← Chapters

ကျောင်းပေါက်ဝမှာ ငါစောင့်နေမယ် ~

Vol. 2 Ch. 17

ကျောင်းပေါက်ဝမှာ ငါစောင့်နေမယ် ~

Vol. 2 Ch. 17

' ဟာကွာ...'

' ချီး ၁၁၃၉ ကီလိုပဲ ရှိသေးတယ်... '

နေကား ဝင်သွားချေပြီ ။ တက်ကြွအမှတ်များ ထိုးကျသွားသဖြင့် လင်းမို့ ဒေါသထွက်သွား၏ ။

' ကြည့်ရတာ ကျောင်းမဆင်းခင် ကီလို ၁၁၄၀ မပြည့်တော့ဘူးထင်တယ်... ကိန်းပြည့်ဂဏန်းမရတော့ဘူး... စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလိုက်တာ... '

လင်းမို့ ခေါင်းယမ်းလိုက်သည် ။ ယနေ့ သူ၏ လက်သီးပြင်းအားမှာ ၁၀၂၅ ကီလိုမှ ၁၁၃၉ ကီလိုအထိ ၁၁၄ ကီလို တိုးလာခဲ့သည် ။ ဤအရှိန်ကား လူသားမဆန်ပေ ။ သို့သော်လည်း ကိန်းပြည့်မရသဖြင့် သူ တစ်ခုခုလိုအပ်နေသလို ခံစားနေရသည် ။ ထိုသည်ထက် မနက်ဖြန်တွင် ကျောင်းပိတ်ရက် ဖြစ်နေခြင်းက သူ့ကိုပို၍ ဒေါသထွက်စေ၏ ။

မနက်ဖြန်မှာ တနဂ်နွေနေ့ ကျောင်းပိတ်ရက်ဖြစ်သည် ။

' အထက်တန်းတတိယနှစ်တောင်ရောက်နေပြီ... စာမေးပွဲကလည်း ဖြေဖို့ ရက်ပိုင်းပဲလိုတော့တယ်... ဒါကို ကျောင်းပိတ်သေးတယ်လား... '

လင်းမို့သည် မနက်ဖြန် ကျောင်းပိတ်သည့်သတင်း ကြားပြီးကတည်းက ဒေါသထွက်လွန်းသဖြင့် ခုန်ဆွခုန်ဆွဖြစ်နေ၏ ။

' ဆိုးရွားလိုက်တာ...'

' ဘယ်ငတုံးကများ ကျောင်းပိတ်ခိုင်းလိုက်တာလဲ... '

' အဲ့ကောင်ခေါင်းထဲ ချီးတွေပဲ ပြည့်နေတာလား...'

' ဒီအချိန်မျိုးမှာ ကျောင်းပိတ်လို့မရဘူးဆိုတာ အဲ့ကောင်မသိဘူးလား... '

သို့သော်လည်း ချက်ချင်းပင် မနက်ဖြန်တွင် ကြိုတင်လေ့ကျင့်ရေးအတန်းမှာ တနေကုန်ရှိသည်ဟု လင်းမို့ကြားလိုက်ရသည် ။ မိုးပြိုမလိုဖြစ်နေသော် လင်းမို့မှာ စက္ကန့်ပိုင်းအတွင်းပြောင်းလဲကာ အော်ရယ်နေတော့၏ ။

' ကြိုတင်ပြင်ဆင်မှုအတန်းက အကောင်းဆုံးပဲ...'

" ဟောက်ရန်... ဒီကြိုတင်ပြင်ဆင်မှုအတန်းက တကယ်ကောင်းတာပဲ... ငွေကုန်ရကြိုးနပ်တယ်... "

ဟောက်ရန် ဆွံ့အသွား၏ ။

" ငွေကုန်ရကြိုးနပ်တယ်ပြောရအောင် ကြိုတင်ပြင်ဆင်မှုအတန်းရဲ့ ကျူရှင်ခကို အကိုသိလို့လား..."

" ကျူရှင်ခလား..."

လင်းမို့မသိ ။ သို့သော်လည်း ကိစ္စမရှိပေ ။

" ဟောက်ရန်... မင်းကလည်း အမြင်ကျဥ်းလိုက်တာ... "

လင်းမို့က ဟောက်ရန်ကို စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည် ။

" စာမေးပွဲအတွက် အခွင့်အရေးပိုရနိုင်မယ်ဆိုရင်... ငွေဘယ်လောက်ကုန်ကုန်တန်တာပဲကွ... "

ဟောက်ရန်၏ မျက်လုံးထဲတွင် လင်းမို့အပေါ်လေးစားမှုများနှင့် ပြည့်နှက်သွားသည် ။

' အကိုမို့က အကိုမို့ပီသလိုက်တာ...'

' အကိုမို့အတွေးတွေက ငါလိုက်လို့မမှိနိုင်အောင် မြင့်တာပဲ... '

" အကိုပြောတာမှန်လိုက်တာ... "

ဟောက်ရန်က တည်ကြည်လေးနက်စွာဖြင့်ပြောလိုက်၏ ။

" ကျွန်တော့ အမြင်က ကျဥ်းလိုက်တာ... တစ်နာရီကို ၆၀၀၀ ယွမ်က စာမေးပွဲနဲ့ ယှဥ်ရင် မပြောပလောက်တော့ဘူး..."

" ဘယ်လောက်....... "

လင်းမို့ လန့်သွား၏ ။

' တစ်နာရီကို ခြောက်ထောင်လား...'

' ကုပ်သွေးစုပ်တဲ့ ခရိုနီတွေပဲ... '

' တနေကုန်ဖွင့်တယ်ဆိုတာ မထူးတော့ဘူး... ဒါသင်တန်းမဟုတ်ဘူး... ဓားပြတိုက်တာပဲ... '

' ဘဏ်ကို ဓားပြသွားတိုက်ရင်တောင် ဒီလောက်ရမှာမဟုတ်ဘူး... '

' နေပါဦး... ငါက ဘာလို့ဒေါသထွက်နေရတာတုန်း...'

' ငါကအဲ့မှာ ပိုက်ဆံမပေးဘဲ ကုန်းဆင်းနေတာကို... '

လင်းမို့ ရုတ်တရပ်တွေးလိုက်မိသည် ။ ထိုသို့တွေးလိုက်မိသည်နှင့် ဟောက်ရန်ကို နှစ်သိမ့်ပေးလိုက်၏ ။

" ဟောက်ရန်... မင်းမှတ်ထားရမယ်... အသိပညာဆိုတာ တန်ဖိုးဖြတ်လို့မရဘူး... ဒါကို မင်းဘယ်တော့မှ မေ့လို့မဖြစ်ဘူး... "

" ဟုတ်ကဲ့... ဟုတ်ကဲ့..."

ဟောက်ရန် ကြက်အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်၏ ။

" အကိုမို့... အကို တက္ကသိုလ်ဝင်ခွင့်မရခဲ့ရင်တောင်... အကိုက အမြဲတမ်း ကျွန်တော့်ရဲ့အကို ဖြစ်နေမှာပဲ... ကျွန်တော့အဖေလာကြိုနေပြီ... ကျွန်တော်အရင် သွားတော့မယ်... "

" သွားသွား... "

လင်းမို့က ပြန်ရန် အလျင်မလိုပေ ။ ပို့ဆောင်ရေးသမားအား စောင့်ရပေအုံးမည် ။ သူမနေ့ညက ဆယ်ပွဲအနိုင်ယူခဲ့သဖြင့် ဆုရရှိခဲ့သော A1 အဆင့်မြှင့်တင်ရေးဆေးပုလင်းများကို လက်ခံရယူရန် အတွက်ဖြစ်လေသည် ။ လင်းမို့က ကျောင်းလိပ်စာပေးထားသည်ဖြစ်ရာ စောင့်ယူရမည်ဖြစ်သည် ။

" လင်းမို့... "

လင်းမို့မှာ ပို့ဆောင်ရေးသမား၏ ဖုန်းကို စောင့်နေတုန်း ယင်ကျန်းကို တွေ့လိုက်ရလေသည် ။ ကျောင်းခန်းထဲတွင် လင်းမို့တစ်ယောက်သာ ကျန်နေခဲ့ခြင်းဖြစ်သည် ။

ယင်ကျန်းက အခန်းအတွင်းသို့ မဝင်ဘဲ အပြင်မှအော်လိုက်၏ ။

" မင်းဒီမှာ ရှိနေသေးတာပဲ... မင်းကံတော်တော်ဆိုးနေတယ်ထင်တယ်... "

" မင်း ဘာလုပ်ချင်လို့လဲ... "

လင်းမို့သည် ယင်ကျန်းက သူ့အားလက်စားလာချေမှန်း သိလိုက်သည် ။

" မင်းကျောင်းထဲမှာ ငါ့ကိုရိုက်ရဲတယ်လို့တော့ လာမပြောနဲ့... "

" ဟီးဟီးဟီးးး... ဒါပေါ့ ငါ ကျောင်းထဲမှာတော့ မင်းကို မရိုက်ရဲဘူး... မင်းလိုအမှိုက်ကောင်အတွက်နဲ့တော့ ငါ့အနာဂတ်ကို မရင်းရဲဘူး... "

သိုင်းပညာအထက်တန်းကျောင်းများမှာ အလွန်စည်းကမ်းတင်းကြပ်လှပေသည် ။ တစ်ယောက်တစ်ယောက်အား ရိုက်နှက်လိုက်ပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်များမှာ ပြင်းထန်လှသည် ။

" ငါမင်းကို ကျောင်းထဲမရိုက်ရင် အဆင်ပြေပါတယ်... "

ယင်ကျန်းက လင်းမို့ကို လှောင်ပြောင်၍ စိတ်ဆွပေးလိုက်၏ ။

" ငါမင်းကို ကျောင်းပေါက်ဝမှာ စောင့်နေမယ်... အကြောက်လွန်ပြီး ထွက်မလာရဲဘဲတော့ မနေနဲ့ပေါ့ကွာ ဟားးဟားးဟားး... "

ယင်ကျန်းက ရယ်မောရင်း ထွက်သွားတော့သည် ။ ဟိုင်းချန်အထက်တန်းကျောင်းတွင် ကျောင်းဝင်ပေါက်တစ်ခုသာရှိသည် ။ ထို့အပြင် ကျောင်းအုတ်တံတိုင်းမှာလည်း ဆယ်ထပ်တိုက်လောက်မြင့်သဖြင့် လင်းမို့ထွက်ပြေးမည်ကို သူစိတ်မပူပေ ။

လင်းမို့က သက်ပြင်းချလိုက်၏ ။ သူသည် ယင်ကျန်းကိုမကြောက် ။ သူ၏ လက်ရှိအင်အားနှင့် ယင်ကျန်းအား အသာအယာနိုင်ပေသည် ။ လက်သီးပြင်းအားမှာ သိပ်မကွာသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ ကွာခြားလှသည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်သုံးသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း ယင်ကျန်းမှာ အဆင့်တစ်သာ ရှိနေသေးသည် ။ ကွာခြားချက်ကြီးမားလှသဖြင့် တကယ်တိုက်ခိုက်လျှင် ယင်ကျန်းက သူ၏ အကျီ်စကိုပင် ထိနိုင်မည်မဟုတ် ။

သို့သော်လည်း လင်းမို့သည် သူ၏ခွန်အားကို စောစောထုတ်မပြချင် ။ သိုသိုသိပ်သိပ်နေ၍ စာမေးပွဲကြမှသာ အားလုံးကိုအံ့အားသင့်စေမည်ဆိုလျှင် အလွန်ကောင်းလှပေမည် ။ ထိုသို့ ကောင်းမွန်လှသည့်အကြံအစီအား ဘာမဟုတ်သည့်အကောင်အတွက် ပျက်ဆီး၍မဖြစ် ။

" ဒီကောင် ငါတိုက်ခိုက်မိအောင်တော့ အတင်းမလုပ်လောက်ဘူးထင်တယ်... "

လင်းမို့၏ အကြည့်များ အေးစက်သွားသည် ။ သူမလုပ်လျှင်လည်း ဘာမှမလုပ် ။ သူလှုပ်ရှားရမည်ဆိုလျှင်တော့ ယင်ကျန်းအား စာမေးပွဲမဖြေနိုင်သည်အထိ ရိုက်ပစ်ပေမည် ။

ဟိုင်းချန်အထက်တန်းကျောင်း၏ ဂိတ်ရှေ့ တွင် ယင်ကျန်းက လမ်းလည်တွင် မတ်တပ်ရပ်ရင်း ဂိတ်ကိုစောင့်ကြည့်နေ၏ ။ သူက မတ်တပ်ရပ်ရင်း လက်နှစ်ဖက်နောက်ပစ်ထားကာ မတုန်မလှုပ်တည်ငြိမ်ပြီး ရက်စက်တော့မည့်ပုံပေါ်သည် ။ ကျောင်းကွင်းပြင်အတွင်း ခွေးတစ်ကောင်ကဲ့သို့ လုပ်ခဲ့သောသူနှင့် လားလားမှ မဆိုင်ချေ ။

ယင်ကျန်းသည် ယနေ့ဖြစ်ခဲ့သော အဖြစ်အပျက်ကြောင့် ကျောင်းအတွင်းသာမက တခြားကျောင်းများတွင်ပါ နာမည်ကြီးနေပြီဖြစ်သည် ။ သူက ကျောင်း၏ နာမည်ဆိုးဖြင့်ကျော်ကြားသူများ၏ နံပတ်တစ်ပင် ဖြစ်ခဲ့ရချေပြီ ။ သူ့အား မသိသူဟူ၍ပင်မရှိတော့ ။

ထိုအချိန်တွင် ကျောင်းဂိတ်ဝမှထွက်လာသော ကျောင်းသားများမှာ ယင်ကျန်းအား သတိထားမိသွားကြ၏ ။

" ယင်ကျန်းက ဒီရောက်နေတာပဲ..."

" အဲ့တာ ရက်စက်သူ ယင်ကျန်းဆိုတာလား..."

" ရက်စက်သူဆိုတာ ဘာလုပ်ရမှာတုန်းဟ... ဒီကောင်က ဝံပုလွေတစ်ကောင်ကွ... ရက်စက်သူဆိုတာထက် ပိုသာတယ်... "

" ဒီကောင်က တကယ်ရက်စက်တဲ့ကောင်ပဲ... လူနှစ်ရာကျော်ရှေ့မှာ ကြမ်းပြင်ပေါ်က ဆေးရည်ကို လျက်ပြသွားတာ... "

" မင်းတို့ကောင်တွေ ဘာသိလို့လဲ... ယင်ကျန်းကို မလှောင်ကြနဲ့ကွ... စိတ်ဓာတ်ခိုင်မာပြီးပြတ်သားလို့သာ ဒီလိုလုပ်နိုင်တာ... သူတစ်နေ့အောင်မြင်လာနိုင်တယ်...ဟားဟားဟားး... "

" ယင်ကျန်းရဲ့ အလယ်တန်းအမှတ်က ဟိုင်းချန်အထက်တန်းကျောင်းဝင်ခွင့်မမှီဘူးတဲ့... သူ့အမေက MAD က ဒါရိုက်တာနဲ့မရှင်းမရှင်းတွေရှိလို့ ဝင်ခွင့်ရခဲ့တာဆိုပဲ... "

" ဝိုး... ညိုကီ မင်းသတင်းက သေချာလို့လားဟ..."

" လဥလား... ငါ့ဆီက သတင်းက မသေချာပဲနေမလားကွ... ငါမင်းကိုပြောပြမယ်... ယင်ကျန်းက အလယ်တန်းတုန်းကမတော်ပင်မဲ့ ခုကြည့် သိုင်းပညာရှင်တစ်ပိုင်းတောင်ဖြစ်နေပြီ... ဒီကောင် အရင်းအမြစ်တွေဘယ်လောက်တောင် မျိုထားလဲမသိဘူး... အဲ့ဟာတွေက မိုးပေါ်က ကျလာနိုင်တဲ့ဟာတွေမို့လို့လား... "

" အဲ့တာဆို သူ့အဖေက စိတ်မဆိုးဘူးလား... ဘယ်လိုတောင်သည်းခံနိုင်တာလဲ ...အင်း ကြည့်ရတာ သူ့အဖေကလည်းသွေးအေးလိုက်တာ ..."

" ဒါဆို ယင်ကျန်းသွေးအေးတာ မစမ်းဘူး... မျိုးရိုးဗီဇကြောင့်ပဲ... "

ယင်ကျန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာပင် စိမ်းလာချေသည် ။ လင်းမို့ထွက်မလာခင်ပင် တခြားသူများဝိုင်းလှောင်သည်ကို ခံနေရသည် ။ ထို့အပြင် သူ၏လျို့ဝှက်ချက်များကိုပါ ထုတ်ပြောနေကြ၏ ။ ထိုသူများအား သူမနိုင်သဖြင့် သူ၏စိတ်အခြေအနေမှာ ပို၍ပင်ဆိုးလာသည် ။

' ဒါ လင်းမို့ကြောင့်ပဲ...'

ယင်ကျန်း အံကိုတင်းတင်းကြိတ်လိုက်၏ ။ သူစဥ်းစားလေလေ ဒေါသပို၍ ထွက်လာလေလေပင် ။ သူခံစားခဲ့ရသော အရှက်တရားများအတွက် လင်းမို့အပေါ်တွင် အပြစ်ပုံချလိုက်တော့လေသည် ။ ထိုအချိန်တွင် လင်းမို့ကျောင်းပေါက်ဝမှ ထွက်လာသည်ကို သူမြင်လိုက်ရ၏ ။

ယင်ကျန်း ဒေါသကို ထိန်းမရတော့ ။

" လင်းမို့့...."

ယင်းကျန်းက သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်လေသည် ။

" ငါ့ကို အရှက်ရစေတယ့်အတွက် တန်ကြေးဘာလဲဆိုတာ မင်းသိစေရမယ်... "

All Chapters