(စနစ်ရဲ့ အကြီးမားဆုံးမစ်ရှင်?)
Vol. 6 Ch. 71
“ ကောင်းပြီ မင်း အပြင်မှာ ဆိုင်စောင့်လို့ ရပြီ”
ထျန်းလု ခေါင်းညိတ်ပြကာ တံခါးရှိရာကို လှည့်ထွက်သွားသည်။ သူ့ရဲ့ကျောပြင်သည် ဖြောင့်တန်းနေလေ၏။
ထျန်းလု ဝင်ပေါက်ရှေ့မှာ ရပ်လိုက်သည်။
ဟွာဖေးရှု နောက်ဆုံးတော့ စကားပြောလိုက်သည်။
“ သူဋ္ဌေးဟောင်… အဲ့ဒီလူက ဆိုင်ရဲ့ အလုပ်သမား အသစ်ပေါ့?”
“အင်း”
“ ဆိုင်ရဲ့ အစောင့်အရှောက်ပဲ”
သူမ မျက်တောင်ခတ်လိုက်သည်။
“ ဆိုင်ရဲ့အစောင့်အရှောက်..? အဲ့ဒီအတွက် ဘာတွေလိုအပ်လဲ မေးခွင့်ရှိမလား?”
“ အမ်း.. ငါ့အထင်”
“ ဂိုဏ်းခေါင်းဆောင် တစ်ယောက်လောက်နဲ့ တည့်ရင်ဆိုင်နိုင်လောက်တဲ့အထိ သန်မာရင် ရပြီ”
“ အာ..”
ဟွာဖေးရှု ပြောစရာ ပျောက်ဆုံးပြီပင်။
ယွဲ့ရှုယန်ရဲ့ အကြည့်ကတော့ ထျန်းလု ထွက်သွားတဲ့ တံခါးမှာ ရှိနေဆဲပဲ။
သူမ အနည်းငယ် မျက်လုံးများ ကျဥ်းမြောင်းလိုက်သည်။
ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်လောက်အောင် သန်မာတဲ့သူ?
အဲ့ဒါ အနည်းဆုံး ကောင်းကင်ဧကရာဇ် နယ်ပယ် ရှိဖို့လိုတာပဲ…
ထိုသူရဲ့ တည်ရှိမှုက အရမ်းဖိအားများနေတာ မအံ့သြတော့ပါဘူး
အမှန်တရားလမ်းစဥ်တွေ မိစ္ဆာလမ်းစဥ်တွေ မကွဲပြားဘူး။ လေးလံတဲ့ဖိအားကိုသာ သူမ သိခဲ့ရသည်။ ခေါင်းပေါ် ဝဲနေတဲ့ဓားတစ်ချက် လိုမျိုးပဲ။
ယွဲ့ရှုယန် ဟောင်ကို စိုက်ကြည့်လိုက်သည်။ အကိုကြီးဟောင်ရဲ့ပုံစံက… လုံးဝကို စိတ်ပူနေဟန် မရှိဘူး။
သေချာပေါက် အဲ့ဒီလောက် အဆင့်မြင့်တဲ့ ကျင့်ကြံသူကို..ယဥ်ပါးအောင် လုပ်ခဲ့တာတဲ့လား?
အကိုကြီးရဲ့ လက်အောက်မှာ မကောင်းဆိုးဝါးတွေတောင် သာမာန် သူတစ်ယောက်လို အလုပ်လုပ်နိုင်တာပဲ။
ထျန်းလုသာ ဆိုင်ရဲ့ လက်အောက်မှာ ရှိနေသရွေ့ ဘယ်လိုပြဿနာမျိုးမှ ဖြစ်စေမှာ မဟုတ်တော့ဘူး။
သူသာ ပြဿနာရှာရဲရင်…
အကိုကြီး လက်တစ်ချက် လှုပ်ရှားတာနဲ့ ထိုသူ အမှုန့်အဖြစ် ပျောက်ကွယ်သွားနိုင်သည်။
ပြန်ခုခံဖို့ အခွင့်အရေးလုံးဝ ရှိမှာမဟုတ်ဘူး။
အကိုကြီးဟောင်ရဲ့ ပထမနေ့ကတည်းကနေ အခုထိ အပြုအမူတွေကို ကြည့်လျှင် ရှင်းလင်းတာ တစ်ခုရှိသည်…
သူက ပြဿနာရှာတာ မကြိုက်ဘူး။
တည်ငြိမ်ပြီး အေးချမ်းတဲ့ဘဝကို လိုချင်သူပဲ။
သူက တိတ်ဆိတ်စွာ ဈေးပဲရောင်းချင်တာ..
သူ့ကို နှောက်ယှက်တဲ့ဘယ်သူမဆို..
သေချာပေါက် နောင်တ ရသွားမှာပဲ!
ဟွာဖေးရှု ခေါက်ဆွဲကို တစ်ချက်သာ မှုတ်ကာ ပါးစပ်ထဲသွပ်လိုက်၏။
“ ပူတယ်!”
ယွဲ့ရှုယန်ကလဲ ကျက်သရေရှိစွာ ခေါက်ဆွဲဖတ်ကို ဆယ်လိုက်သည်။
ဒါပေမဲ့ သူမရဲ့ လှုပ်ရှားမှုက ပိုတောင် မြန်သေးသည်။
ခေါက်ဆွဲတွေက အသင့်ဖြစ်နေပြီဖြစ်ပြီး အလွန်အရသာရှိသည်။
ထိုအချိန်မှာ ဟောင်က ပုံရိပ်ယောင် မျက်နှာပြင်ကို ဖွင့်လိုက်လေ၏။
သူဒါကို စောင့်နေတာကြာပြီ။
သူ ကျန်တဲ့မစ်ရှင် အကုန်ပြီးနှင့်ပြီလေ။
……..
အရန်မစ်ရှင်နှစ်- ဆိုင်အစောင့်နှစ်ယောက် ငှားရန်။
( ဆိုင်ကို အခုလို အကာအကွယ်မဲ့ ထားဖို့ အစီအစဥ် မရှိဘူးမလား?)
တိုးတက်မှု- 1/2 မှ 2/2
လိုအပ်ချက်- ကောင်းကင်ဧကရာဇ် အဆင့်ထက် မြင့်တဲ့ကျင့်ကြံမှုကို ပိုင်ဆိုင်ဖို့ လိုအပ်သည်။
ဆုလာဘ်- အလုပ်သမားတွေရဲ့ လုံခြုံရေး သင်္ကေတပွင့်မည်။ အလုပ်ချိန်ပြီးရင် ဂိုထောင်သို့ ပို့ပေးထားပါ့မည်။
အခြေအနေ- ပြီးမြှောက်! ဆုလာဘ်ကို ယူတော့မည်လော?
………
ဆုလာဘ် ရယူပြီးပါပြီ!
( မစ်ရှင်အားလုံးပြီးသွားပါပြီမို့ မစ်ရှင်အသစ်တွေ ရောက်လာပါပြီ။ ဆိုင်က ပြောင်းလဲမှုအဆင့် အသစ်ထဲသို့ ဝင်ရောက် သွားပါပြီ။ အလုပ်ကြိုးစားပြီး ဆိုင်ကို ပိုကြီးထွားအောင်လုပ်ပါ)
‘ဟမ်? ပြောင်းလဲမှုအသစ်?’
သူ့ရဲ့မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။
နောက်ဆုံးတော့..?
သူ.မျှော်လင့်လို့ ရပြီပေါ့?
ဒါပေမဲ့ အောင်ပွဲခံဖို့ အရမ်းစောလွန်းနေသေးသည်။
‘ဒါပေမဲ့ မစ်ရှင်နှစ်ခုပဲလား?’
သူ မစ်ရှင်တွေ တိုးလာမယ် ထင်ခဲ့တာ..
အခုက ပိုလျော့သွားတာလား?
…..
ပင်မ မစ်ရှင်တစ်- ရောင်းကုန်များမှ ဝိညာဥ်ကျောက်တုံးတစ်ထောင် စုဆောင်းပါ။
တိုးတက်မှု- 0/1000
ဆုလာဘ်- ဆိုင်ကို အဆင့်တက်ခွင့်ရမယ်! ကောင်းကင်ပြာနယ်မြေကြီး၏ တစ်နေရာရာတွင် ကျပန်းအနေနဲ့ ရွေးချယ်ပြီး တံခါးတစ်ချပ် ဖွင့်ပေးမည်။ အဲ့ဒီတံခါးက အုတ်ဂူ၊ မြို့တစ်မြို့ ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ အိမ်နောက်ဖေးကိုလဲ ရောက်ရှိသွားနိုင်သည်။ စနစ်မှ တာဝန်ယူမည် မဟုတ်ပါ။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။
…….
ဒီတော့ ပြောင်းလဲမှုအသစ်ဆိုတာ ဒါပေါ့?
အဆင့်တက်ခွင့်ကို ပြောချင်တာလား?
တိုးချဲ့ခွင့်တွေ..
တစ်ခြား လုပ်ဆောင်ချက်တွေပါ ရလာနိုင်သည်။
ဒါပေမဲ့ သူ့ရဲ့အာရုံကို အစွမ်းဆောင်နိုင်ဆုံးက..
တံခါးအသစ်ပဲ။
ဒါဆို လူအသစ်တွေ။
ဈေးဝယ်အသစ်တွေနဲ့ ပြဿနာ အသစ်တွေပေါ့။
ပထမတံခါးက မဟာမြို့နဲ့ ဆက်သွယ်ထားတယ်ဆိုတော့..
နောက်တစ်ခုက ဘာနဲ့သက်ဆိုင်လောက်လဲ?
သူ သူတောင်းစားတစ်ယောက်လို လက်ခုတ် တစ်ဖြတ်ဖြတ်တီးလိုက်တော့၏။
‘ နွားတွင်းထဲတော့ မရောက်သွားပါစေနဲ့’
သူ ကောင်းကင်ကို တိတ်တိတ်လေး ဆုတောင်းလိုက်သည်။
‘ ဒါမှမဟုတ်.. မြှောင်းထဲတို့ ဝက်ကျွင်းတို့..’
‘ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ဇိမ်ခံအခန်းထဲတို့ မရောက်လောက်ဘူးမလား?!’
ဂိုဏ်းတစ်ဂိုဏ်းရဲ့ အနောက်ခြံထဲ ရောက်သွားရင်တောင် အဆင်ပြေသေးသည်။
ဒါပေမဲ့ ကျေးဇူးပြုပြီး ကောင်းကင်ဘုံက အချစ်လေးတွေ ပြသရင်း တစ်စုံတစ်ယောက်ရဲ့ ချောကလတ် ထုတ်လုပ်ရေး စက်ရုံ (အိမ်သာ) ထဲတော့ မပို့ပေးပါနဲ့။ အနံ့ပြင်းပြင်း ချောကလတ်တွေ မစားချင်သေးဘူး။
…….
အရန်မစ်ရှင် တစ်- အာလူးကြော် အထုပ် ၃၀ နဲ့ မက်မွန်လက်ဖက်ရည် ဗူး ၅၀ ရောင်းပါ။
တိုးတက်မှု- 0/30 နဲ့ 0/50
ဆုလာဘ်- စနစ်က ဗားရှင်း 2.0 အထိ အဆင့်တက်မည်ဖြစ်ပြီး ပိုင်ရှင်ရဲ့ သိုင်းသွေးကြောတွေ ဖွင့်နိုင်မဲ့ အခွင့်အရေး ရလာမယ်။ အဲ့ဒီအတွက် ဝိညာဥ်ကျောက်တုံး ပေးချေဖို့ လိုအပ်တာမို့ စုဆောင်းထားတော့!
…….
‘အို…ကေ!’
ဟောင် လေထဲကို လက်သီးတွေ ပစ်သွင်းလုနီးနီး ဖြစ်သွားသည်။
'ဒါပဲလေ!’
'ဒါမှပေါ့!’
‘ ပြောင်းလဲမှုအသစ်ဆိုတာ ရောင်းရမဲ့ ပစ္စည်းတွေနဲ့ သက်ဆိုင်တယ်ပဲ ထင်ခဲ့တာ… ဒါပဲလေ!’
‘ ငါ စောက်ရမ်းမိုက်တဲ့ ကျင့်ကြံသူ ဖြစ်တော့မှာကွ!’
ဟောင်ရဲ့ မျက်လုံးများက ရတနာသိုက်ကြီး တွေ့လိုက်သလို လင်းလက်လာသည်။
‘ ဒါက ငါ့ရဲ့လမ်းကြောင်းပဲကွ! နောက်ဆုံးတော့!’
‘ ငါ သောက်သုံးမကျရင်တောင်၊ ငါ့ရဲ့ အရည်အချင်းတွေက အမှိုက်ဖြစ်နေရင်တောင်မှ’
‘ ငါ ကျင့်ကြံနိုင်သရွေ့ အဆင်ပြေပြီ!’
သူ့ရဲ့ လက်ကိုမြှောက်ကြည့်လိုက်ပြီး ချီစွမ်းအင်တွေ လက်ကို ဝန်းရံနေမဲ့ မြင်ကွင်းကို မြင်ယောင်နေလိုက်သည်။
‘ ငါ ဓားပျံကြီးစီးနိုင်တော့မှာလား?’
‘ ဒီဆိုင်ကလဲ ထွက်နိုင်တော့မှာလား??’
စနစ် အရင်က တစ်ခါပြောဖူးသည်။
သူ သေမျိုးဖြစ်နေသရွေ့ ဆိုင်က ထွက်ခွင့် မရှိဘူးတဲ့။
ဒါပေမဲ့ အခုတော့..
သူ့ရဲ့အိပ်မက်တွေ နီးစပ်လာခဲ့ပြီ။
ထို့နောက်မှာ သူ ရပ်လိုက်လေသည်။
သူ့ရဲ့ စိတ်လှုပ်ရှားမှုက ခဏတာ တောင့်ခဲ သွားသည်။
‘.. ဝိညာဥ်ကျောက်တုံး ပေးရမယ်?’
သူ သက်ပြင်းသာ ချလိုက်တော့၏။
‘ ကျင့်ကြံရေးကလဲ အလကား မဟုတ်လောက်ဘူးပေါ့’
‘ စနစ် ငါ့ကို လျော့ဈေးလေး ဘာလေး မပေးချင်ဘူးလား? မင်းသိတယ်မလား.. ဘယ်လိုပြောရပါ့.. ဟို ပိုင်ရှင်ရဲ့ အကျိုးခံစားခွင့်တို့ဘာတို့..?’
စနစ်က ချက်ချင်းပဲ..
( နိုးပါ ပိုင်ရှင်)
လိုလား? အဲ့လောက် အမြန်ကြီး ငြင်းစရာလိုလား? တစ်စက္ကန့်တောင် မစဥ်းစားတော့ဘူးလား?
‘ လုပ်ပါလို့..နော်..နော်’
‘ ငါက ဆိုင်ရှင်တစ်ယောက်ပဲလေ။ မန်နေဂျာ တစ်ယောက်ရဲ့ အခွင့်အရေးတွေ ဘာတွေ မရှိဘူးလား?’
( ပိုင်ရှင်က ဆိုင်ရှင်လို့ ပြောမှတော့ ကိုယ့်ကိုယ်ကို ဂုဏ်ရှိရှိနေရမှာ သတိရအုံး။ ကိုယ့်အလုပ်သမားတွေက ဒီလို တောင်းပန်နေတာ မြင်သွားရင် ဘယ်လိုလုပ်မလဲ? အရှက်မရှိဘူးလား?)
( ပိုင်ရှင်က ဒီဆိုင်ရဲ့ ဆိုင်ရှင်နော်။ လမ်းဘေးဈေးသည် မဟုတ်ဘူး။ ဆိုင်ရှင်လို ပြုမူပါ။ ပိုင်ရှင်က ဆိုင်ရဲ့မျက်နှာကို ကိုယ်စားပြုတယ်။ မတောင်းပန်နေနဲ့။ ကိုယ့်ကိုယ်ကို လေးစားမှု ရှိစမ်းပါ။ ဟုတ်ပြီလား?)
ဟောင် တံတွေးသီးချင်သွားသည်။
‘.. မင်းက ဘယ်လိုစနစ်မျိုးလဲ?’
ဟောင် စနစ်ရဲ့ စကားတွေကြောင့် သစ္စာဖောက်သလို ခံစားရကာ ကိုယ့်ရဲ့ ရင်ဘတ်ကို စုပ်ကိုင်လိုက်သည်။
‘ မင်းဘာလို့ငါ့ကို အရမ်းရက်စက်ရတာလဲ? စနစ်… ငါက ရွေးချယ်ခံတော့.. ဟုတ်ပါတယ်နော့?’
ဟောင် ခြေတစ်လှမ်း ဆုတ်လိုက်ကာ
‘ ဒါက ဇာတ်လိုက်ရဲ့ ကံကြမ္မာများလား? ကျင့်ကြံရေးလမ်းစဥ်အတွက် ရုန်းကန်နေရပုံတို့ ဘာတို့ ဆိုပြီး ငါရုပ်ရှင် ရိုက်လိုက်သင့်လား?’
(ဒီလို အပျင်းထူတာ မလိမ္မာဘူးနော် ပိုင်ရှင်။ ဘာလဲ ကိုယ့်ရဲ့ကျင့်ကြံရေးလမ်းစဥ်ကို ဈေးဆစ်ရင်း တိုးတက်အောင် လုပ်မလို့လား?)
( ပြီး ဘာဆက်လုပ်ပေးရမလဲ? သွေးကြောတစ်ခု ဖွင့်တာဝယ်ရင် တစ်ခု လက်ဆောင်ပေး.အစီအစဥ် ထည့်ပေးရမလား?)
‘..အဲ့ဒါ မဆိုးဘူး ဟျောင့်’
( လုံးဝ မဖြစ်နိုင်ဘူး!)
ဟောင် လက်လျော့လိုက်သည်။
သောက်ကျိုးနည်းကို ခေါင်းမာတယ်!
ဒီစနစ်ဆိုတဲ့ကောင်က အရင်ဘဝက ကျောင်းဆရာမ အပျိုကြီးဝင်စားထားတာ ဖြစ်မယ်!
သူ အထက်တန်းကျောင်းတုန်းက တွေ့ခဲ့တဲ့ အပျိုကြီးတွေထက် ပိုဆိုးလောက်သည်!
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားသည်။
ညနေခင်း နေရောင်သည် နောက်ဆုံး အလင်းရောင်ကို အပြိုင်ကမ္ဘာကုန်စုံဆိုင်ရှိသော လမ်းကြားပေါ် ထွန်းလင်းပေးနေသော်ငြား စင်အနည်းငယ်သာ အလင်းရောက်ခဲ့သည်။
ဈေးဝယ်အသစ်လဲ မရောက်သေးဘူး။
မိုရှီရှီနဲ့ ခူရိုမီပဲ ထိုင်ခုံမှာထိုင်ကာ ခေါက်ဆွဲစားဖို့ စောင့်နေကြလေ၏။
ကြမ်းပြင်တွင် ဆူကီနဲ့ ရိုယူသည် ပြေးလွှာရင်း ဆော့ကစားနေကြသည်။
သူတို့တွေ လျင်မြန်စွာ ကြီးထွားလာကြသည်။
လက်ဖဝါးအရွယ်လေး မဟုတ်တော့ဘဲ အခုဆိုရင် ကြောင်အမေကြီးရဲ့ တစ်ဝက်လောက်နီးနီး ရှိနေကြပြီပင်။
ဟောင် လက်သည်းလေးများကိုလဲ သတိထားမိသည်။
ချွန်မြပြီး ကျောက်တုံးတစ်တုံးလို ကြည်လင်သည်။ ထိပ်ပိုင်းတွင် အနည်းငယ် ကွေးသွားသည်။
ဒီနှုန်းနဲ့ ကြီးထွားနေလို့ကတော့ နှစ်လလောက် အတွင်း ကြောက်ဖို့ကောင်းတဲ့ အကောင်လေးတွေ ဖြစ်လာနိုင်သည်။
ဖြစ်နိုင်တာ နှစ်လထက်တောင် စောနိုင်၏။
သူတို့လဲ ကြောင်အမေကြီးလိုမျိုး အရွယ်အစားကို ထိန်းချုပ်နိုင်ဖို့ ဟောင် မျှော်လင့်မိသည်။