( ဟောင်ရဲ့ ကျင့်ကြံရေးခရီးစဉ်)
Vol. 6 Ch. 78
ပထမတစ်ခုသည် နေရောင်ဆင်းသက်မည့် တည်ဆောက်ပုံဖြစ်၏။
ဒီတည်ဆောက်ပုံသည် ကျင့်ကြံသူအတွက် အလင်းမှ စွမ်းအင် စုပ်ယူပေးသည်။ နေရောင်ခြည် စွမ်းအင်နှင့် ချီစွမ်းအင်ကို စုပ်ယူပြီး လျင်မြန်မှု၊ အရှိန်နဲ့ တုံ့ပြန်မှုကို တိုးစေသည်။
ခန္ဓာကိုယ်ကို အချိန်တစ်ခဏကြာသည်အထိ အလင်းအဖြစ် ပြောင်းလဲနိုင်ပြီး ဝတ္ထုတွေကြား သွားလာခွင့်ပါ ပြုပေးနိုင်သည်။ ဒါပေမဲ့ ဒီစွမ်းရည်က ကန့်သတ်ချက်ရှိပြီး ချီစွမ်းအင်ကို အလွန်စားသုံးသည်။ အကျိုးရှိရှိ သုံးချင်ရင် ချီစွမ်းအင်များဖို့ လိုအပ်၏။
ဒုတိယတစ်ခုသည် ရေခဲနဂါးတည်ဆောက်ပုံ ဖြစ်သည်။
ရှေးဟောင်းနဂါးဖြစ်တဲ့ ရေခဲနဂါးရဲ့ မျိုးဆက်ကနေ ကောင်းချီးပေးခံထားရတာမို့ ဒီတည်ဆောက်ပုံရှိသူသည် ရေခဲကို ထိန်းချုပ်နိုင်စွမ်းရှိ၏။ ခန္ဓာကိုယ်က အအေးဒဏ်ကို ခံနိုင်ရည်ရှိလာမည်။ ကျင့်ကြံသူကို ရေခဲ ချီစွမ်းအင်ကို စုပ်ယူစေပြီး ရန်သူတွေကို အေးခဲပစ်နိုင်သည်။ ရေခဲကို လိုသလို ပုံဖော်ပြီး အသုံးပြုတိုက်ခိုက် နိုင်သည်။
ကျင့်ကြံဆင့်နယ်ပယ် မြင့်တဲ့ ကျင့်ကြံသူ ဖြစ်လာလျှင် ရေခဲနဂါးအသွင်ကိုပါ ပြောင်းနိုင်ပြီး နေရာအကျယ်ကြီးအထိ အေးခဲနိုင်စွမ်းရှိသော နှင်းမုန်တိုင်းကို ဆင့်ခေါ်နိုင်သည်။ ကျင့်ကြံဆင့်မြင့်တာနဲ့ ရေခဲကို ထိန်းချုပ်နိုင်စွမ်းက မယှဉ်နိုင်လောက်အောင် မြင့်လာမည်။
သူ အတိအကျတော့ နားမလည်ပေမဲ့ ဒီ တည်ဆောက်ပုံ နှစ်မျိုးက သူ့ရဲ့ အရင်ဘဝက ဖတ်ဖူးသော manga ကာရိုက်တာများကြားရှိ အကြိုက်ဆုံးဇာတ်ကောင်တွေကို အမှတ်ရစေ ခဲ့သည်။
နေရောင်ကို စုပ်ယူတဲ့ ကောင်ကလား? အဲ့ဒါက ပျင်းရိပြီး အလင်းအလျင်နဲ့ သွားလာနိုင်သလို ခန္ဓာကိုယ်ကလဲ အလင်းဖြာထွက်ပြီး ကန်ချက်တစ်ခုနဲ့ နေရာတစ်ခုလုံးကို ပျက်ဆီးအောင် လုပ်နိုင်တဲ့ ကာရိုက်တာမျိုးပဲ။
ရေခဲနဂါးကကော.ဘာထူးလဲ? သေချာပေါက် ဆံပင်အဖြူနဲ့ စွမ်းအင်ကလဲ အရမ်းမြင့်မည်။ စိတ်ဆိုးတာနဲ့ တိုက်ပွဲနယ်မြေတစ်ခုလုံးပါ အေးခဲပစ်နိုင်တဲ့ သောက်ကျိုးနည်း MC မျိုး…။
ဟောင် ကျန်တာတွေကို ဂရုမစိုက်တော့ဘူး။ ဒါက တော်တော်လေး.မိုက်နေပြီ။
အဆုံးမှာတော့ သူ နေရောင်ဆင်းသက်မည့် တည်ဆောက်ပုံကို ရွေးချယ်ခဲ့သည်။
“ ဒီတစ်ခုယူမယ်”
( ရွေးချယ်မှာသေချာပြီနော် ပိုင်ရှင်? စနစ်က နောက်ထပ် ဗားရှင်းမြင့်နိုင်မှ နောက်ထပ် ရွေးခွင့်ရှိမှာနော်)
“ အင်း ချသာချ”
သူ ဒီတိုင်း စိတ်ကူးယဥ်နေတာ မဟုတ်ဘူး။ သူ့ခေါင်းထဲမှာ အတွေးတွေ ဖြစ်ပေါ်နေပြီ။ သူ တွေးထားသလို အရမ်းမိုက်တဲ့ တည်ဆောက်ပုံမျိုး ဖြစ်လာနိုင်မလား မသေချာပေမဲ့… မဖြစ်လဲ ကိစ္စမရှိပါဘူး။
( နေရောင်ဆင်းသက်မည့် ခန္ဓာကိုယ် တည်ဆောက်ပုံကို ထပ်ပေါင်းလိုက်ပါပြီ)
( သတိပေးချက်- သတိကပ်ပြီးနေပါ ပိုင်ရှင်)
( အနည်းငယ် နာကျင်နိုင်တယ်)
‘ မင်းဘာကိစ္စ သွားဆရာဝန် တစ်ယောက်လို စကားပြောနေတာလဲ?’
သူ မျက်လုံးများမှိတ်ပြီး သက်ပြင်းချလိုက်ကာ ကံတရားကိုပဲ လက်ခံလိုက်တော့၏။
အရင်ဦးဆုံး အပူဒဏ်ကို ခံစားရသည်။ သေးငယ်ပြီး ဆူညံဟန်ရှိသော အနွေးဓာတ်က ရင်ဘတ်မှတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့၏။ ဒါက အရမ်းမဆိုးဝါးသေးပါဘူး….
အနွေးဓာတ်က အပူဓာတ်အဖြစ် မပြောင်းမချင်းပေါ့။
သူ့ရဲ့ သွေးက ရွှေရောင်မီးရည်တွေ အဖြစ် ပြောင်းသွားပြီး ချီစွမ်းအင် စီးဝင်နိုင်ဖို့ လမ်းကြောင်းသစ်ကို ဖောက်ပေးနေသလို မျိုးပဲ။ သူ့ရဲ့ သွေးကြောတွေက တောက်ပလာခဲ့သည်။ ခန္ဓာကိုယ်အတွင်းကို နေရောင်တွေ တိုက်ရိုက် ထိုးထည့်နေသလိုပဲ။
သူ့ရဲ့ အရိုးတွေက ကိုက်ခဲလာပြီး အရိုးတွေ ဆန့်တန်းလာရင်း သေမျိုးအစွမ်းထက်ပိုတဲ့ အရာကို ခံယူနိုင်ဖို့ ပြောင်းလဲဖန်တီးနေသလိုပင်။ သူ့ရဲ့ ကြွက်သားတွေက မထိန်းချုပ်နိုင်အောင် တွန့်လိမ်လာကာ ကြွက်သားတစ်မျှင်ဆီက အရေပြားမှ ထွက်ပြေးဖို့ ကြိုးစားနေသည့်နှယ်။
သူ့ရဲ့အရေပြားက စပ်ဖျင်းဖျင်း ဖြစ်လာ၏။ နာကျင်မှုကြောင့် မဟုတ်ဘဲ ဖိအားဒဏ်ကြောင့်ပင်။ အပေါ်မှ နေရောင်က သူ့ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖိချနေသည့်နှယ် ခံစားရသည်။
ထို့နောက်မှာ အရိုးစနစ်တစ်ခုလုံးကို ပန်းပဲထုသလိုမျိုး နေရောင်က ထုပြီး ပုံသွင်း.နေခဲ့သလို ခံစားလိုက်ရ၏။
သူ လှုပ်လဲမလှုပ်နိုင်သလို မအော်လဲ မအော်နိုင်ခဲ့ဘူး။
အသံက လည်ချောင်းမှာ တစ်ဆို့နေပြီး ခြေလက်တွေက လေးလံထုံးထိုင်းနေ၏။
သူ့ရဲ့ ခန္ဓာကိုယ်မှ အရည်ပျော်ထားတဲ့ ဖန်အရည်ကြည်တစ်ခုလို ချွေးများက ခန္ဓာကိုယ်အနှံ့ တုန်ယင်စွာ စီးဆင်းလာခဲ့သည်။ သူ တုန်ယင်စွာပဲ အသက်ရှုထုတ်လိုက်သည်။
နေရောင်ခြည်အတွင်းမှာ အသစ်မွေးဖွား.လာသလိုမျိုးပဲ။
သူ အံကြိတ်လိုက်သည်။ သူ့ရဲ့ သွေးကြောတွေ ကြားမှာ အလင်းက ရိုင်းဆိုင်းစွာ စီးဆင်းနေပြီး အတားအဆီးအကုန်လုံးကို တွန်းဖွင့်ကာ ချီစွမ်းအင်လှိုင်းလုံးကြီးများ ခန္ဓာကိုယ်အနှံ့ စီးဆင်းနေခဲ့သည်။ သူ့ရဲ့ လက်ချောင်းထိပ်များပင် မခံနိုင်လောက်အောင် လင်းလက်လာကြသည်။
ရုတ်ချည်းပဲ သူ့ရဲ့ ကိုယ်အတွင်းက ဆန်းကြယ်စွာ တစ်စုံတစ်ခုကို ဆွဲယူလိုက်သလို ခံစားလိုက်ရသည်။
သူ့ရဲ့ ခန္ဓာကိုယ်က လုံးဝ ပျောက်ကွယ် သွားသလိုမျိုး ပေါ့ပါးလာ၏။
သူက ဟောင် မဟုတ်တော့ဘူး။
သူက အလင်းပဲ။
သူက လျင်မြန်မှုဖြစ်လာပြီး ရွေ့လျားမှု အဖြစ် ပြောင်းလဲလာသလိုပဲ။
ထိုအချိန်မှာ…
တိတ်ဆိတ်သွားခဲ့သည်။
အရာအားလုံးက နေမြဲအတိုင်း ရှိနေပြီး တိတ်ဆိတ်သွား၏။
သူ့ရဲ့ ခြေလက်တွေကို ပြန်ခံစားနိုင်ပြီ။ သူ့ရဲ့ အလေးချိန်က ပြန်ရောက်လာခဲ့သည်။ နာကျင်မှုတွေ ပျောက်ကွယ်ကာ သန်မာမှုသာ အစားထိုးဝင်ရောက်လာ၏။
သူ အသက်ရှုသွင်းလိုက်လေသည်။
ဒါပြီးသွားပြီ။
အခု ငါ့ရဲ့ကျင့်ကြံမှုစတင်ပြီ။
( ဂုဏ်ယူပါတယ်ပိုင်ရှင်။ နေရောင်ဆင်းသက်မည့် ခန္ဓာကိုယ် တည်ဆောက်ပုံကိုအောင်မြင်စွာ ရယူနိုင်ပြီ ဖြစ်လို့ စတင်ကျင့်ကြံနိုင်ပါပြီ)
( ရလဒ်ကောင်းရဖို့ရန် ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ဈေးဆိုင်မှ သင့်တော်တဲ့ ကျင့်ကြံရေးသိုင်းတစ်ခု ဝယ်ယူဖို့ အကြံပေးချင်ပါတယ်)
ဟောင်ရဲ့မျက်နှာရှေ့တွင် ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာ၏။
………
(အချက်အလက်)
အမည်- ဟောင်။
ခန္ဓာကိုယ်- ဗလာကိုယ်ထည် တည်ဆောက်ပုံရှိ။
( နေရောင်ဆင်းသက်မည့် တည်ဆောက်ပုံ)
ကျင့်ကြံဆင့်- သေမျိုးနယ်ပယ်။
ကျင့်ကြံရေးသိုင်း- မရှိ။
သေမျိုးသိုင်း- မရှိ။
……..
ဟောင် သူ့ရဲ့ လက်ချောင်းတွေကို ဖြည်းညင်းစွာ လှုပ်ရှားကြည့်လိုက်သည်။
ထို့နောက်မှာ ခြေတွေလက်တွေကိုပါ လှုပ်ရှားကြည့်၏။
“အာ”
သူ့ရဲ့ ခန္ဓာကိုယ်က အိပ်ထမတင် အကြိမ်တစ်သောင်းလောက် လုပ်ထားရသလို နွမ်းနယ်နေပေမဲ့ အသက်တော့ ရှိသေးသည်။ ချွေးတွေစိုရွှဲနေပုံများ သူဝတ်ထားသော အင်္ကျီသည် ဒုတိယအရေပြားလို ခန္ဓာကိုယ်မှာ ကပ်နေလေသည်။
သူ့ရဲ့ ဘောင်းဘီလဲ အခြေအနေ မကောင်းရှာပေ။ သူ့အောက်က အိပ်ယာဆို ရေတွေစိုနေပြီ။ မသိလျှင် အိပ်နေရင်းနဲ့ ရေကူးသင်တန်း တက်ထားတဲ့အတိုင်းပဲ။
‘ စိတ်ပျက်ဖို့ကောင်းတာကွာ’
သူ ညည်းညူရင်း ထလိုက်ပြီး မီးဖွင့်လိုက်သည်။
ချက်ချင်းပဲ…..
နွေးထွေးမှု၊ နူးညံ့မှုနဲ့ သိမ်မွေ့မှုကို ခံစားလိုက်ရ၏။
နာကျင်မှုမဟုတ်သလို နွမ်းနယ်မှုလဲ မဟုတ်ဘူး။ အသစ်အဆန်းပဲ။ တစ်ခုခုက.. သူ့အတွင်းမှာ စီးဆင်းနေသည်။
သူ မျက်တောင်ခတ်လိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်က အနည်းငယ် ပေါ့ပါးလာသလို လေထုကလဲ ပိုပါးလာသလိုပဲ။ ပိုပြီး ရှင်းလင်းလာခဲ့သည်။
“... ဒါ ချီစွမ်းအင်လား?”
ဟောင် မသေမချာ ရေရွတ်လိုက်သည်။
( ဟုတ်တယ်။ ပိုင်ရှင်လတ်တလော စုပ်ယူနေတာက ချီစွမ်းအင်ဖြစ်ပြီး နေရောင်ဆင်းသက်မည့် ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အလိုအလျောက်ပဲ ကိုယ်တွင်းကို စီးဝင်နေတာပါ)
အခန်းထဲကို အလင်းဝင်လာတာနဲ့ နေရောင်ဆင်းသက်မည့် ခန္ဓာကိုယ်တည်ဆောက်ပုံက အသက် ဝင်လာခဲ့သည်။
အလင်းချီစွမ်းအင်လေးများသည် ကိုယ်အတွင်း ဝင်ရောက်လာခဲ့ပြီး အသစ်ပြောင်းလဲထားသော သွေးကြောများကြား လှည့်ပတ်နေသည်။ အေးမြတဲ့ ဆောင်းရာသီထဲမှာ အနွေးဓာတ်လေး လွှမ်းခြုံလိုက်ရသလိုပဲ။
ဖျော့တော့ပြီး အပြည့်အဝ ခံစားလို့မရနိုင်ပေမဲ့ စစ်မှန်သည်။
သူ ကျင့်ကြံနေတာပင်။
ဟောင်ရဲ့ မျက်လုံးများ ကျယ်သွားသည်။ သူ ပုံရိပ်ယောင် မျက်နှာပြင်ကို ကြည့်ပြီး ပြုံးလိုက်၏။
“ ကျင့်ကြံဆင့်- စိတ်ဝိညာဥ်နိုးထ ပထမနယ်ပယ်ရဲ့ အဆင့်တစ်”
ဟောင်ရဲ့ ရင်ဘတ်က တင်းကျပ်သွားသည်။
“ ငါအခု ကျင့်ကြံသူဖြစ်ပြီကွ”
ဟောင် ရေရွတ်လိုက်သည်။
ထိုနောက်မှာ ကျယ်လောင်စွာ ရင်ဘတ် စည်တည်းလိုက်ပြီး
“ ငါအခု ကျင့်ကြံသူကွ!”
နှစ်များစွာ ဝတ္ထုတွေဖတ်ပြီး.ဓားပျံစီးဖို့တွေ၊ ချီစွမ်းအင်နဲ့ဖောက်ခွဲပစ်ဖို့တွေ စိတ်ကူးယဥ်ခဲ့ရသမျှ အခု ငါကိုယ်တိုင် ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ဇာတ်လိုက် ဖြစ်လာတော့မယ်!
နောက်ဆုံးတော့ ဖြစ်လာပြီ။
သူအခု ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်သွားပြီ။
ရှန်းရှ ဝတ္ထုကို တစ်ပိုင်းလောက်ဖြစ်ဖြစ် ဖတ်ဖူးသူဆိုရင် နားလည်မှာပင်။
ဒီခံစားချက်က…
လုံးဝအိပ်မက်လိုပဲ။
သူ အခု ရှင်သန်နေသလို ခံစားရသည်။
သူ.မထိန်းချုပ်နိုင်တော့ပေ။ အချိန်တစ်ချို့ ကြာသည်အထိ အခန်းအတွင်းမှာ သူ လှည့်ပတ်သွားနေခဲ့သည်။ ခုန်ကြည့်သည်။ အခန်းတစ်ဝက်လောက်ကို ပြေးလွှားနေလိုက်၏။
အချိန်တစ်ခုအထိ အောင်ပွဲခံပြီးနောက်မှာ သူ စိတ်ငြိမ်အောင်လုပ်လိုက်ပြီး အင်္ကျီအသစ်လဲလိုက်တော့သည်။
သူ စိုနေတဲ့ အိပ်ယာခင်းတွေကို လုံးပြီး ဘေးရွှေ့ထားလိုက်၏။ အပင်ပန်းခံပြီး ခေါက်မနေတော့ချေ။ စနစ်ရဲ့ ဖြည့်တင်းပေးမှုကြောင့် နောက်တစ်နေ့ မနက်ရောက်တာနဲ့ အခန်းက အလိုအလျောက် သန့်ရှင်းနေမှာ သိပြီးသားလေ။
မနက်ရောက်တာနဲ့ အိပ်ယာခင်းက ဘာမှမဖြစ်ထားသလို တောက်ပြောင်းမှာ ရှိနေလိမ့်မည်။
ဒီတော့…ဒီညတော့ သူ ဆိုဖာမှာ အိပ်ရတော့မယ်လို့ ဆိုလိုတာပဲ။
ဒါပေမဲ့ သူတစ်ကယ် အိပ်ပျော်ပါ့မလား?
သူအခု ကျင့်ကြံသူ ဖြစ်သွားပြီလေ!
တစ်ညလုံးကျင့်ကြံပြီး အချိန်ဖြုန်းလို့ ရနေချိန်မှာ ဘယ်သူက အိပ်နေမှာလဲ? ကျင့်ကြံသူအစစ်တွေဆို နေ့မအား ညမအား ကျင့်ကြံကျသည်မလား?