီလိုမျိုး ကံကြမ္မာကို လက်ခံဖို့လည်း ဆန္ဒမရှိဘူး။”
ချန်လွေ့ တိတ်တဆိတ် နားထောင်ရင်း လန်ဘိစ်ရဲ့ စိတ်ခံစားမှု အတက်အကျကို ခံစားနေရသည်။ ခဏအကြာ သူက မေးလိုက်သည်။ “ဒါဆို မင်းရဲ့ ကိုယ်ပိုင် အစီအစဉ် ရှိတယ်ပေါ့။”
“ဟုတ်တယ်၊ ကျွန်မရဲ့ ကိုယ်ပိုင် ဘဝကို ထိန်းချုပ်မယ်လို့ ကျိန်ဆိုတယ်။ ကျွန်မရဲ့ ကံကြမ္မာကို တခြားသူတွေ ထပ်ပြီး ထိန်းချုပ်တာ မခံတော့ဘူး!” လန်ဘိစ်က လှောင်ပြုံး ပြုံးလိုက်သည်။ “ကျွန်မ ပြန်မတ်တပ်ရပ်ပြီး ဘဝကို ပြန်စီစဉ်၊ ကျွန်မရဲ့ အစီအစဉ်အတိုင်း တစ်ဆင့်ချင်းစီ ရှေ့ဆက် သွားနေတုန်းမှာ ၇နှစ်ကြာ ပျောက်ကွယ်သွားတဲ့ ရှင်က ရုတ်တရက် ပြန်ပေါ်လာခဲ့တယ်။”
“ငါ ပြန်ရောက်လာတာ၊ ၊ အထူးသဖြင့် အချိန်အခါက မှားယွင်းသွားတယ်ဆိုတာ နားလည်ပါတယ်။” ချန်လွေ့က ထရပ်ပြီး အနည်းငယ် လမ်းလျှောက်ရင်း သက်ပြင်း ချလိုက်သည်။
လန်ဘိစ်အတွက် ယခု ပေါ်လာသော ‘အာသာ’က အမှန်တကယ် တွန့်ဆုတ် နေ၏။ “ရှင် ပြန်ပေါ်လာတော့ ကျွန်မ ထင်ထားတာထက် ပိုကောင်းနေတယ် ဆိုတာ ဝန်ခံပါတယ်။ ထူးခြားတဲ့စွမ်းရည် ရှိတဲ့ အရှင် တစ်ယောက်။ ကမ္ဘာကျော် မဟာဆရာသခင် တစ်ယောက်။ အရမ်း တော်တဲ့သူလည်း ဟုတ်တယ်။ နဂါး လင်းလက် အင်ပါယာရဲ့ ဧကရာဇ်နေရာ ဆက်ခံမယ့် အလားအလာကောင်းလည်း ရှိနေတယ်။ ဒါပေမယ့် ဒါက ကျွန်မရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်ကို စွန့်လွှတ်ပြီး တွဲဖက် တစ်ယောက်၊ ပန်းအိုးတစ်လုံး ဒါမှမဟုတ် ကောင်းမွန်တဲ့ ပစ္စည်းတစ်ခု အဖြစ် နေထိုင်ပြီး ကျွန်မရဲ့ ဘဝကို ကျွန်မကိုယ်တိုင် မဟုတ်ဘဲ တခြားသူ တစ်ယောက်ကို ပေးအပ်ရမှာမဟုတ်ဘူး။ လုံးဝ မဟုတ်ဘူး။”
ချန်လွေ့က လန်ဘိစ်၏ ခံစားချက် ပြင်းထန်နေသော ပုံစံကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ “ဒီနေ့ မင်းရဲ့ ရည်ရွယ်ချက်ကို ငါ နားလည်ပါတယ်။”
“တောင်းပန်ပါတယ်။ ကျွန်မ စိတ်ကို မထိန်းနိုင်ခဲ့ဘူး။” လန်ဘိစ်က ဝိုင်တစ်ငုံ သောက်ပြီး ပင့်သက် အနည်းငယ် ရှိုက်လိုက်ရာ သူ၏ စိတ်ခံစားချက်က ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး မျက်လုံးက မတူညီသော အမူအရာ တစ်ခု လင်းလက်နေသည်။ “ရှင်က တကယ်ကို တည်ငြိမ်တယ်။ တည်ငြိမ်မှုက ကျွန်မ ထင်ထားတာထက် ကျော်လွန်နေတယ်။ ရှင် တကယ် အများကြီး ပြောင်းလဲ သွားခဲ့တဲ့ပုံပဲ။”
“အချိန်နဲ့ အခြေအနေ တွေက အများကြီး ပြောင်းလဲ နိုင်တယ်။ မင်းလည်း အတူတူပဲ။” ချန်လွေ့က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မင်းကို မေးချင်တယ်။ မင်း ဒီလက်ထပ်ပွဲကို တကယ် မလက်ခံချင်ဘူးလား။”
“အဖြေကို ရှင် သိမှာပါ။” လန်ဘိစ် က မျက်ခုံးပင့်ပြီး ချန်လွေ့ကို ခဏတာ ကြည့်ပြီး ပြန်မေးလိုက်၏။ “ဒီမေးခွန်းက ပြဿနာ ဖြေရှင်းဖို့ ကောင်းမွန်တဲ့ အစတစ်ခုလို့ ကျွန်မ ယူဆလို့ရမလား။”
“မင်းရဲ့ သဘောထားကို သေချာ အတည်ပြုချင်ရုံပါ။”
“လက်မခံချင်ဘူး။” လန်ဘိစ်က ခိုင်မာစွာ ပြန်ဖြေလိုက်သည်။
ထိုမျှော်လင့်ထားသော အဖြေကြောင့် ချန်လွေ့ ပင့်သက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ တကယ်တော့ လန်ဘိစ်က သူ့ရှေ့တွင် ရှိနေသော ‘စေ့စပ်ထားသူ’က သူ ယခင်က ခေါ်ယူချင်သောသူ ဖြစ်နေကြောင်းကို မသိခဲ့ပေ။ ချန်လွေ့က သူ၏ ဇွဲလုံ့လနှင့် ကြံ့ကြံ့ခံမှုကို သူမျှော်လင့်ထားသည်ထက် ပိုသိပေသည်။
“ဒါဆို မင်း ငါ့ကို ဘာလုပ်စေချင်လဲ။”
တစ်ဖက်လူက ငြင်းဆန်လိမ့်မည်ဟု ထင်ထားသော လန်ဘိစ်က အံ့အားသင့် သွားသည်။ ပြောစရာ အကုန် ပြင်ဆင် ထားသော်လည်း သူက ထိုအရာများကို မသုံးရခဲ့ပေ။ သူက အံ့အားသင့်စွာ ပြောလိုက်သည်။ “ရှင်... သဘောတူ လိုက်တာလား။”
“ဘာလို့ သဘောမတူ ရမှာလဲ။” ချန်လွေ့ လက်ဖြန့် လိုက်သည်။ “ငါ သဘော မတူရင်တောင် မင်းမှာ နောက်ထပ် အစီအစဉ်တွေ အများကြီး ရှိတယ်မလား။ မင်း ဒီကို ဘာပြင်ဆင်မှုမှ မရှိဘဲ သေချာမှု မရှိဘဲ လာလိမ့်မယ်လို့ ငါ မယုံဘူး။ အရေးအကြီးဆုံး ကတော့ လက်ထပ်တာက ငါ့အတွက် အရမ်း အရေးကြီးတယ်။ ဒါက နိုင်ငံရေး အပေးအယူ တစ်ခုတင် မဟုတ်ဘူး၊ ‘စိတ်ခံစားမှု’၊ ‘တာဝန်’ နဲ့ ‘ကတိကဝတ်’ တွေ ပါဝင်တဲ့ တကယ့် ဘဝဖြစ်ရပ် တစ်ခုပဲ... ‘လက်မခံတာ’တော့ မပါဘူး။”
လန်ဘိစ်က ခဏတာ တိတ်ဆိတ်သွား ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ “ဒီလို စကားမျိုးက အရင်က ‘အာသာ’ နဲ့ နည်းနည်း တူတယ်။ ရှင့်ရဲ့ အမျိုးသမီး အစောင့်အရှောက် နှစ်ယောက်က အမျိုးသမီးတွေ အားကျရတဲ့ တကယ့် ပျော်ရွှင်မှု ရှိတဲ့ပုံပဲ။ ဆရာမ ဗာရိုနီကာ လည်း ကောင်းမွန်တဲ့ အဆုံးသတ် ရနိုင်လောက်မှာပါနော်။”
“မျှော်လင့်တာပါပဲ။” ချန်လွေ့က ထိုကိစ္စနှင့် ပတ်သက်ပြီး ပိုမပြောချင်ပေ။ “အလကား ရတယ်ဆိုတာ မရှိဘူး။ အခု ငါတို့ သဘောတူညီချက် ရပြီဆိုတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြောလို့ရပြီ။”
လန်ဘိစ်က ခေါင်းညိတ်လိုက်သည်။ “ရှင် ဘာလိုချင်တာလဲ။”
ချန်လွေ့က ပတ်ချာလည် မနေဘဲ ထိုင်လိုက်ပြီး လိုချသည်ကို တိုက်ရိုက် ပြောလိုက်သည်။ “သိဒ္ဓိခွက်...”
လန်ဘိစ်၏လှပသော မျက်လုံးများတွင် တောက်ပသော အလင်းရောင်များဖြင့် တုန်လှုပ်သွား၏။ သူက ချန်လွေ့၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့သည်။ ဒါက တကယ် အခြေအနေကိုး... ‘အာသာ’ ဒီတစ်ခေါက် ကျက်သရေပြာ အင်ပါယာကို လာခဲ့တာက မကောင်းတဲ့ အကြံအစည်နဲ့ပဲ။
ထိုနေရာကို မလာခင် ကတည်းက သူသည် အာသာကို လက်ထပ်ပွဲ စွန့်လွှတ်ရန် မည်သို့ စည်းရုံးရမည် ဟူသော ကြိုတင်အတွေးတွေ ရှိနေခဲ့ပြီး အခက်အခဲ အမျိုးမျိုး အတွက်လည်း ပြင်ဆင်ထားခဲ့သည်။ သို့သော် ယခုတွင် တစ်ဖက်လူက လက်ထပ်ပွဲ အတွက် မဟုတ်ဘဲ အခြား ရည်ရွယ်ချက်ဖြင့် ရောက်လာကြောင်း သိလိုက်ရာ သူ၏ ခံစားချက်က ရုတ်တရက် ရှုပ်ထွေးသွား လေသည်။
“ဒါကြောင့် ရေဖျန်းဘုန်းတော်ကြီး ဂရာလင်က ဒီအချိန်မှာ မြို့တော်ကို လာလည်တာကိုး...” လန်ဘိစ်က အတော်များများကို နားလည်သွားပြီး လွှတ်ခနဲ မေးလိုက်၏။ “ရှင်က သိဒ္ဓိကျောင်းတော်ကလား။”
ချန်လွေ့က လန်ဘိစ်၏ တုံ့ပြန်မှု မြန်ဆန်ခြင်းကို ချီးကျူးလိုက်လေသည်။ အမှန်တကယ်ပင် ကျက်သရေပြာ အင်ပါယာကို ဂရာလင် လာရောက် လည်ပတ်ခြင်းက ရွှေရောင်နယ်မြေကို ရာဖယ်ရယ် လာခဲ့စဉ်က ညှိနှိုင်းခဲ့သော အစီအစဉ်ပင်။ သိဒ္ဓိခွက်ကို ရရှိရန် အကြံအစည်နှင့် ဖြစ်သည်။ ဂရာလင်က အချိန်ကိုက် အတော် မှန်သော်လည်း ဆာ-ရေဖျန်းဘုန်းတော်ကြီးက ဂျာဒါမြို့၌ ‘အာသာ’ မတော်တဆ ‘ဒဏ်ရာရ’ ခဲ့ခြင်းကို အမှန်တကယ် အံ့အားသင့် ခဲ့ရလေသည်။
“ဘာလို့ ငါ့က ကျောင်းတော်ကလို့ ထင်တာလဲ။”
“လောကကို လွှမ်းခြုံထားတဲ့ မှော်ဂိမ်း နည်းပညာက နဂါးတောင်ကြားကနေ လာတာ ဖြစ်လောက်တယ်လို့ ကျွန်မ သတင်း ရထားတာ ရှိတယ်။ ဒီသတင်းက မှန်မမှန်တော့ မသိပေမယ့် မှော်ဂိမ်း ကိရိယာတွေကို ရွှေရောင်နယ်မြေက ထုတ်လုပ်ပြီးတော့ ကြော်ငြာဖို့ကို သိဒ္ဓိ ကျောင်းတော်က အကောင်အထည် ဖော်တာ လူတိုင်း သိကြတယ်။ ရှင့်မှာ သိဒ္ဓိကျောင်းတော်နဲ့ နီးကပ်တဲ့ အကျိုး စီးပွား ဆက်နွယ်မှု ရှိရမယ်။ ပြီးတော့ ၇နှစ်ကြာ ပျောက်ကွယ် သွားတဲ့နောက် ရှင် ပထမဆုံး ပေါ်လာတာက ဆာ-ဂရာလင်နဲ့အတူ ဖြစ်နေတယ်။ ဒါကြောင့် ရှင်က သိဒ္ဓိကျောင်းတော် အဖွဲ့ဝင် ဖြစ်နိုင်တယ်လို့ ခန့်မှန်းဖို့ အကြာင်းရင်း အပြည့်အဝ ရှိတယ်။ ၇နှစ် ပျောက်သွား တာလည်း သိဒ္ဓိ ကျောင်းတော်နဲ့ ဆက်စပ်နေနိုင်ခြေ အများကြီးရှိတယ်။”
“ချီးကျူးစရာကောင်းတဲ့ ကြောင်းကျိုး ဆက်စပ် ဆင်ခြင်မှုပဲ။” အထူးသဖြင့် နောက်ဆုံးစကားက ချန်လွေ့ကို ထူးထူး ဆန်းဆန်း ပြုံးစေခဲ့သည်။ “ဒါပေမယ့် ငါတို့ ဆွေးနွေးတဲ့ အဓိကအချက် ပြောင်းသွားသလိုပဲ။ သိဒ္ဓိခွက်ဆီကို ပြန်သွားကြတာပေါ့။”
“ဒီအခြေအနေက မဖြစ်နိုင်ဘူး။ ရှင် အပိုင်တွက်နေတာလို့ မခံစားရဘူးလား။” လန်ဘိစ်က ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။ “သိဒ္ဓိခွက်က အင်ပါယာရဲ့ အမြင့်မြတ်ဆုံး သိဒ္ဓိ အမွေအနှစ်ပဲ။ ကျွန်မက မင်းသမီးဘွဲ့ကို ရထားတာပဲ ရှိသေးတယ်။ ဒီတန်ဖိုးက သိဒ္ဓိခွက်နဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး။”
“မှားတယ်။ သိဒ္ဓိခွက် ဘယ်လောက်ပဲ အစွမ်းထက်ထက် သက်မဲ့ ပစ္စည်းပဲ။ ငါ့အမြင်တော့ မင်းရဲ့ တန်ဖိုးက သိဒ္ဓိခွက်ထက် အများကြီး ပိုသာတယ်။” ချန်လွေ့က ပြုံးလိုက်၏။ “လန်ဘိစ် ရှာဘတ်၊ ရှာဘတ် တော်ဝင်မိသားစုရဲ့ အထူးချွန်ဆုံး လူငယ်မျိုးဆက်တွေထဲက တစ်ယောက်။ ဘုရင် ခလွန်တာရဲ့ မင်းသားတွေက မပြည့်ဝတာတော့ မဟုတ်ဘူး။ မင်းနဲ့ ပြိုင်နိုင်လောက်တဲ့ တစ်ဦးတည်းသော သူက ဒုတိယ မင်းသား ဗစ်တာပဲ။ မင်းက ညီလာခံ အသံရဲ့ ၃၀% နီးပါးကို စုစည်းပြီးပြီ။ နတ်သူငယ် မျိုးနွယ်ကလည်း မင်းကို အထင်ကြီးလေးစားကြတယ်။ သိဒ္ဓိ ခိုလှုံရာက အစွမ်းထက် ပုဂ္ဂိုလ်တွေ အများကြီးလည်း မင်းကို တိတ်တဆိတ် ထောက်ခံကြတယ်။ မင်းရဲ့ ပါရမီရှင်နဲ့ အရည်အချင်းက မသေးဘူး။ ဥပမာ ကြယ်အလင်းကောလိပ်ရဲ့ အဖွဲ့ငယ်လေး ဖြစ်တဲ့ ရှူအီရှာ လိုမျိုးပေါ့။ ငါသာ မင်းကို အတင်းလက်ထပ်လိုက်ရင် သစ္စာရှိတဲ့သူ တချို့ကလွဲပြီးတော့ ဒီအင်အားစုတွေ အကုန်လုံး မင်းလက်ထဲက လွတ်သွားမှာ မဟုတ်လား။ တကယ်တော့ ငါသိရ သလောက် ဆိုရင် ကျက်သရေပြာ အင်ပါယာက လက်ထပ်ဖို့ အတွက်ကို ကြေညာပြီးနောက် မင်းရဲ့ အင်အားက တော်တော်လေး ထိခိုက်ခဲ့ရတယ်။”
“ရှင်က ကျွန်မအကြောင်း အများကြီး သိထားတဲ့ပုံပဲ။။” လန်ဘိစ်၏ မျက်လုံးထဲ အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး ‘အာသာ’ ခုနက ပြောခဲ့သည်မှာ သူ၏ အင်အားတင်မကပေ။ အထူးသဖြင့် ‘ရှူရှီရာ’က သူ့၏ လျှို့ဝှက်လက်နက်ပင်။ ထိုအရာကို အာသာက စကား တစ်ခွန်းတည်းဖြင့် ဖော်ထုတ်ခဲ့၏။
“ငါနဲ့ စေ့စပ်ထားတဲ့သူ အကြောင်း လိုအပ်တဲ့ အရာတွေပေါ့... ငါ ပြန်လာ ပြီးတဲ့နောက်ပိုင်း ငါ့ရဲ့ လှုပ်ရှားမှုတွေ အကြောင်း မသိတာတော့ မဟုတ်ဘူး မလား။” ချန်လွေ့၏ လေးနက်သော အကြည့်တွင် အပြုံး ရှိမနေပေ။ “မင်းရဲ့ ရည်မှန်းချက် အတော်လေး ကြီးမြတ်တာ အမှန်ပဲ။ ဒါပေမဲ့ အခက်အခဲလည်း စိတ်ကူးလို့ မရနိုင်အောင် ခက်ခဲ လိမ့်မယ်။ မင်းက မဟာလက်ဇ်ရဲ့ ကျက်သရေပြာ အင်ပါယာ အပေါ် ဖိအားကို အသုံးချပြီး မင်းအနီးအနားက လူတွေရဲ့ မျက်လုံးတွေကို ပိတ်ထား ပြီးတော့ မင်းရဲ့ လမ်းကို တစ်ဆင့်ပြီး တစ်ဆင့် ပုံဖော်ခဲ့တယ်။ အခု ငါ ပြန်ရောက်လာတာက မင်းကို တကယ်ပဲ အကျပ်အတည်း ဖြစ်စေခဲ့တယ်။ ဒါပေမယ့် ဒါက စမ်းသပ်မှုတစ်ခုနဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်။ ငါက မင်းရဲ့ အစီအစဉ်ကို အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နိုင်ပြီး သိဒ္ဓိ ကျောင်းတော်ရဲ့ ထောက်ခံမှုကိုလည်း မင်းအတွက် ရယူပေးနိုင်တယ်။ အဲဒီ အချိန်ကျရင် ရှေ့ဆက်ရမယ့် လမ်းက ပိုကျယ်ပြီး ချောမွေ့ သွားလိမ့်မယ်။ သိဒ္ဓိခွက်ကတော့... သိဒ္ဓကျောင်းတော် ဦးဆောင်လိမ့်မယ်။ မင်းက အဓိက အခန်းကဏ္ဍ တချို့မှာ သရုပ်ဆောင် ပေးရုံပဲ။”
“ဒါပဲလား။” လန်ဘိစ်က မျက်မှောင် ကြုတ်လိုက်ပြီး သူ ဆက်မပြော တော့သည်ကို မြင်၍ မေးလိုက်၏။
“ဒါပဲ။”
လန်ဘိစ် စဉ်းစား နေလိုက်သည်။ အချိန် အတော်ကြာပြီးမှ သူက ပြော၏။ “ဒီလို ကောင်းမွန်တဲ့ အခြေအနေမျိုးကို ငြင်းဆန်ဖို့ အကြောင်းရင်း ရှာမတွေ့ဘူး။ ကျွန်မကို သိဒ္ဓိ ကျောင်းတော်ရဲ့ ထောက်ခံမှု ရအောင် လုပ်ပေးနိုင်တယ် ဆိုတာ သေချာလား။”
“သေချာပါတယ်။ ဂရာလင်က တည်းခိုခန်းမှာ ရှိနေတယ်။ မင်း သူနဲ့ တွေ့ပြီးတော့ စကားပြောဖို့ စီစဉ်ပေးလို့ ရတယ်။” ချန်လွေ့က မတွန့်ဆုတ်ဘဲ ပြန်ဖြေလိုက်သည်။ “ပြီးတော့ မင်းက မော်ဒန်း မိသားစုကို အမြဲတမ်း စည်းရုံး ချင်နေတယ်ဆိုတာ ငါ သိတယ်။ ဒီတစ်ခါ မှော်ပညာရှင် မျှော်စင် အဖွဲ့ ဖြစ်စဉ်မှာ ဘုရင် ခလွန်တာရဲ့ တရားမဝင် သားတော် အက်ဒ် မတော်တဆ သေဆုံးသွားလို့ မော်ဒန်း မိသားစုက ပြဿနာ အကြီးအကျယ် တက်နေတယ်။ ဒါက မင်းအတွက် အခွင့်အရေးကောင်း တစ်ခုလည်း ဟုတ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မမျှော်လင့်ထားတဲ့ နေရာ အချို့ကနေလည်း ငါ ကူညီပေးနိုင်တယ်။”
“ရှင့်ရဲ့ စွမ်းရည်... အတိအကျ ပြောရရင် ဒီ၇နှစ်အတွင်း ရှင့်ရဲ့ ပြောင်းလဲမှုက ကျွန်မကို တကယ် အံ့အားသင့်စေခဲ့တယ်။” လန်ဘိစ်က ချန်လွေ့ကို သေချာ ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်၏။ “ဒီလက်ထပ်ပွဲကို ကျွန်မ စွန့်လွှတ်ခဲ့တာ မှားခဲ့တာများလား။”
“ပြန်ပြင်ဖို့ နောက်ကျနေပြီ။” ချန်လွေ့ ပခုံးတွန့်လိုက်၏။ “အဲဒါကို ရွေးချယ် ဦးမှာလား။”
“မရွေးဘူး။” လန်ဘိစ်၏ အကြည့်က ခိုင်မာမှု ပြသနေ၏။ “ဒီအဆင့်ကို ရောက်နေပြီဆိုမှတော့ ဘယ်တော့မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်ချင်တယ်။ တခြားသူ ထိန်းချုပ်တာကို မခံချင်ဘူး။ ခွင့်လွှတ်ပါ။ ရှင် အပါအဝင်ပေါ့။ ဒါက ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းပဲ။ ကျွန်မ ကိုယ်တိုင်နဲ့ အင်ပါယာထဲက လူတိုင်းရဲ့ ကံကြမ္မာကို လုံးဝ ထိန်းချုပ်နိုင်တဲ့အထိ ဆက်သွားမယ်။”
ငါ့ဘဝကို ငါဆုံးဖြတ်မယ်။ တခြား သူတွေ မဆုံးဖြတ်ရဘူး။ ငါ့ဘဝကို ငါဆုံးဖြတ်မယ်။ ဘုရားသခင် မဆုံးဖြတ် ရဘူး။
ထိုအရာက တကယ့် လန်ဘိစ်ပင်။
နောက်တစ်မျိုး စဉ်းစားကြည့်လျှင် သူကချန်လွေ့နှင့် တစ်နည်းတစ်ဖုံ ဆင်တူ နေသည်။ နှစ်ယောက် စလုံးက ကိုယ့် ကံကြမ္မာကိုယ် ထိန်းချုပ် ချင်ကြသည်။ သို့သော် သူတို့ ရွေးချယ်သော လမ်းကြောင်း မတူကြပေ။
သို့သော်လည်း သူက အင်ပါယာကို အမှန်တကယ် ထိန်းချုပ်နိုင်သည့်အခါ တစ်ချိန်က ထိန်းချုပ်ချင်ခဲ့သည့် အစစ် အမှန် ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားကြောင်း တွေ့ရှိရ ပေလိမ့်မည်။ ချန်လွေ့က လက်ဇ်နှင့် ကတ်သရင်းတို့ အကြောင်း တွေးမိသောအခါ သူ၏ စိတ်ထဲတွင် ရှင်းပြ၍မရဘဲ သက်ပြင်းချလိုက်၏။ မည်သို့ပင် ဆိုစေကာမူ ထိုအရာက သူပြောသည့်အတိုင်းပင် သူ ရွေးခဲ့သော လမ်းဖြစ်၍ ဆက်သွားရမည်ပင်။
ချန်လွေ့က ပင့်သက်ရှိုက်ပြီး ဝိုင်ခွက်ကို မြှောက်လိုက်သည်။ “မင်းရဲ့ ဇွဲလုံ့လကို ငါ လေးစားပါတယ်။ မင်းရဲ့ ဆုံးဖြတ်ချက် ကိုလည်း လေးစားပါတယ်။ ဒါဆို... အောင်မြင်ပါစေ။ မင်းသမီး လန်ဘိစ်။”
“‘ကျွန်မတို့’အောင်မြင်ပါစေ။ မင်းသား အာသာ...”
ဝိုင်နှစ်ခွက် တိုက်သွား၏။