အခန်း (၆)
Vol. 1 Ch. 6
~
အခန်း ၆
~
နောက်တနေ့ နံနက်ခင်း...
လင်းမို့က နှိုးစက်အော်မြည်လာသည်နှင့် အိပ်ရာပေါ်မှ ချက်ချင်းခုန်ထလိုက်လေသည် ။ ဤသည်က သူနှစ်ပေါင်းများစွာ သိုင်းလေ့ကျင့်လာမှုကြောင့် ဖြစ်ပေါ်လာသော အလေ့အထတစ်ခုပင် ။ သူထထခြင်း စနစ်မျက်နှာပြင်ရှိ အချက်အလက်များကို စစ်ဆေးလိုက်၏ ။
မြင်လိုက်ရသော အချက်အလက်များကြောင့် သူမျက်လုံးပြူးသွားသည် ။ မနေ့ညက လက်သီးပြင်းအား ၉၁၉ ကီလိုသာရှိသော်လည်း ယနေ့သူနိုးလာသောအခါ ၉၂၅ ကီလိုသို့ ရောက်ရှိသွားလေသည် ။ သူဘာမှ မလုပ်ဘဲ ကောင်းကောင်းအိပ်စက်နေခြင်းက ၆ ကီလို တိုးလာပေသည် ။ ၅၀၀ ဂရမ် တိုးလာစေရန် အပြင်းအထန်ကြိုးစားနေကျသော တတိယနှစ်ကျောင်းသားများအတွက် သူအနည်းငယ် စိတ်မကောင်းဖြစ်သွား၏ ။
' ဘာလို့ ဒီလောက်တိုးလာတာလဲမသိဘူး... '
လင်းမို့သည် အစပိုင်းအနည်းငယ် ရှုပ်ထွေးသွားသော်လည်း သူအလျင်အမြန်သဘောပေါက်သွား၏ ။ အနီးအနားရှိ တစ်စုံတစ်ယောက်က သူအိပ်ပျော်နေချိန်တွင် လေ့ကျင့်နေခြင်းဖြစ်ပေသည် ။
' အရင်က ရက်ကွက်ထဲကလူတွေ အရမ်းကြိုးစားကြတယ်လို့ ကြားဖူးတာကြာပြီ... အပြင်မှာ လေ့ကျင့်တာတစ်ခါမှ မတွေ့ဖူးဘူး... ကြည့်ရတာ အိမ်ထဲ တိတ်တိတ်လေး လေ့ကျင့်နေတာထင်တယ်... '
' စနစ်ကို ဘယ်သူမှ လိမ်လို့မရဘူး... '
' လက်သီးပြင်းအား တိုးလာတာကို ဘယ်သူမှ လိမ်လို့မရဘူး... '
' ဆက်ကြိုးစားကြ... '
လင်းမို့သည် စိတ်ချမ်းသာသွား၏ ။
' မင်းတို့ကြိုးစားလေလေ ငါပိုသန်မာလာလေလေပဲ... '
လင်းမို့က ပျော်ရွှင်စွာဖြင့် အိမ်အပြင်သို့ ထွက်လာခဲ့သည် ။ ဓာတ်လှေကားထဲ ဝင်လိုက်သည်နှင့် အသိတစ်ယောက်နှင့် တိုးလေသည် ။ အပေါ်ထပ်တွင် နေထိုင်သော အိမ်နီးချင်းတစ်ယောက်ဖြစ်သည် ။ သူက တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဟိုင်းချန်ကျောင်းမှ မဟုတ်ဘဲ မြို့၏ ဒုတိယအဆင့် အထက်တန်းကျောင်းမှ ဖြစ်ပေသည် ။
" မောနင်း... လျှိူရှား... "
လင်းမို့က ပြုံးပြီးနှုတ်ဆက်လိုက်သည် ။ တဆက်တည်းမှာပင် သူက စပ်စပ်စုစုမေးလိုက်၏ ။
" မင်းမျက်ကွင်းတွေ ဘာလို့ညိုနေတာလဲ... ညနက်တဲ့အထိ လေ့ကျင့်နေတာလာ... "
" ဘာလို့ လေ့ကျင့်ရမှာလဲ... ကျောင်းမှာ လေ့ကျင့်ရတာကို ပင်ပန်းလှပြီ... အိမ်ပြန်ရောက်တဲ့အချိန် ကောင်းကောင်းအနားယူရမှာပေါ့ ... ဘဝနဲ့ အလုပ်က အမြဲညီမျှနေရမယ်လေ... "
လျှိူရှားက အထင်သေးစွာဖြင့်ပြောလိုက်၏ ။
" ငါမနေ့ညက ဂိမ်းဆော့တာ ညနက်သွားလို့ မျက်ကွင်းညိုနေတာ... "
ဤသည်ကို လင်းမို့ ကြားလျှင် ' ငါမင်းကို ယုံပေးချင်ပါတယ် ' ဟုသာပြန်ပြောလိုက်ချင်သည် ။
' မင်း မလေ့ကျင့်ဘူးလား... '
' မင်းမလေ့ကျင့်ရင် ငါ့လက်သီးပြင်းအားက ဘာလို့တိုးလာတာလဲ... '
' စနစ်သာမရှိရင် ငါမင်းကို ယုံလိမ့်မယ်... '
ဓာတ်လှေကားအတွင်း တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားသည် ။
ဓာတ်လှေကား အောက်သို့ရောက်သည်ပြီး တံခါးဖွင့်လိုက်သည်နှင့် လျှိူရှားက ပြေးထွက်သွားလေသည် ။ ကျောင်းသို့အမြန်သွား၍ ကြိုးစားချင်နေသည်မှာ သိသာလှပေသည် ။
' ရိုးသားမှု မရှိလိုက်တာ... '
လင်းမို့က ခေါင်းခါလိုက်၏ ။
' လေ့ကျင့်တာပဲ ဖုံးကွယ်ထားစရာလိုလို့လား... ဒါရှက်စရာမှ မဟုတ်တာ... '
လင်းမို့သည် ရက်ကွက်အတွင်းရောက်သည်နှင့် သူ့အား လူအများအပြား လက်ညိုးထိုး၍ အတင်းတုပ်နေသည်ကို ခံစားမိလိုက်၏ ။
" အဲ့ဒါ လင်းမိသားစုက ကလေးပေါ့... သူ့အဆင့်တွေက အရမ်းဆိုးတော့ စိတ်ဓာတ်ကျပြီး စာမေးပွဲကို လက်လျော့လိုက်တယ်လို့ ငါကြားတယ်... "
" သူအရှုံးပေးချင်လည်း ဘာလို့စောစော အရှုံးမပေးတာလည်း... ခုတတိယနှစ်ရောက်မှ အရှုံးပေးတော့ အထက်တန်းကျောင်းသားတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ မိဘတွေအတွက် အရမ်းခက်ခဲတယ်ဆိုတာ သူမသိဘူးလား... "
" အဲ့ဒါဟုတ်တယ်... အကိုလင်းက သူ့အတွက် နှစ်တစ်ရာ ဂျင်ဆင်းဝယ်ဖို့ ငွေအများကြီးချေးထားရတယ်လို့ ငါကြားတယ်... "
" ဘယ်လိုတောင် မသိတက်တဲ့ ကလေးလဲ... "
ဤကဲ့သို့ အတင်းတုပ်နေကြသူများမှာ ပျင်းရိသောအဒေါ်များသာဖြစ်သည် ။ သူတို့၏ စကားများမှာ ကျောင်းသားများပြောသည်ထက်ပိုမိုပြင်းထန်ပေသည် ။
လင်းမို့ကဲ့သို့ အကောင်းမြင်တက်သူပင် အနည်းငယ် စိတ်ပျက်သွားသည် ။
ထိုအချိန် မလှမ်းမကမ်းရှိ မြက်ခင်းပြင်ပေါ်တွင် ခွေးတစ်ကောင် သေးပန်းသွားသည် ။
လင်းမို့က စိတ်မထိန်းနှိုင်ဘဲ ကျိန်ဆဲလိုက်၏ ။
" နောက်လဝက်နေရင် နင်တို့မျက်လုံးတွေ ကန်းအောင်ကို တောက်ပပြမယ်... "
" မေမေ... မေမေ... "
ခြေလှမ်း အနဲငယ်လှမ်းပြီးနောက် သူ့ဆီသို့ လက်ညိုးထိုး၍ သုံးနှစ်အရွယ် ကလေးမလေးတစ်ယောက်မေးနေသည်ကို ကြားလိုက်ရ၏ ။
" အဲ့တာ ဘာကောင်လဲဟင်... "
သူမက ခွေးကို ရည်ညွှန်းပုံရသည် ။ သို့သော် သူမ၏ အမေက သူ့ကိုကြည့်ရင်းပြောလိုက်၏ ။
" မှတ်ထား သမီး... အဲ့တာ ဆန်ကုန်မြေလေးလို့ခေါ်တယ်... "
လင်းမို့ " ........ "
ကျောင်းတွင် လင်းမို့သည် နောက်ဆုံးရောက်ရှိသူဖြစ်၏ ။ သူမနေ့က အိပ်ခဲ့သောနေရာသို့သွားကာ လှဲအိပ်လိုက်သည် ။ ဤနေရာသည် စာမေးပွဲမတိုင်မှီ နှစ်ပတ်အတွက် သူ၏အထူးသီးသန့် VIP အိပ်ရာဖြစ်ပေသည် ။
' ယို့... မနက်စောစောပဲရှိသေးတယ် တက်ကြွအညွှန်းကိန်းက ၅.၆ တောင်ဖြစ်နေပြီ ... '
လှဲလျောင်းပြီးသည်နှင့် ပထမဦးဆုံး လုပ်သည့်အရာမှာ အညွှန်းကိန်းများ စစ်ဆေးခြင်းပင် ။ သူမနေ့က ထိုးခဲ့သော ကြက်သွေးအာနိသင်ကျန်သေးတာ ဖြစ်နိုင်သလို စာမေးပွဲတစ်ရက်ထက် တစ်ရက် နီးလာ၍ လည်းဖြစ်နိုင်သည် ။ ယနေ့၏ ကနဦး အညွှန်းကိန်းမှာ ၅.၆ ပင်ဖြစ်နေလေသည် ။
လင်းမို့သည် သိပ်တော့ စိတ်တိုင်းမကျပေ ။ သူမနေ့က ကြိုတင်ပြင်ဆင်မှုအတန်း၏ အပြင်မှနေ၍ အမှတ် ၂၀ ကျော်ရခဲ့ပေသည် ။ ချွေတာတက်သူမှ ဖြုန်းတီးသူဖြစ်ရန် လွယ်ကူသော်လည်း ဖြုန်းတီးသူမှ ချွေတာသူဖြစ်ရန် မလွယ်လှချေ ။
အမှတ် ၂၀ ကျော်အထိ ရရှိဘူးလေရာ ဂဏာန်းတစ်ခုထဲသော တက်ကြွအညွှန်းကိန်းအား သိပ်မကျေနပ်ပေ ။ သို့သော်လည်း သူသည် ယနေ့ တနေ့လုံး ကျောင်းချိန်ပြီးသည်အထိ ပျင်းရိဖို့ရန် အစီအစဥ် မရှိ ။ သူမနေ့ညက အိပ်ရာအတွင်း ယနေ့အတွက် ဂိမ်းကြီးကြီးမားမား ပြင်ဆင်ထားပေသည် ။ အညွှန်းကိန်းအား ဒုံးပျံကဲ့သို့ တက်သွားစေရမည် ။
လင်းမို့က သူအလုပ်စတင်ရန် တွေးနေချိန်တွင် ဆရာမ လုယန်အန်က သူရှိရာသို့ လမ်းလျောက်လာ၏ ။
" လင်းမို့... သားရဲ့ လက်သီးပြင်းအားက နဲလို့ ဝင်ခွင့်စာမေးပွဲကို လက်လျော့လိုက်တာ ဆရာမ နားလည်ပါတယ်... တချို့အရာတွေ အရှုံးပေးနိုင်တာကလဲ ကောင်းတာပဲ... ဒါပင်မယ့် အတန်းစတာနဲ့ သားက လှဲအိပ်နေမယ်ဆိုရင် တခြားကျောင်းသားတွေကို အနည်းနဲ့အများ ထိခိုက်စေလိမ့်မယ်... အဲ့ဒါ သိပ်အဆင်မပြေဘူး... "
" ဆရာမ... အဲ့တာဆို ကျွန်တော် ကျောင်းထဲ လျောက်သွားလို့ရမလား... "
လင်းမို့က အခန်းပြင်သို့ ထွက်ခွင့်ရရန် အကြောင်းပြချက် ရှာနေလေသည် ။
" လျောက်သွားတာ ကောင်းပါတယ်... "
ဆရာမ လု မငြင်းပေ ။
" သားမနေ့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျောင်းသားတွေကို တွန်းအားပေးနေတာ ဆရာမ မြင်တယ်... အဲ့တာ တော်တော် အကျိုးသက်ရောက်မှုကောင်းတယ်... "
' တွန်းအားပေးတာလား...'
' ဒါကြက်သွေးလိုက်ထိုးနေတာကို... '
လင်းမို့က ချက်ချင်းပင် သူ့ရင်ဘက်သူပုတ်၍ ပြောလိုက်၏ ။
" ဆရာမ စိတ်မပူနဲ့... ကျွန်တော်ဒီနေ့ သူတို့ကို နှစ်ဆ တွန်းအားပေးမယ်... "
ဆရာမလုက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည် ။
" သားကောင်းကောင်းလုပ်နိုင်ရင်... ဆရာမ အကြံပြုချက်ပေးဖို့ နည်းလမ်းစဥ်းစားမယ်... သားဘွဲ့ရပြီးရင် ကျောင်းမှာ ယာယီအလုပ်သမား လုပ်ဖို့ စီစဥ်ပေးမယ်... နောင်ကျရင် နောက်ထပ်လာမယ့်ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးဖို့ အထူးလုပ်ရမယ်... "
" ကျေးဇူးတင်ပါတယ် ဆရာမ... "
လင်းမို့သည် အချိန်ပိုင်းအလုပ်များအား အထင်သေးသော်လည်း သူ၏ ဆရာမမှ အလွန်စေတနာထားမှန်း သူနားလည်ပေသည် ။ ဟိုင်းချန်အထက်တန်းကျောင်း၏ အချိန်ပိုင်းအလုပ်အား လိုချင်သူ များစွာရှိလေသည် ။
ဆရာမလု ထွက်သွားသည်နှင့် ကောင်းဟောက်ရန်က သူ့အနားသို့ကပ်လာ၏ ။
" အကိုမို့... ဆရာမလုက အကို့ကို ဘာလို့ရှာတာလဲ... "
" အော်... ဟောက်ရန်... "
လင်းမို့သည် ကျောင်းရှိ တတိယနှစ်များ အားလုံး အရူးအမူးလေ့ကျင့်စေရန် ရည်မှန်းချက်အား အကောင်အထည်ဖော်ရန် သူ၏ ပထမဆုံးပစ်မှတ်မှာ ကောင်းဟောက်ရန် ဖြစ်သည် ။ ကောင်းဟောက်ရန်က ကျောင်းအတွင်း နှုတ်မလုံရာတွင် နာမည်ကြီးသည် ။
ထို့ကြောင့် ကောင်းဟောက်ရန်က သူ့ဆီလာသည့်အတွက်ကြောင့် လင်းမို့ အဆင်ပြေသွားသည် ။
" ဟောက်ရန်... ဆရာမလု ပြောသွားတာကို သူများကို ပြောလို့မဖြစ်ဘူး... မင်းနှုတ်လုံနိုင်ပါ့မလား... "
လင်းမို့ ပြောလိုက်သည်နှင့် ကောင်းဟောက်ရန်က ပို၍ပင် စိတ်ဝင်စားသွားသည် ။
" လုံတယ်... အရမ်းလုံတယ်... ကျွန်တော်က ကျောင်းမှာ နှုတ်လုံတဲ့နေရာ နာမည်ကြီးတယ်... "
' ငါမင်းကို ယုံလုနီးနီးပဲ... '
လင်းမို့သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း တစ်စုံတစ်ခုပြောမယ့်ဟန် ပြင်လိုက်၏ ။
" မေ့လိုက်တော့... မေ့လိုက်တော့... ငါပြောလို့မဖြစ်ဘူး... "
" အကိုမို့... တောင်းပန်ပါတယ် ပြောပြပါ... "
ကောင်းဟောက်ရန်က စိုးရိမ်တကြီးပြောလိုက်၏ ။
" ကျွန်တော် ဘယ်လိုလူလဲ အကိုမသိဘူးလား... ကျွန်တော့် ပါးစပ်ကို မယုံဘူးလား... "
" ဟုတ်ပြီ... ဟုတ်ပြီ... ဒါပင်မဲ့ တခြားဘယ်သူ့ကိုမှ ပြောပြလို့မဖြစ်ဘူးနော်... တခြားကျောင်းသားတွေ စိတ်ထိခိုက်မှာ ငါကြောက်တယ်... "
" မပူနဲ့... မပူနဲ့... "
ကောင်းဟောက်ရန်က တည်ကြည်စွာ ပြောလိုက်၏ ။
" ကျွန်တော်သိသမျှ အချက်အလက်တွေအားလုံး ဗိုက်ထဲမှာပဲ သိမ်းထားမယ်... "
" ငါမင်းကို ယုံပါတယ်... "
လင်းမို့က အနားသို့ပိုတိုးကပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏ ။
" ခုနက ဆရာမလုက လျှို့ဝှက်ချက် တစ်ခုပြောသွားတယ်... ဒီနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲက ဝင်ခွင့်ရမှတ်တွေ အများကြီးတိုးလာမယ်တဲ့... ငါတော့ အနည်းဆုံး ဆယ်ကီလိုလောက် တိုးလာမယ် ထင်တယ်... "