← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

~

အခန်း ၁၀

~

အိပ်ခန်းအတွင်း.....

လင်းမို့က စားပွဲပေါ်ရှိ ခေါင်းဆောင်းကို ကောက်ကိုင်လိုက်၏ ။ ထိုသည်မှာ VR ခေါင်းဆောင်းတစ်ခုဖြစ်လေသည် ။ သူက ခေါင်းဆောင်းပေါ်ရှိ ဖုန်မှုန့်များအား သုတ်လိုက်ပြီး ခေါင်းတွင် ဆောင်းလိုက်သည်။

" ရှေးဦးစကြာဝဠာ ထဲဝင်ပါ... "

လင်းမို့က ပြောလိုက်ရင်း ခေါင်းဆောင်ရှိ ခလုပ်ကို နိုပ်လိုက်၏ ။ ချက်ချင်းပင် ဦးနှောက်လှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ဦးနှောက်အတွင်းပိုင်းသို့ဝင်ရောက်ခါ ပုံရိပ်ယောင် ခေါင်းဆောင်းနှင့် ချိတ်ဆက်မိသွားသည် ။ သူ၏ အသိစိတ်မှာ အစစ်အမှန်ကမ္ဘာကြီးမှ တဖြေးဖြေးဝေးကွာလာလေသည် ။

" ဒီကမ္ဘာရဲ့ နည်းပညာက ကမ္ဘာမြေထက်အများကြီး မြင့်တာပဲ... "

ဂြိုလ်ပြာပေါ်ရှိ ပုံရိပ်ယောင်နည်းပညာမှာ အလွန်တိုးတက်နေပြီဖြစ်သည် ။ ပုံရိပ်ယောင်ရှေးဦးစကြာဝဠာမှာ ရာခိုင်နှုန်းပြည့်နီးပါးပင် ပြည့်စုံနေပေသည် ။

သိုင်းပညာရှင်များ၏ ကြံ့ခိုင်မှုကို စမ်းသပ်ရန် အစစ်အမှန်တိုက်ပွဲများလိုအပ်သည် ။ အစစ်အမှန်ကမ္ဘာကြီးတွင် တိုက်ပွဲများပြုလုပ်မည်ဆိုပါက အနည်းနှင့်အများ အန္တရာယ်များ ဖြစ်ပေါ်နိုင်သည် ။ ဂရုမစိုက်မိလျှင် အပြင်းအထန်ဒဏ်ရာ ရနိုင်၏ ။ ထို့ကြောင့် ရှေးဦးစကြာဝဠာတွင် တိုက်ခိုက်ချင်းဖြင့် အန္တရာယ်များ လျော့ချနိုင်ပေသည် ။

သို့သော် လင်းမို့၏ လက်ရှိအခြေအနေဖြင့် ရှေးဦးစကြာဝဌာရှိ အစပြုသူကျေးရွာ တဝိုက်သာ လှည့်ပတ်နိုင်လေသည် ။ သူလုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်များမှာ အကန့်အသတ်နှင့်သာရှိ၏ ။

" အစပြုသူ ကွင်းပြင်သို့ ဝင်ရောက်ပါ... "

လင်းမို့က လုပ်ဆောင်ချက် ရွေးချယ်မှုများထဲမှ ရွေးလိုက်၏ ။ အဆင့်မြင့်ဆေး ရရှိရန် သူစဥ်းစားခဲ့သောနည်းလမ်းမှာ ဤအစပြုသူလေ့ကျင့်ရေး ကွင်းပြင်တွင်သာ လုပ်ဆောင်နိုင်သည် ။

အစပြုသူလေ့ကျင့်ရေးကွင်းတွင် တိုက်ပွဲဆယ်ပွဲဆက်တိုက် အနိုင်ရလျှင် A1 အဆင့် အဆင့်မြှင့်တင်ရေးဆေးကို ဆုအဖြစ် ရရှိမည်ဖြစ်သည် ။

' ငါ ပွဲနှစ်ဆယ် ဆက်တိုက် နိုင်ရင် ဆေး ဆယ့်တစ်ပုလင်းတောင် ရမှာ... '

တခြားသူများသာ လင်းမို့၏ အတွေးကို ကြားနိုင်လျှင် ရယ်ရလွန်း၍ အူတက်သေပေလိမ့်မည် ။ လေ့ကျင့်ရေးကွင်းတွင် နိုင်ပွဲဆက်များလေလေ ပြိုင်ဘက်များမှာ ပိုမိုသန်မာလာလေလေဖြစ်သည် ။ ငါးပွဲဆက်တိုက် အနိုင်ရပြီးလျှင် အနိုင်ရရန် ပိုမိုခက်ခဲလာမည်ပင် ။ ဆယ်ပွဲဆက်တိုက် အနိုင်ရပြီးလျှင်တော့ နောက်ထပ်အနိုင်ရရန် အလွန်ခက်ခဲလှပေသည် ။

" အကြံပြုချက်... သင်၏ လက်သီးပြင်းအားမှာ ၁၀၀၀ ကီလို ဖြစ်သည့်အတွက် အဆင့်မြင့်သိုင်းအလုပ်သင်အဖြစ် သတ်မှတ်ထားပါသည်... "

" အကြံပြုချက်... အစပြုသူလေ့ကျင့်ကွင်းတွင် လူတိုင်းအား လက်သီးပြင်းအား ၈၀၀ ကီလိုတွင် သတ်မှတ်ထားပြီး လက်နက်များ အသုံးပြုခွင့်မရှိပါ... "

" အကြံပြုချက်... သင်၏ ကုဒ်နာမည်မှာ အနက်ရောင်ကမ္ဘာမြေ ဖြစ်ပြီး သင်၏ ပုံပန်းသွင်ပြင်မှာ ယေဘူယျသာမာန်လူအဖြစ် ပြုလုပ်ထားပါသည်... တိုက်ပွဲရှာရန် သေချာပါသလား... "

လင်းမို့၏ ရှေ့တွင် အကြောင်းကြားချက် အများအပြားပေါ်လာသည် ။

အစပြုသူလေ့ကျင့်ကွင်း၏ အဓိကရည်ရွယ်ချက်မှာ တိုက်ခိုက်ရေးစွမ်းရည်များ လေ့ကျင့်ရန်ဖြစ်၏ ။ ထို့ကြောင့် အစစ်အမှန်ကမ္ဘာတွင် လက်သီးပြင်းအားမည်မျှပင်ရှိစေကာမူ ၈၀၀ ကီလိုတွင် ကန့်သတ်ထားမည်ဖြစ်သည် ။

လင်းမို့သည် စည်းမျဥ်းများအား သိရှိပြီးဖြစ်၍ အတည်ပြုသည်ကို နိုပ်လိုက်သည် ။

" အကြံပြုချက်... သင်၏ပြိုင်ဘက်အား ရှာဖွေနေပြီဖြစ်၍ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးပါ... "

" အကြံပြုချက်... ပြိုက်ဘက်အား ရှာဖွေတွေ့ရှိပြီဖြစ်သည်... တိုက်ပွဲကွင်းပြင်သို့ ပို့ဆောင်တော့မည်ဖြစ်၍ တိုက်ပွဲအတွက် အသင့်ပြင်ထားပါ... "

လင်းမို့က နှစ်ဘက်စလုံး၏ ကိုယ်ရေးအချက်အလက်များ မြင်လိုက်ရသည် ။

[ အနက်ရောင်ကမ္ဘာမြေ - အသက် ၁၈ နှစ်... သိုင်းအလုပ်သင်... ယေဘူယျအသွင်အပြင်... ဆက်တိုက်နိုင်ပွဲ- မရှိ]

[ နတ်ဘုရားသတ်ဖြတ်သူ - အသက် ၁၅ နှစ်... သိုင်းအလုပ်သင်... အစစ်အမှန်ပုံစံ... ဆက်တိုက်နိုင်ပွဲ - လေးပွဲ]

လင်းမို့ အံအားသင့်သွားသည် ။ သူ၏ ပြိုင်ဘက်မှာ အသင် ၁၅ နှစ်သာရှိသေးသော်လည်း လေးပွဲဆက်နိုင်ထားလေသည် ။

' ဒီကောင်က ကိုးတန်းကျောင်းသားဖြစ်မယ်ထင်တယ်... ဒီကောင် ပါရမီရှင်ဖြစ်ရမယ်... '

လင်းမို့သည် အထက်တန်း ဒုတိယနှစ်တုန်းက လေ့ကျင့်ရန်အတွက် မကြာခဏ အစပြုသူလေ့ကျင့်ရေးကွင်းသို့ လာခဲ့ဖူးသည် ။ သို့သော် နိုင်သည်ထက် ရှုံးသည်က ပိုများ၏ ။ သူ တတိယနှစ်သို့ရောက်သောအခါ လက်သီးပြင်းအားတိုးလာရန် ဖိအားအလွန်များနေသဖြင့် လေ့ကျင့်ရေးကွင်းသို့ မဝင်ဖြစ်တော့ချေ ။ VR ခေါင်းဆောင်းမှာ ဖုန်များပင် တက်နေလေပြီ ။

ဘုန်း..... ဘုန်း.....

လင်းမို့နှင့် သူ၏ပြိုင်ဘက်တို့မှာ တိုက်ပွဲကွင်းပြင်အတွင်းသို့ ကျလာခဲ့သည် ။ သူတို့နှစ်ယောက်မှာ အဝေးမှနေ၍ တစ်ယောက်ကို တစ်ယောက် အကဲခတ်နေကျလေသည် ။ လေ့ကျင့်ရေးကွင်းတွင် လူတိုင်း သူတို့၏ မျက်နှာအား စိတ်ကြိုက် ပြင်ဆင်နိုင်သော်လည်း ကိုယ်ခန္ဓာပုံစံအား ပြောင်းလဲ၍မရပေ ။ လင်းမို့၏ ပြိုင်ဘက်မှာ လင်းမို့ထက် ခေါင်းတစ်လုံးနိမ့်၍ ပိန်ပိန်သေးသေးလေးဖြစ်သည် ။

" ဟားဟားးးး... အသက် ဆယ်ရှစ်နှစ်လား... မင်းက တတိယနှစ်က ခွေးဖြစ်ရမယ်... "

သတ်ဖြတ်သူနတ်ဘုရားက လင်းမို့ကို မြင်လိုက်လျှင် မောက်မာစွာ ရယ်လိုက်၏ ။

" ငါ နောက်ဆုံးတော့ တတိယနှစ် ခွေးတစ်ကောင် ဖမ်းမိပြီ... "

လင်းမို့ မျက်မှောင်ကြုတ်လိုက်၏ ။ သူ၏ပြိုင်ဘက်မှာ မောက်မာလှပေသည် ။

လင်းမို့မျက်မှောင်ကြုတ်လိုက်သည်ကိုမြင်လျှင် ထိုကလေးက တတိယနှစ်မှန်းသိ၍ ပို၍ပင် ကျယ်လောင်စွာ ဆဲဆိုတော့သည် ။

" တကယ်ကြီး တတိယနှစ်ဟ... "

" ဟားဟားးးးး... မင်းတို့ ဝင်ခွင့်စာမေးပွဲဖြေရတော့မယ်မလား... ဒါတောင်မင်းက ခုထိ သိုင်းအလုပ်သင်ပဲရှိသေးတယ် သိုင်းပညာရှင်တစ်ပိုင်းတောင် မဖြစ်သေးဘူး... မင်း ဒီသုံးနှစ်လုံး အထက်တန်းကျောင်းမှာ ဘာတွေလုပ်နေတုန်း... မင်းက ဒီအရွယ်အထိ ခွေးတစ်ကောင်ရှင်သန်နေတာပဲ... "

" နေစမ်းပါအုံး... မင်းက အပြင်ကမ္ဘာမှာ လက်သီးပြင်းအားဘယ်လောက်ရှိတုန်း... မင်းတက္ကသိုလ်ဝင်ခွင့်မှီလား... ဟေး... မင်းဘယ်ကျောင်းမှ မမှီဘူးလို့တော့ ငါ့ကိုမပြောနဲ့... ငါသာဆို ရှက်လွန်းလို့ ကိုယ့်ကိုကိုယ် သတ်သေလိုက်ပြီ... "

ထိုကလေးပြောသည်မှာ လင်းမို့အား ရင်ဝဆောင့်ကန်လိုက်သလိုပင်ဖြစ်၍ လင်းမို့၏ မျက်နှာမှာ လငပုတ်ဖမ်းသလိုပင် မဲမှောင်သွား၏ ။

" မင်း ချမှာလား... "

" ချမှာလား... ဒါပေါ့... ငါတတိယနှစ်က ခွေးတွေကို ရိုက်ဖို့လိုက်ရှာနေတာကြာပြီ... မင်းက သိုင်းပညာရှင် တစ်ပိုင်းတောင် မဟုတ်သေးဘူး ... မင်းအရိုက်ခံရဖို့ အဆင်သင့်ဖြစ်ပြီလား..."

လင်းမို့သည် လေကုန်မခံတော့ဘဲ သတ်ဖြတ်သူနတ်ဘုရား ထံသို့ ပြေးဝင်သွားသည် ။

" ဟားဟားးး... တတိယနှစ်ခွေးက အချိန်မှန်ပေါ်လာတာပဲ... ငါဘယ်လောက်သန်မာလဲ မင်းကိုပြမယ်... "

သတ်ဖြတ်သူနတ်ဘုရားသည်လည်း ရှောင်တိမ်းမနေဘဲ လင်းမို့ဆီသို့ ပြေးဝင်လာခဲ့သည် ။ သူ၏ ပါးစပ်မှာ ပေါက်တက်ကရလျှောက်ပြောနေတုန်းပင် ။

" တတိယနှစ်......... "

" ဖြောင်းးးးး.........."

လင်းမို့သည် သတ်ဖြတ်သူနတ်ဘုရား အနားကပ်လာသည်နှင့် ဝိုက်လက်သီးကို ရှောင်၍ ပါးရိုက်ပြစ်လိုက်သည် ။

ပါးရိုက်ခံလိုက်ရသော သတ်ဖြတ်သူနတ်ဘုရားက အံ့သြသွား၏ ။

" မင်း ဘယ်လိုလုပ်လိုက်တာလဲ... "

ပုံရိပ်ယောင်ကမ္ဘာတွင်ရှိသော်လည်း သူ၏ ပါးတစ်ဖက်တွင် လက်ဝါးရာ အနီရောင်တောက်ပနေသည် ။

" ဖြောင်းးးးး...... "

သတ်ဖြတ်သူနတ်ဘုရားမှာ ကာကွယ်ချိန်ပင် မရလိုက်ဘဲ နောက်ပါးတစ်ဖက် အရိုက်ခံလိုက်ရ၏ ။

" စောင့်...စောင့်....စောင့်... ခဏနေဦး... ဒါဘာ လက်ဖဝါးသိုင်းလဲ... "

သတ်ဖြတ်သူနတ်ဘုရားသည် အကြိမ်အနည်းငယ် ပြန်လည်တိုက်ခိုက်သော်လည်း လင်းမို့၏ အဝတ်အစားကိုပင်မထိသဖြင့် စိတ်ဓာတ်ကျစွာဖြင့်အော်ဟစ်နေခဲ့သည် ။

လင်းမို့က ဂရုမစိုက်ဘဲ အခွင့်အရေးရသည်နှင့် ဒူးကိုဆောင့်ကန်လိုက်၏ ။ သနားစရာ သတ်ဖြတ်သူနတ်ဘုရားမှာ ဒူးနာသွားသည်နှင့် မတ်တပ်မရပ်နိုင်တော့ဘဲ တိုက်ခိုက်ရေးကွင်းပြင်တွင် ကြီးမားသောပုဇွန်တစ်ကောင်လို ခွေနေတော့သည် ။ စက္ကန့်အနည်းငယ်ကြာလျှင် လေ့ကျင့်ရေးကွင်းက အနိုင်အရှုံးဆုံးဖြတ်ပေးလိုက်၏ ။

လင်းမို့က သတ်ဖြတ်သူနတ်ဘုရားထံသို့ အထင်သေးသော အမူအရာဖြင့် လျောက်လာခဲ့သည် ။

" ဒီကိုးတန်းကလေးက ဘယ်ကလာတာလဲ... ဒီပါးစပ်နဲ့ အရိုက်ခံရမှာ မကြောက်ဘူးလား... "

လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် နှစ် အထွတ်အထိပ် တွင်ဖြစ်သည် ။ ဤလေ့ကျင့်ရေးကွင်းတွင် သိုင်းပညာရှင်များနှင့်မတွေ့သ၍ အလွယ်တကူအနိုင်ရနိုင်သည် ။ အလွန်သန်မာသော သိုင်းပညာရှင်တစ်ပိုင်းများပင်လျှင် လင်းမို့နှင့် မယှဥ်နိုင်သည်ဖြစ်ရာ ဤကလေးလောက်တော့ အပျော့ပင် ။ လင်းမို့က ပါမရိုက်ချင်သော်လည်း ဤကလေးက ပါးရိုက်ခံချင်နေခဲ့သည် ။

တချိန်ထဲတွင်....

ရှားနိုင်ငံ၏ မြောက်ဘက်ရှိမြို့တစ်မြို့တွင်...

မြစ်ကမ်းအနီး ဇိမ်ခံဗီလာ တစ်ခုအတွင်း ကိုးတန်းကျောင်းသားတစ်ယောက်က သနားစရာအသွင်အပြင်ဖြင့် ပုံရိပ်ယောင်ခေါင်းဆောင်းကို ချွတ်လိုက်၏ ။ ဤသည်က လင်းမို့ပါးရိုက်လိုက်သော သတ်ဖြတ်သူနတ်ဘုရားပင် ။

" ဘယ်လိုတောင် အနိုင်ကျင့်လိုက်တာလဲ... "

သတ်ဖြတ်သူနတ်ဘုရားက မျက်ရည်များအားထိမ်းရင်း တိတ်တဆိတ်ငိုကြွေးလိုက်၏ ။ သူသည် လေ့ကျင့်ရေးကွင်းအတွင်း ပထမဆုံးအကြိမ် ဆိုးရွားစွာ အရိုက်ခံလာရခြင်းပင် ။ အတိတ်က ရှုံးနိမ့်ခဲ့သည့်ပွဲများတွင် အနည်းငယ်ပြန်တိုက်နိုင်သေးသည် ။ ယခုအခါတွင်မတော့ တဖက်သတ်အရိုက်ခံလာခဲ့သည် ။

" တတိယနှစ်ကျောင်းသားတွေက ဒီလောက်တောင် ကြောက်စရာကောင်းလား... "

သတ်ဖြတ်သူနတ်ဘုရားက အထက်တန်းကျောင်းသားများအား အမြဲ အထင်သေးနေခဲ့သူဖြစ်သည် ။

" ဒီသိုင်းအလုပ်သင် ကတောင် ငါ့ကို အသာအယာရိုက်သွားရင် သိုင်းပညာရှင်တစ်ပိုင်းတွေဆိုရင် ဘယ်လောက်တောင် သန်မာလိုက်မလဲ... "

သတ်ဖြတ်သူနတ်ဘုရားက ဒိုင်ယာရီကိုထုတ်၍ ယနေ့ သူကြုံတွေ့ရသော အဆင်မပြေမှုများကို တိတ်တဆိတ် ရေးမှတ်လိုက်၏ ။

" တတိယနှစ်ထဲက သန်မာတဲ့သူတွေက အရမ်းကြောက်စရာကောင်းတယ်... "

All Chapters