peppa pig ၏ ပုံစံ
Vol. 2 Ch. 18
~
ဟိုင်းချန်အထက်တန်းကျောင်း၏ ဆန့်ကျင်ဘက် မီတာတစ်ရာကျော်အဝေးရှိ လမ်းပေါ်တွင် မထင်မရှားဘတ်စကား လေးတစ်စီး ရပ်တန့်ထား၏ ။ ထိုကားအား ကျည်ကာသတ္တုများဖြင့်ပြုလုပ်ထားပြီး ယွမ်ဆယ်သန်းကျော် တန်ဖိုးရှိသည်ကိုတော့ လမ်းသွားလမ်းလာများ သတိထားမိမည်မဟုတ်ပေ ။ ထို့အပြင် ထိုကားအတွင်း ထိုင်နေသော သိုင်းပညာရှင် ငါးဦးရှိနေလိမ့်မည်ဟု ပို၍ပင် ထင်ထားမည်မဟုတ် ။
" ပစ်မှတ်ဖောက်သည် တွေ့ပြီ..."
ယာဥ်မောင်းနေရာတွင် ထိုင်နေသော သိုင်းပညာရှင်က စစ်သုံးမှန်ဘီလူးနှင့် ကြည့်ရင်းပြောလိုက်သည် ။
" ဟိုင်းချန်အထက်တန်းကျောင်း တတိယနှစ် အခန်း ၁၀ လင်းမို့... "
အရှေ့ခုံတွင် ထိုင်နေသော လှပသည့် သိုင်းပညာရှင်ကလည်း ကွန်ပြူတာကို အသုံးပြုကာ ရှာဖွေနေသည် ။
" အချက်အလက်တွေ နှိုင်းယှဥ်ပြီးပြီ... ပစ်မှတ်အတည်ပြုတယ်... "
ပို့ဆောင်ရေးဝတ်စုံ ဝတ်ဆင်ထားသော သိုင်းပညာရှင်က ထရပ်လိုက်လေသည် ။
" ဒီတစ်ခါ တာဝန်က တော်တော်လွယ်တာပဲ... ပစ္စည်းတွေ လက်လွဲပြီးတာနဲ့... နေရာကောင်းကောင်းရှာပြီး သွားသောက်ရအောင်... "
" ဟေ့ကောင်... ပစ္စည်းက လက်လွဲပေးရသေးတာမဟုတ်ဘူး သတိပေါ့မနေနဲ့ကွ... "
ကားနောက်ခန်းတွင် ပျင်းရိစွာလဲလှောင်းနေသော ခေါင်းဆောင်က မာန်လိုက်၏ ။
" ဒီတာဝန်က ရိုးရိုးရှင်းရှင်းလေးပင်မဲ့ လျှို့ဝှက်အဆင့် ဖြစ်နေတုန်းပဲ မတော်တဆ ဘာမှဖြစ်လို့မရဘူး... ပစ္စည်းပေးတဲ့အခါ မင်းကို အရမ်းကြီး အာရုံမစိုက်စေနဲ့... သာမာန်ပို့ဆောင်ရေးသမားနဲ့ တူအောင်နေ သဲလွန်စတွေမပေါ်စေနဲ့... "
" ခေါင်းဆောင်ကလည်း စိတ်မပူပါနဲ့... ကျွန်တော်ဘယ်တုန်းက မသေမချာလုပ်ဖူးလို့လဲ... "
ပို့ဆောင်ရေးသမားက ပြုံး၍ပြောလိုက်သည်။
" အင်း.... "
ခေါင်းဆောင်က ခေါင်းညိတ်ကာထောက်ခံလိုက်သော်လည်း သတိပေးလိုက်သေးသည် ။
" ဒါပင်မယ့် မင်းရဲ့တာဝန်ကို ပေါ့ပေါ့လေးမလုပ်နဲ့..."
" သတိ သတိ... ကျွန်တော်တို့ ပြသနာတစ်ခုတွေ့နေပြီ... "
ကားမောင်းသမားက ရုတ်တရပ် တပ်လှန့်လိုက်သည် ။ ကားအတွင်းရှိလေထုမှာ လေးနက်သွား၏ ။
" ဘာဖြစ်လို့လဲ... "
ပျင်းရိနေသော ခေါင်းဆောင်မှာ မတ်မတ်ထိုင်၍ တည်ငြိမ်စွာ မေးလိုက်၏ ။
" ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်တော်တို့ပစ်မှတ်ကို ပြသနာရှာမလို့ထင်တယ်... "
ယာဥ်မောင်းက သေချာအောင် ပြန်ကြည့်၍ ဖြေလိုက်၏ ။
" တဖက်က လူဘယ်နှစ်ယောက်လဲ... ဘယ်လောက်သန်မာလဲ... "
ခေါင်းဆောင်က မေး၏ ။
" တစ်ယောက်ထဲ... ကြည့်ရတာ သူလည်း ဟိုင်းချန်ကျောင်းက တတိယနှစ်ပဲထင်တယ်... "
ယာဥ်မောင်းက ခပ်လှောင်လှောင်ဖြေလိုက်၏ ။
ထိုမှသာ တစ်ခြားသူများ စိတ်သက်သာသွားသည် ။ သို့သော်သူတို့ သတိမလျော့ ။ သူတို့မှာ ရှားနိုင်ငံတော်၏ တရားဝင် သိုင်းပညာရှင်အဖွဲ့ဖြစ်လေသည် ။ သူတို့ထမ်းဆောင်ခဲ့ရသော တာဝန်အားလုံးမှာလည်း ကျည်ဆန်မိုးများကြားထဲမှ အသက်စွန့်၍ လုပ်ခဲ့ရသည် ။ ဤတကြိမ်တာဝန်ကဲ့သို့ ပေါ့ပေါ့ပါးပါးတာဝန်မျိုး တစ်ခါမျှပင် မရခဲ့ဘူးချေ ။
" တာဝန်ချိန်အတွင်းမှာ တာဝန်မကြရှုံးအောင် ပစ်မှတ်ကို ငါတို့ကာကွယ်ရမယ်... "
ခေါင်းဆောင်က မတ်တပ်ရပ်ကာ အကျီ်ချွတ်လိုက်ပြီး တီရှပ် တစ်ထည်လဲဝတ်လိုက်၏ ။ တီရှပ်ပေါ်တွင် Peppa pig ဆေးလိပ်သောက်နေသော လိုဂိုပုံ ပါရှိသည် ။ ပုံ၏ အောက်နားတွင် စာတန်းအနည်းငယ်ပါ၏ ။
" ကဲအလုပ်စလိုက်ရအောင်..."
စကားတစ်လုံးမှ မပြောသေးသော နောက်ဆုံးအဖွဲ့ဝင်က ဝင်ပြောလိုက်၏ ။ ထို့နောက်သူက Captain woof ပုံပါသော အကျီ်ကို လဲဝတ်လိုက်လေသည် ။
" လျှို့ဝှက် D အဆင့် စည်းမျဥ်းများအတိုင်း လှုပ်ရှားပါ... နယ်မြေရှင်းလင်းပြီးတာနဲ့ ပစ္စည်းကို ချက်ချင်းပေးနိုင်အောင်လုပ်... "
ခေါင်းဆောင်က ကားတံခါးမဖွင့်ခင် အမိန့်ပေးလိုက်သည် ။
ကလေးဆန်ဆန် ဝတ်ဆင်ထားသော လမ်းပေါ်မှ မထင်မရှားလူနှစ်ယောက်အား မည်သူမှ သိုင်းပညာရှင်ဟုထင်ကြမည်မဟုတ် ။
ဟိုင်းချန်အထက်တန်းကျောင်း အဝင်ဝတွင် ။
" မင်းငါ့ကို အရှက်ရစေတဲ့အတွက် ဘာဖြစ်မလဲဆိုတာ မင်းသိစေရမယ်... "
ယင်ကျန်းက မာနကြီးစွာဖြင့် လင်းမို့အား လက်ညိုးဖြင့်ထိုးရင်း အော်ဟစ်လိုက်သည် ။ သူက တနေ့ခင်းလုံး ဤအခိုက်အတန့်အတွက် စောင့်နေခဲ့ရ၏ ။ ယခုတွင်တော့ သူလက်စားချေရန်အခွင့်အရေး ရခဲ့လေပြီ ။
' ဒီနေ့ လင်းမို့ကြောင့် ငါအရှက်ရခဲ့တယ်... ဒီကောင့်ကိုလဲ ငါလိုခံစားရအောင် အရှက်ပြန်ခွဲရမယ်... ဒီကောင့်ကို ဥပမာအနေနဲ့ သင်ခန်းစာပေးလိုက်ရင် တခြားသူတွေလဲ ငါ့ကိုလှောင်ရဲမှာ မဟုတ်တော့ဘူး... '
ယင်ကျန်း တွေးလိုက်၏ ။ ဤသည်က ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင် ။ လင်းမို့အား လက်စားချေလိုက်ရသလို တခြားသူများအားလည်း ဥပမာပေးရာရောက်သည် ။
သို့သော်လည်း သန်မာသော လက်မောင်းတစ်ဖက်က ယင်းကျန်း၏ ပခုံးပေါ်သို့ ကျရောက်လာသည် ။ သူက မာနကြီးပြနေစဥ် ရုတ်တရပ်မို့ လန့်သွား၏ ။ ထိုလက်မောင်းမှာ သန်မာလှမှန်း သူခံစားမိလိုက်ပေသည် ။ ထိုသည်က သံမဏိပိုက်လုံးကြီးကို သူ့ပခုံးပေါ်ပစ်တင်လိုက်သလိုပင် ။
ယင်ကျန်းက ဘေးသို့ လှည့်ကြည့်လိုက်သည် ။ သူ၏ဘေးတစ်ဖက်ဆီတွင် peppa pig နှင့် captain woof တီရှပ်များဝတ်ဆင်ထားသောလူနှစ်ယောက် ရောက်နေချေသည် ။ ထိုသူများကို ကြည့်ရသည်မှာ ကြင်နာတက်ပုံမရပေ ။
" အ..အ...အကိုတို့... ဘာကိစ္စရှိလို့လဲဗျ... "
ယင်ကျန်းက လန့်လာသဖြင့် ခပ်ကျုံ့ကျုံ့လေးဖြစ်နေ၏ ။
" စောက်ခလေး... မင်းကအရမ်းရိုင်းတယ်ကြားတယ်... အဲ့တာဟုတ်လား... "
Peppa pig က ခက်ထန်စွာမေးလိုက်၏ ။
" ကျ......"
ယင်ကျန်း စိတ်ရှုပ်သွား၏ ။
' ငါ ဘယ်တုန်းက ရိုင်းနေလို့လဲ... '
' ငါ ခုလေးတင်မှ ပိစိလေးရိုင်းမိတာပါနော်... '
' ဒါကို အရမ်းရိုင်းတယ်လို့ ပြောလို့မရဘူးလေ... '
" ကျွန်တော် မရိုင်းပါဘူး... "
သူက လျင်မြန်စွာ ဖြေလိုက်၏ ။
" မင်းက လိမ်ရဲတယ်ပေါ့... "
captain woof က ပြောပြောဆိုဆိုနှင့် ယင်ကျန်း၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်သီးနှင့်ထိုးလိုက်၏ ။ ယင်ကျန်းမတ်တပ်မရပ်နိုင်တော့ဘဲ ခွေကျသွားသည် ။ ထို့နောက် peppa pig က ယင်ကျန်း၏ ပခုံးမှဆွဲမကာ ခပ်ဖျော့ဖျော့ပြုံးရင်း မေးလိုက်၏ ။
" လာ...လာ... ဟိုနားက လမ်းကြားထဲသွားမယ်... ငါမင်းကို မေးစရာရှိတယ်... "
ပြီးနောက် သူက ယင်ကျန်းအား ဂုတ်မှ ဆွဲခေါ်သွားတော့သည် ။
ကျန်နေခဲ့သော လင်းမို့မှာ မည်သို့မည်ပုံဖြစ်သွားမှန်းမသိသဖြင့် ကြောင်အအကျန်ခဲ့၏ ။ ခုနက ယင်ကျန်းပြောနေသောစကားသံများမှာ သူ၏ အတွေးထဲတွင် ပဲ့တင်ထပ်လျက် ကျန်နေပေသေးသည် ။
' ယင်ကျန်းက ငါ့ကို ဘာသိစေချင်တာလဲ... '
' သူအရိုက်ခံရတာကိုများ ပြချင်တာလား...'
ထိုကဲ့သို့ ထူးဆန်းသော ဖိတ်ခေါ်မှုမျိုးကို သူ၏ရှစ်ဘဝလုံးတွင်ပင် ကြုံဖူးခဲ့ခြင်းမရှိပေ ။ သူ့အမြင်အရ သူဒီနေ့တစ်စုံတစ်ခုအား သင်ယူခဲ့ရပေပြီ ။
" မဂ်လာပါ... ဒါ ကျောင်းသားလင်းမို့လားဗျ... "
ထိုအချိန်တွင် ပို့ဆောင်ရေးသမားမှာ လင်းမို့ဆီသို့ လျှောက်လာခဲ့၏ ။
" ဟုတ်ပါတယ်... ကျွန်တော်ပါ... "
လင်းမို့လည်း ဆေးပုလင်းလာပို့မှန်း သိလိုက်သည် ။ သူ့ မှတ်ပုံတင်အားပြလိုက်ပြီး လက်မှတ်ထိုးပေးလိုက်သည် ။
ထိုစဥ် လမ်းကြားထဲတွင်....
ယင်ကျန်းက မြေပြင်ပေါ်တွင် လှဲ၍ အရိုက်ခံနေရသည် ။ ပြန်၍ပင် မခုခံနိုင်ချေ ။ ထိုသည်ကလည်းမစမ်းပေ ။ ရိုက်နေသူနှစ်ယောက်မှာ သိုင်းပညာရှင်များ ဖြစ်နေသောကြောင့်ပင် ။
" မင်းမရိုင်းဘူးလို့ ပြောရဲသေးတာလား..."
" ငြင်းရဲတယ့်ကောင်သေစမ်း..."
" မင်းက ပြန်ပြောရဲသေးတာလား..."
peppa pig နှင့် captain woof တို့မှာ ရိုက်လိုက်ဆဲလိုက်နှင့် အနိုင်ကျင့်နေကြသည် ။
ယင်ကျန်းက ငိုပေတော့မည် ။ သူတစ်ခါမှ ရိုင်းရိုင်းစိုင်းစိုင်းမပြောဖူးချေ ။ ယနေ့က သူ၏ ပထမဆုံး ရိုင်းဖူးခြင်းပင် ။
' ငါ တစ်ခါလောက်တောင် မာနကြီးပြလို့မရဘူးလား...'
' ပြီးတော့ ငါပြောတာကလည်း ရိုင်းတယ်လို့မခေါ်ဘူးလေ ...'
အဆုံးတွင်တော့ ယင်ကျန်း ငိုချလိုက်တော့သည် ။
" အ..အ..အကိုတို့ ကျွန်တော် ဘယ်သူ့ကိုမှ အထက်စီးက မပြောရဲတော့ပါဘူဗျ... တောင်းပန်ပါတယ်... ကျွန်တော့်ကိုမရိုက်ကြပါနဲ့တော့... "
မမျှော်လင့်ဘဲ ယင်ကျန်းပြောပြီးသည်နှင့် နောက်ထပ် လက်သီးမိုးများ ထပ်ရွာလာတော့သည် ။
" မင်းခုမှ ဝန်ခံတာလား... မင်းစောစောက ဘာလို့ဝန်မခံလဲ..."
" မင်းနောက်တစ်ခါ ခေါင်းမာရဲအုံးမလား..."
" ခုတော့ မင်းကြောင့် ငါ့လက်နာရပြီ ... တွေးလေဒေါသထွက်လေပဲ... ငါမင်းကိုထပ်ရိုက်မယ်..."
ထိုချိန်တွင် peppa pig က နားကြပ်မှ အကြောင်းကြားသည်ကို ကြားလိုက်ရသည် ။
" ခေါင်းဆောင်... ပစ်မှတ်ထွက်သွားပြီ... မစ်ရှင် အောင်မြင်စွာပြီးဆုံးသွားပါပြီ... "
သူ၏ တာဝန်မှာ နောက်ဆုံးတွင် ပြီဆုံးသွားလေပြီ ။ သူက ရပ်တန့်ရန် captain woof အားလက်ဟန်ပြလိုက်သည် ။ ထို့နောက် ယင်ကျန်းအား ကော်လံမှ ဆွဲကာမလိုက်သည် ။
" ဟိတ်ကောင် ယန်ချန်း ငါ့ကိုပြောစမ်း... မင်းနောက်တစ်ခါ အထက်စီးဆန်ရဲသေးလား..."
' ယန်ချန်းလား...'
ယင်ကျန်း အံ့အောသွားပြီး ငိုမဲ့မဲ့နှင့် ပြောလိုက်၏ ။
" အကိုကြီး ကျွန်တော့နာမည်က ယန်ချန်းမဟုတ်ဘူး..."
" ယန်ချန်း မဟုတ်ဘူးလား..."
peppa pig သည် ဤကောင်လေး၏ နာမည်မှာ ယန်ချန်းမဟုတ်မှန်းသိပေသည် ။ အဘယ်ကြောင့်ဆိုသော် ယန်ချန်းဆိုသည်မှာ သူ့ပါးစပ်ထဲရှိရာကို လျောက်ပြောလိုက်ခြင်းပင် ။ သို့သော်လည်း သူက အံ့အောဟန်ဆောင်ကာ မေးလိုက်၏ ။
" ကျွန်တော်က ယင်ကျန်းပါ... "
ယင်ကျန်းက ပြောရင်းဖြင့် ငိုချင်လာသည် ။
' မင်းတို့ငါ့နာမည်တောင် မသိဘဲနဲ့ ငါ့ကိုဘာလို့ဝိုင်းရိုက်နေကြတာလဲ...'
" ယင်ကျန်းလား..."
peppa pig နှင့် captain woof တို့မှာ တစ်ယောက်နှင့်တစ်ယောက် လှောင်ပြုံးပြုံးနေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည် ။
" အိုက်ယားး... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ငါတို့မင်းကို ယန်ချန်းထင်လို့ လူမှားရိုက်မိတာ... လူမှားတာ လူမှားတာ... မင်းနာမည်က ယင်ကျန်းလို့ ဘာလို့စောစောက မပြောတုန်း... "
" လူမှားတာလား..."
ယင်ကျန်းက ကြောင်တောင်တောင်ဖြင့်ကြည့်လိုက်သည် ။ သူသည် အော်ဟစ်၍ ငိုချင်သွားပေသည် ။