အခန်း (၈)
Vol. 1 Ch. 8
~
အခန်း ၈
~
စာမေးပွဲနီးမှ အတန်းထဲတွင် အဆင့်အောက်ဆုံးသို့ရောက်ရှိသွားလိမ့်မည်ဟု ကောင်းဟောက်ရန်တစ်ယောက် အိမ်မက်ပင် မက်ဖူးလိမ့်မည်မဟုတ်ချေ ။ ပို၍ဆိုးသည်မှာ သူ၏ ညီအကိုကောင်း ကြောင့်ဖြစ်သည် ။
ထို့ကြောင့် လင်းမို့မှာ ကောင်းဟောက်ရန်အား ထုတ်ပြော၍မဖြစ်ပေ ။ ဤသည်က ကောင်းဟောက်ရန်အား တုန်လှုပ်၍ စိတ်ပျက်အားလျော့ သွားစေနိုင်သည် ။
' ညီလေး... ငါမင်းကို ထုတ်မပြောတာ အပြစ်မတင်နဲ့... ဒါမင်းကောင်းဖို့ပဲ... '
လင်းမို့က တွေးလိုက်သည် ။
" အကိုမို့... ဒီနေ့ကျွန်တော် ညကျောင်းကို သွားတော့မယ်... အကိုဒီနေ့မလိုက်နဲ့တော့... "
ကောင်းဟောက်ရန်က ပြောပြီးသည်နှင့် အခန်းအပြင်သို့ ထွက်သွားသည် ။ လင်းမို့အား နေ့တိုင်း အပြင်မှစောင့်ခိုင်းနေရသည်ကို အားနာနေပုံရလေသည် ။
" ဟောက်ရန်... မင်းငါ့ကို အထင်သေးလို့ဒီလိုစကားတွေပြောတာလား... "
လင်းမို့သည် စိတ်ဆိုးဟန်ဖြင့်ပြောလိုက်၏ ။
" ငါမင်းနဲ့ နေ့တိုင်းလိုက်မယ်လို့ ကတိပေးပြီးပြီ... ငါ့ကတိကို ငါတည်ရမယ်... မင်းဒါမျိုးနောက်ထပ်ပြောရင် ငါတို့ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်... ငါတို့ဆက်ဆံရေး ရပ်တန့်သွားမှ ငါ့ကိုအပြစ်မတင်နဲ့... "
လင်းမို့က ကောင်းဟောက်ရန်ပြောသည်ကို ပြတ်ပြတ်သားသားငြင်းလိုက်လေသည် ။
' မင်းနဲ့မလိုက်ရင် ငါ့တိုက်ခိုက်ရေးစွမ်းရည်ကို ဘယ်လိုမြှင့်ရတော့မှာလဲ... '
' ခန်းမအပြင်က အကင်ဆိုင်ရဲ့ အကင်တွေ ၊ ဘီယာ တွေ နဲ့ ညနေခင်း လေနုလေအေးလေးတွေကို ဘယ်လိုခံစားရတော့မှာလဲ '
" ကျွန်တော်........ "
ကောင်းဟောက်ရန်က လင်းမို့ တွေးနေသည်ကို မသိဘဲ ကျေးဇူးတင်စွာဖြင့် ကြည့်နေလေသည် ။ သူက ထိမိလွန်းသဖြင့် စကားပင်မပြောနိုင်တော့ ။
' ညီအကိုကောင်းဆိုတာဘာလဲ '
' ဒါညီအကိုကောင်းပဲ '
လင်းမို့၏ မြင့်မြတ်သော စိတ်ထားအပေါ် ကောင်းဟောက်ရန်ရှက်လွန်းလှသဖြင့် သူ့ပါးသူရိုက်ချင်လာသည် ။ သူဒေါသထွက်လာသဖြင့် သူ့ကိုယ်သူအပြစ်တင် မိလိုက်သည် ။
' ငါဘယ်လိုစကားတွေ ပြောထွက်လိုက်တာလဲ '
' အကိုမို့ တော့ငါ့အပေါ်စိတ်ပျက်သွားတော့မှာ '
" ညကျောင်းကိုမြန်မြန်သွားရအောင်... ငါတို့အချိန်တွေကို မဖြုန်းနဲ့ "
ငေးကြောင်နေသော ကောင်းဟောက်ရန်ကို လင်းမို့က ဆော်အောလိုက်သည် ။ သူသည် မနေ့ညက တက်ကြွခြင်းအမှတ် များစွာရရှိခဲ့သည် ။ သူမနေ့ညက ညကျောင်းသို့ရောက်သောအခါ တက်ကြွအညွှန်းကိန်း ၄.၃ ရှိနေလေသည် ။ ထို့ကြောင်မြန်မြန်ရောက်လေလေ အဆင့်မြန်မြန်မြှင့်နိုင်လေလေဖြစ်သည် ။ စက္ကန့်များက အဆက်မပြတ်ရွေ့လျားနေ၍ အချိန်ဖြုန်းတီးလို့ မရပေ ။
ကောင်းဟောက်ရန်က ထိုစကားကြားလျှင် ပို၍ပင်ထိမိသွား၏ ။
' အကိုမို့က ကြင်နာလွန်းတယ်... အမြဲတန်းငါ့အတွက်ပဲ တွေးပေးနေတာ '
" မြန်မြန်...မြန်မြန်...မြန်မြန်... ပြေးပြေးပြေး..."
လင်းမို့သည် တနေကုန် ပျင်းရိနေခဲ့သည် ။ ထို့ကြောင့်သူ့တွင် စွမ်းအင်များစွာ ပြည့်နှက်နေပြီး ညကျောင်းသို့ ပြေးသွားရန် ဆုံးဖြတ်ခဲ့သည် ။
ကောင်းဟောက်ရန်က အလွန်ပင်ပန်းလှပြီ ။ သို့သော် လင်းမို့က သူ့အတွက်တွေးပေးနေသည်ကို စဥ်းစားမိလျှင် အားတင်းကာပြေးတော့သည် ။
ကံကောင်းစွာဖြင့် ညကျောင်းမှာ ဟိုင်ချန်အထက်တန်းကျောင်းမှ တစ်ကီလို နှစ်ကီလိုခန့်သာဝေး၏ ။ သိုင်းအလုပ်သင်များဖြစ်သဖြင့် လျင်မြန်စွာရောက်သွားသည် ။
လင်းမို့က ညကျောင်းအဝင်ဝတွင် ရင်းနှီးသူတစ်ဦးတွေ့လိုက်သည် ။ မနေ့ညက အဖြူရောင်ဝတ်ဆင်ထားသော ကောင်မလေးပင် ။ ယနေ့တွင် သူမက နက်ပြောင်နေသော သိုင်းဝတ်စုံဝတ်ဆင်ထားပြီး ပို၍ပင် သွယ်လျနေပုံရသည် ။ သူမက လင်းမို့ကို တွေ့လျှင် ရွံရှာဟန်ဖြင့် မျက်မှောင်ကြုံ့ ၍ပြောလိုက်သည် ။
" လင်းမို့... နင်ဒီနေ့ ဘာလာလုပ်ပြန်တာလဲ "
လင်းမို့ ဘာမျှပြန်မပြောရမှီပင် သူမ ဂျင်အတွင်းသို့ လှည့်ဝင်သွားသည် ။
" အကိုမို့... ကျန်းရွှယ်နဲ့သိတယ်လား..."
ကောင်းဟောက်ရန် အံ့သြသွား၏ ။
" ကျန်းရွှယ်လား..."
လင်းမို့က ခေါင်းယမ်းလိုက်သည် ။
" သူက နာမည်ကြီးလို့လား... ငါတော့ တစ်ခါမှ မကြားဖူးဘူး... "
" သူက ဟိုင်းချန်ကျောင်းက အလှမယ်လေးယောက်ထဲမှာ နံပါတ်တစ်လေ... အကိုသူ့ကို တစ်ကယ်မသိဘူးလား... ဒါပင်မဲ့ စဥ်စားကြည့်လိုက်တော့လဲ အကိုသူ့ကို သိစရာအကြောင်းမရှိဘူး... "
ကောင်းဟောက်ရန်က အရင်ရှင်းပြလိုက်ပြီးမှ စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်၏ ။
" အကိုက သူ့ကို လာချောင်းတဲ့ တဏှာရူးလို့ ထင်နေတာများလား... "
" မင်းသာ တဏှာရူး... "
လင်းမို့၏ မျက်လုံးထဲတွင် ကျောင်းအလှလေးများမရှိဘဲ တက်ကြွအညွှန်းကိန်းများသာ ရှိပေသည် ။
ထိုစဥ် ဂျင်ရုံသို့ လမ်းလျောက်လာသော ကျောင်းသားနှစ်ယောက်မှာ လင်းမို့အားတွေ့လိုက်ရသဖြင့်အထင်အမြင်သေးစွာကြည့်၍ပြောလိုက်၏ ။
" မင်းက ကပ်ဖားတစ်ကောင် ပီသတယ်... ဟမ့်... ဒီအတန်းကိုလာတဲ့ မင်းလိုကောင်တွေကို တဏှာရူးလို့ပဲ ခေါ်ရမယ်... မင်းတို့လို အဝေးကပဲ ငေးကြည့်နေနိုင်တဲ့ကောင်တွေက ဆင့်ီး ခွေးမျှော်နေသလိုပဲ... "
" ငါ....... "
လင်းမို့ ဘာပြန်ပြောရမှန်းပင်မသိတော့ ။
' ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းတယ် '
' တဏှာရူးများပင်လျှင် ဤရှုပ်ထွေးနေသော အစာကွင်းဆက်တွင် ပါဝင်နေ၏ '
" အကိုမို့... ကျွန်တော် လေ့ကျင့်ဖို့ သွားတော့မယ်... "
ကောင်းဟောက်ရန်က တခဏကြာအနားယူပြီးနောက် သူ၏ခွန်အားများပြန်လည်ပြည့်ဝလာ၏ ။
" ဒါပင်မယ့် အကိုမို့က ကြိုးကြိုးစားစား လာအားပေးနေတာ... အကို့ကိုဒီနေ့ ရှယ်ကျွေးမယ်... "
" မလိုပါဘူးကွာ... စာမေးပွဲက ဖျင်နားကပ်နေပြီ... ဒီအချိန်က ငွေအလိုဆုံးပဲ... မင်းကျွေးတာ ငါဘယ်လိုလုပ်စားရက်မှာလဲ... "
လင်းမို့ ဤနေရာသို့ လာရသည်မှာ ကောင်းဟောက်ရန်အား အားပေးရန်မဟုတ် တက်ကြွခြင်းအညွှန်းကိန်းများ ရရှိရန်အတွက်သာဖြစ်၏ ။ ကောင်းဟောက်ရန်အား ရှယ်ကျွေးခိုင်းနေမည်ဆိုပါက သူသည် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည် ။
" ဘာမှမဖြစ်ဘူး... ကျွန်တော့ အဖေက အိမ်ရောင်းလိုက်ပြီ... ဒီအချိန်မှာ ငွေရေးကြေးရေး ခြေသလုံးမွှေးပဲ... "
ကောင်းဟောက်ရန်က ရက်ရောစွာပြောလိုက်သည်။
" ဘာ.... "
လင်းမို့ ထိတ်လန့်သွား၏ ။
' သူက အိမ်ကို တကယ်ကြီးရောင်းလိုက်တာလား... '
' သူ မနေ့က အိမ်ရောင်းမယ်လို့ ပြောခဲ့တာ ဒီနေ့တကယ်ရောင်းလိုက်တယ်... '
ဒီလိုပြတ်သားမှု...
တက္ကသိုလ် ဝင်ခွင့်ရရန်စိတ်ပိုင်းဖြတ်ထားမှု...
သူအရင်က ကောင်းဟောက်ရန်အား ဤမျှရဲရင့်လိမ့်မည်ဟုထင်မထားခဲ့ ။
" တက္ကသိုလ် ဝင်ခွင့်မရရင် မင်းဘာဆက်လုပ်မှာလဲ... "
လင်းမို့က စိုးရိမ်တကြီးမေးလိုက်၏ ။ ကောင်းဟောက်ရန်၏ အိမ်ရောင်းရန်အကြံအစီမှာ သူ၏ ဦးနှောက်ဆေးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် ။ အိမ်ကိုရောင်း၍ စျေးကြီးသောဆေးများဝယ်ကာ တက္ကသိုလ်ဝင်ခွင့်မရခဲ့သည်ရှိသော် ကောင်းဟောက်ရန်တစ်ယောက် ဘာဆက်ဖြစ်မည်နည်း ။
" ဝင်ခွင့်မရတော့လည်း ဘယ်တက်နိုင်မှာလဲ... "
ကောင်းဟောက်ရန်၏ အမူအရာမှာ ဆုံးဖြတ်ချက်ကြီးတစ်ခုအား ချလိုက်ရ၍ စိတ်အေးသွားပုံရသည် ။
" အနည်းဆုံးတော့ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့တာပဲ... အနာဂတ်မှာ နောင်တရစရာ မလိုတော့ဘူးပေါ့... "
" ဒါပေါ့... မှန်တာပေါ့... "
လင်းမို့သည် ကောင်းဟောက်ရန်အား မလေးစားဘဲ မနေနိုင်တော့ ။
" ငါတို့ အကောင်းဆုံးကြိုးစားခဲ့တာပဲ နောင်ကျရင် နောင်တရနေစရာ မလိုတော့ဘူးပေါ့... "
" ကျွန်တော် တက္ကသိုလ် ဝင်ခွင့်မရခဲ့ရင် သိုင်းပညာလမ်းကြောင်းကို စွန့်လွှတ်လိုက်တော့မယ်... "
ကောင်းဟောက်ရန်၏ အတွေးများမှာ သူမသိလိုက်ဘဲ ဒဿနအမြင်များအဖြစ် ကူးပြောင်းသွား၏ ။
" အဲ့ဒါဆိုရင်တော့... ကျွန်တော့မိသားစုပိုင်တဲ့ အိမ်လေး အလုံး ငါးဆယ်ကိုပဲ အိမ်ငှားခလေးကောက်ပြီးတော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းရုံပဲ တက်နိုင်တော့မှာပေါ့... "
" ဖူးးးးး..... "
လင်းမို့၏ ရင်ဘက်အတွင်း ရုတ်တရပ် တင်းကြပ်လာပြီး သွေးများပင် အန်ထွက်ချင်လာ၏ ။
' ငါ.....'
' ငါ..........'
' ငါ............. '
" သူဌေး...... "
လင်းမို့ အကင်ဆိုင်အတွင်းသို့ ပြေးဝင်၍ အော်လိုက်၏ ။
" ဒီဆိုင်မှာ စျေးအကြီးဆုံး ဘာရှိလဲ... king crab ရှိလား... ဒီနေ့ ဘီယာမသောက်တော့ဘူး ဝိုင်နီပဲ သောက်တော့မယ်... 82 ရှိလား... "
" ငါမင်းပိုက်ဆံအိတ်ပြောင်အောင်စားပြစ်မယ်... "
ညသန်းခေါင်ရံအချိန်....
တိုက်၏ ဓာတ်လှေကားအတွင်း လင်မို့နှင့် လျှိူရှားတို့ ဆုံမိကြပြန်သည် ။ လျှိူရှားမှာ လမ်းပင် တည့်တည်မတ်မတ် မလျောက်နိုင်တော့ပေ ။ သူ၏ ခွန်အားအားလုံးကို လေ့ကျင့်ရာတွင်သုံးစွဲထားပုံရ၏ ။
လင်းမို့သည် ထိုမြင်ကွင်းအားကြည့်၏ ဤမျှကြိုးစားသော ကျောင်းသားများအား ရှုံးနိမ့်ခဲ့မှုအပေါ် လက်မခံနိုင်စရာမရှိဟု ရုတ်တရပ်ခံစားလိုက်မိလေသည် ။ အညှာအတာမရှိ ကြိုးစားသောသူများမှာ များလွန်းလှပေသည် ။
" မင်းအနားယူဖို့ လိုနေပြီ..."
လင်းမို့သည် မနေနိုင်တော့ဘဲ သူ့အားသတိပေးလိုက်၏ ။
" ငါသူငယ်ချင်းတွေနဲ့ သောက်ပြီးပြန်လာတာ... ငါသောက်တာနဲနဲများသွားလို့ မူးမှောက်ပြီး အိမ်ပြန်နောက်ကျနေတာ... "
လျှိူရှားက ပြောလိုက်၏ ။
လင်းမို့ မယုံပေ ။
' အရက်မူးနေတဲ့ လူတစ်ယောက်က ဒီလိုအားနည်းပြီး ပင်ပန်းနေမှာလား... '
' အရက်မူးလာတဲ့သူဆို ငါ့လိုဖြစ်နေမှာပေါ့... '
လင်းမို့ ခေါင်းကိုတိတ်တဆိတ် ခါလိုက်၏ ။ လျိူရှားလိုလူတစ်ယောက်၏ အတွေးများမှာ ရှုပ်ထွေးလွန်းလှသည် ။
' မင်းကြိုးစားနေဆို ကြိုးစားနေတယ်ပေါ့... '
' မင်းနဲနဲလောက်ရိုးသားလို့မရဘူးလား... '
သူ ပြင်းပြင်းထန်ထန် လေ့ကျင့်လာသည်မှာ ရှင်းလင်းနေသော်လည်း ဝန်မခံချေ ။ ကြိုးကြိုးစားစားလေ့ကျင့်နေသည်မှာ ရှက်စရာ မဟုတ်ပေ ။
ထိုအချိန် ဓာတ်လှေကား တံခါးမှာ ပွင့်သွား၏ ။ မျက်နှာပြင်ပေါ်ရှိ ကြော်ညာမှာ ပြသနေတုန်းပင် ။
" ငါ့ကျောက်ကပ်က အလုပ်ပို လုပ်ရလျှင် ဘာဖြစ်နိုင်လဲ... "