နတ်ဆိုး
Vol. 11 Ch. 141
ဝင်္ကဘာထဲတွင် မျက်နှာကို အလင်းဖျော့ဖျော့ မျက်နှာဖုံးဖြင့် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးက မှောင်မိုက်သည့်အလင်းအဖြစ် ပြောင်းလဲသွားပြီး ဝင်္ကဘာ၏ စင်္ကြံများကြားထဲတွင် လှုပ်ရှားသွားလာနေသည်။ သူမ၏ လက်ဖဝါးတစ်ချက် ရိုက်လိုက်သည်နှင့် သူမရှေ့က ဝင်္ကဘာနံရံများက ကွဲကြေသွားတော့သည်။
သို့သော် တန်တျန်ဂိုဏ်းက ဘယ်သူမှ သူမကို တားဆီးဖို့ ရောက်မလာသေးပေ။
ဘာဖြစ်လို့လဲဆိုတော့ သူမက နတ်ဘုရားမွေးဖွားဂိုဏ်း၏ အစောင့်အရှောက်များထဲက တစ်ယောက်ဖြစ်နေလို့ပင်။
သူတော်စင်က ပြောခဲ့သည့်အတိုင်းပင် လေးသင်္ကေတကောင်းကင်အတားအဆီးအထွတ်အထိပ်တွင်ရှိသည့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဝင်္ကဘာနံရံများကို ဖျက်ဆီးနိုင်ခြင်းကြောင့် တန်တျန်ဂိုဏ်းက သူမကို အချိန်တိုအတွင်း သတ်နိုင်မည်မဟုတ်သလို အချိန်လည်းကုန်မည်ဖြစ်သည်။
ထိုကြောင့် သူတို့သည် လေးသင်္ကေတကောင်းကင်အတားအဆီးအောက်က ကျင့်ကြံသူများကို အရင်ဆုံး သတ်ဖြတ်ရန် သူတို့၏ စွမ်းအားများကို စုစည်းခြင်းပင်။
"ဟမ်"
ရုတ်တရက် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီး ပြောင်းလဲသွားသည့် မှောင်မိုက်သည့်အလင်းက ရပ်တန့်သွားတော့သည်။
လမ်းမပေါ်တွင် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦး ရုတ်တရက်ပေါ်လာ၏။ သူမသည် မှောင်မဲနေသော သံချောင်းတစ်ချောင်းကို ပခုံးပေါ်တွင် ထမ်းထားပြီး ခေါင်းလေးကို စောင်းငဲ့ကာ ချစ်စရာကောင်းပြီး အပြစ်ကင်းသည့် အမူအရာဖြင့် သူ့ကို ကြည့်နေသည်။
သူတော်စင်၏ အသံက အသံလှိုင်းလွှင့် ပိုးကောင်လေးကနေတစ်ဆင့် အနက်ရောင်
ဝတ်စုံနှင့် အမျိုးသမီး၏ နားထဲသို့ ထွက်ပေါ်လာတော့သည်။
"သူမက တော်တော်လေး ကလေးဆန်ပုံရတယ်။ အသက်လည်း ငယ်လောက်တယ်။ လေးသင်္ကေတကောင်းကင်အတားအဆီးအထွတ်အထိပ်မှာ ကျင့်ကြံမှုရှိတယ်ပေါ့။ တန်တျန်ဂိုဏ်းမှာ ဒီလိုမျိုးပါရမီရှင် အခုတကယ်ရှိနေတာလား"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက သူမ၏ ဝတ်ရုံကို ဝှေ့ယမ်းလိုက်ပြီး နက်မှောင်သည့် အနီရောင် တောက်ပမှုကြီးတစ်ခုကို ဖန်ဆင်းလိုက်သည်။ ထိုအရာက လှိုင်းလုံးများအဖြစ် ပြောင်းလဲသွားပြီး မိန်းကလေးကို အတင်းအကျပ် တွန်းလှန်ကာ ချက်ချင်း ထွက်သွားရန် ပြင်ဆင်လိုက်သည်။
သူမ၏ ဤလက်ရုံးလှုပ်ရှားမှုက ရိုးရှင်းပုံရသော်လည်း အဆင့်မြင့် မှော်ရတနာပစ္စည်းတစ်ခုကို ဖုံးကွယ်ထားသည်။ ပြိုင်ဘက်က သတိမထားမိပါက လေးသင်္ကေတကောင်းကင်အတားအဆီး
အထွတ်အထိပ်မှ ကျင့်ကြံသူပင်လျှင် သိသိသာသာ ထိခိုက်နစ်နာရမည်ပင်။
ဤကဲ့သို့ အပြစ်ကင်းပြီး အတွေ့အကြုံမရှိသေးသည့် လူငယ်များနှင့် ရင်ဆိုင်ရန် အသင့်တော်ဆုံးပါပင်။
မိန်းကလေးက တစ်စုံတစ်ရာကို တီးတိုးပြောပြီးတော့ မှောင်မဲနေသည့် သံချောင်းကို ဆွဲယူကာ သူမ၏ခေါင်းကို ရိုက်ချလိုက်၏။
"တည့်တည့်တိုးဖို့လား"
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြုံးစိစိလုပ်လိုက်သည်။
သို့သော်
"ဘုန်း"
သံချောင်းကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံကြီးနှင့်အတူ ပါလာခဲ့သည်။
"မကောင်းတော့ဘူး"
အမျိုးသမီး၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ဤအပြစ်ကင်းသည့် မိန်းကလေးဆီတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများ ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။
အဆုံးမဲ့လေးလံသည့် အားများနှင့် သယ်ဆောင်လာသည့် ကြောက်မက်ဖွယ်ကောင်းသော တုတ်အရိပ်ဖြင့် ခေါင်းပေါ်သို့ ရိုက်ချလိုက်သည်။
"ဘုန်း"
အမျိုးသမီး၏ လက်ရုံးဖန်ဆင်းလိုက်သည့် နက်မှောင်သည့်အနီရောင် တောက်ပမှုများက ချက်ချင်း ပျံ့လွင့်သွားပြီး အထဲတွင် ဝှက်ထားသည့် မှော်ရတနာပစ္စည်းကို တိုက်ရိုက် ရိုက်
ထုတ်ပစ်လိုက်သည်။ ထိုတိုက်ခိုက်မှုက အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကို တည့်တည့်ထိမှန်သွားခဲ့သည်။
ထိုအချိန်တွင် သူမက သူမ၏ မှားယွင်းမှုကို သဘောပေါက်သွားခဲ့သည်။
ဤမိန်းကလေး၏ အကြောက်စရာအကောင်းဆုံးအချက်မှာ သူမ၏ ကာယအား ဖြစ်ပြီး ထိုသံချောင်းကလည်း မယုံနိုင်စရာပင်။ သူမက ထိုအရာဖြင့် တိုက်ရိုက်တိုက်ခိုက်ဖို့ပင် စဉ်းစားမိခဲ့ခြင်းပင်။
"ဆုတ်ကည"
ကာကွယ်ရေးဝတ်စုံက ချက်ချင်း စုတ်ပြဲသွားပြီး အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများပါ ထင်ဟပ်လာတော့သည်။ သူမ၏ တစ်ကိုယ်လုံး ကွဲကြေသွားပြီး အသားစများ၊ သွေးများဖြင့် ပြန့်ကျဲကုန်၏။
စင်္ကြံတစ်လျှောက်လုံးသည် ချက်ချင်းဆိုသလို လတ်ဆတ်သည့်သွေးများနှင့် အသားစများ ပြည့်နှက်သွားပြီး ပျက်စီးခြင်း၏ ပုံရိပ်တစ်ခုသာကျန်နေခဲ့သည်။
"အော့..."
ယွီရှီချီသည် သူမ၏ နာကျင်နေသည့် မျက်နှာဖုံးအောက်ကနေ စက်ဆုပ်ရွံရှာသည့် အမူအရာကို ပြသရင်း သူမပါးများကို ဖောင်းကားလိုက်၏။
"ဒီတိုက်ခိုက်မှုက ဒီလောက်ဆိုးရွားလိမ့်မယ်လို့ မထင်ထားဘူး။ သိခဲ့ရင် ဒီလောက်ကြာအောင် ဂါထာမရွတ်နေဘူး..."
ပျံသန်းနေသောလှေအပြင်ဘက်မှာ ညမှောင်မိုက်က ဖုံးလွှမ်းနေ၏။
နတ်ဘုရားမွေးဖွားဂိုဏ်း၏ သူတော်စင်က မှေးမှိန်နေသည့် မီးတောက်များကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် ဝင်္ကဘာ၏ အတားအဆီးများကို အလွယ်တကူ ထိုးဖောက်ကြည့်ရှုနိုင်ခဲ့သည်။ ဝင်္ကဘာထဲမှ အသက်ရှုသံတိုင်းကို သူခံစားနိုင်ပြီး ဝင်္ကဘာ၏ ပုံစံနှင့် ပြောင်းလဲမှုများကိုလည်း မှိန်ဖျော့ဖျော့သာ မြင်နေရသည်။
"ဘယ်လိုဖြစ်နိုင်တာလဲ"
သူ့မျက်လုံးများထဲတွင် အံ့အားသင့်မှုအရိပ်အယောင်တစ်ခုကို ပြသလိုက်သည်။
"ချက်ချင်း သေသွားတာလား။"
ဤအမျိုးသမီး ကာကွယ်သူသည် အခြားကာကွယ်သူများထဲတွင် အတော်လေးသာမန် ဖြစ်သော်လည်း သူမသည် လေးသင်္ကေတကောင်းကင်အတားအဆီးအထွတ်အထိပ်တွင် ရှိနေသေးသည်။ မည်သို့မျှ ချက်ချင်း သေဆုံးနိုင်မည် မဟုတ်ပေ။
"တန်တျန်ဂိုဏ်းထဲမှာ ငါ့ရဲ့ ခွန်အားနဲ့ နီးစပ်တဲ့သူ တကယ်ရှိနေတာလား"
နတ်ဘုရားမွေးဖွားဂိုဏ်း၏ သူတော်စင်သည် သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဝင်္ကဘာ၏ နောက်တစ်နေရာကို လှည့်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"အရင်က ကာကွယ်သူက ဘိုင်လီဖုန်းကျီနဲ့ ဒီလောက်ကြာအောင် တိုက်ခိုက်ခဲ့တာလား"
နတ်ဘုရားမွေးဖွားဂိုဏ်း၏ သူတော်စင်က မျက်မှောင်ကြုတ်လိုက်သည်။
"တာ့ယန်းလိုပဲ ကျွမ်းကျင်တဲ့ သိုင်းပညာရှင်တစ်ယောက်က ဒီလိုခွန်အားတွေ ပိုင်ဆိုင်ထားတာလား။ သူဘယ်ကလာတာလဲ"
လေးသင်္ကေတကောင်းကင်အတားအဆီးအထွတ်အထိပ်တွင်ရှိသည့် ရိုးရိုးကျင့်ကြံသူများ၏ တိုက်ခိုက်နိုင်စွမ်းကို သူဂရုမစိုက်သော်လည်း လေးသင်္ကေတကောင်းကင်အတားအဆီး၏ အောက်အဆင့်များမှ ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤသို့တိုက်ခိုက်နိုင်စွမ်းကို ပြသနိုင်ခြင်းကမူ အံ့အားသင့်စရာပင်။
"သူမကို အရှင်ဖမ်းပြီး မင်းသားချန်ကို ပေးအပ်ရင် ဆုလာဘ်ကြီးတစ်ခု ရနိုင်ပါတယ်"
သူတော်စင်၏ အတွေးထဲတွင် ဤအချက် လျှပ်တစ်ပြယ် ဖြတ်ပြေးသွားပြီးနောက် သူ၏ နတ်ဆိုးအတွေးဖြင့် အသံလှိုင်းလွှင့် ပိုးကောင်လေးမှတစ်ဆင့် အမိန့်များကို ဆက်လက်ပေးပို့နေလိုက်သည်။
"အဇူရာနဂါး၊ ယွဲ့ဟန် နဲ့ ငွေဇွန်းတို့မှအပ ကျန်ရှိတဲ့ ရှင်သန်သူ ဆယ့်တစ်ဦးလုံး အောင်အောင်မြင်မြင် စုရုံးပြီးပြီ။ တန်တျန်ဂိုဏ်းက လူတွေလည်း ရောက်လာပြီဆိုတော့ အစီအစဉ်အတိုင်း ဆက်လုပ်ပါ"
သူ့ရင်ထဲမှာ နာကျင်မှုကို ခံစားလိုက်ရသည်။
ညဘက် အော်ဟစ်နေသော နေကိုစားသည့်အစီအရင်ကို ထိန်းသိမ်းထားတဲ့ ကျင့်ကြံသူတွေအပြင် နတ်ဘုရားမွေးဖွားဂိုဏ်းက လေးသင်္ကေတကောင်းကင်အတားအဆီး ကျင့်ကြံသူ နှစ်ဆယ့်ခြောက်ဦး စစ်ပွဲမှာ ပါဝင်ခဲ့ကြသည်။
သို့သော် ခဏလေးအတွင်းမှာပင် သူတို့ထဲက ဆယ့်နှစ်ဦး သေဆုံးခဲ့ရပြီး အဲဒီဆယ့်နှစ်ဦးထဲမှာ လေးသင်္ကေတကောင်းကင်အတားအဆီးအထွတ်အထိပ်က ကာကွယ်သူတစ်ဦးလည်း ပါဝင်ခဲ့သည်။
ကာကွယ်သူ၏ အခန်းကဏ္ဍသည် သာမန် လေးသင်္ကေတကောင်းကင်အတားအဆီး ကျင့်ကြံသူများထက် အရေးပါမှု ပိုမိုမြင့်မားသည်။ မဟာကျင့်ကြံသူတစ်ဦး လှုပ်ရှားနိုင်ခြင်း မရှိသည့် အချိန်များတွင် သူတို့၏ တန်ဖိုးက ပိုမိုကြီးမားလာခဲ့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး၏ ဆုံးရှုံးမှုက သူ့အတွက် ကြီးမားသော နာကျင်မှုရင်းမြစ်တစ်ခုပင်။
"တန်တျန်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ရှင်းလင်းပစ်ရမယ်"
နတ်ဘုရားမွေးဖွားဂိုဏ်း၏ သူတော်စင်၏ မျက်လုံးများက ရေခဲကဲ့သို့ အေးစက်သွားပြီး သူ၏ နဖူးပေါ်ရှိ ငွေရောင်လခြမ်းက ရုတ်တရက် တောက်ပလာတော့သည်။
သူ၏လက်ထဲတွင် ကောက်နေသည့် ဓားမြှောင်တစ်ချောင်း ပေါ်လာပြီး သူ၏နဖူးပေါ်ရှိ ငွေရောင်လခြမ်းက အေးစက်ပြီး ပြင်းထန်သည့် ငွေရောင်အလင်းကို ဓားသွားအစွန်းပေါ်သို့ ထုတ်လွှတ်လိုက်သည်။
ဓားသွားသည် မြွေကဲ့သို့ အေးစက်သော အလင်းရောင်နှင့် တောက်ပနေသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်မှ သွေးပြန်ကြောများ ထောင်လာပြီး မှောင်မိုက်သည့်အလင်း မှိန်ဖျော့ဖျော့ မြင်ရကာ သူ၏ပုံသဏ္ဌာန်က ရုတ်တရက် ထိုးတက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အချိုးအစားများအားလုံး ကျယ်ပြန့်လာသလို အရွယ်အစားသည် တစ်ဇင်း၊ နှစ်ဇင်း၊ သုံးဇင်း... အဖြစ် တိုးလာပြီး နောက်ဆုံး ခုနစ်ဇင်းအမြင့်သို့ ရောက်သောအခါ ရပ်တန့်သွားသည်။
၎င်းက ဧရာမရုပ်ထုကြီးတစ်ဆူကဲ့သို့ပင်။
သူ၏ ခန္ဓာကိုယ်တွင် မြင်သာသည့် မကောင်းဆိုးဝါးစွမ်းအင်များ လှည့်ပတ်နေပြီး သူ၏ရှည်လျားသော ဆံပင်များက လေပြင်းထဲတွင် တရမ်းရမ်း ဖြစ်နေသည်။ သူ၏ အသက်ရှူသံမှာ မုန်တိုင်းကဲ့သို့ပြင်းထန်နေပြီး သူ၏ ကြီးမားသည့် ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဖုံးကွယ်ထားခဲ့သည်။
သူ၏လက်ထဲရှိ ကောက်နေသည့် ဓားမြှောင်ပင် ဆယ်ဆ ပိုကြီးလာခဲ့သည်။
"ခွပ်"
သူတော်စင် ဖြစ်သွားသည့် ဧရာမရုပ်ထုကြီးက ပျံသန်းနေသောလှေမှ ဖြစ်ပေါ်လာသည့် ဝင်္ကဘာဆီသို့ တိုက်ရိုက် ဦးတည်၍ ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက လှိုင်းများကြားမှ သင်္ဘောတစ်စင်းကဲ့သို့ လေကို ဖြတ်တောက်သွားပြီး ပြင်းထန်သည့် လေပွေတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။