မိတ်ဆွေဟောင်းများ
Vol. 87 Ch. 1203
ကျောက်ခေတ်ဦးအင်မော်တယ်ဗိမ္မာန်မှ ထွက်ခွာလာပြီးနောက် မန်ဟိုသည် မှီခိုရာဂိုဏ်းတုန်းက နေ့ရက်ဟောင်းများကို ပြန်တွေးရင်း ကြယ်တာရာကောင်းကင်တွင် ပျံသန်းနေ၏။ အတန်ကြာသော် သူက ဂြိုဟ်သိမ်တစ်ခုဆီသို့ လှည့်ထွက်သွားပြီး နေရာရွှေ့ပြောင်းခြင်းမုခ်၀နောက်တစ်ခုထဲသို့ ၀င်ရောက်လိုက်သည်။
ဤတစ်ခေါက်တွင် သူ၏ဦးတည်ရာက မြင့်မြတ်သောရေစီးဓားဂူ ဖြစ်လေသည်။
သူ ထိုနေရာသို့ သွားရောက်မည့် အကြောင်းအရင်းကလည်း အကြွေးတောင်းဖို့မဟုတ်ဘဲ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ဖို့ဖြစ်၏။ သူ၏အစ်ကိုကြီးချန်ဖန်းသည် လွန်ခဲ့သောနှစ်များက မြင့်မြတ်သော ရေစီးဓားဂူကို ၀င်ရောက်ခဲ့သည်မဟုတ်ပါလော။
မန်ဟိုသည် မြင့်မြတ်သောရေစီးဓားဂူနှင့် မရင်းနှီးပေ။ ထိုနေရာသို့ တစ်ခါမှ မရောက်ခဲ့ဖူးသော်လည်း သူက တာအိုဆရာအစည်းအရုံးသုံးခုလုံး၏ ဂိုဏ်းသားဖြစ်သည့်အတွက် မြင့်မြတ်သော ရေစီးဓားဂူမှာ သူ၏ဂိုဏ်းဟုလည်း ဆိုရနိုင်သည်။
သူ ရောက်လျှင်ချင်း ခေါင်းလောင်းသံများက ဂိုဏ်းတစ်ခွင် တဒေါင်ဒေါင် မြည်ဟည်းသွား၏။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက သူ့ကို ကြိုဖို့ ထွက်လာကြပြီး မန်ဟိုမှာ ဂိုဏ်းချုပ်နှင့်ခေါင်းဆောင်ကြီးများထံသို့ သွားရောက်ဂါ၀ရပြု၍ လာရောက်ရသည့်အကြောင်းအရင်းကို ရှင်းပြရန် ခေါ်ဆောင်သွားခံရလေသည်။
သူ ချန်ဖန်းကို တွေ့သောအခါ ချန်ဖန်းမှာ ယခင်နှင့်မတူတော့ပေ။ နောက်ဆုံးတစ်ခေါက်က ချန်ဖန်းသည် သက်လတ်ပိုင်းအရွယ်ဖြစ်ခဲ့သော်လည်း ယခုတော့ မီးခိုးရောင်ဆံပင်များဖြင့် အိုမင်းနေပြီး တည်ကြည်သော အမူအရာရှိ၏။ သူ၏ကျင့်ကြံခြင်းအခြေခံက အင်မော်တယ်နယ်ပယ်တွင် ဖြစ်သည်။
ချန်ဖန်းသည် မြင့်မြတ်သောရေစီးဓားဂူ၏ ဂိုဏ်းသားများအကြား သိပ်မထင်ရှားသော်လည်း အကြီးပိုင်းမျိုးဆက်က သူ့တွင် အဆုံးမရှိသော အလားအလာများရှိသည်ဟု ခံစားကြရသည်။
ချန်ဖန်းက တရားထိုင်နေသည်။ သူ ဘယ်နေရာသွားသွား အတွင်းထဲ၌ အမျိုးသမီးတစ်ယောက်၏ပုံရိပ်ကို မြင်ရနိုင်သည့် ကျောက်ဆောင်ကြီးကို သယ်ဆောင်သွားတတ်သည်။
မြင့်မြတ်သောရေစီးဓားဂူ၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်က မန်ဟို့ဘေးတွင် ရပ်လျက် ရှင်းပြသည်။ "သူက သူရဲ့ချစ်ခြင်းမေတ္တာတွေကို စုစည်းပြီး အဲ့ဒီချစ်ခြင်းမေတ္တာကို ဓားတစ်လက်အသွင် ပြောင်းလိုက်တယ်။ ကောင်းကင်ဘုံတွေကို ပိုင်းဖြတ်နိုင်တဲ့ဓားတစ်လက်ပေါ့
"ဒီနေရာမှာ မင်းအစ်ကိုကြီးရဲ့ဓားက အညှာအတာမမဲ့သလို ချစ်ခြင်းမေတ္တာကိုလည်း မဖယ်ရှားပစ်ဘူး။ အတိတ်တုန်းက သူ့ရဲ့အမှတ်တရတွေက သူ့ရဲ့ဓားဖြစ်လာတဲ့အထိ သူ့နှလုံးသားထဲမှာ ပြည့်နှက်နေခဲ့တာ။ သူ့အချစ်က သူ့ကို နှလုံးသားဓားတာအိုကို ကျင့်ကြံနိုင်အောင် လုပ်ပေးခဲ့တယ်
"သူ့ရဲ့ ပင်ကိုယ်ပါရမီက အဲ့ဒီလိုတာအိုမျိုးနဲ့ အင်မတန်မှ သင့်တော်တယ်။ နောက်နှစ်တစ်ရာအတွင်း ရှေးဟောင်းနယ်ပယ်ကို ၀င်ရောက်နိုင်ရင်တော့ သူက သေချာပေါက် ဓားဂူရဲ့ ရွေးချယ်ခံနောက်တစ်ယောက် ဖြစ်လာလိမ့်မယ်" ချန်ဖန်းကို ကြည့်နေစဉ် တာအိုနယ်ပယ်ခေါင်းဆောင်ကြီး၏မျက်လုံးထဲရှိ ချီးကျူးမှုတို့အား ဖုံးကွယ်၍မရနိုင်ပေ။
ချန်ဖန်းက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်၍ ပထမဦးဆုံး သူ၏ဒူးပေါ်တွင် တင်ထားသည့်ဓားကို ကြည့်သည်။ ထို့နောက် မန်ဟို့ကို မော့ကြည့်၏။ အပြုံးတစ်စက သူ့မျက်နှာထက်တွင် ပေါ်လာသည်။
၎င်းက မှီခိုရာဂိုဏ်းနှင့် ယီးကျန့်ဂိုဏ်းမှာတုန်းက မန်ဟို မှတ်မိခဲ့သည့်အပြုံးပင်။ ထိုအပြုံးသည် အတန်ငယ်အသက်ကြီးနေပုံပေါက်သည်မှအပ နွေးထွေးသောအပြုံးဖြစ်၏။
"ဂိုဏ်းတူညီလေး" သူက ပြောသည်။ ထိုစကားလုံးသုံးလုံး သူ့ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် အတိတ်ကို အမှတ်ရလိုက်သဖြင့် နှလုံးသားထဲ၌ ခံစားချက်တို့ လှိုင်းထသွားတော့သည်။
"အစ်ကိုကြီး..." သူက နူးညံ့စွာ ခေါ်သည်။ သူ ချန်ဖန်းအနား လျှောက်သွားသည့်အခါ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးက မဆိုစလောက်ပြုံးရင်း မန်ဟို့အား ချန်ဖန်နှင့် ထားရစ်ခဲ့ပြီး လှည့်ထွက်သွား၏။
မန်ဟိုက ပထမဆုံး ကျောက်ဆောင်အား လက်ယှက်၍ အရိုအသေပေးလိုက်သည်။ ထိုကျောက်ဆောင်ထဲရှိ အမျိုးသမီးသည် သူ့အစ်ကိုကြီး၏ အချစ်စစ်၊ သူ့အစ်ကိုကြီး၏ဘဝ ဖြစ်လာခဲ့ကြောင်း သူ သိလေသည်။
ကိုယ့်ဘ၀မှာ လူတစ်ယောက်ကိုပဲ ချစ်နိုင်တယ်။ မင်း အသက်ရှင်နေတုန်းက ကိုယ် မင်းကို ချစ်ခဲ့မိတယ်။ မင်း သေသွားတဲ့အခါမှာတော့ အဲ့ဒီခံစားချက်က အမှတ်တရဖြစ်လာတယ်။ မင်း အသက်ရှင်နေရင် ကိုယ့်တစ်ဘ၀လုံးကို မင်းနဲ့အတူ ကုန်ဆုံးမယ်။ မင်း သေသွားရင်တော့ ကိုယ့်တစ်ဘ၀လုံး မင်းရဲ့အမှတ်တရတွေကို အဖော်ပြုပေးမယ်
ယင်းက ချန်ဖန်းဖြစ်သည်။
သူ၏ ရိုးသားမှုနှင့် အစွဲအလမ်းကြီးမှုကြောင့် ယီးကျန့်ဂိုဏ်းသည် သူ့ကို မှီခိုရာဂိုဏ်းမှ ခေါ်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်၏။ ထိုစဉ်တုန်းက သူက ဆုံးဖြတ်ချက်ချဖို့ မတွန့်ဆုတ်ခဲ့ပေ။ ဂိုဏ်းသာဖျက်ဆီးခံရလျှင် သူလည်း ၎င်းနှင့်အတူ သေသွားဖို့ ရွေးချယ်လိမ့်မည်ဖြစ်သည်။
ရိုးသားပြီး အစွဲအလမ်းကြီး၏။ ယင်းက ချန်ဖန်းဆိုသောလူပင်။
မန်ဟို ကျောက်ဆောင်အား အရိုအသေပေးနေသည်ကို ကြည့်နေစဉ် ချန်ဖန်း၏အမူအရာက ပြောင်းလဲမသွားပေ။ မန်ဟိုက သူ၏ ညီလေးဖြစ်သည့်အတွက် သူ့ဇနီးအတွက်လည်း မောင်လေးဖြစ်လေသည်။
လွန်ခဲ့သောနှစ်များက သူသည် သူ၏ညီလေးအတွက် အမြဲတစေ စိုးရိမ်စိတ်ပူခဲ့ရ၏။ သို့ရာတွင် သူ့ရှေ့မှာတင် သူ့ညီလေးက တိုးတက်ပြီးရင်း တိုးတက်လာခဲ့ရာ သူ့အား အင်မတန်မှ ၀မ်းမြောက်စေခဲ့သည်။ မန်ဟို အဆက်မပြတ် တိုးတက်ပြီး တစ်နေ့တွင် ထိပ်ဆုံးသို့ ရောက်ရှိသွားနိုင်ပါစေဟု သူ အမြဲတမ်း မျှော်လင့်မိ၏။
"ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာ" ချန်ဖန်းက နူးညံ့ညင်သာစွာ ပြောသည်။ "မင်းရဲ့ နှလုံးသားအကြောင်းပြောတာပဲဖြစ်ဖြစ်၊ တာအိုအကြောင်းပြောတာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးအကြီးဆုံးက တည်ကြည်ခိုင်မာနေဖို့ပဲ"
မန်ဟိုက ခေါင်းညိတ်ပြီးနောက် ချန်ဖန်း၏အရှေ့တွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူတို့နှစ်ယောက် ဆုံတွေ့ခဲ့သည့်နှစ်တုန်းကလို ခံစားရသည်။ ယခုတွင် မန်ဟိုသည် တာအိုနယ်ပယ်နှင့် တန်းတူရပ်နိုင်သည့် ကျင့်ကြံခြင်းအခြခံကို ပိုင်ဆိုင်ထားသော်လည်း သူ့အစ်ကိုကြီး၏ ရှေ့မှောက်တွင်တော့ အမြဲတမ်း ညီငယ်လေးသာဖြစ်၏။
သူတို့၏ဘ၀တစ်လျှောက်လုံး ထိုသို့သာ ဖြစ်သွားလိမ့်မည်။
သူက ရှုချင်ကို သွားရှာပြီး ပြန်ခေါ်လာဖို့ န၀မတောင်ပင်လယ်မှ ထွက်သွားမည့်အစီအစဉ်အား ချန်ဖန်းကို ပြောပြသည်။
"မင်း လာရောက်ရတဲ့အကြောင်းအရင်းကို ငါ သိပါတယ်။ ငါတို့က ကျင့်ကြံသူတွေလေ။ အသက်တွေရှည်ကြတယ်။ မိုးနဲ့မြေဟာ ကျယ်ပြောတဲ့အတွက် နေရာအသစ်တွေကို လည်ပတ်ပြီး လမ်းအသစ်တွေကို ခရီးနှင်တာက ကောင်းတဲ့အရာပဲ။ န၀မတောင်ပင်လယ်က ငါတို့အတွက် စိုးရိမ်နေစရာမလိုဘူး။ ငါတို့အားလုံးမှာ လမ်းကိုယ်စီရှိကြတယ်မဟုတ်လား
"ငါတို့ မင်းကို ယုံကြည်သလိုပဲ လီဖူကွေ့နဲ့ငါ့ကို မင်း ယုံကြည်ဖို့လိုတယ်။ ငါတို့ရဲ့ရည်မှန်းချက်တွေက နောက်ဆုံးကျရင် ဖြစ်မြောက်လာပါလိမ့်မယ်” သူက ကျောက်ဆောင်နှင့် ထိုအထဲရှိ အမျိုးသမီး၏ မှိန်ပျပျပုံရိပ်ကို လှမ်းကြည့်လိုက်သည်။
"အစ်ကိုကြီး .... အကယ်၍များ ဖြစ်နိုင်ခဲ့ရင် ကျွန်တော်သေချာပေါက် မရီးရှန်လင်းကို အသက်ပြန်သွင်းနိုင်အောင် ကူညီပေးပါ့မယ်" မန်ဟိုက နူးညံ့စွာ ပြောသည်။ သူ့အတွက် ဤကဲ့သို့အရာမျိုးကို ပထမဦးဆုံး ပြောခြင်းဖြစ်လေသည်။ သူသည် ဟန်ရှန်း၏ကတိကို တည်နိုင်ခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် သေသွားခဲ့သည်မှာ ကြာပြီဖြစ်သော လူတစ်ယောက်ကို အသက်ပြန်သွင်းဖို့ရန်က မဖြစ်နိုင်ပေ။
"မင်းအတွေးတွေ များနေပြီ" ချန်ဖန်းက ရယ်ရင်း ပြောသည်။ သူ၏မျက်လုံးများသည် နူးညံ့သော အလင်းရောင်တို့ဖြင့် တောက်ပနေ၏။ "ငါ့အတွက်တော့ သူက အမြဲ ဒီနေရာမှာ ရှိနေတယ်"
မန်ဟိုက ချန်ဖန်းကို တအံ့တဩ ကြည့်လိုက်သည်။
"မင်းရဲ့တာအိုက နှလုံးသားဆိုရင် မင်းနှလုံးသားထဲမှာ တစ်စုံတစ်ခုရှိရင် အဲ့ဒါကလည်း ရှိနေတယ်။ မင်းနှလုံးသားထဲမှာ အဲ့ဒီတစ်စုံတစ်ခုမရှိဘူးဆိုရင် အဲ့ဒါကလည်း မရှိဘူးပဲ" ချန်ဖန်းက ညာလက်ကို ဝှေ့ယမ်းလိုက်ကာ နယ်မြေကဲ့သို့ အရာတစ်ခုအား ပေါ်လာစေသည်။ ၎င်းက သိပ်မကြီးပေ။ ကိုးမီတာမျှသာ ကျယ်ပြောသည်။
သို့သော် ထိုကိုးမီတာနယ်မြေတည်ရှိလာသောအခါ မန်ဟိုသည် ကျောက်ဆောင်ထဲရှိ အမျိုသမီး မျက်လုံးများဖွင့်လိုက်သည်ကို မြင်နေရ၏။ သူမ၏အသက်စွမ်းအားက ကုစားခံလိုက်ရပုံပေါ်ပြီး ရုတ်တရက် သူမသည် ကျောက်ဆောင်ထဲမှထွက်၍ ချန်ဖန်း၏ဘေးတွင် ထိုင်ချလိုက်လေသည်။ ထို့နောက် ချန်ဖန်း၏ပခုံးကို မှီရင်း မန်ဟို့ကို ပြုံးကြည့်နေ၏။
"ဒါက..." မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းရင်း ပြောလိုက်သည်။ ဤတာအိုမှော်သိုင်းက သူ့ကို ပုံရိပ်ယောင်တစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားချက်အား ပေးစွမ်းနေသည်။ သို့သော် အမျိုးသမီးကို အနီးကပ်ကြည့်သည့်အခါ သူမသည် ပုံရိပ်ယောင်နှင့် နည်းနည်းလေးမှ မတူပေ။
ချန်ဖန်းက မန်ဟို့မျက်လုံးများကို လေးလေးနက်နက် ကြည့်ကာ ပြောသည်။ "သူက မင်းအတွက် အတုအယောင်လို့ ထင်ရပေမယ့် ငါ့အတွက်တော့ သိပ်စစ်မှန်တယ်။ တစ်ခါတလေမှာ အတုအယောင်နဲ့ အစစ်အမှန်ကြားက ကွာခြားချက်တွေက မြင်တဲ့ရှုထောင်နဲ့ နှလုံးသားအပေါ်မှာပဲ မူတည်တယ်"
မန်ဟို့နှလုံးသားသည် ဉာဏ်အလင်းရရှိသွားသည့်အလား တုန်ရီသွား၏။ သူက မျက်လုံးများကို ပိတ်၍ တရားစထိုင်သည်။ သုံးရက်ကြာသော် သူ၏မျက်လုံးများ ပြန်ပွင့်လာ၏။ သူက ထရပ်ပြီး လက်ယှက်၍ ချန်ဖန်းအား ဦးညွှတ်အရိုအသေပေးလိုက်သည်။
"အကြံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး" သူက ပြောသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ချန်ဖန်းထက် များစွာမြင့်မားသော်လည်း ချန်ဖန်း၏အခြေအနေက ချန်ဖန်းအား အစစ်အမှန်နှင့်အတုအယောင်တာအိုကို နားလည်သွားစေခဲ့သည်။ ယင်းက ချန်ဖန်း နှလုံးသားဓားကို ကျင့်ကြံသည့်အကြောင်းအရင်းဖြစ်သလို မြင့်မြတ်သောရေစီးဓားဂူမှ သူ့အား အင်မတန် အရေးထားသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။
"ကဲ သွား ညီမလေးရှုချင်ကို ပြန်ခေါ်လာခဲ့ချည်။ ငါ သူ့ကို မတွေ့ရတာကြာတော့ သတိရနေပြီ" ချန်ဖန်း၏မျက်လုံးများသည် အားပေးမှုတို့ဖြင့် ဝင်းပနေ၏။ မန်ဟိုက အသက်ပြင်းပြင်းရှူသွင်း၍ ခေါင်းညိတ်ကာ ထွက်ခွာလာခဲ့တော့သည်။
နောက်တစ်နေရာကား အထွတ်အမြတ်မြေငါးမြေထဲမှ လဆည်းကာရေကန်ဖြစ်သည်။ ထိုနေရာသည် နာမည်ကဲ့သို့ မလှပပေ။ မန်ဟိုအနေဖြင့် ထိုဂိုဏ်းနှင့်တစ်ခါမှ မပတ်သက်ခဲ့ဖူးသော်လည်း လဆည်းဆာရေကန်၏ကျင့်စဉ်များသည် နတ်ဆိုးတာအိုနှင့်တူကြောင်း သိ၏။
မိုးကောင်းကင်ထက်၌ လသာနေလျှင် ညအချိန်ရောက်သော်လည်း အလင်းရောင်တော့ ရှိနေသေးသည်။ သို့သော် လဝင်သွားပြီးနောက် နေထွက်မလာသေးသည့်အချိန်ကား ည၏ အမှောင်ဆုံးအချိန်ဖြစ်သည်။
ယင်းက လဆည်းကာရေကန်၏အဓိပ္ပါယ် ဖြစ်ချေသည်။
ဝမ်ယိုချိုင်သည် ထိုဂိုဏ်းနှင့် အလွန်ကိုက်ညီ၏။ သူက ပင်ကိုယ်ကတည်းက ရက်စက်တတ်သောလူတစ်ယောက် ဖြစ်၍ တခြားသူများကို မညှာတတ်သလို... သူ့ကိုယ်သူ ပို၍ပင်မညှာတတ်ပေ။ သူက ကျင့်ကြံခြင်းအဆင့်တက်ပြီး သူ၏ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးနိုင်ဖို့ ၊ မြင်နိုင်သည်ထက်ပို၍ မြင်နိုင်ဖို့အတွက် ... သူ့မျက်လုံးနှစ်လုံးကို သူကိုယ်တိုင်ပင် ထိုးဖောက်ပစ်ခဲ့သည်။
ထိုအပြုအမူ၏ ရက်စက်မှုက လဆည်းဆာရေကန်အကြီးအကဲများ၏အာရုံကို ဖမ်းစားနိုင်ခဲ့၍ သူတို့က သူ့ကို တိုးတက်လာအောင် ထိန်းကျောင်းပေးဖို့ ခေါ်လာခဲ့ကြလေသည်။
သူသည် အမှောင်ကမ္ဘာထဲတွင် နေထိုင်သည်ဟု လူအများစု ယူဆကြသော်လည်း ဘယ်သူမှ မသိသည့်အရာတစ်ခု ရှိသည်။ ဝမ်ယိုချိုင်ကား တကယ်တော့ လွန်စွာရှင်းလင်းပြတ်သားစွာ မြင်နိုင်သည်။
သူ ဖန်ဆင်းခဲ့သော နတ်ဘုရားစွမ်းရည်က သူ့စိတ်ထဲတွင် ထာဝရရှိသည်။ ၎င်းကိုဖန်ဆင်းခဲ့သည့်အချိန်မှစ၍ ဝမ်ယိုချိုင်သည် အမြင်ကွယ်နေသည့်တိုင် မည်သည့်အရာကိုမဆို မြင်နိုင်၏။
လဆည်းဆာရေကန်သို့ ရောက်လာပြီးနောက်ပိုင်း သူ၏ရက်စက်ကြမ်းကြုတ်မှုက ပို၍ပင် သိသာထင်ရှားလာခဲ့သည်။ အသေအကြေတိုက်ပွဲများကို ကျော်ဖြတ်ပြီးနောက်တွင် သူနှင့်ဂိုဏ်းတူများသော်လည်း၊ အခြားသူများသော်လည်း သူ့အား ‘နတ်ဆိုးမျက်လုံးသတ်ဖြတ်သူ” ဟု နာမည်ပြောင်းပေးခဲ့ကြသည်။
‘နတ်ဆိုး’ ဆိုသောစကားလုံးက လေးစားမှုကို ကိုယ်စားပြုသည်။ ‘မျက်လုံး’ စကားလုံးက သူ့မျက်နှာပေါ်ရှိ ဟောင်းလောင်းပေါက်မျက်တွင်းများကို ညွှန်ပြသည်။ ‘သတ်ဖြတ်သူ’ စကားလုံးကတော့ ... သူ ရန်သူများအား မည်ကဲ့သို့သတ်ဖြတ်ခဲ့သလဲ ကိုယ်စားပြု၏။
မန်ဟို ရောက်လာပြီး ဝမ်ယိုချိုင်နှင့်တွေ့လိုကြောင်း ပြောသည့်အခါ ဧည်သည့်လက်ခံရန် တာဝန်ပေးအပ်ခံထားရသော ဂိုဏ်းသားက သူ့ကို အထူးအဆန်းကြည့်သည်။
ကြည့်ရသရွေ့ လဆည်းကာကန်တွင် ဝမ်ယိုချိုင်၏နာမည်သည် မန်ဟို့နာမည်ထက်ပင် ကြောက်ရွံ့လေးစားဖွယ်ကောင်းပုံရ၏။
ထို့အပြင် ဝမ်ယိုချိုင်ကား အင်မော်တယ်ဟုသာ ခေါ်၍ရသေးသည့်အချက်မပါသေးပေ။
မန်ဟိုသည် ဝမ်ယိုချိုင်ဆီ ခေါ်သွားခံရသောအခါ အနက်ရောင်ကန်တစ်ကန်၏ဘေးတွင် တင်ပျဉ်ခွေထိုင်နေသော သူ့ကို မြင်လိုက်ရသည်။ အရုပ်ဆိုးအကျည်းတန်မျက်နှာများက ဝမ်ယိုချိုင်၏အသားများကို စားသုံးရင်း ဝမ်ယိုချိုင်ကို လှည့်ပတ်ကာ ကန်ရေပြင်ထက်တွင် ပေါလောပေါ်နေကြသည်။
“မတွေ့ရတာကြာပြီ မန်ဟို” ဝမ်ယိုချိုင်က အက်ရှရှအသံဖြင့် ပြောသည်။ သူက ခေါင်းကို မော့၍ ဟောင်းလောင်းပေါက်မျက်တွင်းကြီးများဖြင့် မန်ဟို့ကို စိုက်ကြည့်လေသည်။
မန်ဟိုက သူ့ကို ကြည့်ပြီး သက်ပြင်းချ၏။
တခဏတိတ်ဆိတ်နေပြီးနောက် ဝမ်ယိုချိုင်က ဖြေးညင်းစွာ ပြောသည်။ “သက်ပြင်းချမနေပါနဲ့။ တစ်ခုလိုချင်ရင် တစ်ခုတော့ ပေးဆပ်ရတာပဲမဟုတ်လား”
သူ့ပတ်ပတ်လည်ရှိ မျက်နှာများက သူ့အသားများကို ကိုက်စားနေကြသည့်တိုင် သူက မျက်မှောင်တစ်ချက်ပင် မကြုတ်ပေ။ နေသားကျနေပုံပေါ်သည်။
“ဒါတွေက ငါ သတ်ပြီး ဝိညာဉ်ထုတ်ပစ်ခဲ့တဲ့ လူတွေပေါ့။ သူတို့ကို နေ့တိုင်း ၊ ညတိုင်း ငါ့ကို စားခွင့်ပေးထားတာ။ အဲဒီလိုနည်းနဲ့မှ သူတို့အမုန်းတရားကို ခံစားပြီး ငါ့ပတ်ပတ်လည်က ရောင်စုံကမ္ဘာကြီးကို မြင်ရနိုင်တာပဲ"
မန်ဟိုက ဝမ်ယိုချိုင်ကို ကြည့်ပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ထိုနှစ်တုန်းက တာ့ချင်းတောင်မှ ခေါ်ဆောင်လာခံခဲ့ရသည့် လေးယောက်တွင် သူ၊ ဖက်တီး၊ ဝမ်ယိုချိုင်နှင့် တုန်းဟူတို့ ပါဝင်သည်.... ဖက်တီးက အဆင်ပြေဆုံးဘဝကို ပိုင်ဆိုင်ထားပြီး ဝမ်ယိုချိုင်ကတော့ အရက်စက်ဆုံးဖြစ်လာခဲ့သည်။ တုန်းဟူနှင့်ပတ်သက်၍မူ သူ ပျောက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ... တုန်းဟူ တစ်နေရာရာတွင် ကြမ်းနေသည်ဟု မန်ဟို ခံစားရသည်။
မန်ဟိုက တစ်ညလုံး ဝမ်ယိုချိုင်နှင့်အတူ တရားထိုင်နေခဲ့သည်။ နောက်ရက်တွင် သူ ထရပ်ပြီး ပြန်ဖို့ လှည့်လိုက်သည့်အချိန် ဝမ်ယိုချိုင်က ကောက်ကာငင်ကာ မေးသည်။ “မန်ဟို ... ငါတို့က သူငယ်ချင်းတွေမလား....”
မန်ဟိုက သူ့ကို ပြန်ကြည့်ပြီး ဖြေသည်။ “ငါတို့က အတိတ်တုန်းက သူငယ်ချင်းတွေ၊ အခုလည်း သူငယ်ချင်းတွေ၊ နောင်လည်း သူငယ်ချင်းတွေ ဖြစ်နေဦးမှာပဲ”
ဝမ်ယိုချိုင်က ရယ်သည်။ ၎င်းသည် အက်ရှသော်လည်း နားမစူးပေ။ ဤသည်မှာ အသက်အကြီးဆုံးဖြစ်၍ သူငယ်ချင်းများကို ဂရုစိုက်ပေးရမည်ဟု တွေးခဲ့သော တာ့ချင်းတောင်ပေါ်က ယောင်ချာချာကောင်လေးပင် ဖြစ်လေသည်။
“မန်ဟို မင်း တတ်နိုင်သလောက် မြန်မြန် အစွမ်းထက်လာရမယ် ... လက ဝင်နေပြီ နေက ထွက်မလာသေးဘူး... ညရဲ့အမှောင်ထုတွေလည်း ရောက်လာခဲ့ပြီ... ဘယ်လောက်ကြာမလဲမပြောနိုင်ဘူး
“ငါ မြင်ခဲ့ပြီးပြီ၊ ခံစားလည်း ခံစားနေရတယ် ... မကြာခင် .... ကြီးမားတဲ့ဖရိုဖရဲတွေ ဖြစ်ပွားလာတော့မယ်”
မန်ဟိုမှာ တုန်ရီသွားသည်။ မည်သည့်အရာကို ပြောနေမှန်း သူ အတိအကျသိသော်လည်း ဝမ်ယိုချိုင်လည်း သိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက ဝမ်ယိုချိုင်ကို လေးနက်စွာ ကြည့်ပြီးနောက် ထွက်လာသည်။
တဖြေးဖြေး သူသည် လဆည်းဆာကန်ကို ချန်ရစ်ခဲ့ရင်း အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။