(အာလူးကြော်တစ်ထုပ်ကြောင့် ငြိမ်းချမ်းမှုကိုခံစားလိုက်ရတယ်)
Vol. 6 Ch. 72
ထျန်းလု အလုပ်ချိန်ပြီးသွားပြီမို့ အရင်အတိုင်းပဲ တိတ်ဆိတ်စွာ ဆိုင်အတွင်းကို ပြန်ဝင်လာခဲ့သည်။
ဟောင် ထျန်းလုကို လက်မထောင်ပြပြီး ကျန်တဲ့သူတွေကို ပုံမှန်လို လက်ယမ်းပြကာ ခေါ်လိုက်သည်။
“ အားလုံးပဲ ဒါက ထျန်းလုပါ”
“ ဆိုင်ရဲ့ အစောင့်အရှောက် အသစ်ပဲ”
မိုရှီရှီ ခုံမှ မော့ကြည့်လိုက်သည်။.သူမရဲ့ ခေါက်ဆွဲဗူးမှ အငွေ့တွေ ထွက်နေဆဲပဲ။
သူမရဲ့ မျက်နှာတွင် ခံစားချက် မရှိနေသော်ငြား သူမရဲ့ တူကိုင်ထားသော လက်ချောင်းများက တင်းကျပ်သွားသည်။
ခူရိုမီ နေရာမှ မရွေ့ပေမဲ့ လက်သည်း ထုတ်လိုက်သည်။ သူမရဲ့ အကြည့်တွေက စူးရှနေ၏။
‘ ငါ့လိုမျိုး နောက်ထပ် ဆိုင်စောင့်တဲ့လား?’
သူမတို့ နှစ်ယောက် ထျန်းလုကို ကောင်းကောင်း ကြည့်လိုက်ကြသည်။ သူမတို့ နှစ်ယောက်လုံး ခံစားမိ၏။ ဖုံးကွယ်ထားတာမျိုး မရှိဘူး.. သူ့ရဲ့ သန်မာမှုက အထင်းသား သိနေရသည်။
လေးလံပြီး တောင်တစ်ခုလို မာကြော၏။
သူ သေချာပဲ အရှိန်အဝါကို ထုတ်ပြထားတာလား? ဒါမှမဟုတ် အစွမ်းကုန် မဖုံးကွယ်နိုင်တာလားဆိုတာ ပြောရခက်သည်။
မိုရှီရှီ သတိကပ်လိုက်သည်။
အစောပိုင်းကမှ သူမ ကိုယ့်အခန်းကိုယ် ပြန်ပြီး ကောင်းကောင်း နားတော့ဖို့ တွေးနေတာပင်။
ဒါပေမဲ့ အခု နောက်ထပ် အလုပ်သမားတဲ့လား..
သူဋ္ဌေးက လူထပ်ခေါ်လိုက်ပြန်ပြီပဲ။
သူမထက်တောင် အများကြီး သန်မာသေးသည်။
သူမက ဆိုင်မှာ အငယ်ဆုံးဆိုတာ သဘော ပေါက်ပါသည်။
အသက် ဆယ့်သုံးနှစ်နဲ့ ကောင်းကင်ဘုရင် နယ်ပယ်ကို ရောက်ခဲ့သည်။
သူမနဲ့ ရွယ်တူဖြစ်တဲ့ များစွာတဲ့ သိုင်းပါရမီရှင်တွေထက် သူမက အများကြီး ပိုသန်မာသည်။
ဒါပေမဲ့ ထျန်းလုနဲ့ ယှဥ်လိုက်ရင်… သူမ အခု ကိုယ့်ကိုယ်ကို သစ်သားအရုပ်လေး ကိုင်ထားတဲ့ ကလေးမလေးလို ခံစားနေရ၏။
သူမ စိတ်ပျက်သွားသည်။
အားနည်းတယ်ဆိုတဲ့ ခံစားချက် မဟုတ်သော်ငြား.. ဒါက သူမကို ထိပ်ဆုံးရောက်ဖို့ အလှမ်းဝေးနေသေးကြောင်း သတိပေးလိုက်သလိုပဲ။
‘ဟမ့်’
သူမ ဂရုမစိုက်သလို တစ်ဖက်ကို အကြည့်လွှဲလိုက်သည်။
ကြောင်ကလေးတွေလဲ လမ်းတစ်ဝက်မှာ ဆော့နေတာ ရပ်သွားလေ၏။
သူတို့ရဲ့ အမွှေးတွေ ထောင်လာခဲ့သည်။
ထိုထဲမှ တစ်ကောင်က မြှောင်လိုက်သည်။ ခပ်တိုတိုနဲ့ စူးရှရှ အသံထွက်လာ၏။
ထျန်းလု ပြန်စိုက်ကြည့်လိုက်သည်။
ထို့နောက်မှာ ခေါင်းညိတ်ပြလိုက်သည်။
ယဥ်ကျေးမှု ပြချင်တာ မဟုတ်ဘဲ အသိအမှတ်ပြုရုံသာ။
ဟောင် ပြုံးကာ လက်ခုတ်တစ်ချက် တီးရင်း
“ ငါမင်းကို မိတ်ဆက်ပေးမယ်”
သူ ကလေးမလေးကို လက်ညိုးထိုးပြလိုက်ကာ
“ အဲ့ဒါ မိုရှီရှီပဲ။ ဆိုင်ရဲ့ အငယ်ဆုံးလေးပဲ”
မိုရှီရှီ တူကိုင်ထားတာ ချလိုက်ပြီး.လက်ပိုက် လိုက်သည်။
“ ဟမ့်။ ငါက အငယ်ဆုံးဆိုရင်တောင်မှ ခင်ဗျားကလဲ အသစ်လေးပဲ”
“ ဒီတော့ ခင်ဗျားက ငါ့အောက်ကပဲ။ နားလည်လား?”
ထျန်းလု မျက်တောင်ခတ်လိုက်သည်။
ထို့နောက်မှာ ခေါင်းညိတ်လိုက်ကာ
“....နားလည်ပြီ”
တစ်ကယ်ကို သူမပဲ…
မိုရှီရှီ…
ကျိန်စာဖြူဂိုဏ်းရဲ့ ဆက်ခံသူ!
လွန်ခဲ့တဲ့ နှစ်များစွာက တစ်စုံတစ်ယောက်က သူမကို သတ်ဖို့ရန် သူ့ကို ငှားခဲ့သေး၏။
သူ ချက်ချင်းပဲ ငြင်းခဲ့လိုက်သည်။
ကျိန်စာဖြူဂိုဏ်းဆိုတာ သာမာန် မိစ္ဆာဂိုဏ်း မဟုတ်ဘူး။ ကြောက်ဖို့ အရမ်းကောင်းတဲ့ မိစ္ဆာဂိုဏ်းပဲ!
သူသာ သွားရန်စမိရင် သူ့ရဲ့ခန္ဓာကိုယ်ကို ဟိုက ကျိန်စာတွေတိုက်ပြီး မျိုးဆက် အဆက်ဆက် ဒုက္ခရောက်ကုန်လိမ့်မည်။ ဒုက္ခတွေ များကုန်နိုင်သည်။
သူသာ လုပ်ကြံပြီး အောင်မြင်ခဲ့ရင်တောင် တစ်ဘဝလုံး အနောက်က လိုက်ခံနေရမှာ!
ဒါပေမဲ့ ထိုဂိုဏ်းက သူ့ဘာသာပဲ ကျရှုံးသွားခဲ့သည်။
သူမကိုပါ သေသွားပြီ ထင်ခဲ့တာပင်။
ဒါပေမဲ့ အခု သူမက သူ့ရှေ့ ရောက်နေခဲ့ပြီ။
အသက်ရှင်ရက် လုံလုံခြုံခြုံနဲ့ ဆိုင်ထဲမှာ အလုပ်လုပ်နေသေး၏။
ထျန်းလု မိုရှီရှီရဲ့ သန်မာမှုကို အာရုံခံလို့ ရသည်။ ဒီလောက် ငယ်တဲ့ အရွယ်မှာ ကောင်းကင်ဘုရင်.နယ်ပယ်ကို ရောက်နိုင်တာ တော်တော်လေး ထူးချွန်တဲ့ ပါရမီရှင်ပဲ!
သူ ထိုကလေးမကို စိတ်ဝင်စားမိသွားသည်။
သူ့ရဲ့သူဋ္ဌေးက ဘယ်လိုတောင် ဒီလို ကလေးမကို အလုပ်ခန့်နိုင်လဲလဲ အံ့သြမိ သေး၏။
ဟောင် ထို့နောက်မှာ ဘေးတွင်ရှိသော ကြောင်အမေကြီးကို ပြလိုက်သည်။
“ ဒါက ခူရိုမီ ပဲ”
“ ပထမဆုံးသော ဆိုင်ရဲ့ အစောင့်အရှောက်”
“ မင်းတို့နှစ်ယောက်က တာဝန်ချိန်တွေ လဲပြီး စောင့်ရမယ်။ မနက်နဲ့ ညပိုင်းကို အချင်းချင်း ညှိကြပေါ့ ဟုတ်ပြီလား?”
ထျန်းလု ကြည့်လိုက်သည်။
သာမာန် အိမ်မွေးကြောင် တစ်ကောင်ပဲ။
ဒါပေမဲ့ အဲ့ဒါက အပြင်ဘက်သာ!
သူ ခံစားလို့ရ၏။
ဒါက သာမာန်သားရဲတစ်ကောင်.မဟုတ်ဘူး။
ဒါက ဝိညာဥ်သားရဲပဲ။
အရမ်းကို စွမ်းအားကြီးတဲ့ ဝိညာဥ်သားရဲ။
သူ့ထက် အားမနည်းဘူး။
ဖြစ်နိုင်တာ ပိုတောင် သန်မာနိုင်၏။
ဝိညာဥ်သားရဲနဲ့ လူနဲ့ ကွာခြားမှုရှိသည်။
သူတို့ရဲ့ ကျင့်ကြံရေးလမ်းစဥ်တွင် ပင်ကိုယ်ဗီဇကလဲ အရေးပါ၏။
တစ်ချို့သည် မွေးရာပါ သန်မာသည်။ တစ်ချို့က မွေးတည်းက ကောင်းမွန်တဲ့ ဆုလက်ဆောင်တွေ ပါလာခဲ့ပြီး အသက် ရလာတာနဲ့ ပိုပြီး သန်မာလာကြသည်။
သူတို့ရဲ့ နယ်ပယ်က တစ်ခု ပြနေလဲ သူတို့ရဲ့ တစ်ကယ့်သန်မာမှုက ထိုထက် ပိုနိုင်သည်။
ဒီကြောင်ဆီကနေ ထိုသို့သော ဖိအားကိုခံစားရ၏။
အမှောင်ထဲမှာ အနေများတဲ့ သက်တမ်းရှည်တဲ့ သတ္တဝါပဲ။
သူ့ရဲ့ စိတ်ထဲကို အသံတစ်ခု ဝင်ရောက်လာခဲ့သည်။
တည်ငြိမ်..ကျက်သရေရှိပြီး..ရှေးဆန်သည်။
‘ မင်္ဂလာပါ ထျန်း။ ငါ ညပိုင်း တာဝန်ယူလို့ရလား?’
‘ ငါက နေဝင်ရင် ပိုသန်မာတယ်’
ထျန်းလုရဲ့ အကြည့်က ပိုတောက်ပသွားသည်။
ညရောက်ရင် ပိုသန်မာတယ်?
ညမှာပျော်မွေ့တဲ့ သတ္တဝါလား?
အရိပ်နဲ့မွေးဖွားလာတဲ့ တည်ရှိမှုပေါ့?
ထို့နောက်မှာ သူခပ်ဖြည်းဖြည်း ခေါင်းညိတ် ပြလိုက်သည်။
“ ငါ”
“ သဘောတူတယ်”
“ မင်္ဂလာပါ”
ထိုအချက်က သူ့အတွက် ပြဿနာ မရှိပါချေ။
မနက်ခင်းမှာ စောင့်ရတာလဲ အဆင်ပြေသည်။
ဒီလို ဝိညာဥ်သားရဲဆီကနေ မျက်နှာသာပေးမှု ရနိုင်မည်ဆိုပါက လုံလောက်တာထက် ပိုသည်။
သူသည် သန်မာမှုကို အလေးထားသည်။
ပြီးတော့ ဘယ်အချိန်မှာ စကားပြောသင့်တယ်.. ဘယ်အချိန်မှာ တိတ်တဆိတ် နေရမယ်ဆိုတာ သိတဲ့သူတွေကို ပိုသဘောကျသည်။
‘ ကျေးဇူးပါ ထျန်းလု”
‘ အချိန်ကျလာရင် ငါ ကျေးဇူးပြန်ဆပ်မယ်’
ထျန်းလု တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
“ မ..”
“လိုပါဘူး”
“ အားလုံး”
“.အဆင်ပြေပါတယ်”
ထို့နောက်မှာ ထျန်းလုက ကောင်တာဘက်ကို လှည့်လိုက်သည်။
ပြီးလျှင် အရိုအသေ ပေးလိုက်လေသည်။
“ ကျေးဇူးပါ”
“သူဋ္ဌေး”
ဟောင် မျက်တောင်ခတ်လိုက်သည်။
သူ့မျက်နှာတွင် ရှုတ်ထွေးမှုများ ပြည့်နေ၏။
“..ဟမ်?”
“ ဘာလို့လဲ? လု”
ထျန်းလု ချက်ချင်း အဖြေမပေးပေ။
ထိုအစား သူ့ရဲ့ သိုလှောင်လက်စွပ်ဆီ သွားလိုက်၏။
ပြီးလျှင် ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။
မက်မွန်လက်ဖက်ရည် ဗူးအလွတ်နဲ့..
အာလူးကြော်အခွံပင်။
“ ဒါက”
ရတနာ တစ်ပါးလိုမျိုး ထိုသူက ကောင်တာပေါ် ဂရုတစိုက် တင်လိုက်သည်။
ဟောင် စိုက်သာ ကြည့်နေမိ၏။
သူ.ထပ်ပြီး စိုက်ကြည့်လိုက်သည်။
လွန်ခဲ့တဲ့ နာရီအနည်းငယ်က ထျန်းလု ဆိုင်အပြင်တွင် ကင်းစောင့်နေစဥ်တွင်..
သူ့ရဲ့ လည်ပင်းကို လေတစ်ချက် ဖြတ်တိုက်သွား၏။
ပုံမှန်လိုပဲ သူ့ရင်ထဲမှာ ဖိအားတွေ စတင် လှိုင်းထန်လာသည်။
သူ့ရဲ့ ကိုယ်အတွင်းက တစ်စုံတစ်ခုက နိုးထလာသည်။
မှောင်မဲကာ ထိန်းသိမ်းရခက်ပြီး ကြမ်းတမ်းသည်။
သူ အံံကြိတ်ကာ နံရံကို မှီပြီးထိုင်ချလိုက်တော့၏။
သူ့ခေါင်းမှ ချွေးတွေ စီးကျလာခဲ့သည်။
ဒီခံစားချက်…
ဒီခံစားချက်က သူ့ကို အမဲလိုက်နေတာ နှစ်များစွာ ကြာခဲ့ပြီ။
အဲ့ဒါက ဘယ်တော့မှ မပျောက်ကွယ်မဲ့ ကျိန်စာဆိုးတစ်ခုလိုပဲ။
သူ အမြဲတောင့်ခံခဲ့ရသည်။
တစ်နေ့ပြီးတစ်နေ့…
နာကျင်မှု၊ ဖောက်ပြားမှုတွေက သူ့ရဲ့ စိတ်ဝိညာဥ်ကို ဒုက္ခပေးနေခဲ့သည်။
ဒါပေမဲ့ ဒီနေ့ ထိုဖြစ်စဥ် စတင်ချိန်မှာ သူ မက်မွန်လက်ဖက်ရည်ကို ဖောက်ပြီးသား အနေအထား ဖြစ်နေခဲ့သည်။
လက်ထဲတွင်လဲ အာလူးကြော်ထုပ် ရှိ၏။
သူ လက်ဖက်ရည် တစ်ငုံသောက်လိုက်ချိန်မှာ တစ်စုံတစ်ခုက ပြောင်းလဲသွားခဲ့သည်။
သူ့ရဲ့ သွေးကြောထဲမှာ နေရောင်ခြည်လေး လင်းလက်လာသလိုမျိုး နွေးထွေးမှုက ရင်ဘတ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့၏။
သူ ခဏရပ်သွားသည်။
ထို့နောက်မှာ ဆက်သောက်လေတော့၏။
တစ်ငုံသောက်လိုက်တိုင်း တည်ငြိမ်မှုက ပိုအနည်ထိုင်လာသည်။
ထို့နောက်မှာ အာလူးကြော်ထုပ်ကို ဖောက်လိုက်၏။
တစ်ခုပြီးတစ်ခု စားပစ်လိုက်သည်။ အစက ဘာမှ မသိသာသေးပေ။
ဒါပေမဲ့ သူနောက်ဆုံးတစ်ခု စားပြီးချိန်မှ စပြီး..
အရာအားလုံးက ပုံပေါ်လာလေ၏။
သူ့ရင်ဘတ်ထဲရှိ မုန်တိုင်းသည် တည်ငြိမ်သွားသည်။ သူ့ရဲ့ အတွေးတွေ တင်းမာနေတာ မရှိတော့ဘူး။
နာကျင်မှုနဲ့ ဒေါသတွေ မရှိတော့သလို ဘယ်လို နှိပ်စက်မှုမျိုးမှ မရှိတော့ဘူး။
အချိန်အကြာကြီးနေမှ ပထမဆုံးအကြိမ်အဖြစ်.. သူ လူသားတစ်ယောက်လို ခံစားလိုက်ရ၏။
ယာယီပဲ ဆိုပေမဲ့ သူ့အတွက် လုံလောက်ပါသည်။
သူ ပြိုလဲနေသလိုမျိုး ခဏတာလောက် မခံစားခွင့်ရတာကိုက သူ့အတွက် လုံလောက်ပြီ။
အသက်ရှုဖို့ မတိုက်ခိုက်ရတော့ဘူးလို့ ခံစားလိုက်ရတဲ့အတွက် လုံလောက်ပါသည်။
ထို ငြိမ်းချမ်းတဲ့ အချိန်ခဏက သူ့အတွက် ကောင်းကင်ဘုံကို ခြေချလိုက်ရသလိုမျိုးပဲ။
နာကျင်မှုမရှိတဲ့ ဘဝကြီးကို သူ့အား ခဏတာ အရသာခံခွင့် ပေးသွားခဲ့၏။
အရမ်းကို အဖိုးကြီးမားသည်ပင်။
သူ ဟောင် ကို ကြည့်လိုက်သည်။
“ ထပ်ပြီး”
ထျန်းလု ပြောလိုက်သည်။
ဟောင် ဘာမှ မဖြစ်တော့ပေ။
သူ ထျန်းလုရဲ့ တစ်လုံးချင်းပြောတဲ့ အခြေအနေကို အသားကျနေပြီပင်။
ဒီလူက စကားပြောဖို့ အနည်းငယ် အရှိန်ယူရတာမျိုး ဖြစ်နိုင်သည်။
“ ဒီအားလူးကြော်နဲ့ လက်ဖက်ရည်ကို ထပ်ယူချင်တာလား?”
ထျန်းလု ခေါင်းတစ်ချက် ညိတ်ပြသည်။
ဟောင် မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
လက်ဖက်ရည်ကတော့ သူ့အနေနဲ့ ပြဿနာ မရှိဘူး။
ဒါပေမဲ့ အာလူးကြော်က..
သူ စနစ်ကို မေးလိုက်သည်။
‘ စနစ် အာလူးကြော်ကို အလုပ်သမားတွေအတွက် တစ်ထုပ်ကို အစာတစ်နပ်အဖြစ် သတ်မှတ်လား?’