အခန်း (၁၅)
Vol. 1 Ch. 15
~
အခန်း ၁၅
~
ယန်ကျန်း စက္ကန့်အတော်ကြာ အေးခဲသွား၏ ။ သူ အော်ငိုချင်သွားပေသည် ။ ဤကဲ့သို့ဖြစ်မည်ဟု သူကြိုတင်သိခဲ့ပါလျှင် လင်းမို့ကို ကြွားမည်မဟုတ် ။ ယခုတော့ အရှိန်မြှင့်ဆေး ဆုံးရှုံးသွားရုံသာမက တစ်ကျောင်းလုံး၏ ဟာသကောင်ကြီး ဖြစ်သွားပေတော့မည် ။ သူ၏ ပြကွက်မှာ ကျရှုံးခဲ့ရချေပြီ ။
" ယီးပဲ... "
" လင်းမို့... ဟေ့ကောင် ဒါမင်းရဲ့ အမှားကြောင့်ပဲ... "
ယင်ကျန်းမှာ ဒေါသအလွန်ထွက်လာပြီး လင်းမို့အား တိုက်ခိုက်ပေတော့မည် ။
" မင်းဒီနေရာကိုလာစရာ ဘာအကြောင်းမှ မရှိဘူး... မင်းသာမလာခဲ့ရင် ငါ့ဆေးပုလင်းလဲ ကျကွဲမှာ မဟုတ်ဘူး... မင်းငါ့ကို ပြန်လျော်ပေး... "
" ရပ်လိုက်စမ်း..."
အတန်းပိုင် ဆရာမလုယန်အန်က လင်းမို့၏ရှေ့မှ ကာကွယ်ကာ တားမြစ်လိုက်သည် ။
" ဟေ့ ကျောင်းသား... မဆင်မခြင် မလုပ်စမ်းနဲ့... "
ထိုစဥ် ဌာနမှူးကလည်း အဝေးမှ ပြေးလာ၍ ယင်ကျန်းကို ချုပ်ထားလိုက်သည် ။
" မင်း ဒီနေရာကို ဆေးသောက်ဖို့လာတာမဟုတ်ရင် ထွက်သွားစမ်း... တခြားကျောင်းသားတွေကို အနှောက်အယှက်မဖြစ်စေနဲ့... "
" ကျွန်တော်..... "
ယင်ကျန်း ပို၍ပင် ငိုချင်သွား၏ ။ ဤဆရာက သူ၏အနာကို ဆားလာဖြူးနေခြင်းပင် ။ သူက ဆေးမသောက်ချင်သည်မဟုတ် ။ သူသောက်စရာ ဆေးမရှိတော့ခြင်းပင်ဖြစ်သည် ။ ဆရာနှစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်တော့ ယခု လင်းမို့အား တိုက်ခိုက်၍မရတော့မှန်း နားလည်သွားသည် ။
" မင်း ထမင်းဝအောင်စားထား... "
ယင်ကျန်းက ခက်ထန်စွာပြော၍ လှည့်ထွက်သွားသည် ။
" ဟေ့ ယင်ကျန်း... "
လင်းမို့က ရုတ်တရပ် လှမ်းခေါ်လိုက်၏ ။
" ငါမင်းကို သတိပေးရဦးမယ်... ဆေးရည်တွေက ကြမ်းပြင်ပေါ်ကျပြီး နဲနဲညစ်ပတ်သွားပင်မယ့် အာနိသင်တော့ ရှိသေးတယ်နော်... "
" ဘာ... "
ယင်ကျန်း အနည်းငယ်လန့်သွား၏ ။
လင်းမို့က ရွှတ်နောက်နောက် လေသံဖြင့် ဆက်ပြောလိုက်သည် ။
" မင်းအခု ဆေးရည်တွေ ပြန်ယူနိုင်ဦးမယ်ဆိုရင်... လက်သီးပြင်းအား ကီလိုနဲနဲတော့ တိုးနိုင်သေးတယ်နော်... "
' ဒါ.... ဒါဖြစ်နိုင်ပုံရတယ်...'
ယင်ကျန်း ယုံကြည်သွားသည် ။
' ဒါပင်မဲ့ ကြမ်းပြင်ပေါ်ကဆေးကို ငါဘယ်လို ပြန်ယူရမှာလဲ... '
သူက ကြမ်းပြင်ပေါ်တွင် စီးဆင်းနေသော ဆေးရည်များကိုကြည့်ရင်း အလွန်ရဲတင်းသော အကြံတစ်ခုရသွား၏ ။ ဤသည်ကသာ ဖြေရှင်းချက် ဖြစ်ပေလိမ့်မည် ။
ဆိုရိုးစကားအတိုင်းပင် ဖိတ်ကျသွားသော နို့များအတွက် ငိုကြွေးနေသည်က အလုပ်မဖြစ်ပေ ။ သို့ပေသော်ငြား ကြမ်းပြင်ပေါ်ပြန့်ကြဲနေသော အရည်များကို ပြန်လည်ရယူရန်မှာ အလွန်ခက်ခဲလှပေသည် ။ တချို့တဝက်ပြန်လည်ရရှိရန်အတွက် နည်းလမ်းတစ်ခုသာ ရှိလေသည် ။
' လျှာနဲ့လျက်မှ ရမယ်... '
' ငါတကယ် လျက်လိုက်ရမှာလား...'
ယင်ကျန်း တုံ့ဆိုင်းနေ၏ ။
' လူအများကြီးရှေ့မှာ ငါတကယ်လျက်ရမှာလား...'
' ဒါ ငါ ခွေးဖြစ်မသွားဘူးလား...'
သူ ဤအတိုင်း စွန့်ပြစ်ခဲ့လျှင်လည်း လက်သီးပြင်းအားကီလိုအနည်းငယ် မရနိုင်တော့ ။ သူ ဘေးကြပ်နံကြပ် ဖြစ်နေလေသည် ။
' လျက်လို့လည်း မဖြစ်ဘူး '
' မလျက်ရင်လည်း ဒါတွေက အမှိုက်ဖြစ်သွားတော့မယ် '
" ဟေ့ ဆုံးဖြတ်ချက် မြန်မြန်ချနော်... "
တွေဝေနေသော ယင်ကျန်းကို လင်းမို့က ကြင်နာစွာဖြင့် သတိပေးလိုက်သည် ။
" ဆေးရည်အများစုက ကြမ်းပြင်ထဲ စိမ့်မဝင်သေးဘူးနော်... မင်းမြန်မြန်လုပ်ရင် သုံးကီလိုလောက်တော့ တိုးလာနိုင်သေးတယ်... မင်းတုံ့ဆိုင်းနေရင် တစ်ကီလိုတောင်မရလိုက်မှာ ငါစိုးရိမ်တယ်... "
လင်းမို့၏ စကားက ယင်ကျန်းအား ညဏ်အလင်းဖွင့်ပေးလိုက်ပုံရပြီး သူချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့၏ ။
' ငါ လျက်မယ် '
ယင်ကျန်း အံကိုတင်းတင်းကြိတ်ရင်း စိတ်အားတင်းလိုက်လေသည် ။
' တခြားသူတွေငါ့ကို မလေးစားတော့လည်း ဘာဖြစ်လဲ '
' သိုင်းပညာလမ်းစဥ် လျောက်ရတယ်ဆိုတာ မလွယ်ဘူး... သူများတွေငါ့ကို လေးစားတာထက် လက်သီးပြင်းအား သုံးကီလိုပဲ ငါလိုချင်တယ်... '
' ပြီးတော့... ဒီကမ္ဘာမှာ သန်မာတဲ့သူတွေအတွက်ပဲ နေရာရှိတယ်... '
' သန်မာတဲ့သူတွေအတွက် ရတဲ့ လေးစားမှုကသာ အစစ်အမှန်ပဲ... အားနည်းတဲ့ကောင်တွေရတဲ့ လေးစားမှုက အသုံးမဝင်ဘူး...'
' ငါ ဒါကိုလျက်ရမယ်... '
ယင်ကျန်းက သူ့စိတ်သူ ပြင်ဆင်ပြီးသည်နှင့် လင်းမို့၏ရှေ့တွင် ဒူးထောက်လိုက်သည် ။
လင်းမို့ အံ့အားသင့် သွား၏ ။
' ဟေး ငါက ဒီတိုင်းလေးစနောက်နေတာကို မင်းကဘာလို့ ဒီလောက်အလေးအနက်ထားနေတာလဲ...'
ချက်ချင်းပင် ကြမ်းပြင်အား ရူးသွပ်စွာ ကုန်းလျက်နေသော ယင်ကျန်းအား လင်းမို့ မြင်လိုက်ရတော့သည် ။
' ဒါ.... ဒါ...'
လင်းမို့ ဆွံ့အသွား၏ ။ သူက ယင်ကျန်း၏ အနာပေါ်သို့ ငရုတ်ကောင်းမှုန့်လေး ဖြူးချင်ယုံသာဖြစ်၏ ။ သို့သော်လည်း အဘယ်ကြောင့် ဤမျှအထိ ယင်ကျန်း အလေးအနက်ထားနေရပါသနည်း ။
' ဟူးးး ဒီကောင်က ရက်စက်တဲ့ကောင်ပဲ... '
လင်းမို့ သက်ပြင်းချလိုက်မိသည် ။ ဤသည်က ရက်စက်သောသူတစ်ယောက် အသေအချာပင် ဖြစ်သည် ။
ကွင်းပြင်အတွင်းရှိ ဆရာနှင့်ကျောင်းသား နှစ်ရာကျော်မှာ ဆွံ့အသွားချေသည် ။
" ဒီကောင် တကယ်လျက်နေတာလား..."
" ဒီကောင် ကိုယ့်ကိုယ်ကို လေးစားမှုဆိုတာ ဘာလဲမသိတော့ဘူးလား..."
" ဘယ်လိုတောင် ရက်စက်တဲ့ကောင်လဲ... "
" ကြောက်စရာကောင်းလိုက်တာ... "
" ဒီလောက် ရက်စက်တဲ့ကောင်... ငါထင်တာတော့ ဒီကောင် သမန်းဝံပုလွေများလားမသိဘူး..."
" ငါတို့ ဒါကို ဝံပုလွေ ပျက်သုဥ်းချင်းလို့ ခေါ်ရမယ်... "
" ဒင်..."
လင်းမို့ အံအားသင့်နေတုန်းပင် စနစ်သတိပေးချက်တစ်ခု စိတ်ထဲတွင် ပေါ်လာသည် ။
" ပိုင်ရှင်၏ အနီးအနားတွင် ရက်စက်သောသူတစ်ယောက်အား ထောက်လှမ်းတွေ့ရှိရပါသည်... တက်ကြွအညွှန်းကိန်း နှစ်ဆယ်မှတ်အား တစ်နာရီအတွက် ရရှိပါသည်... "
' အာ...'
လင်းမို့ မျက်စိပေကလပ် ပေကလပ် ဖြစ်သွား၏ ။
' ဒါ မရက်ရောလွန်းဘူးလား...'
တစ်နာရီအတွက် တက်ကြွအမှတ် နှစ်ဆယ်က လက်သီးပြင်းအား လေးကီလိုတိုးလာမည်ဖြစ်သည် ။
' ယင်ကျန်းက သူ့ဂုဏ်သိက္ခာအဆုံးရှုံးခံတာတောင် လက်သီးပြင်းအား နှစ်ကီလို သုံးကီလိုလောက်ပဲရတယ်... ငါက ရပ်ကြည့်နေတာကို လေးကီလိုရတယ်လား... '
လင်းမို့သည် အောက်တွင် ရှိသော ယင်ကျန်းအား ငုံ့ကြည့်ကာ ယင်ကျန်းအတွက် မျက်ရည်နှစ်စက်ကျပေးလိုက်၏ ။ ဤလူသားကား ရက်စက်သော်လည်း ကြေကွဲစရာကောင်းလှသည် ။
ယင်ကျန်းကား တစ်မိနစ်ကျော်ကြာအောင် လျက်ပြီး ပြောင်သွားတော့သည် ။ ဆေးရည်တင်မဟုတ်ဘဲ ကြမ်းပြင်ပါ ပြောင်သွားခြင်းဖြစ်သည် ။ ကြမ်းပြင်တွင် ဖုန်မှုန့်များပင် မရှိတော့ဘဲ သူ့တံတွေးများသာ အိုင်ထွန်းနေတော့၏ ။
တကယ်တော့ ယင်ကျန်း၏အတွေးများအား ရိုးရှင်းလှသည် ။ သူ့ဂုဏ်သိက္ခာအကျခံ၍ လျက်နေသည်ဖြစ်ရာ လျက်မယ့်လျက်တော့ ပြောင်အောင်လျက်ရပေမည် ။
" ဟမ့်..."
ယင်ကျန်းက မတ်တပ်ထရပ်၍ ဒေါသထွက်စွာဖြင့် နှာမှုတ်လိုက်၏ ။ ထိုလေသံက အနည်းငယ် ဂုဏ်ယူနေဟန်ရပြီး လင်းမို့အား ငါ့မှာ အနည်းဆုံးတော့လျက်စရာရှိတယ် မင်းမှာဘာရှိလဲဟု မေးခွန်းထုတ်နေပုံရပေသည် ။
ထို့နောက် ယင်ကျန်း ထွက်သွားတော့သည် ။ သူ၏ ဂုဏ်သိက္ခာ တစ်ပြားသားမျှပင် မကျန်တော့သည်ဖြစ်ရာ ဤနေရာတွင် သူမနေလိုတော့ ။ သူ၏ အခန်းသို့သာ ပြန်ကြွချေတော့သည် ။
" အဟမ်း...."
ယနေ့အဖြစ်အပျက်က ဌာနမှူး၏ အမြင်အား ပိုကျယ်လာစေသည် ။ ဟိုင်းချန် အထက်တန်းကျောင်း စတင်တည်ထောင်ကတည်းက ဤမျှရက်စက်သောသူ မမြင်ဖူးခဲ့ချေ ။ ဤရက်စက်သောလူသားကား ကျောင်းသမိုင်းတွင် မှတ်တမ်းတခု တင်နိုင်ခဲ့ပေသည် ။
ဌာနမှူးက ချောင်းဟန့်ကာ ပြောလိုက်၏ ။
" ကျောင်းသားတွေ... ခုမတော်တဆဖြစ်သွားတာလေးကို မြင်ကြတယ်မလား... ဒါကြောင့် ကိုယ့်ဆေးပုလင်းကို သေချာဂရုစိုက် ကျမကွဲစေနဲ့... ကဲအားလုံး ဆေးမြန်မြန်သောက်လိုက်ကြတော့... "
ကျောင်းသားနှစ်ရာကျော်မှာ ဆေးသောက်လိုက်ကြတော့လေသည် ။ သို့သော်လည်း အကျိုးအမြတ်အရဆုံးမှာ ဆေးပုလင်းမရှိသော လင်းမို့ပင် ။ ကျောင်းသားအားလုံးဆေးသောက်လိုက်သည်နှင့် လင်းမို့၏ တက်ကြွအမှတ်မှာ ဖျင်ကြားဒုံးပျံညှပ်၍ ခုံတက်ချေပြီ ။
' 50 '
' 80 '
' 100 '
' 150 '
တက်ကြွအမှတ်မှာ ချက်ချင်းပင် ၁၅၀ ကျော်ခုန်တက်သွားပြီး နောက်ဆုံး ၁၇၀ တွင် ရပ်တန့်၍ တည်ငြိမ်သွားသည် ။
' ၁၇၀ တည်းလား...'
အမှတ် ၁၇၀ မှာ မြင့်မားသော်လည်း လင်းမို့မျှော်လင့်ထားသည်ထက် များစွာနည်းလေသည် ။ သူ၏ ထင်မြင်ချက်အရ အရှိန်မြှင့်ဆေးမှာ ဟောက်ရန်သောက်သော အဆင့်မြှင့်တင်ဆေးလောက်မကောင်းသော်လည်း ၃၀၀ ကျော် ၄၀၀ နီးပါးရလိမ့်မည်ဟု ထင်ထားခဲ့ပေသည် ။ ယခု တဝက်ကျော်နည်းနေ၏ ။ အဘယ်ကြောင့်မှန်းမသိသဖြင့် သူစိတ်ပူသွားမိသည် ။
' ဒါ ကွင်းပြင်က ကျယ်ပြီးတော့ ကျောင်းသားတွေက ငါနဲ့ ဝေးနေလို့များလား... '
' ဒါမှမဟုတ် ဒီကျောင်းသားတွေက ဟောက်ရန်နဲ့ စိတ်အခြေအနေခြင်းမတူလို့များလား... '
ဟောက်ရန်မှာ အိမ်ကိုရောင်း၍ ဆေးပုလင်းနှင့် လဲခဲ့သူဖြစ်သဖြင့် သူ၏ စိတ်ခွန်အားမှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လေသည် ။ သို့သော် ယခု ကွင်းပြင်အတွင်းရှိ ကျောင်းသားအများစုမှာ ကျောင်းမှပေးသောဆေးကို ကုန်းဆင်းသူများဖြစ်သဖြင့် ဟောက်ရန်လောက် စိတ်ဓာတ်တက်ကြွနေမည်မဟုတ်ပေ ။
' အင်း... ဒါ့ကြောင့်ပဲ ဖြစ်လိမ့်မယ်... '
လင်းမို့ ချက်ချင်း အဖြေရှာတွေ့သွားသည် ။ တက်ကြွအမှတ်မှာ ကျောင်းသားများ၏ တက်ကြွနေမှုအပေါ်မူတည်၍ ရရှိခြင်းဖြစ်ပေသည် ။ တက်ကြွမှုများလေလေ လင်းမို့ရရှိသည့် တက်ကြွအမှတ်များလေလေပင် ။
ဆေးပုလင်းအတွက် အိမ်ရောင်းခဲ့သော ဟောက်ရန်အား အဆင့်မြင့်တက်ကြွသူဟု ယူဆနိုင်ပြီး ဤကွင်းပြင်အတွင်းရှိ ကျောင်းသားများမှာ သာမန်တက်ကြွနေသူများသာဖြစ်ကြသည် ။ တူညီသည့်အဆင့်ရှိသည့် ဆေးပုလင်းကို သောက်သုံးမည်ဆိုလျှင်လည်း ရရှိသည့်တက်ကြွအမှတ်မှာ ကွာခြားနေဦးမည်ဖြစ်သည် ။
လင်းမို့သည် အဖြေကို ရှာတွေ့သွားပြီးဖြစ်သဖြင့် တက်ကြွအမှတ် ၁၇၀ ကို လက်ခံနိုင်သွားသည် ။ မလှမ်းမကမ်းမှ သူ့အားလှောင်ပြောင်နေသော အသံများကို ကြားသော်လည်း သူက လျစ်လျူရှု့ကာ ဒေါသမထွက်ပေ ။ အဘယ်ကြောင့်ဒေါသထွက်နေရမည်နည်း ။
' တခြားသူတွေက ငါ့ကိုအရှူးလို့ထင်ပြီး ရယ်ကြတယ်... ငါကလည်း ဒီကောင်တွေ ငါ့ကို ဖြတ်ပြီးမမြင်နိုင်လို့ ရယ်နေရတယ်... တခြားသူတွေဆေးသောက်တာက ငါ့ကို့ အဆင့်မြှင့်ပေးနိုင်တယ်... ဒီကမ္ဘာမှာ ဒီ့ထက် ပျော်စရာကောင်းတာ ရှိဦးမလား... '
' ဒီတက်ကြွအမှတ်နဲ့ဆိုရင် နှစ်နာရီကို ကီလို ခြောက်ဆယ် ခုနှစ်ဆယ်လောက် တိုးလာမယ်ထင်တယ်... ဒီနေ့တနေကုန်ပြီးရင်တော့ ငါ့လက်သီးပြင်းအား တစ်ရာကီလိုလောက်တိုးလာမှာပဲ... '
သာမန်လူများ တစ်နှစ် အတွင်း ကီလိုတစ်ရာကျော်တိုးရန် မလွယ်ကူလှချေ ။ ထို့ကြောင့် တနေ့အတွင်း ကီလိုတစ်ရာကျော်တိုးခြင်းက အလွန်လျင်မြန်လှပေ၏ ။ တနေ့တာပျင်းရိခြင်းက သူများတစ်နှစ်စာ ကြိုးစားပမ်းစား အားထုတ်ခြင်းထက် အကျိုးများပေသည် ။
' ဤသည်က ပျင်းရိခြင်း အကျိုးတည်း...'
လင်းမို့ ကျိတ်ပျော်နေစဥ်မှာပင် ဆရာမလုက အနားသို့လာထိုင်၍ နူးညံ့စွာ ခပ်တိုးတိုး ရယ်ကာ မေးလိုက်၏ ။
" မင်းက မနေ့က ကျောင်းထဲမှာ ကောလဟာလတွေ စဖြန့်တဲ့သူမှတ်လား... "