အခန်း (၁)
Vol. 1 Ch. 1
" ဤကမ္ဘာကြီးတွင် ပြိုင်ဆိုင်မှုများ အလွန်ပြင်းထန်၏... "
ဟိုင်းချန်မြို့...
ဟိုင်းချန် သိုင်းပညာအထက်တန်းကျောင်း...
ယောကျာ်းပီသ၍ ချောမောပြီး အနက်ရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက် လေ့ကျင့်ကွင်း၏ ထောင့်တနေရာတွင် ထိုင်နေပေသည် ။ သူက စဥ်းစားလေလေ ပို၍ မကျေမနပ်ဖြစ်လေလေ ခံစားလာမိရသည် ။
လင်းမို့... အသက် ဆယ့်ရှစ်နှစ်... ဟိုင်ချန် သိုင်းပညာအထက်တန်းကျောင်း တတိယနှစ် အခန်း ၁၀ ... သို့သော် သူသည် ဤကမ္ဘာမှ မဟုတ်ပေ ။
လင်းမို့သည် လွန်ခဲ့သော ငါးနှစ်ခန့်က ကမ္ဘာမြေနှင့်အလွန်တူသော ဤဂြိုလ်ပြာသို့ ကူးပြောင်းလာခဲ့သူဖြစ်၏ ။
ထိုအချိန်တွင် ပထမနှစ် ကျောင်းသားတစ်ဦးအနေဖြင့် ပထမနှစ်စာမေးပွဲတွင် လူတိုင်းအံ့အားသင့်သွားစေရန် ဟိုင်းချန်မြို့၏ သတ္တမမြောက် အခမဲ့အထက်တန်းကျောင်း အတွင်းသို့ ခေါင်းမော့၍ ဝင်လာခဲ့သည် ။
သို့သော်လည်း စာမေးပွဲရောက်မှ အံ့အားသင့်သွားသူမှာ သူသာပင်ဖြစ်ချေသည် ။
' အခြေခံ သိုင်းအယူအဆ '
'သိုင်းပညာ အကြီးအကဲများ၏ မဟာရာဇဝင် '
'ကြွက်သားနှင့် အရိုးဖွဲ့စည်းပုံ အကြောင်းအရာ အကျဥ်းချုပ် '
သူသည် ဤအကြောင်းအရာများအား တခါမျှပင် မမြင်ဘူးချေ ။
လင်းမို့က အဖြေစာရွက်အလွတ်အား မှိုင်ထွေထွေကိုင်ထားရင်းဖြင့် ကမ္ဘာမြေနှင့် ဤကမ္ဘာမတူကြောင်း လက်ခံလိုက်ရတော့သည် ။
ဤကမ္ဘာတွင် ကိုယ်ခံပညာသာ အရေးအကြီးဆုံးဖြစ်ပြီး သချ်ာ ၊ ရူပဗေဒ နှင့် ဓာတုဗေဒ တို့မှာ အသုံးမဝင်ပေ ။
ထို့အပြင် ဤဂြိုလ်ပြာတွင် သိုင်းပညာရှင်များသာ အခွင့်ထူးခံ လူတန်းစားများဖြစ်သည် ။ သာမန်လူ များအနေဖြင့် မည်မျှပင်အောင်မြင်စေကာမူ သိုင်းပညာရှင်များထက် အမြဲတန်းနိမ့်ကျနေမည်ဖြစ်သည် ။
ထို့ကြောင့် ထင်ပေါ်ကျော်ကြားလာစေရန်အတွက်သိုင်းပညာရှင် ဖြစ်ရန် တစ်နည်းသာရှိသည် ။
လင်းမို့သည် ဤအကြောင်းများအား သိရှိပြီးသည်နှင့် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့၏ ။
' တနေကုန် ကစားဖို့ပဲတွေးနေတဲ့ ေ ာက်ကလေးတသိုက်က ငါနဲ့ဘယ်လိုယှဥ်နိုင်မှာလဲ... ငါ မြန်မြန်ကျော်ကြားလာပြီးတော့ ပါရမီရှင် တစ်ယောက်အဖြစ် အထောက်အပံ့တွေ ရတော့မှာပဲ... "
သို့သော် များမကြာမှီပင် သူထက်မံ အံသြခဲ့ရသည် ။
ထိုအလယ်တန်းကျောင်းသားများမှာ သူတို့တက်နိုင်သလောက် အာရုံစိုက်၍ အလွန်ကြိုးစားကြသည် ။ ဤသို့သောပတ်ဝန်းကျင်လှုံဆော်မှုကြောင့် အတန်းတွင်းရှိ အနိမ့်ဆုံးကျောင်းသားများပင် အလွန်ကြိုးစားကြလေသည် ။
အသက်နှစ်ဆယ် ရှင်သန်ခဲ့သော ကူးပြောင်းလာသူ လင်းမို့တစ်ယောက် ကလေးများဖြင့် ယှဥ်ရသည်ကိုပင် ရှုံးမလိုဖြစ်နေ၏ ။
သူသည် ဟိုင်းချန်အထက်တန်းကျောင်းသို့ ဝင်ခွင့်ရပြီးမှသာ ပြင်းထန်သောပြိုင်ဆိုင်မှုဆိုသည်ကို နားလည်လာခဲ့ရ၏ ။ သို့သော် ဤသည်က လင်းမို့၏ ယှဥ်ပြိုင်လိုစိတ်ကို လှုံ့ဆော်ပေးခဲ့သည် ။
" လာစမ်းပါ..."
" ငါ့အရင်ဘဝတုန်းက... 996 အလုပ် လုပ်နှုန်းကို ဘယ်တုန်းကမှ အရှုံးမပေးခဲ့ဘူး ( မနက် ၉ နာရီ ကနေ ည ၉ နာရီ တပတ် ၆ ရက်နှုန်း) ... ဒီအထက်တန်းကျောင်းသားတွေလောက်ကို ကြောက်နေရမှာလား... "
" လာစမ်း... ဒီသိုင်းအထက်တန်းကျောင်းထဲမှာ ပြိုင်ဆိုင်မှုတွေ ဘယ်လောက်ပြင်းထန်မလဲဆိုတာ ငါသိချင်တယ်... "
အဆုံးတွင်...
လင်းမို့သာ လက်မြှောက်၍ အရှုံးပေးခဲ့ရ၏ ။
သူက မကြာသေးမှီက သိုင်းအလုပ်သင် အလယ်ဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏ လက်သီးပြင်းအားမှာ ငါးရာ ကီလိုဂရမ်ကျော်ရှိသည် ။ ထိုအချိန်တွင် အခန်းတွင်းရှိ ပါရမီရှင်များမှာ လက်သီးပြင်းအား ရှစ်ရာ ကီလိုဂရမ်ကျော်နှင့် အဆင့်မြင့် သိုင်းအလုပ်သင်များ ဖြစ်နေကြသည် ။
လင်းမို့က အဆင့်မြင့် သိုင်းအလုပ်သင်အဆင့်သို့ ရောက်သောအခါ ပါရမီရှင်များမှာ လက်သီးပြင်းအား 1200 သို့ရောက်၍ သိုင်းပညာရှင်တပိုင်းအဆင့်သို့ ရောက်နေကြ၏ ။
ယခုအခါ လင်းမို့၏ အခန်းတွင် ကျောင်းသား 30 ခန့်ရှိပြီး ငါးဦးမှာ သိုင်းပညာရှင်တပိုင်းအဆင့် ၊ ကိုးဦးမှာ ကီလို 1100 ပတ်ဝန်းကျင်နှင့် ဆယ့်လေးဦးမှာ ကီလို 1000 ကျော်ရှိသည် ။ ကီလို 1000 အောက်မှာ နှစ်ယောက်သာရှိလေသည် ။ ကျန်တစ်ယောက်မှာ ကီလို 985 ရှိပြီး လင်းမို့မှာ ကီလို 903 နှင့် ဘိတ်ချီးဖြစ်သည် ။
သိုင်းပညာကောလိပ်ဝင်ခွင့် စာမေးပွဲမရောက်ခင် လဝက်သာလိုတော့သည် ။ အရင်နှစ်သတ်မှတ်ချက်များအရ သိုင်းပညာရှင်တပိုင်းအဆင့်သို့ ရောက်မှသာလျှင် အဓိက သိုင်းပညာတက္ကသိုလ်များသို့ တက်ရောက်နိုင်မည်ဖြစ်၏ ။ ကီလို 1100 များမှာ အဆင့်မသတ်မှတ်နိုင်သော ရိုးရိုးတက္ကသိုလ်များသာ ဝင်ရောက်ခွင့်ရပေမည် ။ ကီလို 1000 များသည် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများသာ သွားရောက်ရမည်ဖြစ်သည် ။ ကီလိုတစ်ထောင်အောက် ခေါ်သော ကောလိပ်များကို သူတစ်ခါမှမတွေ့ဘူးပေ ။ ကျောင်းအား ကြီးကြီးမားမား လှူတန်းမည်ဆိုလျှင်ပင် မဖြစ်နိုင်ချေ ။
" ငါက ကလေးတွေနဲ့တောင် မယှဥ်နိုင်ခဲ့ဘူး... "
အလယ်တန်းမှ အထက်တန်းအဆင့်အထိ ငါးနှစ်တာကာလလုံး ကျော်ဖြတ်ခဲ့ပြီး လင်းမို့တွင် သူ၏အတိတ်က မာနဟူသမျှ မကျန်တော့ပေ ။ သူက ကူးပြောင်းသူတစ်ယောက်အနေဖြင့် ရှက်စရာကောင်းလှပေသည် ။
" ဒီကမ္ဘာကြီးရဲ့ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လွန်းတယ်... "
လင်းမို့သည် တွေးလေလေ ပို၍ စိတ်ဓာတ်ကျလာလေလေပင် ။ စိတ်ဓာတ်ကျလွန်းသဖြင့် မြေကြီးထိနေပြီဖြစ်သည် ။
" ငါမနိုင် နိုင်တော့ဘူးဆိုတော့ ပြိုင်နေတာတွေရပ်လိုက်ရင် နေလို့ကောင်းသွားမယ် ထင်ပါတယ်... "
" ငါ သိုင်းပညာတွေ မလေ့ကျင့်တော့ဘူး..."
" ငါ သိုင်းပညာတက္ကသိုလ်တွေလည်း မတက်ချင်တော့ဘူး... "
" ငါသာမန်လူတစ်ယောက် အနေနဲ့ပဲ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းတော့မယ်... "
ယခုအချိန်တွင် လင်းမို့သည် သူ၏ အကန့်အသတ်ကိုသိ၍ အရှုံးပေးလိုက်တော့သည် ။
" ဒင်..."
ရုတ်တရပ် စက်ပိုင်းဆိုင်ရာ အသံတစ်ခု သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည် ။
" စနစ်က လက်ခံသူ အရှုံးပေးလိုက်ကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... စနစ်အား စတင်ချိတ်ဆက်နေပါတယ် ... ပျင်းရိစွာ အဆင့်မြှင့်တင်ခြင်းစနစ်အား ချိတ်ဆက်၍ ပြီးပါပြီ... "
" ဘာလဲဟ.... ီးပဲ..."
လင်းမို့သည် ရွှေလက်ချောင်အား အသက်သွင်းနိုင်ခဲ့သည်ကို စိတ်လှုပ်ရှားနေရမည်ဖြစ်သော်လည်း မနေနိုင်ဘဲ ဆဲလိုက်၏ ။ စနစ်က ဆက်လက် ရှင်းပြသည် ။
" ပျင်းရိစွာအဆင့်မြှင့်ခြင်းစနစ်: သင်ယှဥ်ပြိုင်ဖို့ရန် မကြိုးစားသရွေ့ အဆက်မပြတ်သန်မာလာမည် ... သင်၏ အဆင့်တက်နှုန်းမှာ ပျင်းရိအညွှန်းကိန်းနှင့် တက်ကြွအညွှန်းကိန်းပေါ် မူတည်နေပါတယ်... "
" ပျင်းရိ အညွှန်းကိန်းနဲ့ တက်ကြွအညွှန်းကိန်းဆိုတာဘာလဲ... "
လင်းမို့က စနစ်အား မေးလိုက်၏ ။
" ပျင်းရိအညွှန်းကိန်း: ဂြိုလ်ပြာရှိ နေရာအများစုမှာ အတူတူပါပဲ... အချို့ထူးခြားတဲ့နေရာများတွင်သာ အလွန်တိုးလာနိုင်ပါတယ်... "
" တတ်ကြွအညွှန်းကိန်း : ပတ်ဝန်းကျင်တွင်ရှိသော ယှဥ်ပြိုင်မှုများကိုမူတည်၍ တွက်ချက်ပါတယ် ... ယှဥ်ပြိုင်မှုများပိုများလာလျှင် အညွှန်းကိန်းပိုများလာပြီး အဆင့်တက်နှုန်းပိုမြန်လာပါမယ်... "
" ပိုင်ရှင်၏ အသေးစိတ်အချက်အလက်များ စစ်ဆေးလိုပါသလား..."
" စစ်မယ်... "
လင်းမို့က စိတ်ထဲတွင် ပြောလိုက်သည် ။ ချက်ချင်းပင် သူသာလျှင်မြင်ရသော ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ရှေ့တွင်ပေါ်လာ၏ ။
[ လင်းမို့:
ကျင့်ကြံခြင်း : အဆင့်မသတ်မှတ်နိင်သော ဘဝပုံစံ
အဆင့် : အဆင့်တစ် ( ကမ္ဘာမြေတွင်ရှိသော ကျွမ်းကျင်စစ်မှုထမ်းဟောင်းတစ်ဦးဖြင့်ယှဥ်နိုင်သည်)
လက်သီးပြင်းအား: 903 ကီလိုဂရမ်
ယေဘုယျတိုက်ခိုက်ရေးစွမ်းအား:...
ပျင်းရိအညွန်းကိန်း : 1
တက်ကြွအညွှန်းကိန်း: 2.1
အဆင့်မြှင့်နှုန်း: လက်သီးပြင်းအား တစ်နာရီလျှင် 0.42 ကီလို
မှတ်ချက် : ပျင်းရိ နှင့် တက်ကြွ အညွှန်းကိန်း နှစ်ခုစလုံးမှာ အဆင့်မြှင့်တင်မှုအမြန်နှုန်းအပေါ် သက်ရောက်နိုင်ပါတယ် ]
" လက်သီးပြင်းအားက တစ်နာရီကို 0.42 ဆိုတော့ တစ်ရက်ကို 10 ကီလိုပဲ ... "
လင်းမို့ မျက်လုံးပြူးသွားသည် ။ သူအရင်က ငါးနှစ်ကြာ အရူးအမူးကြိုးစားခဲ့သည်မှာ 903 ကီလိုအထိသာ ရောက်ရှိခဲ့သည် ။ ယခုစနစ်ပြောသည်မှာ တစ်ရက်လျှင် 10 ကီလိုနှုန်းနှင့် ဘာမှလုပ်စရာမလိုဘဲ တိုးလာမည်ဖြစ်သည် ။ သူသည် တစ်လအကြာတွင် ကီလို 1200 ကိုကျော်ဖြတ်ကာ သိုင်းပညာရှင်တစ်ပိုင်းဖြစ်လာမည်ပင် ။ တစ်နှစ်ခွဲကြာလျှင် ယှဥ်နိုင်သူမရှိအောင် သန်မာလာပေမည် ။
'ဒါမိုက်လွန်းတယ် '
'စနစ်က ောကျရမျးကို မိုက်လွန်းတယ် '
'ဒါကောင်းကင်ဘုံကို အံတုနေတာပဲ'
လင်းမို့သည် ဒေါသထွက်လွန်းသဖြင့် ငိုလုနီးနီးပင်ဖြစ်နေလေ၏ ။
" ငါးနှစ်တောင်... "
" အရင်ငါးနှစ်ကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ မင်းသိလား... "
" စနစ်ကိုအသက်သွင်းနိုင်မယ်မှန်းသိရင် စောစောအရှုံးပေးခဲ့မှာပေါ့... "
သို့သော် လင်းမို့သည် အနည်းငယ် ဝမ်းသာမိသေး၏ ။
" ငါ့လက်သီးပြင်းအားက 903 ကီလိုပဲရှိတာ တော်သေးတာပေါ့... ဘယ်တက္ကသိုလ်မှ မမှီလို့ အရှုံးပေးခဲ့တာ ကံကောင်းတာပဲ... နို့မို့ရင် လက်သီးပြင်းအား 1000 ကျော်နေလို့ကတော့ အသုံးမကျတဲ့ တက္ကသိုလ်တွေတက်ပြီး ဘယ်တော့မှ ကျော်ကြားလာမှာမဟုတ်ဘူး..."
လင်းမို့က လန့်သွားပြီး ချွေးစေးများပင် ထွက်လာသည် ။ ကံကောင်းစွာဖြင့် သူအရှုံးပေးခဲ့၏ ။ မဟုတ်လျှင် ဝမ်းနည်းကြေကွဲနေရပေလိမ့်မည် ။
" စာမေးပွဲစဖို့ လဝက်လောက်လိုသေးတယ်... တစ်ရက်ကို 10 ကီလိုဆိုတော့ စာမေးပွဲရောက်ရင် 1050 ကျော်သွားမယ်... ငါအဆင့်မမှီတဲ့ တက္ကသိုလ်တွေ မတက်ရရင်တောင် အနည်းဆုံး အသက်မွေးဝမ်းကြောင်းကျောင်းတော့မှီတယ်... "
လဝက်ကြာလျှင် တက္ကသိုလ်ကို အလွယ်တကူဝင်ရောက်နိုင်ပေမည် ။ လင်းမို့အရင်တုန်းကဆိုလျှင် မမျှော်လင့်ရဲပေ ။
" ဒါမဟုတ်သေးဘူး... "
ရုတ်တရပ် လင်းမို့ သတိဝင်လာ၏ ။
" ဒါအမြင်ကျဥ်းလွန်းတယ်... ငါက စနစ်ပိုင်ရှင်ပဲ... ငါဘာလို့ အသက်မွေးဝမ်းကြောင်းကျောင်းကို သွားရမှာလဲ... အဆင့်မမှီတဲ့တက္ကသိုလ်တောင် တက်စရာမလိုဘူး... အဓိက တက္ကသိုလ်တွေ တက်ရမယ် ... ထိပ်တန်းတက္ကသိုလ်တွေ... "
အချိန်အတော်ကြာ အနိမ့်ဆုံးကျောင်းသား ဖြစ်ခဲ့သဖြင့် သူ၏ အမြင်မှာ အလွန်နိမ့်ကျနေသည် ။
" ငါ ချင်မူ တက္ကသိုလ်ကို သွားမယ်... ကျင့်ဒူ တက္ကသိုလ်ကို သွားမယ်... ရှားတက္ကသိုလ်ကို သွားမယ်... "
" အသက်မွေးဝမ်းကြောင်းကျောင်းဆိုတာဘာလဲ... ဟားးးဟားးဟားး... "
သို့ပေသော်ညား သူက ထိပ်တန်းတက္ကသိုလ်သို့ ဝင်ရောက်ချင်လျှင် 1050 ကီလိုမှာ မလုံလောက်ချေ ။ သိုင်ပညာရှင် တပိုင်းအဆင့် 1200 ကီလိုပင် မလုံလောက်ပေ ။ ထိပ်တန်းတက္ကသိုလ်သို့ ဝင်ချင်လျှင် ကီလို 1300 ကျော်မှသာလျှင် ရပေလိမ့်မည် ။
လင်းမို့တွင် စနစ်ရှိသော်လည်း အချိန်မလုံလောက်ပေ ။ သူ၏ ခွန်အားမှာ နည်းလွန်းလှသည် ။
" ငါတစ်လလောက် စောပြီး စနစ်ကို အသက်သွင်းနိုင်ခဲ့ရင် ကြိုက်တဲ့တက္ကသိုလ်ရွေးလို့ရတယ်... "
လင်းမို့က သက်ပြင်းချလိုက်၏ ။ ရုတ်တရပ် သူ့မျက်ခုံးကို ပင့်၍ စနစ်မျက်နှာပြင်ရှိ စာကြောင်းကို ဖတ်လိုက်သည် ။
" သင့် ပတ်ဝန်းကျင်ရှိလူများ ယှဥ်ပြိုင်မှု ပိုများလာလျှင် တက်ကြွအညွှန်းကိန်းပိုမြင့်လာပြီး အဆင့်တက်နှုန်းပိုမြန်လာမည်... "
လင်းမို့သည် သူ၏ ချစ်လှစွာသော အခန်းဖော်များကို မြေခွေးတစ်ကောင်ကဲ့သို့ ကြည့်လိုက်လေသည် ။