အချိန်တာအိုသိုင်းကွက်
Vol. 87 Ch. 1206
မန်ဟိုသည် အနက်ရောင်၀တ်လူကို မြင်ရသော်လည်း အခြားမည်သူမှ မမြင်ရပေ။ ထိုလူမှာ ပါရာဂွန်တစ်ဦး၏ တန်ခိုးအငွေ့အသက်များကို ပိုင်ဆိုင်ထားသည့်တိုင် အထီးကျန်နေပုံရပြီး အဆုံးမဲ့အသတ်အဖြတ်အရှိန်အဝါအပြည့်ဖြင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ဘေးမှ ဖြတ်၍ ကြယ်တာရာကောင်းကင်သို့ လျှောက်သွားလေသည်။
မန်ဟိုမှာ အမောတကောအသက်ရှူရင်း အကြွေးကိစ္စကို မေ့သွားတော့သည်။ သူက အနက်ရောင်၀တ်လူ၏နောက်သို့ ချက်ချင်း လိုက်သွား၏။
လေဟုန်ခွင်းလောကမှာတုန်းက ဤလူ အာကာသထဲသို့ လျှောက်၍ ပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင် မြင်ခဲ့ရလေသည်။ ထိုလူ့အား ဤနေရာတွင် ထပ်မြင်တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ခပ်ပိန်ပိန်အဘိုးကြီးက မျက်မှောင်ကြုတ်သွားသည်။ သူ့မှာ ထူးဆန်းသည့်အရာတစ်ခုကိုမှ မမြင်ရပေ။ မန်ဟို၏ ထူးဆန်းသောအပြုအမူက သူ၏မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။
"တာအိုရောင်ရင်းမန်...." အဘိုးကြီးက ပြောသည်။
တစ်ချိန်တည်းဆိုသလို မန်ဟိုက အော်လိုက်သည်။ "စီနီယာ စောင့်ပါဦး" သူ၏ မျက်လုံးများက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် လမ်းလျှောက်နေသည့် အနက်၀တ်လူအပေါ်မှ မခွာပေ။ စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အနက်၀တ်လူက မန်ဟို့ကို ဖြည်းညင်းစွာ လှည့်ကြည့်သည်။
ထိုအကြည့်လေးတစ်ချက်က မန်ဟို၏စိတ်အား မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်ရီသွားစေ၏။ သူကား လောကပါလတာအိုအင်မော်တယ်ပင်ဖြစ်လင့်ကစား ဤအခိုက်အတန့်တွင် သူ၏အသိစိတ်မှာ အဆုံးမဲ့သော အသတ်အဖြတ်အငွေ့အသက်များအတွင်းထဲသို့ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီလာပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ မယုံကြည်နိုင်ဖွယ် အားတစ်ရပ်က သူ့စိတ်ထဲကို မွှေနှောက်၍ တစ်ဆက်တည်းမှာပင် အနက်ရောင်၀တ်လူနှင့်ပက်သက်သမျှ သူ၏မှတ်ဉာဏ်အားလုံးကို ဖယ်ရှားပစ်နေသယောင် ထင်ရသည်။
သက်ရောက်မှုက မန်ဟို့တစ်ယောက်တည်းသာမဟုတ်။ ခပ်ပိန်ပိန်အဘိုးကြီးလည်း စတင်တုန်ရီလာသည်။ အနက်၀တ်လူ ရုတ်တရက် လှည့်လိုက်သည့်အခိုက်အတန့်တွင် သူလည်း ထိုလူ့ကို မြင်လိုက်ရလေသည်။
ထိုအကြည့်တစ်ချက်က အဘိုးကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားစေပြီး သူ၏အနှစ်သာရအရှိန်အဝါအား မငြိမ်မသက်ဖြစ်လာစေသည်။ သူ၏အမူအရာမှာ အံ့အားသင့်သွားပုံရပြီး ရုတ်တရက် ငေးကြောင်ကြောင်ဖြစ်သွား၏။ သူ ယခုလေးတင် ဒဏ်ရာရခဲ့သည့်မှတ်ဉာဏ်များနှင့် အနက်ရောင်၀တ်လအကြောင်းမှတ်ဉာဏ်များမှာ ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။
သူသာမဟုတ်။ အရန်ဂြိုဟ်ပေါ်ရှိ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးအတွက်လည်း ထိုနည်းတူပင်။ အနက်၀တ်လူလှည့်လိုက်ပြီး ကိုယ်ထင်ပေါ်လာသောအခါ သူတို့သည် သူ့ကို မြင်ခဲ့ရ၏။ သို့သော် သူ့အကြည့်တစ်ချက်က သူတို့၏စိတ်နှလုံးများကို ချာချာလည်သွားစေ၍ သူတို့အား သွေးအန်စေပြီး ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရစေသည်။ ဧရာမလက်ကြီးတစ်ဖက်က သူတို့ခေါင်းထဲရှိ အနက်၀တ်လူနှင့်ပက်သက်သည့် မှတ်ဉာဏ်အားလုံးကို အတင်းအကြပ် ဖယ်ရှားပစ်နေသည့်အလားပင်။
မန်ဟို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည့် မြောက်ကျူပင်ဂြိုဟ်ပေါ်မှ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးလည်း ထိုနည်းတူပင်။ မန်ဟို၏ထူးဆန်းသော အပြုအမူက သူ့ကို တုန်လှုပ်စေခဲ့ပြီး အနက်၀တ်လူလှည့်လာသောအခါ ၎င်းက ထိုတာအိုနယ်ပယ်ခေါင်းဆောင်ကြီးကို သွေးတစ်လုတ်ပြီးတစ်လုတ် အန်လိုက်ရစေသည်။ သူ မည်သို့ပင် တန်ပြန်တိုက်ခိုက်ပါစေ သူ၏ မှတ်ဉာဏ်များလည်း ဖယ်ရှားခံလိုက်ရ၏။ သူ့မှာ တိုက်ကွက်လေးတစ်ကွက်ကိုပင် မတောင့်ခံနိုင်လောက်အောင် အင်အားနည်းနေပုံရသည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်တစ်ချို့ကြာလိုက်သော်လည်း တကယ့်တကယ် အချိန်တိုလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ သာမန်မျိုးနွယ်၀င်များမှာမူ အနက်၀တ်လူကို မမြင်ခဲ့၍ မှတ်ဉာဏ်များ ဖယ်ရှားခြင်းမခံရပေ။
သို့သော် သူတို့သည် မန်ဟိုနှင့် ခေါင်းဆောင်ကြီးတို့ သွေးအန်လိုက်ရသည့်အပြင် မချိတင်ကဲအော်လိုက်ရသည်ကို ကြားသောအခါ အလွန်တရာထူးဆန်းကြောင်း တွေ့လိုက်ရ၏။ ပတ်ပတ်လည်ရှိ စုန့်မျိုးနွယ်ကျင့်ကြံသူအားလုံး ပင့်သက်ရှိုက်မိလိုက်ကြလေသည်။
မန်ဟိုက ပထမဆုံးစိတ်နှင့်ကိုယ်ပြန်ကပ်သွားသူ ဖြစ်သည်။ မမြင်ရသောလက်ကြီးတစ်ဖက်က အနက်၀တ်လူနှင့်ပက်သက်သည့် မှတ်ဉာဏ်များကို သူ့စိတ်ထဲမှ ဖယ်ရှားနေစဉ် သူ့မျက်လုံးများသည် နီရဲလာ၏။ အနက်ဝတ်လူ၏အကြည့်သည် အစွမ်းထက်ဆုံးသော တာအိုမှော်သိုင်းကွက်တစ်ခုဖြစ်သယောင်ပင်။
အနက်၀တ်လူကား မည်သူ၏မှတ်ဉာဏ်ထဲတွင်မှ သူ၏ပုံရိပ်များကို တည်ရှိမနေစေချင်ပုံရသည်။ သူ့အား မည်သူမှ မမှတ်မိစေဖို့အတွက် သူက သူတို့မှတ်ဉာဏ်များကို ရှင်းလင်းပစ်မည်ဖြစ်သည်။
သို့သော် သူ၏မှတ်ဉာဏ်ဖယ်ရှားခံရတော့မည့် အခိုက်အတန့်တွင် မန်ဟိုက ဟိန်းဟောက်လိုက်ရာ မိုးပြာရောင်အလင်းများ ကွန့်မြူးတောက်ပလာ၏။ လောကပါလအင်မော်တယ်အလင်းတို့ စီးဖြာထွက်လာပြီး သူ့ကိုယ်ထဲရှိ ပါရာဂွန်သွေးလည်း တပွက်ပွက် ဆူလာသည်။ သူ၏မျက်လုံးများသည်လည်း တဖျပ်ဖျပ်လက်လာကာ သူက အံတင်းတင်းကြိတ်လျက် စတုတ္ထနိဗ္ဗာနသစ်သီးကို ထုတ်၍ သူ၏နဖူးပေါ်သို့ ဖိချလိုက်သည်။
"ငါ့ရဲ့မှတ်ဉာဏ်တွေက အမြဲထာ၀ရ ငါ့အပိုင်ပဲဖြစ်ရမယ်။ ငါ ဖယ်ရှားပစ်ချင်ရင် အဲ့ဒါ ငါ့ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ တခြားသူတွေအနေနဲ့ ငါ့မှတ်ဉာဏ်တွေကို ထိပိုင်ခွင့်မရှိသလို ထိနိုင်တဲ့အရည်အချင်းလည်း မရှိဘူး"
နိဗ္ဗာနသစ်သီး သူနှင့် တစ်သားတည်းဖြစ်သွားစဉ် သူ့မှာ သွေးဆက်တိုက်အန်လိုက်ရသည်။ နိဗ္ဗာနသစ်သီးက မိုးပြာရောင်အလင်းကို ပို၍ပင် တောက်ပလာစေပြီး ပါရာဂွန်သွေးနှင့် ပေါင်းစည်းသွားသည့်အခါ မန်ဟို့အား သူ့စိတ်ထဲရှိ ဧရာမလက်ကြီးအား နှင်ထုတ်သည်ဆိုရုံလေး နှင်ထုတ်နိုင်လိုက်စေသည်။
ဝုန်း
သူ့မှာ ဒယိမ်းဒယိုင်ဖြင့် နောက်သွေးတစ်လုတ် အန်လိုက်ရသော်သည်း စိတ်ကြည်လင်လာသည်။ သူက ခေါင်းမော့၍ ကြည့်လိုက်ရာ အနက်ရောင်၀တ်ရုံနှင့်လူ သူ့အား တအံ့တဩကြည့်နေသည်ကို မြင်လိုက်ရ၏။
အနက်ရောင်၀တ်ရုံနှင့်လူက သူ့ကို တခဏ စိုက်ကြည့်ပြီးနောက် မန်ဟို၏တည်ရှိမှုကို အသိအမှတ်ပြုသည့်အလား ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လှည့်၍ အဝေးသို့ ထွက်သွားတော့၏။
မန်ဟိုက အသက်၀၀ ရှူသွင်းပြီး အံတင်းတင်းကြိတ်ကာ ထိုလူ့နောက် လိုက်သွားသည်။ ဤလူ့တွင် အန္တရာယ်ပေးလိုစိတ်မရှိကြောင်း သူ ခံစားရ၏။ စောစောက အကြည့်သည် မိုးနှင့်မြေကို တုန်လှုပ်စေခဲ့သော်လည်း တကယ်တော့ ၎င်းက စမ်းသပ်မှုလေးသာ ဖြစ်လေသည်။
မှန်ပါသည်။ သူ စမ်းသပ်ခဲ့သူများအနက် သူ၏ပုံရိပ်များကို စိတ်ထဲတွင် ထိန်းသိမ်းထားနိုင်သူများသာ .... သူ့နောက်သို့ လိုက်နိုင်သည့် အရည်အချင်း ရှိသည်။
အတန်ကြာသော် မန်ဟိုနှင့် အနက်ရောင်၀တ်လူ ပျောက်ကွယ်သွားသည့်အခါ စုန့်မျိုးနွယ်စုမှ ပိန်ချုံးချုံးခေါင်းဆောင်ကြီးနှင့် ကျန်ခေါင်းဆောင်ကြီးနှစ်ဦးလည်း သတိပြန်လည်လာသည်။
သူတို့သည် နတ်ဘုရားအာရုံဖြင့် တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ပြီး စောစောကအဖြစ်အပျက်ကို မည်သူမျှမမှတ်မိကြောင်း သိလိုက်ရ၏။ သူတို့မှာ မန်ဟို ထူးထူးဆန်းဆန်း ပြုမူနေသည်ကိုသာ မှတ်မိကြတော့သည်။
သို့သော် ဤလူများသည် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများဖြစ်ကြ၏။ အနက်၀တ်လူက သူတို့၏မှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့သော်လည်း ထိုသို့ဖယ်ရှားခဲ့သည့်အချက်ကိုတော့ မဖုံးကွယ်ခဲ့ပေ။ သူတို့သည် ဖြစ်ပျက်ခဲ့သောအရာကို စဉ်းစားပြီးနောက်တွင် ကောက်ချက်တစ်ခုအား လျင်မြန်စွာ ချလိုက်ကြ၏။
"ငါတို့ မမြင်သင့်တဲ့ ဖြစ်တည်မှုတစ်ခုကို မြင်ခဲ့တာဖြစ်မယ်"
"အဲ့ဒီကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုကပဲ ငါတို့မြင်ခဲ့တာကို ဖယ်ရှားပစ်ခဲ့တာဖြစ်မယ်" ပတ်ပတ်လည်ရှိ ဂိုဏ်းသားများကို မေးခွန်းထုတ်ပြီးနောက် စုန့်မျိုးနွယ်စုတာအိုနယ်ပယ်ခေါင်းဆောင်ကြီးသုံးဦးလုံး ရင်လေးသွားပြီး မန်ဟို့ကို ပို၍ ကြောက်လာတော့သည်။
သူတို့ စုဆောင်းခဲ့မိသည့် သဲလွန်စများအရ သူတို့၏ မှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့သည့်ဖြစ်တည်မှုက မန်ဟိုနှင့် တစ်ခုခု ပက်သက်နေမည်ဟု သုံးသပ်မိလိုက်ကြ၏။ မန်ဟိုက သူတို့ထက် အရင် ထိုလူ့ကို မြင်ခဲ့သည့်သူ မဟုတ်ပါလော။ ထို့ကြောင့် မန်ဟိုသည် ထိုကြောက်မက်ဖွယ်ဖြစ်တည်မှုကို သိလိမ့်မည်။
“စုန့်မျိုးနွယ်ဝင်တစ်ယောက်မကျန် နာခံကြလော့ .... ဘယ်သူမှ မန်ဟိုနဲ့ သွားမပတ်သက်ကြနဲ့။ သူ့မှာ .... ငါတို့ မသိသင့်တဲ့ လျှို့ဝှက်ချက်တွေ အင်မတန်မှ များပြားလွန်းတယ် ....” စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးသုံးယောက်က အမိန့်များကို တရားဝင်ထုတ်ပြန်လိုက်ကြသည်။ မန်ဟို့ကို ရန်သွားစဝံ့ခဲ့သည့် စုန့်လော့ရှန်းနှင့်ပတ်သက်၍မူ ခေါင်းဆောင်ကြီးများက သူ့ကို ဆူပူကြိမ်းမောင်းခြင်းမရှိပေ။ သို့သော် သူတို့ သူ့ကို လျစ်လျူရှုထားခြင်းက စုန့်လော့ရှန်းအား အလွန်စိတ်လေးလာစေတော့သည်။
စုန့်လော့တန်ကတော့ အဝေးမှ စောင့်ကြည့်နေခဲ့လေသည်။ သူသည် မန်ဟို ထွက်သွားသောဘက်သို့ တွေးတွေးဆဆ လှည့်ကြည့်လိုက်ရာ ... ထိုအရပ်မျက်နှာက ဝမ်မျိုးနွယ်စုမှ စိုးမိုးသော အရန်ဂြိုဟ်ရှိရာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ကြယ်တာရာကောင်းကင်ထဲတွင် အနက်ဝတ်လူသည် ခြေလှမ်းကြဲကြဲလျှောက်မနေသည့်တိုင် ခြေတစ်လှမ်းတိုင်းက နေရာရွှေ့ပြောင်းနေသည့်အလား ဖြစ်နေ၏။ မန်ဟိုမှာ ကျင့်ကြံခြင်းစွမ်းအားအပြည့်အဝ ထုတ်သုံးနေသော်လည်း လျင်မြန်စွာ နောက်ကျန်ခဲ့သည်။
သူက လိုက်မမှီနိုင်ကြောင်း မြင်လျှင် စိတ်ပူမနေပေ။ ထိုအစား အနက်ဝတ်လူ၏ခြေထောက်လှုပ်ရှားမှုများအပေါ်တွင် အာရုံစိုက်ထားသည်။ ကြည့်ရင်းကြည့်ရင်း ထိုလူ၏ လျှောက်ပုံလျှောက်နည်းက အနေအထားတစ်မျိုးမျိုးရှိကြောင်း သူ သုံးသပ်နိုင်သွားသည်။ မန်ဟိုလည်း ၎င်းကို တုပရင်း အနေအထားတစ်မျိုးဖြင့် ခြေထောက်ကို မြှောက်၍ ချလိုက်သည်။
သူ မပြောနိုင်သော်လည်း သူ ထိုလူ့ကို တုပနေသောပုံစံက သူ၏ကိုယ်ပိုင်ပုံရိပ်ကို ဝေဝါးမှုနှင့် ကြည်လင်မှုအတွင်း ကူးလူးသွားစေကြောင်း တွေ့လိုက်ရသည်။ သူ တစ်လှမ်းလှမ်းလိုက်တိုင်း ကြယ်တာရာကောင်းကင်သည် ကျုံ့သွားသယောင်ထင်ရ၏။ သူ့ခြေထောက် ကျသွားလျှင် ကြယ်တာရာကောင်းကင်က ပုံမှန်ပြန်ဖြစ်သွားသည်။
သူသည် သတိပင်မထားမိဘဲ အနက်ဝတ်လူ၏ခြေလှမ်းများအတိုင်း တုပရင်း လိုက်၍ပင်မှီလာသည်။ ထိုလူ ခြေထောက်မြှောက်လိုက်တိုင်း မန်ဟိုလည်း ခြေထောက်မြှောက်သည်။ ထိုလူ ခြေချလိုက်တိုင်း မန်ဟိုလည်း ခြေချလိုက်သည်။
အချိန်များကုန်လွန်သွားသော်လည်း မည်မျှကြာသွားပြီလဲ မန်ဟို မသိပေ။ တစ်ဖက်တွင် တဒင်္ဂလေးဟု ထင်ရသော်လည်း အခြားတစ်ဖက်တွင် အဆုံးမဲ့သယောင် ထင်ရပြန်သည်။ သူ့မှာ ထူးခြားသောအနေအထားဖြင့် တစ်လှမ်းပြီးတစ်လှမ်း လှမ်းရင်း အချိန်ကို မသိတော့ပေ......
ရုတ်တရက် အနက်ဝတ်လူက လမ်းလျှောက်နေခြင်းကို ရပ်လိုက်သည်။ မန်ဟိုလည်း အတွေးရေယဉ်ထဲ၌ နစ်မြောနေရာမှ နိုးထလာသဖြင့် တုန်ရီသွားလေသည်။ သူက ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အရန်ဂြိုဟ်တစ်လုံးပြီးတစ်လုံး ဖြတ်သန်းသွားလာခဲ့သော်လည်း မြောက်ကျူပင်ဂြိုဟ်၏ရပ်ဝန်းအတွင်း၌သာ ရှိသေးကြောင်း တွေ့လိုက်ရသည်.
အရန်ဂြိုဟ်များသည် တစ်ဂြိုဟ်ထံမှ တစ်ဂြိုဟ် အတန်ငယ်လှမ်းသော်လည်း သိပ်တော့မဝေးလှပေ။ အမှန်တွင် နတ်ဘုရားအာရုံဖြင့်ပင် တစ်ဂြိုဟ်မှတစ်ဂြိုဟ်သို့ ထောက်လှမ်းကြည့်နိုင်သည်။ မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် တစ်ဂြိုဟ်မှတစ်ဂြိုဟ် ကူးသန်းဖို့ အသက်ရှူချိန်အနည်းငယ်မျှသာ လိုအပ်လိမ့်မည်။
ယခုလေးတင် သူ ရောက်ရှိသွားခဲ့သည့် အခြေအနေနှင့် ထူးခြားသောလမ်းလျှောက်ပုံလျှောက်နည်းက ထူးဆန်းသောမှော်သိုင်းတစ်ခုဖြစ်ပြီး ပုံမှန်လည်းမဟုတ်ကြောင်း သူ သေချာသည်။ သို့သော် မန်ဟိုမှာ ... ထိုလမ်းလျှောက်ပညာရပ်ကို များစွာအထင်ကြီးခဲ့မိသည်ဟု ခံစားလိုက်ရတော့သည်။
စိတ်ပျက်သွားသည်ဟု မပြောနိုင်သော်လည်း သူ့မှာ သက်ပြင်းတော့ခိုးချမိလေသည်။ ဤအခိုက်အတန့်တွင် သူသည် စုန့်မျိုးနွယ်စု၏ အရန်ဂြိုဟ်ကို လှည့်ကြည့်လိုက်ရာ ရုတ်တရက် တုန်ရီလာတော့၏။ သူ၏မျက်လုံးများက မယုံကြည်နိုင်မှု၊ အံ့ဩမှုတို့ဖြင့် ပြူးကျယ်သွားသည်။
သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။ သူ့တစ်ဘဝလုံးတွင် ကြုံတွေ့ခဲ့ဖူးသော စိတ်နှလုံးတုန်လှုပ်ဖွယ်အရာအားလုံးကို ပေါင်းလိုက်လျှင်ပင် ယခုမြင်နေရသောအရာကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းမည်မဟုတ်ပေ....
သူ့ဘဝတွင် တုန်လှုပ်စရာအရာများစွာကို မြင်ခဲ့ဖူးသော်လည်း ဤအခိုက်အတန့်တွင် သူ မြင်နေရသောအရာမှာ... မယုံနိုင်စရာကောင်းလွန်းပေသည်။
သူ့စိတ်မှာ မိုးကြိုးပေါင်းသန်းပေါင်းများစွာဖြင့် ပစ်ချခံခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မေးရိုးသည် အောက်သို့ပြုတ်ကျလုနီးနီးဖြစ်သွားပြီး သူ စုန့်မျိုးနွယ်စု၏အရန်ဂြိုဟ်ရှိရာသို့ ကြည့်နေစဉ် ထိုနေရာ၌ နေရာရွှေ့ပြောင်းခြင်းမုခ်ဝအလင်းရောင်အား မြင်လိုက်ရပြီး လူတစ်ယောက်သည် နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲမှ ထွက်လာ၏။
သူက ချောမောခန့်ညားပြီး စာပေသမားအငွေ့အသက်ရှိသည့်အပြင် မိုးပြာရောင်ပင် တောက်ပနေသယောင် ထင်ရ၏။ သူ ကြည့်နေစဉ် ထိုစာပေသမားကို စုန့်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်က သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်သည်။ ထို့နောက် ထိုစာပေသမား၏ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံက ဟိန်းထွက်လာသည်။
“စုန့်လော့တန် ဒီကို ထွက်လာခဲ့” မန်ဟို မြင်နေရသောအရာမှာ ... သူကိုယ်တိုင်ဖြစ်သည်။
မန်ဟိုသည် သူ ရှေ့တက်၍ စုန့်လော့ရှန်းကို ဖမ်းလိုက်သည်ကို မြင်နေရ၏။ ခပ်ပိန်ပိန်အဘိုးကြီး ပေါ်လာပြီး အနက်ရောင်ဝတ်လူ ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။ စမ်းသပ်ပြီး၍ အနက်ဝတ်လူ ကြယ်တာရာကောင်းကင်သို့ လမ်းလျှောက်ထွက်သွားသည်ကို သူ မြင်နေရသည်။ ထို့နောက် ... သူကိုယ်တိုင်က ထိုလူ့အနောက်လိုက်သွားရင်း ... ထိုအနက်ဝတ်လူနှင့် ထိုမန်ဟို ... လက်ရှိအနက်ဝတ်လူနှင့် လက်ရှိမန်ဟိုနှင့် တစ်ထပ်တည်းကျသွားသည်ကို တွေ့လိုက်ရလေသည်။
မန်ဟိုမှာ တုန်ရီနေပြီး အံ့ဩခြင်းလှိုင်းတံပိုးများက သူ့ခေါင်းကို ဆောင့်တိုက်နေ၏။
“အဲဒီလမ်းလျှောက်ပညာရပ်က နှေးနေတာမဟုတ်ဘူး” သူက ရေရွတ်လိုက်သည်။ “မြန်လွန်းနေတာ။ မြန်လွန်းလို့ အချိန်ကိုတောင် ဖြတ်သွားနိုင်နေတာ .... ငါ အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ အချိန်နောက်ပြန် လျှောက်နေခဲ့တာ ယုံတောင်မယုံနိုင်ဘူး" တာအိုမှော်သိုင်း၏ ထူးခြားဆန်းးပြားမှုက သူ့စိတ်ကို မိုးထစ်ချုန်းသံများဖြင့် ပြည့်နှက်သွားစေသည်။
အတန်ကြာသော် မန်ဟိုသည် အနက်ဝတ်လူကို လှည့်ကြည့်လိုက်၏။ ထိုလူက တောင်တစ်လုံးနှင့် မြစ်တစ်စင်းအကြား တည်ရှိသော အောက်ရှိ ဧရိယာတစ်ခုကို ငုံ့ကြည့်နေလေသည်။
မန်ဟိုလည်း ဝါးတောအုပ်ရှိနေသည့် ထိုတောင်ခြေသို့ ငုံ့ကြည့်လိုက်ရာ အံ့ဩခြင်းဆိုသည့် လက်ကြီးက သူ့နှလုံးသားကို ဖြစ်ညစ်ပစ်လိုက်တော့သည်။ ထိုဝါးတောအုပ်၏အတွင်းတွင် .... စုတ်စုတ်ပဲ့ပဲ့အဘိုးအိုတစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။
ထိုအဘိုးအို၏အရှေ့တည့်တည့်တွင်တော့ လူငယ်လေးတစ်ယောက်ရှိသည်။ ထိုလူငယ်ကား တိုက်တိုက်ဆိုင်ဆိုင် ဝမ်မုဖြစ်နေသည်။