အခန်း (၁၃)
Vol. 1 Ch. 13
~
အခန်း ၁၃
~
" 1025 "
တစ်ညတာ ကောင်းမွန်စွာ အိပ်စက်အနားယူပြီးနောက် မနက်စောစော နိုးထလာသော လင်းမို့သည် သူ၏လက်သီးပြင်းအားကို စစ်ဆေးကြည့်လိုက်၏ ။
' ငါးကီလိုပဲ တိုးလာတယ်... သုံည ထက်စာရင် တော်သေးတယ်ပဲ မှတ်ရမယ်... '
လင်းမို့၏ အတွေးကို အခြားသူများသိပါက ဝိုင်းရိုက်ကြပေလိမ့်မည် ။
' ဘာမှ မလုပ်ဘဲ တစ်ညအိပ်ရုံနဲ့ ငါးကီလိုတိုးလာတာကို မင်းကနည်းတယ် ထင်သေးတာလား... '
' ဒါ လူသားတစ်ယောက် ပြောသင့်တယ့် စကားလား... '
' လေ့ကျင့်ဖို့ အိမ်ရောင်းခဲ့တဲ့ ကောင်းဟောက်ရန်ဆို ဘယ်လိုနေရမလဲ... '
' ဆေးရုံမှာပဲ ရှိသေးတယ့် လျှို့ရှား အကြောင်းရော မစဥ်းစားမိဘူးလား... '
" သွားလိုက်ကြစို့... စောစောထတဲ့ငှက်က အစာဝတယ်... ကျောင်းကို စောစောသွားအိပ်မှ တက်ကြွအမှတ်တွေ များများရလိမ့်မယ်... "
သို့သော်လည်း လင်းမို့တစ်ယောက် ရပ်ကွက်အတွင်းမှ ဖြတ်လျောက်သွားသည်နှင့် အိမ်နီးချင်းများ၏ တံတွေးရေကြောတွင် ပက်လက်မျောလေသည် ။
" မင်းကြားပြီးပြီလား... လျှို့ရှား တစ်ယောက် လေ့ကျင့်တာလွန်ပြီး ဆေးရုံရောက်သွားတယ်တဲ့... "
" ဘယ်လောက်တောင် လေ့ကျင့်လိုက်လို့လဲဟ... ဒါပင်မဲ့ လင်းမို့ဆိုတဲ့ ကောင်လေးက တိုက်တစ်လုံးထဲ အတူတူနေတဲ့ လျှို့ရှားကို အတုမယူနိုင်ရတာလဲ... "
" ဟုတ်ပါ့... ကြိုးစားလွန်းလို့ ဆေးရုံရောက်သွားတယ့်သူနဲ့ ပျင်းလွန်းလို့ စာမေးပွဲကို အကျခံလိုက်တယ့်ကောင်နဲ့ ဘာမနှိုင်းယှဥ်လို့မရဘူး... "
" လျှို့ရှား ဆေးရုံရောက်သွားတာကြောင့် စာမေးပွဲမဖြေနိုင်မှာကို ငါစိတ်ပူတယ်... "
" ဘာပဲဖြစ်ဖြစ် မရင်ဆိုင်ရဲလို့ အရှုံးပေးလိုက်တယ်ကောင်ထက်စာရင် ငါတို့လျှို့ရှားကမှ ဂုဏ်ယူစရာကောင်းသေးတယ်... "
" ဟူးးး... ဆေးရုံတက်ရတဲ့သူက ဘာလို့လင်းမို့မဖြစ်တာလဲမသိဘူး... "
' ဒီလူတွေ... '
သူ၏ အိမ်နီးချင်းများအား လင်းမို့ အတော်စိတ်ပျက်သွား၏ ။
' ငါ မင်းတို့ကျွေးတဲ့ ထမင်းကို စားနေတာလည်းမဟုတ်ဘူး... '
' ငါ မင်းတို့ပေးတဲ့ ပိုက်ဆံကို သုံးနေတာလည်းမဟုတ်ဘူး... '
' ကိုယ့်ဟာကို စာမေးပွဲ အကျခံရင်တောင် မင်းတို့ကို ဘာထိခိုက်နေလို့လဲ... '
' ဒါတောင် မင်းတို့က ငါ့ကို ဆေးရုံတက်နေတဲ့ လျှို့ရှားနဲ့ နေရာလဲချင်သေးတာလား... '
သို့သော် လင်းမို့သည် ထိုသူများနှင့် ရန် ဖြစ်ရန် ပျင်းရိလွန်းသည် ။
' ငါ ချမ်းသာလာတာနဲ့ ဒီနေရာကနေ အရင်ဆုံးပြောင်းပစ်ရမယ်... '
သိုင်းပညာရှင် တစ်ယောက်အတွက် ငွေရှာရသည်မှ မခက်ခဲချေ ။ လက်ရှိ လင်းမို့၏ တိုးတက်နှုန်းနှင့်ဆိုလျှင် သိပ်မကြာမှီပင် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေတော့မည် ။
လင်းမို့က ကျောင်းသို့ရောက်သည်နှင့် တက်ကြွအညွှန်းကိန်းကို ဖွင့်ကြည့်လိုက်သည် ။ မြင့်မားသော အညွှန်းကိန်းကို မြင်မှသာ သူ သက်ပြင်းချနိုင်တော့သည် ။
' ဒီကလေးတွေ က စိတ်ချရတာပဲ... '
မနက်အစောတွင်ပင် တက်ကြွအညွှန်းကိန်းမှာ ၂၀ သို့ ရောက်နေပေသည် ။ စာမေးပွဲဖြေသည့်နေ့သို့ ရောက်လျှင် တက်ကြွအညွှန်းကိန်း မည်မျှအထိ ရောက်သွားနိုင်မည်နည်း ။
' တော်သေးတာပေါ့... မနေ့က ငါကြိုးစားထားတာ အလကားမဖြစ်ဘူး... '
သူမနေ့က ဖြန့်ခဲ့သော ကောလဟာလများကြောင့် ယနေ့တက်ကြွအညွှန်းကိန်းမှာ မြှင့်မားလှပေ၏ ။
' ငါဒီနေ့ အလုပ်ရှုပ်စရာမလိုတော့ဘူး... အိပ်ရင်းနဲ့ မနေ့က အသီးအပွင့်တွေကို ဇိမ်နဲ့နှပ်ရုံပဲ... '
လင်းမို့၏ စိတ်ကူးထဲတွင် ထိပ်တန်းတက္ကသိုလ်များ၏ ဝင်ပေါက်ကို မြင်နေရပြီဖြစ်၍ သူ၏ စိတ်အခြေအနေမှာ အလွန်သာယာနေသည် ။
' ငါ နောင်တအရဆုံးကတော့ ဒီအချိန်မှာ ဘယ်သူကမှ ငါ့ခံစားချက်တွေကို နားမလည်နိုင်တာဘဲ... '
လင်းမို့သည် ရုတ်တရပ် အထီးကျန်ဆန်လှသည်ဟု ခံစားမိလိုက်သည် ။ အဖော်မဲ့သူတစ်ယောက်၏ ခံစားချက်များကို မည်သူက နားလည်နိုင်ပါမည်နည်း ။ မည်သူမှ မရှိ ။
' ငါ့ ညီအကိုကောင်း ကောင်းဟောက်ရန်တောင်မှ နားလည်ပေးနိုင်မှာမဟုတ်ဘူး... '
လင်းမို့သည် သူ့ဆီသို့ လာနေသော ကောင်းဟောက်ရန်ကို မြင်လိုက်ရ၏ ။
" အကိုမို့... အကိုမို့... "
ကောင်းဟောက်ရန်က လျို့ဝှက်ဆန်းကြယ်ဟန်ဖြင့် အသံတိုးတိုးဖြင့်ခေါ် လိုက်၏ ။
" ကမ္ဘာကြီး ဘယ်လောက်ကျယ်လဲဆိုတာ အကိုမို့ မြင်ဖို့အချိန်ရောက်ပြီ... "
" အိုး... "
လင်းမို့ အံ့အားသင့်သွား၏ ။
" ဒီမှာကြည့်... "
ကောင်းဟောက်ရန်က အအေးခံသေတ္တာလေးတစ်လုံးအား ဂရုတစိုက် ထုတ်ပြလိုက်သည် ။
" အကို့ဘဝ တစ်လျောက်လုံး မှောင်ခိုစျေးက ဝယ်တဲ့ ဒီအဆင့်မြှင့်တင်ရေးဆေးကို မြင်ဖူးမှာမဟုတ်ဘူး... "
ကောင်းဟောက်ရန်က ဂုဏ်ယူနေသော မျက်နှပေးဖြင့် ထုတ်ကြွားလိုက်၏ ။
ဤဖက်တီးလေးမှာ ကြွားချင်သော်လည်း လူအများရှေ့ မကြွားရဲသဖြင့် လင်းမို့ဆီသို့ တိတ်တဆိတ် လာကြွားချင်းဖြစ်သည် ။
" ဒီဆေးပုလင်းကို သေးသေးလေးဆိုပြီး အထင်မသေးနဲ့... ဒီတစ်ပုလင်းက လက်သီးပြင်းအား ဆယ်ကီလိုထက်တောင် ပိုတိုးပေးနိုင်တယ်... ဆေးစွမ်းအားကို အပြည့်အဝစုပ်ယူနိုင်ရင် ဆယ့်တစ်ကီလိုအထိတောင် တိုးလာနိုင်တယ်... "
" ဘယ်လိုလဲ အကိုမို့ ... မိုက်တယ်မလား... အကိုတစ်ခါမှ မမြင်ဖူးဘူးမလား... "
" ဟီးးးဟီးးး... ဒါက မှောင်ခိုစျေးမှာ ရနိုင်တယ့် အကောင်းဆုံးဆေးပဲ... အချိတ်အဆက်တွေ မရှိရင် ပိုက်ဆံရှိရင်တောင် ဝယ်လို့ရမှာ မဟုတ်ဘူး... "
ကောင်းဟောက်ရန်က ဂုဏ်ယူစွာဖြင့်ပြောလိုက်၏ ။
လင်းမို့က ဆေးပုလင်းကိုကြည့်လိုက်ရာ အံ့အောသွားသည် ။ ထိုသည်က သူမနေ့ညက သောက်ခဲ့သော ဆေးပုလင်းနှင့် အတူတူပင်ဖြစ်လေသည် ။
" အကို အံ့အောသွားတယ်မလား... "
ကောင်းဟောက်ရန်က လင်းမို့ အံအားသင့်နေသည်ကိုမြင်လျှင် ဂုဏ်ယူစွာဖြင့်ပြောလိုက်သည် ။
" ဟောက်ရန် ဒီဆေးတစ်ပုလင်းကို ပိုက်ဆံဘယ်လောက် ပေးရလဲသိလား... "
လင်းမို့ မေးလိုက်၏ ။
" တစ်သန်း... "
ဟောက်ရန်က လက်ညိုးထောင်ပြရင်းပြောလိုက်လေသည် ။
" ကျွန်တော့်မိသားစုသာ အိမ်ရောင်းမထားရင် ငွေချက်ချင်းချေနိုင်မှာ မဟုတ်ဘူး... "
ထို့နောက် ဟောက်ရန်က ရယ်မောလိုက်သည် ။
" ဟီးဟီးးး... အကိုမို့ ကျွန်တော် ဒီဆေးသောက်ဖို့ သွားတော့မယ်... အကိုစိတ်မပူနဲ့တော့ ဒီဆေးနဲ့ဆိုရင် ကျွန်တော် တက္ကသိုလ်သေချာပေါက် ဝင်ခွင့်ရပြီးတော့ အကို့ရဲ့ သိုင်းပညာအိမ်မက်တွေကို ဖြည့်ပေးနိုင်ပြီ... "
ဟောက်ရန်က ပြောပြီးသည်နှင့် ပြေးထွက်သွားတော့သည် ။ လင်းမို့မှာတော့ အံအောနေဆဲပင် ။
' ငါ့မိဘတွေက ဒီလောက်ပိုက်ဆံအများကြီး ဘယ်ကရလာတာလဲ... '
လင်းမို့သည် သူ၏ မိဘများမှာ သာမန်ဝန်ထမ်းများသာဖြစ်သည်ဟု မှတ်ယူထားခဲ့ပေသည် ။ သူ၏ ကျောင်းစရိတ်ကြောင့်လည်း အကြွေးများစွာ တင်နေခဲ့၏ ။ ထို့ကြောင့် ဤမျှအဖိုးတန်သောဆေးကို ဝယ်ယူရန် မဖြစ်နိုင်ပေ ။
' ကြည့်ရတာ ငါ့အဖေနဲ့အမေမှာ ငါမသိတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်ထင်တယ်... '
လင်းမို့က ခေါင်းယမ်းလိုက်ရင်း အတွေးများအား ရပ်တန့်လိုက်သည် ။ သူ၏ အဝေးတွင်ရှိသော ဖက်တီးလေးအား အနည်းငယ်ရှက်ရွံ့နေသော အပြုံးဖြင့် ကြည့်လိုက်သည် ။
' ဟောက်ရန်... အော်ဟောက်ရန်လေး စာမေးပွဲအောင်စာရင်းထွက်ရင် မင်းဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ ငါမြင်ယောင်နေတယ်... '
' ကြွားတာလား... '
' အကိုမို့ရှေ့မှာ လာကြွားရဲတာလား... '
' ငတုံးတွေက ကြောက်ရမှန်းမသိကြဘူး... '
' မင်းရဲ့ အကိုမို့က အဆထောင်ပေါင်းများစွာ ကြွားပြမယ့်အခါသာစောင့်... '
" ဒင်... "
စနစ်အသိပေးချက်က ရုတ်တရပ်ထွက်ပေါ်လာသည် ။
" အနီးအနားရှိ တစ်စုံတစ်ယောက် အဆင့်တိုးမြှင့်ဆေး သောက်နေသည်ကို တွေ့ရှိရသဖြင့် တက်ကြွအညွှန်းကိန်း ငါးမှတ်တိုးလာပါတယ်... "
" အာ... "
လင်းမို့သည် ရုတ်တရပ် စိတ်ဝင်စားသွားမိ၏ ။
' ဒီလိုလည်း ရတာပဲလားဟ... '
သူက ဟောက်ရန်ကို ကြည့်ရင်း တွေးနေမိသည် ။
' မင်းက အိမ်ကိုရောင်းပြီး ဆေးဝယ်သောက်တယ်... ငါက ဘေးမှာ အိပ်ရင်း အဆင့်မြှင့်နေလို့ရတယ်... ငါ့ညီ မင်းက သူငယ်ချင်းကောင်းပဲ... '
' တက်ကြွ ငါးမှတ်ဆို လက်သီးပြင်းအား နှစ်နာရီကို နှစ်ကီလို တိုးလာမှာပဲ...
ဟောက်ရန်မှာ အိမ်ရောင်းပြီးဆေးဝယ်သောက်နေသော်လည်း ဆယ်ကီလိုသာ တိုးလာနိုင်မည်ဖြစ်သည် ။
' သူငါ့ကို ကူညီပေးနိုင်တယ်ဆိုတာ သူသိရင် ဟောက်ရန်တစ်ယောက် ဝမ်းသာနေမှာပဲ... '
ဤသည်အား လင်းမို့တွေးလိုက်မိသည်နှင့် ဟောက်ရန်၏ အနားသို့သွားကာ အားပေးတော့သည် ။
" ဟောက်ရန်... မင်းလုပ်နိုင်တယ်... ကြိုးစားထား... "
ဟောက်ရန်မှာ လင်းမို့တွေးနေသည်ကို မသိသဖြင့် အလွန်ထိမိသွားသည် ။
" ကျေးဇူးတင်ပါတယ် အကိုမို့... ကျွန်တော် ဆေးအစွမ်းကို စုပ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားမယ်... "
မနက်ခင်းအချိန်မှာ အလျင်အမြန်ကုန်ဆုံးသွားသည် ။
" အကိုမို့... "
ဟောက်ရန်မှာ အချိန်အတော်ကြာ ဆေးစွမ်းအားများအား စုပ်ယူပြီးနောက် ပြီးစီးသွား၏ ။
" အကိုမို့... ကျွန်တော့်လက်သီးပြင်းအားက နာရီနဲနဲလေးနဲ့ ဆယ့်နှစ်ကီလိုတောင် တိုးလာတယ်... ဒါယုံနိုင်စရာတောင် မရှိဘူး... ကျွန်တော်နဲ့ အကို့ကြားက ကွာဟချက်က ပိုပိုကြီးလာပြီ... "
" ဟုတ်တယ် ငါနဲ့မင်းကြားက ကွာဟချက်က ပိုပိုဝေးလာပြီ... "
လင်းမို့က အဓိပ်ပါယျရှိစှာ ပြောလိုက်၏ ။ ဤမနက်တွင်ပင် သူ၏ လက်သီးပြင်းအားမှာ သုံးဆယ်ကီလိုတိုးလာခဲ့ပြီး နှစ်ကီလိုမှာ ကောင်းဟောက်ရန်ဆီမှဖြစ်သည် ။ သို့သော်လည်း သူက စိတ်တိုင်းမကျသေးပေ ။
' တိုးလာတာက ငါထင်ထားတာထက် နှေးနေတာပဲ... '
" ကလေးတွေ... ကလေးတွေ..."
ထိုစဥ် အတန်းပိုင်ဆရာမ ဖြစ်သူ လုယန်အန်က အော်ရင်းဝင်လာပြီး ကြေငြာလိုက်သည် ။
" ဒီနေ့ ဆရာမတို့ကျောင်းက ကျောင်းသားတွေကို အရှိန်မြှင့်ဆေး ဝေဖို့ ဆုံးဖြတ်လိုက်တယ်... နော် ပြီးတော့ ဆရာမတို့အတန်းက ကျောင်းသားငါးယောက်က စာရင်းထဲမှာပါတယ်... ဒါကြောင့် သူတို့ကို ဂုဏ်ပြုလက်ခုတ်သံလေး ချီးမြှင့်လိုက်ရအောင်... "