← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

~

အခန်း ၅

~

နွေအလယ်၏ ညဖြစ်သောကြောင့် ရာသီဥတု ပူပြင်းလှသည် ။ ဂျင်က ချွေးထုတ်ခန်းတစ်ခုလို ဖြစ်နေလေသည် ။

ကောင်းဟောက်ရန် ဆိုသော ဖက်တီးလေးမှာ ပေါင်းခံထားသော ရေလူသားတစ်ယောက်လို ဖြစ်နေ၏ ။ သူ၏ချွေးများက မိုးရွာသကဲ့သို့ စီးကျနေပြီး မျက်လုံးများပင် ဖွင့်ရခက်နေပေသည် ။ သူက ချွေးသုပ်လိုက်ပြီး ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်လိုက်၏ ။

ဂျင်၏ အပြင်ဘက်တွင် လင်းထိန်နေကာ ပြတင်းပေါက်များအားလုံးကို ဖွင့်ထားသည် ။ ကောင်းဟောက်ရန်က အပြင်ဘက်တွင် ရပ်နေသော လင်းမို့ကို မြင်လိုက်ရပေသည် ။

" သောက်ခွေး.... "

လင်းမို့ ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ကောင်းဟောက်ရန်၏ မျက်လုံးများမှာ ပုံမှန်အရွယ်ထက် အဆများစွာပြူးကျယ်သွားလေသည် ။

' အသားကင် '

' ဘီယာ '

' ချီး.... သိုးသားကင်ရောပဲ... '

ကောင်းဟောက်ရန်မှာ စိတ်မထိန်းနိုင်တော့ဘဲ သားရည်များ စီးကျလာသည် ။

' ဒါလူသားတစ်ယောက်လုပ်စရာလား... '

' ဒါယောင်္ကျားတစ်ယောက် လုပ်စရာလား... '

' ငါက ဒီမှာ ချွေးတလုံးလုံးဖြစ်နေတဲ့အချိန်မှာ မင်းက အသားကင်စားပြီး ဘီယာသောက်နေတာလား... '

' ညီအကိုကောင်း တစ်ယောက်အနေနဲ့ လုပ်စရာလား... '

တခြားကျောင်းသားများလည်း သတိထားပြီးသွားပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ကြသည် ။ ချက်ချင်းပင် ခန်းမ တစ်ခုလုံး ဆူညံသွားသည် ။

" ဘယ်လို သတ္တဝါလဲ... "

" အရှက်မဲ့လိုက်တာ ... "

" ငါတို့ဒီမှာ သေချင်စော်နံနေရတဲ့အထဲ မင်းက အသားကင် စားပြစရာ လိုလို့လား... "

" မင်းမှာ ကိုယ်ကျင့်တရားမရှိဘူးလား... "

" မင်း က အသိတရားလုံးဝ မရှိတော့ဘူး... "

ခန်းမအတွင်းရှိ ရာနှင့်ချီသော ကျောင်းသားများသည် လင်းမို့အား နှလုံးသားထဲတွင် အကြိမ်ကြိမ် ကျိန်ဆဲခဲ့ကြ၏ ။

' မင်းမှာ အသိတရားရှိတယ်ဆိုရင် ငါတို့ရှေ့မှာ အသားကင်နဲ့ဘီယာ လာစားပြမှာ မဟုတ်ဘူး '

အတန်းဆရာပင် တစ်ခုခုမှားနေသည်ကို သတိထားမိသွားပြီး လင်းမို့ကို လှည့်ကြည့်လိုက်လေသည် ။ သူက ဖြစ်နေသည်ကို သဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံး မည်းမှောင် သွားလေ၏ ။

" အပြင်က ကောင်ကို ဘယ်သူသိလဲ... "

" ကျွန်တော်တို့ကျောင်းက လင်းမို့ပါ... ဒီနေ့သူ ကောလိပ်ဝင်ခွင့်စာမေးပွဲကို လက်လျော့လိုက်တယ် ကြားတယ်... "

ကောင်းဟောက်ရန် ပြောလိုက်သည်မဟုတ်ဘဲ တခြား ဟိုင်းချန်ကျောင်းမှ တတိယနှစ်ကျောင်းသားတစ်ယောက်ပြောလိုက်ခြင်းပင် ။

" စာမေးပွဲကို လက်လျော့လိုက်တယ့် အရှုံးသမားဆိုတော့ ဒီလိုပဲပေါ့... "

အတန်းဆရာမှာ ဟိုင်းချန်မြို့တွင် ညံဖျင်းသောကျောင်းသားများအား နိမ့်ချရာတွင် နာမည်ကြီး၏ ။

" သူအခု ပျော်ပျော်ရွှင်ရွှင် စားသောက်နေလို့ အထင်မကြီးနဲ့... အနာဂတ်ကျရင် တစ်ချိန်လုံး မျက်ရည်နဲ့မျက်ခွက် ဖြစ်နေမယ့်ကောင်မျိုး... အခု အံကြိတ်ပြီးကြိုးစားနေရတာက မင်းတို့အတွက် အရမ်းခက်ခဲတယ်ဆိုပင်မယ့် ... မင်းတို့မှာ တောက်ပတဲ့ အနာဂတ်တွေရှိတယ်... မင်းတို့ ကျယ်ကျယ်ပြောစမ်း... အခုခဏတာ ပျော်ချင်လား အနာဂတ်တစ်ခုလုံး ပျော်ချင်လား... "

" အနာဂတ် တစ်ခုလုံး ပျော်ချင်ပါတယ်... "

" အနာဂတ် တစ်ခုလုံး ပျော်ချင်ပါတယ်... "

" ဆင်းရဲ ဒုက္ခခံနိုင်ရည် ရှိတဲ့သူမှသာ လူများအထက်မှာ ရပ်တည်နိုင်လိမ့်မယ်... "

" ငါတို့ ဒီနေ့မကြိုးစားဘူးဆိုရင် ... မနက်ဖြန်မှာ ဝမ်းနည်းနေရလိမ့်မယ်..."

" ဆယ့်ငါးရက် ကြိုးစားပြီး ဘဝတစ်ခုလုံး ပျော်လိုက်ကြစမ်း... "

ဆရာဆိုသည်မှာ တကယ်ပင် ဆရာဖြစ်သည် ။ သူ၏ စကားအနည်းငယ်က အတန်းတစ်ခုလုံး အလွန်တက်ကြွသွားစေသည် ။

' အထဲကလူတွေ ဘာအော်နေကြတာလဲမသိဘူး.... '

ပြတင်းပေါက်အပြင်ရှိ လင်းမို့သည် သူ့လက်ထဲရှိအကင်က ဤမြင်ကွင်းကို ဖြစ်ပေါ်သွားစေမှန်း မသိလိုက်ချေ ။

' ဒါက ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အတန်းမှန်း ငါမသိရင်... ဒီကောင်တွေကို MLM အဖွဲ့လို့ ထင်မိလိမ့်မယ်... '

သို့သော်လည်း လင်းမို့သည် အတွင်း၌ အော်သံများ ပိုကျယ်လာလေလေ သူပို၍ ပျော်ရွှင်လာလေလေပင် ။ တက်ကြွအညွှန်းကိန်းမှာ ထိုးတက်သွားပြီး 20 သို့ရောက်ရှိသွား၏ ။

အဆင့်နှစ်သို့ ရောက်ရှိသွားသော လင်းမို့က အဆင့်သုံးမှာ သူ့အား လက်ပြနေသည်ကိုပင် မြင်လိုက်မိပေသည် ။ သူ စိတ်ကောင်းဝင်နေသဖြင့် အကင်ထပ်မှာရန် လှမ်းအော်လိုက်သည် ။

" ဆိုင်ရှင်... ကျွန်တော့ကို သိုးသား ဆယ်ချောင်းထပ်ပေးပါ... "

အကင်စားလိုက် ဘီယာသောက်လိုက် အညွှန်းကိန်း ထိုင်ကြည့်နေလိုက်ဖြင့် သူသတိမထားမိလိုက်ဘဲ အချိန်နှစ်နာရီ သုံးနာရီ ကုန်ဆုံးသွား၏ ။ ကြိုတင်ပြင်ဆင်မှုအတန်းမှာ ကျောင်းသားများ အပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည် ။ သူတို့အားလုံးမှာ လင်းမို့အား မထီမဲ့မြင် ကြည့်သွားကြသဖြင့် လင်းမို့က အနည်းငယ် ပဟေဠိ ဖြစ်သွား၏ ။

' ငါ သူတို့ကို ဘာလုပ်မိလို့လဲ... '

" နင်က အခန်း ၁၀ က လင်းမို့လား "

ဝတ်စုံဖြူဝတ်ဆင်ထားသူတစ်ယောက်က လင်းမို့အား မျက်မှောင်ကြုံ့ ၍ အေးစက်စက် မေးလိုက်၏ ။

" ဘာလို့လဲ... "

လင်းမို့က ကြည့်လိုက်လျှင် အနည်းငယ်ရင်းနှီးပုံရသော ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရသည် ။ သူမသည်လည်း ဟိုင်းချန် အထက်တန်းကျောင်း၏ ကျောင်းသူဖြစ်ပုံရပေသည် ။

" တခြားမဟုတ်ဘူး... နင် ဒီမှာ ငါတို့ကျောင်းကို အရှက်မခွဲဖို့ သတိပေးချင်တာ... "

ကောင်မလေးက တိုတိုးလေးပြော၍ ထွက်သွား၏ ။

" အေးစက်စက်နိုင်လိုက်တာ... "

လင်းမို့သည် အနည်းငယ်ရှက်ရွံ့ကာ နှာခေါင်းကို ပွတ်သပ်လိုက်သော်လည်း တခြားသူပြောသွားသော စကားလုံးကို ရင်ထဲမထည့်ပေ ။

" အကိုမို့... "

များမကြာမှီ ကောင်းဟောက်ရန် အပြင်သို့ထွက်လာလေသည် ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ချွေးများ ရွှဲနစ်နေပြီး ခြေလက်များ နာကျင်နေသော်လည်း စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ ။

" အကိုမို့... ဒီကြိုတင်ပြင်ဆင်တဲ့ အတန်းမှာ လေ့ကျင့်ရတာ စောက်ရမ်းမိုက်တယ်... နာရီနဲနဲပဲ လေ့ကျင့်ရသေးပင်မဲ့ တိုးတက်လာတာကို ကျွန်တော် ခံစားလို့ရတယ်... လဝက်လောက်ဆို ဆယ်ကီလိုအသာလေး တိုးလာမှာ... "

ကောင်းဟောက်ရန် အပြင်သို့ရောက်သည်နှင့် ပြောလိုက်၏ ။ သို့သော် ပြောပြီးပြီးချင်းပင် ပါးစပ်ပိတ်လိုက်သည် ။

' အကိုမို့ အပြင်ကနေ နှစ်နာရီသုံးနာရီလောက် စောင့်နေရပင်မဲ့ ငါက အပြင်ရောက်ရောက်ချင်း တိုးတက်မှုကို ကြွားမိတာပဲ... ငါလူသားမဆန်လိုက်တာ.... '

ကောင်းဟောက်ရန်က အပြစ်ရှိသည်ဟု ခံစားမိလိုက်သည် ။ သူက လင်းမို့ကို ကျေးဇူးတင်စွာဖြင့်ပြောလိုက်၏ ။

" အကိုမို့ ... အကို့ကို ခက်ခဲစေပြီ... "

" ဘာလို့ အခက်အခဲဖြစ်ရမှာလဲ ..."

လင်းမို့က အသားကင်စားလိုက် ဘီယာသောက်လိုက် အညွှန်းကိန်းကြည့်လိုက်ဖြင့် သာယာနေခဲ့သည် ။ မည်သည်က အခက်အခဲဖြစ်နိုင်ပါမည်နည်း ။

ကောင်းဟောက်ရန်က ပြောလိုက်၏ ။

" အကိုမို့... ကျွန်တော် သိုင်းပညာ တက္ကသိုလ် ဝင်ခွင့်ရခဲ့ရင်တောင်... အကို့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး... "

" ငါလည်းမင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးကွာ... "

" ငါတို့က ညီအကိုကောင်းတွေပဲ... "

လင်းမို့က ပြောလိုက်၏ ။ ကောင်းဟောက်ရန်သာ တိုးတက်ခဲ့သည်မဟုတ်ဘဲ သူသည်လည်း အညွှန်းကိန်းများ တိုးလာခဲ့လေသည် ။

လင်းမို့သည် ကောင်းဟောက်ရန် ကြောင့်သာ ဤနေရာတွင် တိုက်ခိုက်ရေးစွမ်းရည် အဆင့်မြှင့်နိုင်မှန်း သိခဲ့ခြင်းဖြစ်၏ ။ ဂျင်ဘေးရှိ အသားကင် ဆိုင်တွင် အသားကင်စားရင်း သူ့အခြေအနေပိုမိုတိုးတက်လာသည်ကို ထိုင်ကြည့်နေရခြင်းက ကျေနပ်ဖွယ်ကောင်းလှပေသည် ။

" ဟောက်ရန်... မနက်ဖြန်ကြရင် ငါမင်းနဲ့ ထပ်လိုက်လာခဲ့မယ်... "

လင်းမို့သည် တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်လေသည် ။

ကောင်းဟောက်ရန်က ပိုမိုထိမိသွား၏ ။

" အကိုမို့... ကျွန်တော်အများကြီးမပြောတော့ဘူး... ကျွန်တော်တို့က တသက်လုံး ညီအကိုကောင်းတွေပဲ... "

ထို့နောက် အိမ်သို့ပြန်လာခဲ့ကြသည် ။

လင်းမို့၏ အိမ်မှာ ဟိုင်းချန်အထက်တန်းကျောင်း မနီးမဝေးရှိ ရက်ကွက်ဟောင်းတစ်ခုထဲတွင် ဖြစ်သည် ။ သူအိမ်သို့ပြန်လာသောအခါ ဆယ်နာရီထိုးနေပြီဖြစ်လေသည် ။ ဧည့်ခန်းအတွင်း မီးများဖွင့်ထားဆဲဖစ်ပြီး ဖေဖေလင်းနှင့် မေမေလင်းတို့မှာ ဆိုဖာပေါ်တွင် ထိုင်စောင့်နေကျသည် ။

" အဖေနဲ့ အမေတို့ မအိပ်သေးဘူးလား... "

" ရှောင်မို့ ... မင်းဖိအားတွေ အရမ်းများနေလား... "

အဖေလင်းက စိုးရိမ်စွာ မေးလိုက်ပေသည် ။

" ဖိအားမများပါဘူး... "

လင်းမို့က စဥ်းစားမနေဘဲ ပြောလိုက်၏ ။

" ကျွန်တော် တနေကုန် ကျောင်းမှာ ပျင်းလိုက်ဆော့လိုက်ပဲ... "

အဖေလင်းသည် လင်းမို့၏ စကားကို မယုံဘဲ စိုးရိမ်စွာဖြင့် ဆက်ပြောလိုက်လေသည် ။

" ရှောင်မို့... မင်းကိုယ့်ကို ကိုဖိအားအရမ်းမပေးနဲ့... သိုင်းပညာတက္ကသိုလ် ဝင်ခွင့်မရရင်တောင် အဖေနဲ့အမေတို့က မင်းကို အပြစ်တင်မှာ မဟုတ်ဘူး... "

အမေလင်းကလည်း ပြောလိုက်၏ ။

" ဟုတ်တယ် ရှောင်မို့... အရမ်းအပင်ပန်းမခံနဲ့..."

' ဖိအားလား... ဘာဖိအားရှိမှာလဲ ... တနေကုန်အိပ်ပြီးပျင်းနေတာကို ဖိအားက ဘယ်ကရောက်လာမှာလဲ... '

" အဖေနဲ့အမေ စိတ်မပူနဲ့... ကျွန်တော် သိုင်းပညာတက္ကသိုလ်ကို သေချာပေါက်ဝင်ခွင့်ရမှာ ... "

လင်းမို့က ပြောဆို၍ ရေချိုးရန် အခန်းတွင်းသို့ ဝင်သွား၏ ။

ဖေဖေလင်းနှင့် မေမေလင်းတို့၏ မျက်နှာပေါ်ရှိ စိုးရမ်ပူပန်မှုမှာ လျော့ကျမသွားပေ ။

" ငါတို့ကလေးအပေါ်မှာ ဖိအားတွေက ကြီးလွန်းတယ်... "

အဖေလင်းက စီးကရက်ကို မီးညှိရင်း မျက်မှောင်ကြုံ့ လိုက်၏ ။

" ဟုတ်တယ်... သားကအရွယ်ရောက်လာပြီ လိမ်တောင်လိမ်တက်နေပြီ... "

အမေလင်း၏ မျက်လုံးများတွင် မျက်ရည်များနှင့် ပြည့်နေလေသည် ။

" သူဒီလောက်နောက်ကျမှ အိမ်ပြန်လာတာတောင် သင်ယူရတာ ဖိအားမရှိဘူးပြောသေးတယ်... "

" အဲ့တာကြောင့်တော့ မဟုတ်ဘူး... "

အဖေလင်းက မီးခိုးငွေ့များ ခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီး သက်ပြင်းချလိုက်၏ ။

" သူ့ဆီက အရက်နံရသေးတယ်... သူဖိအားများလွန်းလို့ စိတ်ပြေအောင် အရက်သောက်လာတာထင်တယ်... "

" ငါတို့ကလေးအတွက် တကယ်မလွယ်ဘူး... "

လင်းမို့သည် သူ့မိဘများ ပြောဆိုနေကြသည်ကို မကြားလိုက်ပေ ။ ထိုအချိန်တွင် သူက အိပ်ရာပေါ်တွင် ပျင်းရိစွာလဲလျောင်းနေရင်း မနက်ဖြန်သူ၏ အခန်းဖော်များအား တက်ကြွစေရန် မည်သို့ဆေးထိုးရမည်ကို စဥ်းစားနေလေသည် ။ ထိုမှသာ တက်ကြွအညွှန်းကိန်း များများရပေမည် ။

ရုတ်တရပ် လင်းမို့၏ မျက်လုံးများ တောက်ပလာသည် ။

" လုပ်လိုက်ရအောင်... ငါ မနက်ဖြန်ကျရင် အကြီးကြီးလုပ်မယ်... "

All Chapters