သတ်ဖြတ်သူ ထပ်မံပေါ်လာခြင်း
Vol. 87 Ch. 1205
မန်ဟိုသည် အထွတ်အမြတ်မြေငါးမြေ၊ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းထံမှ အကြွေးတောင်းခဲ့ပြီးလေပြီ။ သူသည် သူ၏မိတ်ဆွေဟောင်းများထံသို့ လည်ပတ်ခဲ့ပြီး ပါရာဂွန်တံတားကိုလည်း ပြည့်စုံစေခဲ့ပြီးဖြစ်သည်။ ယခုတွင် အကြွေးတောင်းဖို့ကား မျိုးနွယ်စုကြီးသုံးစုတွင်သာ ကျန်တော့၏။
မှန်ပါသည်။ လီမျိုးနွယ်စုနှင့်ပက်သက်၍မူ မန်ဟိုမှာ ထိုနေရာသို့ သွားဖို့ အတော်လေး မျက်နှာပူမိသည်။ ထို့ကြောင့် .... စုန့်နှင့်၀မ်မျိုးနွယ်စုများသာ ကျန်ရစ်သည်။
"စုန့်လော့တန်နဲ့ ၀မ်မု။ ငါ မင်းတို့ရဲ့ အကြွေးတွေကို တောင်းပြီးတာနဲ့ န၀မတောင်ပင်လယ်ကနေ ထွက်သွားမယ်" သူက မျက်လုံးများ တောက်ပနေလျက် အင်မော်တယ်အပျက်အစီးများနယ်မှ ပျံထွက်လာကာ ဂြိုဟ်သိမ်နေရာရွှေ့ပြောင်းခြင်းမုခ်၀ထံသို့ ပျံသန်းသွားသည်။ အမှန်တွင် သူ့နှလုံးသားထဲ၌ ထွက်မသွားခင် သွားရောက်လိုသည့် နေရာတစ်နေရာ ရှိနေသေး၏။
မြောက်ကျူပင်ဂြိုဟ်ကား တောင်ကောင်းကင်ဂြိုဟ်ထက် များစွာ ကြီးမား၏။ အမှန်တွင် အရှေ့အောင်ပွဲဂြိုဟ်ထက်ပင် ကြီးမားလေသည်။ အဝေးမှကြည့်လျှင် ၎င်းသည် အပြာရောင်စက်လုံးကြီးနှင့်တူ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းအား အရန်ဂြိုဟ်သုံးလုံးမှ လှည့်ပတ်နေလေသည်။
ထိုအရန်ဂြိုဟ်သုံးလုံးးတွင် မျိုးနွယ်စုကြီးသုံးစုရှိပြီး မြောက်ကျူပင်ဂြိုဟ်၌ပင်လျှင် ထိုမျိုးနွယ်စုသုံးစုမှ နေရာအသီးသီးယူထားကြလေသည်။
ဤနေရာရှိ ဂိုဏ်းများနှင့် ကျောင်းတော်များသည် ထိုမျိုးနွယ်စုများ၏ အရန်ဂိုဏ်းခွဲများဖြစ်ကြ၏။
လောလောဆယ်တွင် မန်ဟိုက မြောက်ကျူပင်ဂြိုဟ်၏အရန်ဂြိုဟ်သုံးလုံးထဲမှ စုန့်မျိုးနွယ်စုအပိုင်ဖြစ်သော အရန်ဂြိုဟ်ပေါ်က နေရာရွှေ့ပြောင်းခြင်းမုခ်အတွင်းမှ ထွက်လာသည်။
သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် စုန့်မျိုးနွယ်ဝင်များကို မျက်နှာချင်းဆိုင်နေရကြောင်း တွေ့လိုက်ရ၏။ သူတို့က သူ့ကို စောင့်နေသည့်အလားပင်။
သူ ထွက်လာလျှင်ချင်း စုန့်မျိုးနွယ်တစ်ယောက်က သိုလှောင်အိတ်တစ်လုံးဖြင့် ရှေ့ထွက်လာသည်။
"ငါတို့မျိုးနွယ်စုရဲ့မင်းသားက မင်းအပေါ် တင်နေတဲ့အကြွေးတွေအကုန်လုံး ဒီထဲမှာရှိတယ်လို့ ပြောတယ်" စုန့်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်က မာမာထန်ထန် ပြောသည်။ ထို့နောက် သူက အိတ်ကို မန်ဟို့ထံ ပစ်ပေးလိုက်၏။
စုန့်မျိုးနွယ်စု၏ ဤကိစ္စအပေါ် ကိုင်တွယ်ပုံကြောင့် မန်ဟိုမှာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။ အကြွေးလိုက်တောင်းနေသည့်သတင်း န၀မတောင်ပင်လယ်တစ်ခွင် ပျံ့နှံ့နေပြီဖြစ်ကြောင်း သူ သိလိုက်ရလေပြီ။ အမှန်ပင်။ အကြွေးတောင်းသည့်ကိစ္စက အခြားသူများအတွက် သဘောကျစရာကိစ္စမဟုတ်လေရာ စုန့်မျိုးနွယ်စုသည် သူ့ကို မောင်းထုတ်ဖို့ အကြွေးကို မြန်မြန်ဆန်ဆန် ပေးနေ၏။
သို့သော် မန်ဟိုကား အကြွေးရသရွေ့ ဂရုမစိုက်ပေ။ သိုလှောင်အိတ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးရင်း အထဲရှိ ငွေပမာဏမှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူက ထွက်ခွာရန် ပြင်လိုက်သည်။ သူ၏နောက်တစ်နေရာက နေရာရွှေ့ပြောင်းခြင်းမုခ်၀ဆီသို့မဟုတ်ဘဲ ကြယ်တာရာကောင်းကင်၏တစ်ဖက်ရှိ ၀မ်မျိုးနွယ်စုသို့ပင်။
လောလောဆယ်တွင် သူ့အနောက်ရှိ နေရာရွှေ့ပြောင်းခြင်းမုခ်၀သည် မန်ဟို အကြွေးတောင်းသောမြင်ကွင်းကို ကြည့်ဖို့ လာနေကြသော ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက်ကြောင့် တဖြတ်ဖြတ် လင်းလက်နေ၏။ သို့သော် ယခု ဖြစ်ပျက်နေသောအရာက အတော်လေး ပျင်းစရာကောင်းလှလေသည်။ သူတို့သည် ယခုလို အေးအေးလူလူ အကြွေးပြန်ဆပ်သောမြင်ကွင်းမဟုတ်ဘဲ မန်ဟို အကြွေးအတင်းအဓမ္မတောင်းနေသော မြင်ကွင်းကိုသာ ကြည့်လိုကြ၏။
ထိုစဉ် စုန့်လောတန်က လျှို့ဝှက်မှော်အတတ်တစ်ခုမှတစ်ဆင့် ဖြစ်ပျက်နေသောမြင်ကွင်းကို ကြည့်ရင်း အဝေးရှိ တောင်ထိပ်တစ်လုံးပေါ်တွင် ထိုင်နေသည်။ သူသည် ကိစ္စပြီးဆုံးသွားသည်ကိုမြင်လျှင် စိတ်သက်သာရာရသွား၏။ သူ့မှာ မတရားသဖြင့်ခံရသည်ဟု ခံစားရသော်လည်း ဘာမှမတတ်နိုင်ပေ။ ဤကပ်စေးနည်းမန်ဟိုကို အကြွေးဆပ်၍ မောင်းထုတ်နိုင်လျှင် လုံလောက်လေပြီ။
သို့သော် မန်ဟို ထွက်သွားတော့မည့်အချိန်မှာပင် သူ့ကို သိုလှောင်အိတ်ပစ်ပေးခဲ့သော စုန့်မျိုးနွယ်ကျင့်ကြံသူက ဖြစ်ပျက်နေသောအရာနှင့်ပက်သက်ပြီး ဘဝင်မကျပုံရသည်။ "ငါတို့မျိုးနွယ်စုရဲ့မင်းသားက ပြောတယ်။ မိုးကောင်းကင်က ငါတို့လုပ်သမျှကို မြင်နိုင်တယ်။ မင်း လူတွေကို ဒီလိုမျိုးလိုက်အနိုင်ကျင့်နေရင် မင်းလည်း အနှေးနဲ့အမြန် ၀ဋ်ပြန်လည်လိမ့်မယ်တဲ့"
ကျန်စုန့်မျိုးနွယ်ကျင့်ကြံသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ အဝေးရှိ စုန့်လော့တန်၏မေးရိုးမှာ မြေကြီးသို့ပင် ပြုတ်ကျလုမတတ် ဖြစ်သွားပြီး သူက ဒေါကြီးမောကြီး ထရပ်လိုက်၏။ သူ့မှာ ထိုကဲ့သို့စကားလုံးများ တစ်ခါမှမပြောခဲ့ကြောင်း ကျိန်ဆိုရဲလေသည်။
သူသည် မန်ဟို၏ ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိ၍ ထိုစကားကို ပြောလိုက်ခြင်းက ပြဿနာကို မီးထွန်းရှာလိုက်ခြင်းဖြစ်ကြောင်း သိ၏။
"သေလိုက်ပါတော့" သူက ချက်ချင်း တောင်ထိပ်ပေါ်မှ ပျံဆင်းလာရင်း တွေးလိုက်သည်။ သူ့မှာ သည်အတိုင်းထိုင်ကြည့်မနေနိုင်တော့ပေ။ မန်ဟို့ကို ဖြေရှင်းချက်ပေးရလိမ့်မည်။ မန်ဟို့ကို ပြန်ဆပ်ရမည့်အကြွေးပမာဏ ပြည့်ဖို့အတွက် သူ့မှာ မျိုးနွယ်ဝင်အားလုံးနီးပါးဆီမှ ချေးငှားခဲ့ရသည်။ အမှန်တွင် သူ့မှာ မျိုးနွယ်စုထံမှပင် ချေးငွေထုတ်ခဲ့ရ၏။ ထိုအရာအားလုံးသာ စကားလေးတစ်ခွန်းကြောင့် ရေစုန်မျောသွားလျှင်တော့ သူ အော်ငိုမိလိမ့်မည်။
မန်ဟိုသည် ထွက်သွားဖို့ လေပေါ်ပျံတက်လိုက်သည့်အချိန်မှာပင် ထိုစကားကို ကြားလိုက်ရသဖြင့် စုန့်မျိုးနွယ်ကျင့်ကြံသူအား ပြန်လှည့်ကြည့်လိုက်၏။ စိတ်လှုပ်တရှား ကြည့်ရှုနေကြသော သင်းကွဲကျင့်ကြံသူများကိုလည်း သူ သတိထားမိလိုက်သည်။ ထိုလူများက စုန့်မျိုးနွယ်ကျင့်ကြံသူ ထိုစကားပြောလိုက်သည့်အတွက် ၀မ်းသာနေကြပုံရသည်။
"ကဲ အခုတော့ စိတ်၀င်စားစရာကောင်းမသွားဘူးလား" သူက ပြုံးရင်း ပြောသည်။ စု့န်မျိုးနွယ်စု၏ ကျန်မျိုးနွယ်၀င်များမှာ တုန်ရီနေပြီး မန်ဟို ပြုံးနေသည်ကို မြင်လျှင် ချွေးသီးချွေးပေါက်များကျလာပြီး နောက်သဆုတ်လိုက်ကြသည်။ "ငါ သိထားတဲ့ စုန့်လော့တန်ကတော့ အဲ့ဒီလောက်ထိ မတုံးဘူး။ သူက အံကြိတ်ပြီး ငွေပေးရင်ပေး မဟုတ်ရင် အံကြိတ်ပြီး ငြင်းရင်ငြင်းမှာ
"သူ့ရဲ့ ရွေးချယ်မှုက ဘာပဲဖြစ်ဖြစ် ဒီလိုတော့ပြောမှာမဟုတ်ဘူး။ ကြည့်ရတာ စုန့်မျိုးနွယ်စုထဲမှာ စုန့်လော့တန်ရဲ့နေရာက မတည်ငြိမ်တဲ့ပုံပဲ။ ကဲပါလေ ကိစ္စမရှိပါဘူး။ သူနဲ့ငါက မိတ်ဆွေတွေဆိုတော့ သူ့ကို နည်းနည်းပါးပါး ကူညီပေးရတာပေါ့" သူအပြုံးသည် ပို၍တောက်ပလာပြီး အတန်ငယ် ရှက်ကိုးရှက်ကန်းပင် ဖြစ်လာသည်။
သူ့အပြုံးနှင့် သူ့မျက်လုံးများက စုန့်မျိုးနွယ်ကျင့်ကြံသူများ၏မျက်နှာများကို ရိပ်ခနဲဖြစ်သွားစေသည်။
“အဲဒါက မင်းသား ငါ့ကို ပြော....”
“စုန့်လော့တန် ဒီကို ထွက်လာခဲ့” မန်ဟို့အသံကြီးက အရန်ဂြိုဟ်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ချိန်တည်းဆိုသလို စုန့်လော့တန်သည် လျှပ်စီးလို လေကိုခွင်းလာရင်း ပေါ်လာ၏။ သူက ရောက်လျှင်ချင်း အင်္ကျီလက်စကို ခါလိုက်ရာ လေပြင်းတစ်ချက်သည် စောစောက စကားပြောခဲ့သော မျိုးနွယ်ဝင်ကို တိုက်ခတ်လိုက်၏။ ထိုလူမှာ ပါးစပ်မှ သွေးများပန်းထွက်လျက် အဝေးသို့ လွင့်ထွက်သွားတော့သည်။
“သောက်ကျိုးနည်း” စုန့်လော့တန်က ကြိမ်းမောင်းသည်။ “ရာရာစစ ငါ့ကို ချောက်ချရဲတယ်လို့။ သူ့ကို အကျဉ်းချလိုက်စမ်း” ပတ်ဝန်းကျင်ရှိ စုန့်မျိုးနွယ်ကျင့်ကြံသူများက ချက်ချင်း ပျံထွက်လာပြီး ထိုလူကို ဖမ်းချုပ်လိုက်ကြသည်။
ထိုလူ့အား ထိုစကားပြောဖို့ မည်သူအမိန့်ပေးခဲ့သလဲဆိုသည်ကို အချိန်ကုန်ခံမေးမနေဘဲ စုန့်လော့တန်က ချာခနဲလှည့်၍ ရင်ထဲ၌ ခါးသီးမှုတို့ ပြည့်ကြပ်နေလျက် မျက်နှာထားတင်းတင်းနှင့် မန်ဟို့ကို ကြည့်သည်။ သူ့မှာ အရှက်မကွဲဖို့အရေးအတွက် မန်ဟို့ကို ကိုယ်တိုင်မတွေ့ရန် ဆုံးဖြတ်ခဲ့သည်ကို နောင်တရနေတော့သည်။ သူသာ ကိုယ်တိုင်တွေ့ခဲ့ပါက စောစောကအဖြစ်အပျက်မျိုး ဘယ်တော့မှ ဖြစ်လာခဲ့မည်မဟုတ်ပေ။
မန်ဟိုက တောက်ပသောအပြုံးဖြင့် စုန့်လော့တန်ကို ကြည့်ရင်း သူ စကားပြောမည်ကို စောင့်နေသည်။
“ငါ ဘယ်တုန်းကမှ အဲ့လိုမပြောခဲ့ဘူး” စုန့်လော့တန့်က မာဆတ်ဆတ် ပြောသည်။
“ငါ သိတယ်” မန်ဟိုက အပြုံးလေးဖြင့် ပြောသည်။ “ငါတို့က မိတ်ဆွေတွေ ဆိုမှတော့ မင်းကို ကူညီပေးရင် မကောင်းဘူးလား။ ဒါပေမဲ့ လုပ်အားခတော့ပေးပေါ့”
စုန့်လော့တန်မှာ ငြင်းရန် ပြင်လိုက်သော်လည်း မျက်လုံးများတောက်ပလာသည်။ “ဘယ်လောက်လိုချင်လဲ”
“စောစောက မင်းပေးခဲ့တဲ့ သိုလှောင်အိတ်ထဲက ပမာဏရဲ့နှစ်ဆ”
“အကြင်နာတရားခေါင်းပါးတဲ့ကောင်။ ကောင်းပြီ။ သူ့နာမည်က စုန့်လော့ရှန်း စုန့်မျိုးနွယ်စု တိုက်ရိုက်သွေးဆက်ရဲ့ ရွေးချယ်ခံ။ သူက တာအိုကလေးနေရာကို ငါ့ဆီက လုချင်နေတာ။ မသတ်နဲ့ သူ့နာမည်ကိုသာ ဖျက်လိုက်”
မန်ဟိုက ညစ်ကျယ်ကျယ်ရယ်ပြီးနောက် မိုးခြိမ်းသံလိုအသံကျယ်ကြီးဖြင့် အော်လိုက်သည်။ “စုန့်လော့ရှန်း။ မင်း ငါ့အပေါ် အကြွေးတင်နေတယ်။ အကြွေးပြန်ဆပ်တော့”
သူ့အသံ အရန်ဂြိုဟ်တစ်လျှောက် ပဲ့တင်ထပ်သွားစဉ် အသံတွင် ကောင်းကင်ဘုံလာအင်အားကြီး ပါရှိနေသည့်အလား မရေမတွက်နိုင်သောတောင်များ တုန်ခါလာသည်။ အေးစက်စက်တုံ့ပြန်မှုအား အဝေးမှ ပျံလွင့်လာသည်ကို ကြားရနိုင်၏။
“တာအိုရောင်ရင်းမန်၊ ကျုပ် ခင်ဗျားအပေါ် ဘာအကြွေးမှ တင်မနေပါဘူး။ ခင်ဗျားကို ပေးစရာရှိတဲ့လူက စုန့်လော့တန်ပဲ”
“ငါ အကြွေးတင်တယ်ဆို တင်တယ်ပေါ့” မန်ဟိုက စကားပြောလိုက်စဉ် ရှေ့တစ်လှမ်းတက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲဖြစ်သွားပြီး အဝေးတွင် ပြန်ပေါ်လာကာ သူ့လက်သီးက မြေကြီးကို ထိုးချလိုက်၏။ ချက်ချင်းပင် မြေပြင်ပြိုကျသွားပြီး လူရိပ်တစ်ခု ပျံထွက်လာသည်။
၎င်းက ချောမောသော်လည်း မျက်မှေးမှေးနှင့် လူငယ်တစ်ဦးဖြစ်သည်။ အစက ထိုမျက်ဝန်းများသည် အဆိပ်ပြင်းသောသွေးအေးမှုဖြင့် တောက်ပနေခဲ့သော်လည်း ယခုတွင် မန်ဟို၏ရှိန်လောက်ဖွယ်အင်အားကြောင့် ထိတ်လန့်နေလေပြီ။
“တာအိုရောင်ရင်းမန် ဘာလုပ်ဖို့ကြိုးစားနေတာလဲ” လူငယ်က ဟိန်းဟောက်လိုက်သည်။ သူက ကပျာကယာ နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် အလင်းတန်းဒါဇင်များစွာသည် စုန့်မျိုးနွယ်စု၏အတွင်းမှ ပျံထွက်လာကြ၏။ ယင်းတို့ကား ပတ်ဝန်းကျင်ကို စောင့်ကြပ်ဖို့ တာဝန်ချခံထားရသည့် အစွမ်းထက်ပညာရှင်များ ဖြစ်လိမ့်မည်။
ယခုတွင် ဂိုဏ်းအမျိုးမျိုး၊ မျိုးနွယ်စုအသီးသီးသ်ည မန်ဟို အကြွေးလိုက်တောင်းနေသည့်သတင်းအား ရရှိထားပြီးဖြစ်၏။ စုန့်မျိုးနွယ်စုမှာလည်း သူနှင့် ထပ်မံမပတ်သက်လိုပေ။ သူတို့သည် သူ့အား ဤနေရာမှ တတ်နိုင်သမျှ မြန်မြန်သာ ထွက်သွားစေချင်ကြသည်။
“ခေါင်းဆောင်ကြီး ကယ်ပါဦး” စုန့်လော့ရှန်းက စူးစူးဝါးဝါး အော်သည်။ မန်ဟိုက ရုတ်တရက် ဘယ်လက်ကို ဆုပ်၍ နတ်ဘုရားသုတ်သင်ခြင်းလက်သီးဖြင့် သူ့ဘေးရှိ လေထုကို ထိုးချလိုက်သည်။
ထိုလက်သီးချက်က လေထုကို ပြိုကွဲသွားစေ၏။ အင့်ခနဲ ညည်းသံနှင့်အတူ မျက်နှာကြောတင်းတင်းဖြင့် ခပ်ပိန်ပိန်အဘိုးကြီးတစ်ဦး ပေါ်လာသည်။ သူက စုန့်လော့ရှန်းကို ကယ်ဖို့ပြင်နေခဲ့သော်လည်း မြန်သင့်သလောက် မမြန်ခဲ့ပေ။ သူ့မှာ မန်ဟို စုန့်လော့ရှန်းအား ဖမ်းလိုက်သည်ကိုသာ ကြည့်နေရတော့သည်။၊
“မန်ဟို” အဘိုးကြီးက ခြိမ်းခြောက်သောလေသံနှင့် ပြောသည်။ “သိပ်လွန်မလာနဲ့။ စုန့်မျိုးနွယ်စုက မင်းနဲ့ ရန်သူမလုပ်ချင်ပေမယ့် မင်းလည်း လူပါးဝလို့မရဘူးကွ” ဤလူသည် တာအိုနဘ်ပယ်အရှိန်အဝါအကို ထုတ်လွှတ်နေ၏။ သူကား စုန့်မျိုးနွယ်စု၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများထဲမှ တစ်ယောက်ဖြစ်ကြောင်း သိသာသည်။
သူ စကားပြောနေသည့်အချိန်မှာပင် တာအိုအရှိန်အဝါနောက်တစ်ခုက အရန်ဂြိုဟ်မှ ထွက်လာသည်။ မည်သူမှ ပေါ်မလာသော်လည်း အရှိန်အဝါက မန်ဟို့ကို ပစ်မှတ်ထားနေလေည်။
မြောက်ကျူပင်ဂြိုဟ်ပေါ်က ခပ်ဝေးဝေးတစ်နေရာတွင်လည်း ပို၍ပင်ကြောက်စရာကောင်းသော တာအိုအရှိန်အဝါတစ်ခုက ဖြစ်ပျက်နေသည့်အရာကို အာရုံစိုက်နေပုံရသည်။
“စုန့်မျိုးနွယ်တာအိုကလေးနေရာကို လုတာမလုတာက ကျုပ်နဲ့ ဘာမှမပတ်သက်ဘူး။ ဒါပေမဲ့ စုန့်လော့ရှန်းက ကျုပ်ကို အကောက်ကြံခဲ့တာ သိသာတဲ့အတွက် တန်ရာတန်ကြေးတော့ ပြန်ပေးဆပ်ရလိမ့်မယ်” မန်ဟိုက စုန့်လော့ရှန်းကို ကိုင်မြှောက်ထားပြီး တာအိုနယ်ပယ်အရှိန်အဝါကို အရေးမစိုက်ဘဲ ခပ်ပိန်ပိန်အဘိုးကြီးကို အေးအေးလူလူ ကြည့်လိုက်သည်။
အဘိုးကြီးက စုန့်လော့ရှန်းကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လေသည်။ စုန့်လော့ရှန်းက မန်ဟို့ကို အကောက်ကြံဖို့ ဦးစွာကြိုးစားခဲ့ကြောင်း သူ ယခုမှ သဘောပေါက်လိုက်၍ စုန့်လော့ရှန်း၏မိုက်မဲမှုကိုသာ ကျိန်ဆဲနိုင်တော့သည်။ စုန့်မျိုးနွယ်စုတစ်စုလုံးသည် မန်ဟို့ကို ဆပ်ရမည့်အကြွေးအတွက် စုန့်လော့တန် စုဆောင်းခဲ့သည်ကို အသိအမှတ်ပြုခဲ့သည့်အပြင် ငွေမပြည့်သောအခါ သူ့ကို ချေးငှားပေးရန် လိုလားခဲ့သည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် စုန့်မျိုးနွယ်စုတွင် မန်ဟို့ကို ရန်စလိုစိတ်မရှိကြောင်း အလွယ်တကူမြင်ရနိုင်သည်။
သို့သော် ယခုတော့ ဤငမိုက်သားက ထိုသို့ရန်စခဲ့လေပြီ။ ခပ်ပိန်ပိန်အဘိုးကြီး၏အမြင်အရ စုန့်လော့ရှန်းမှာ ကယ်တင်၍မရလောက်အောင် တုံးအမိုက်မဲလွန်း၏။ သူ့သွေးဆက်က မျိုးနွယ်စု၏လုံခြုံမှုအတွက် အရေးပါနေသည့်အတွက်ကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် ထိုကိစ္စကို လျစ်လျှူရှုထားမည်သာ။
“ငါတို့ ဒီကိစ္စအတွက် မင်းကို သေချာပေါက် လျော်ကြေးပေးပါ့မယ်” အဘိုးကြီးက ဖြေးညင်းစွာ ပြောလိုက်သည်။ မန်ဟိုက ပြုံး၍ စုန့်လော့ရှန်းကို လွှတ်ပေးလိုက်သည်။ သူ စကားပြောတော့မည့်အချိန် ရုတ်တရက် သူ့တစ်ကိုယ်လုံး မသိမသာတုန်ရီသွားပြီး သူက အဘိုးကြီး၏ပခုံးကို ကျော်၍ လှမ်းကြည့်လိုက်သည်။
အဘိုးကြီး၏မျက်လုံးများ ပြူးကျယ်သွားပြီး လှည့်ကြည့်လိုက်သည့်အခါ မည်သည့်အရာကိုမှ မမြင်ရပေ။ သူက မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်ကို ခံစားလိုက်ရ၍ မျက်မှောင်ကြုတ်သွား၏။
မန်ဟို့အသက်ရှူသံများ မြန်နေသည်။ စောစောက သူသည် အဘိုးကြီး၏နောက်တွင် အလွန်ဆန်းကြယ်သောအရာတစ်ခုကို မြင်ခဲ့၏။ ၎င်းက ဟင်းလင်းပြင်တွင် ခြေဦးတည့်ရာလျှောက်နေသော အနက်ရောင်ဝတ်ရုံဝတ်ထားသည့် အဖြူရောင်ဆံပင်ရှည်ရှည်များနှင့် လူတစ်ယောက်ဖြစ်သည်။
သူ့တွင် ကြောက်ခမန်းလိလိ အသတ်အဖြတ်အရှိန်အဝါရှိသည်။ ၎င်းကား ... လေဟုန်ခွင်းလောကမှာတုန်းက တောင်ကောင်းကင်၏ပါရာဂွန်ပန်းချီထဲမှ လျှောက်ထွက်သွားခဲ့သော .... ပါရာဂွန်။
သတ်ဖြတ်သူ။