( နေမင်းအင်ပါယာရဲ့ မာန)
Vol. 6 Ch. 79
ပြုံးဖြဲနေတဲ့ မျက်နှာတဲ့ ဟောင်သည် ဧည့်ခန်းအတွင်းရှိဆိုဖာမှာ ခြေချိတ်ကာ.ထိုင်လိုက်သည်။
‘ စနစ် ကိုယ်ပိုင်ဈေးဆိုင်စာမျက်နှာကို ဖွင့်မယ်’
ပုံရိပ်ယောင် မျက်နှာပြင်အသစ်တစ်ခု ပေါ်လာသည်။
……..
(ကိုယ်ပိုင်ဈေးဆိုင်)
ကျင့်ကြံရေးကျင့်စဥ်များ
သိုင်းကျင့်စဥ်များ
…….
ဟောင် ကျင့်ကြံရေးသိုင်းများကို နှိပ်လိုက်ချိန်မှာ ချက်ချင်းပဲ နံရံတစ်ခုစာလောက် များပြားတဲ့ နာမည်စာရင်း ကျလာခဲ့သည်။ ရာချီတဲ့ သိုင်းပညာများရဲ့ ဘေးတွင် ကျသင့်မဲ့ ဝိညာဥ်ကျောက်တုံး ပမာဏကို ရေးသားထား၏။
တစ်ချို့က ငါးဆယ်ကျသလို တစ်ချို့ကျ တစ်ရာပေးရသည်။ ကျောက်တုံးတစ်ထောင် ပေးရသော သိုင်းပင် ရှိသေး၏။
ဟောင် နည်းနည်းတောင် မူးလာသလိုပင်။
‘ စနစ် မင်းဒီထဲကနေ ငါရဲ့တည်ဆောက်ပုံနဲ့ ကိုက်ပြီး ငါတတ်နိုင်တဲ့အထဲကဟာပဲ ရွေးပြီး ပြပေးလို့ရမလား?’
( ရတယ် ဒါပေမဲ့ အဲ့လိုရွေးပေးစေချင်ရင် ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးရမယ်)
ဟောင် ယူသွားဆိုသည့်သဘောဖြင့် လက်သာ ယမ်းလိုက်သည်။ အဆင့်မြင့် ခန္ဓာကိုယ် တည်ဆောက်ပုံကို အလကားပေးထားတာ ဆိုတော့ အခုလို နည်းနည်းလောက် တောင်းတာ ပေးလိုက်ပါ့မယ်လေ။ သူ ခံစားချက်ကောင်းနေသည်မို့ မငြင်းခုန်ချင် သေးဘူး။
‘ လုပ်လိုက် စနစ်’
( နားလည်ပါပြီ။ ကျင့်ကြံရေးသိုင်းပညာများကို စစ်ဆေးနေပါသည်..)
မျက်နှာပြင် တစ်ချက်လက်သွားပြီး ရှည်လျားတဲ့ စာရင်းက တော်တော်လေး တိုသွား၏။ ဒါပေမဲ့ ငါးဆယ်တောင် ကျန်သေးတဲ့အတွက် ရွေးရတာတော့ ခက်ဆဲပင်။
သေချာပေါက် ဘယ်လွယ်ကူပါ့မလဲ?
နာမည်တွေ လိုက်ဖတ်ရင်းနဲ့တင် မျက်လုံးတွေ တွန့်လာသလို ခံစားလာရ၏။ မနက်ခင်းနေရောင်ချီစွမ်းအင်… နေရောင်သုံးသိုင်းပညာ… မီးကြာပွင့်သိုင်း..
ဟောင် စတင် ခေါင်းကိုက်လာ၏။
သူ နောက်ဆုံးတွင် ထိုထဲမှ အခိုင်မာဆုံး ပုံပေါက်သည့် တစ်ခုကို ရွေးချယ်ခဲ့သည်။
‘ နေမင်းအင်ပါယာရဲ့မာန’
နာမည်နဲ့တင် အထာမိုက်သည်။
ပြီးတော့ ဖော်ပြချက်ကလဲ စိတ်မပျက်စေဘူး။
ထိုစွမ်းအင်သည် အားပြင်းတဲ့ ကျင့်ကြံရေး သိုင်းတစ်ခုဖြစ်ပြီး အသက်ရှုတိုင်း အရေပြားမှတစ်ဆင့် ချီစွမ်းအင်ကို စုပ်ယူသည်။ ချီစွမ်းအင်ကို ထို့နောက်မှ အရိုးတွင်းကို ဖြတ်သန်းစေပြီး သန့်စင်သည်။ နှလုံးသွေးကြောထိပါ စီးဆင်းစေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင်စီးဆင်းမှုကို နေလုံးရဲ့ ရွေ့လျားမှုနဲ့ လိုက်ဖက်ညီအောင် ထိန်းသိမ်း ပေးသည်။
အရုဏ်တက်မှာ ဖြစ်စဥ်စတင်ပြီး မနက်ခင်းပိုင်းရောက်ရင်.ပိုသန်မာလာကာ နေမွန်းတည့်ချိန်သည် အသန်မာဆုံးဖြစ်၏။ ထိုအချိန်မှာ ကျင့်ကြံသူရဲ့ ချီစီးဆင်းမှုကို အမြန်ဆုံးဖြစ်စေပြီး တစ်ပတ်ကြာမှ အဆင့်တက်နိုင်မည့်အစား နာရီအနည်းငယ်အတွင်း အဆင့်တက်စေသည်။
ညနေပိုင်း ရောက်တာနဲ့ ချီစွမ်းအင်စီးဆင်းမှု နှေးကျသွားပြီး သွေးကြောများသည် နောက်တစ်နေ့ မနက်အတွက် အားပြန်ယူကြသည်။
ဒီ သိုင်းပညာက အလင်းစွမ်းအင်ကို စုပ်ယူပြီး ရွှေရောင်ချီစွမ်းအင်အဖြစ် ပြောင်းလဲရာမှာ အာရုံစိုက်ကာ ခန္ဓာကိုယ်ကို ပိုသန်မာအောင် အားဖြည့်ပေးသည်။ အတွင်းအင်္ဂါတွေကို သန့်စင်ပေးပြီး ဒန်ထျန်ကို ကြီးထွားစေသည်။
ကျင့်ကြံရေးနယ်ပယ်မြင့်သွားရင် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်သည် သန့်စင်ပြီးသား.ချီစွမ်းအင်ရဲ့ အလင်းဖြာထွက်မှု ရှိနေမှာဖြစ်ပြီး သိုင်းပညာ ပိုမြင့်တာနဲ့ထိုတောက်ပမှုကို ပိုထိန်းချုပ်နိုင်မှာ ဖြစ်သည်။
အလင်းဖြာထွက်မှုကို ထုတ်လွှတ်ဖို့ ရွေးချယ်မယ်ဆိုရင် နေအလင်းရောင် ဖိအားက ရေတိုက်စားသလို ကြီးထွားလာပြီး အသုံးပြုသူထက် ကျင့်ကြံဆင့်နိမ့်တဲ့သူတွေကို မခံနိုင်အောင် ပြုလုပ်နိုင်သည်။
ကျင့်ကြံဆင့်နိမ့်သူများသာ ထိုဖိအားကို ရင်ဆိုင်ရရင် နေလုံးကြီးသူတို့အပေါ် ပိနေသလို ခံစားရပြီး ချက်ချင်းပဲ ဒူးထောက်ကျသွားနိုင်သည်။ အလေးချိန်ပြင်းတဲ့ ချီစွမ်းအင်ရဲ့ ဖိအားအောက်မှာ မတွေးတောနိုင်ဘဲ ချမ်းသာပေးဖို့ တောင်းပန်ကြလိမ့်မည်။
နေမွန်းတည့်ချိန်မှာ ထိုဖိအားကို ထုတ်လွှတ်လိုက်မည်ဆိုပါက နေလုံးကြီး အနားရောက်နေသလို ခံစားရလိမ့်မည်။
ထိန်းချုပ်နိုင်စွမ်းမြင့်ပြီး လွှမ်းမိုးအားကောင်းတဲ့ နတ်သိုင်းတစ်ခု ဖြစ်၏။
ဟောင် နှစ်ကြိမ်တိုင်တိုင် ဖတ်လိုက်သည်။
ထို့နောက်မှာ တတိယတစ်ကြိမ် ဖတ်လိုက်သည်။
သူ ပြုံးသွားသည်။
“ ဒါပဲ”
ဟောင် ဝယ်ယူမှုကို အတည်ပြုလိုက်လေ၏။
သူ.ဝယ်ပြီးတာနဲ့ ဝိညာဥ်ကျောက်တုံးက သုညသာ ကျန်တော့သည်။
ခေါက်ဆွဲနဲ့ ဖျော်ရည်ရောင်းပြီး စုထားသမျှ ငါ့ပိုက်ဆံလေးတွေ သွားပါပြီ။
ဒါပေမဲ့ သူ နောင်တတော့ မရပါချေ။
နေမင်းအင်ပါယာရဲ့မာန သိုင်းက သူ့ရင်ထဲကို နေဝင်ချိန်အလှတရားမျိုး ဆောင်းကြဉ်းပေး နေချိန်မျိုးမှာ နောင်တကို ခံစားဖို့ အစီအစဥ် မရှိဘူး။
ရှေးဟောင်းစာပေများစွာက သူ့ခေါင်းထဲ ဝင်ရောက်လာခဲ့သည်။ အသက်ရှု နည်းစနစ်တွေ၊ နေထိုင်ပုံ အမှားပြင်ဆင်ခြင်းတွေ၊ ချီလည်ပတ်မှု လမ်းကြောင်းဆိုင်ရာတွေ… စသဖြင့်ပေါ့။
ဒါတွေအကုန်လုံးကရှေးဟောင်းစာ ဖြစ်သော်ငြား သူ နားလည်နိုင်သော ဘာသာရပ်တစ်ခုလိုပဲ။ ဒါပေမဲ့ အရာအားလုံးကို သဘောပေါက်တာမျိုး မဟုတ်ဘဲ တစ်ချို့ကို ဝေဝေဝါးဝါးသာ နားလည်၏။
တစ်ချို့ရုပ်ပုံများက အရမ်းယေဘုယျ ဆန်၏။ ဒါပေမဲ့ သူ အကြမ်းဖျင်းတော့ မှန်းဆလို့ ရပါသည်။
သူ့ရဲ့ခန္ဓာကိုယ်က ခံစားပြီးနားလည်နေတာ ဖြစ်သည်။
ထူးဆန်းလေသည်။
မမြင်ဖူးပေမဲ့ ရင်းနီးတဲ့ခံစားချက်ကို ရ၏။
ဥပမာပြောရလျှင် စက်ပစ္စည်းတစ်ခုရဲ့ အသုံးပြုပုံကို ဖတ်နေသော်ငြား လက်တွေက အလိုအလျောက် တတ်ကျွမ်းနေသလိုမျိုးပဲ။
‘ ရွေးချယ်ခံဖြစ်ရတဲ့ခံစားချက်က ဒါလား?’
‘ ငါ တော်တော်လေး ကြိုက်နေမိပြီ’
ဟောင် ကျောပြင်ကို ဆန့်လိုက်ပြီး ဇာတ်ကားတွေထဲမှာ မြင်ဖူးတဲ့အတိုင်း တပလ္လင်ခွေ ထိုင်လိုက်သည်။ ထိုပုံကို သူ အထက်တန်းတည်းက ဇာတ်ကားတွေထဲမှာ မြင်ဖူးခဲ့သည်လေ။
ဒါပေမဲ့ ထိုသိုင်းပညာက ကြာပွင့်ပုံထိုင်ဖို့ရန် မလိုအပ်ခဲ့ပေ။
ဒါပေမဲ့ ဟောင် ခံစားလို့ကောင်းသည်။.သူ့ကိုယ်သူ သိုင်းပညာအား လေးစားမှု ပြနေသလို ခံစားရသည်။ ထိုက်တန်သည့် အောင်ပွဲခံချိန်လေး ပေးအပ်သည့်အနေဖြင့် သူ.ထိုအတိုင်း ခဏထိုင်လိုက်သည်။
‘ ငါပြောချင်တာကကွာ.. ငါက ကျင့်ကြံသူဖြစ်မှာဆိုတော့ နည်းနည်းတူအောင် လုပ်ပေးရမှာပေါ့’
ဟောင် ဖြည်းညင်းစွာ အသက်ရှုသွင်းလိုက်သည်။
ထို့နောက်မှာ ရှုထုတ်လိုက်၏။
ဦးနှောက်ထဲမှာ ပေါ်လာတဲ့ မှတ်ဉာဏ်တွေအတိုင်း အသက်ရှုစနစ်ကို လိုက်လုပ်လိုက်သည်။ လေးစက္ကန့်လောက် ရှုသွင်းပြီး နှစ်စက္ကန့်ကြာ နားပြီးတာနဲ့ လေးစက္ကန့်ကြာ လေကိုပြန်ထုတ်ရမည်။
အစပိုင်းတော့ လုပ်ရတာ မချောမွေ့ဘဲ နှေးလိုက်မြန်လိုက် ဖြစ်နေ၏။ ဒါပေမဲ့ အကြိမ်ရေတစ်ချို့လုပ်ပြီးနောက်မှာ ကျင့်သား ရလာသည်။
ဟောင်ရဲ့ ရင်ဘတ်က စည်းချက်ကျကျ လှုပ်ရှားနေပြီး အခန်းကလဲ တုံ့ပြန်လာသည်။
ဖွင့်ထားတဲ့ မီးအလင်းက အရမ်းတောက်ပမနေဘဲ နွေးထွေးတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသည်။
လေထုက… HD ဗားရှင်း ပြောင်းသွားတာလားဟ?
အခန်းတွင်းမှ ချီစွမ်းအင်က ဟောင်ကို မှတ်မိသွားသည့်နှယ်ပင်။ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် မဟုတ်ဘဲ သိုင်းပညာကြောင့်ပင်။
သူ့ရဲ့ ကျင့်ကြံနေနည်းနဲ့ အသက်ရှုနေပုံကြောင့် ဖြစ်သည်။
နေမင်းကြီးကပဲ ကြားသိနိုင်တဲ့ အလင်းလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသလိုပဲ။
ထို့နောက်မှာ ပြောင်းလဲမှု စတင်လာ၏။
သူ့ရဲ့ ခန္ဓာကိုယ်မှာ ယာယီရပ်တန့်မှု ဖြစ်လာခဲ့သည်။ ထို့နောက်မှာ ကောင်းကင်ဘုံနဲ့ သူနဲ့ကြားမှာ ဆက်နွယ်ပေးထားတဲ့ နှလုံးခုန်နှုန်းက ပဲ့တင်ထပ်လာခဲ့သည်။
ဘာလား… နေမင်းက ငါ့ကိုအနောက်က ပံ့ပိုးပေးနေတာလား?!.
ဟောင်ရဲ့ မျက်လုံးတွေ အနည်းငယ် ဖွင့်လာခဲ့သည်။ ထူးဆန်းတာ ဘာကိုမှ မမြင်ရပေမဲ့ သူ ခံစားနိုင်သည်။
ဆက်နွယ်မှုတစ်ခုပင်။
ဖျော့တော့သည်။ သူသာ အာရုံမစိုက်မိရင် ပျောက်ကွယ်နိုင်သည်အထိ ဖျော့တော့သည်။
ကမ္ဘာကြီးရဲ့ နေမင်းမဟုတ်တော့ဘဲ ပိုကြီးပြီး ပိုအရိုင်းဆန်တဲ့ ခံစားချက်ကို ပေးစွမ်းသည်။
သူ.ဘယ်လိုသိလဲ မသေချာပေမဲ့ သူ သိနေခဲ့သည်။ ကျင့်ကြံရေးလောကတွင် နေမင်းက တစ်လုံးထဲ မဟုတ်ဘဲ ကိုးလုံးရှိသည်။
ထိုထဲမှာ တစ်လုံးသည် သူ့ဆီကို ဆက်သွယ်နေသည်။
နေမင်းကိုးလုံးထဲမှ တစ်လုံးပဲ သူ့ကို တုံ့ပြန်သည်။
အနီးစပ်ဆုံးနဲ့ အားအနည်းဆုံး နေမင်းဖြစ်သည်။
ဒါပေမဲ့ ထိုမျှနဲ့ပင် အခန်းတွင်းမှ ချီစွမ်းအင်တွေကို မွှေနှောက်ပစ်ဖို့ လုံလောက်၏။
အခုချိန်မှာ နေထွက်နေတုန်းပင်။ နေရောင်က ဖျော့တော့ပြီး အနည်းငယ်သာ ကျရောက်သေးသည်။
ဒါပေမဲ့ နေကောင်းကောင်း မရသေးချိန် အဆောက်အဦးတစ်ခုရဲ့ တတိယထပ်မှာ ကျင့်ကြံပေမဲ့…
အလုပ်ဖြစ်သည်။
သူ အလင်းချီစွမ်းအင်ကို စုပ်ယူနိုင်ဆဲပဲ။
ဖြည်းဖြည်းချင်း ဖျော့တော့စွာ ဝင်ရောက်နေပေမဲ့ တည်ငြိမ်သည်။
ဒါက နေထွက်ချိန်ပဲ ရှိသေးသည်။
နေမွန်းတည့်ချိန်ဆို ဘယ်လောက်တောင် ပြောင်းလာလောက်မလဲ?
အခုမှ အာရုံတက်ပဲရှိသေးသည်။
နေရောင် ကောင်းကောင်းရတဲ့ နေ့လည်ဆို ဘယ်လိုဖြစ်လောက်မလဲ?
အကယ်၍ ပူပြင်းတောက်လောင်နေတဲ့ နေရောင်ထဲထိကိုပါ အပြင်ထွက်လိုက်ရင် ဘာတွေများ ပြောင်းလဲသွားမှာလဲ?