← Chapters

ငါမင်းကို သင်ပေးမယ် ~

Vol. 2 Ch. 20

ငါမင်းကို သင်ပေးမယ် ~

Vol. 2 Ch. 20

" ကျွန်တော် စားအုံးမှာ..."

လင်းမို့သည် ဆိုင်ရှင်အား စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်ပြီးမှ ထိုစကားကို ပြောလိုက်ခြင်းဖြစ်သည် ။ မည်သည့်အတွက်ကြောင့် အသားကင်အား ဆက်မစားဘဲနေရပါမည်နည်း ။ ဆိုင်ရှင်မှာ စကားအား ဘွင်းဘွင်းပြောတက်၍ EQ နိမ့်ကျသော်လည်း အသားကင်မှာမူ အပြစ်ကင်းသည် ။

ထို့အပြင် သူဆက်မစားလျှင် ဤနေရာတွင်နေရန် အကြောင်းပြချက် ပျောက်ဆုံးသွားမည်ဖြစ်သည် ။

" ဒီလိုပြောခံရတာတောင် မင်းကဆက်စားနိုင်သေးတယ်... "

ဆိုင်ရှင်က လက်မထောင်ပြလိုက်သည် ။

" မင်းနဲ့ ငါ့အသားကင်ကမှ တကယ့်အချစ်စစ်ပဲ... ဒီကမ္ဘာပေါ်မှာ အသားကင်မဖြေရှင်းနိုင်တယ့် ပြသနာဆိုတာမရှိဘူး... "

" အာ့ဆိုလည်း အသားကင်နှစ်ချောင်းထပ်ပေး..."

" ထိုင်ပြီးစောင့်နေလိုက်... ခုချက်ချင်းရစေရမယ်... "

ဆိုင်ရှင်က မီးအရှိန်မြင့်စေရန် ကျောက်မီးသွေးအချို့ထပ်ထည့်ကာ အသားကင်အားအမြန်ကင်တော့သည် ။

လင်းမို့သည်တော့ ဘီယာပုလင်းအားဖွင့်ကာ မော့လိုက်၏ ။

" ပိုင်ရှင်အတွက် ဂုဏ်ယူပါတယ်... သင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်၃ သို့ရောက်ရှိသွားပါပြီ... "

စနစ်၏အသံ ထွက်ပေါ်လာသည် ။

' အဆင့် ၃ '

ထိုသည်အတွက် လင်းမို့မအံ့အော ။ သူဤနေရာသို့မလာခင် ကတည်းက အဆင့်၃ ၏ ဖင်နားကပ်နေချေပြီ။ ယခုအခါ ကြိုတင်ပြင်ဆင်မှုအတန်း၏ သင်ခန်းစာများ စတင်နေပြီဖြစ်၍ အဆင့်၃ သို့ချိုးဖျက်နိုင်ခဲ့သည် ။

' ဒီကောင်တွေ ရေကုန်ရေခမ်း ကြိုးစားကြပါစေ... '

လင်းမို့ဆုတောင်းမိလိုက်သည် ။ ယနေ့ည တိုက်ခိုက်ရေးစွမ်းရည်အလယ်ဆင့်သို့ ရောက်မရောက်ဆိုသည်က ထိုသူများအပေါ်တွင် မှီခိုနေရပေသည် ။

လက်သီးပြင်းအားမည်မျှတိုးတက်လာမှန်း စနစ်က ဖော်ပြပေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည် တိုးနှုန်းကိုမူ စနစ်ကမဖော်ပြပေ ။ သူကိုယ်တိုင်သာ ခံစားနိုင်ခြင်းဖြစ်သည် ။ တိတိကျကျ မသိနိုင်သော်လည်း ဆက်လက်တိုးတက်နေသည်ကို ခံစားကြည့်နိုင်သည် ။ သူ၏လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် လွန်ခဲ့သောဆယ်မိနစ်မှ သူ့အား ချီးထွက်အောင် ရိုက်နိုင်၏ ။ ဆယ်မိနစ်တာ ပျင်းရိခြင်းက လအတော်ကြာ ကြိုးစားအားထုတ်ခြင်းထက် ပို၍ အကျိုးများသည် ။

' ငါ့တိုက်ခိုက်ရေးစွမ်းရည်သာ အဆင့်၃ အလယ်ကိုရောက်သွားရင် ဒီည ပွဲနှစ်ဆယ်တော့ အေးဆေးနိုင်တယ်... '

လူသစ်ကွင်းရှိ သိုင်းပညာရှင်အများစုမှာ အဆင့်၃ ၌သာ ရှိနေသေးသည် ။ ပိုမိုသန်မာသော သိုင်းပညာရှင်များမှာ လူသစ်ကွင်းမှ ထွက်သွားကြပြီဖြစ်သည် ။ ထို့ကြောင့် အဆင့်၃ အလယ်ဆင့်က လူသစ်ကွင်းတွင် ဖားရိုက်၍ ရပေသည် ။

" အသားကင်ရပြီ..."

ဆိုင်ရှင်က အသားကင်ကို အိုးတစ်လုံးတွင်ထည့်၍ အမှတ်မထင်ပစ်ပေးလိုက်သော်လည်း လင်းမို့၏ ရှေ့တွင် နေရာတကျ ကျဆင်းသွားသည် ။

ထို့နောက်ဆိုင်ရှင်က လင်းမို့၏ ဆန့်ကျင်ဘက်တွင်ထိုင်ကာ အရက်ပုလင်းကို ဖွင့်လိုက်၏ ။

" ငါ ဒီည အလုပ်မရှုပ်ဘူးဆိုတော့ မင်းနဲ့ တူတူသောက်မယ်..."

" ချီးယားး... "

လင်းမို့က ခွက်ကိုမြှောက်ကာ ဆိုင်ရှင်နှင့် ခွက်ခြင်းတိုက်လိုက်၏ ။

" မင်းက ငါ့ဆိုင်ကိုနေ့တိုင်းလာသောက်နေတော့ ... ငါတို့ သူငယ်ချင်းလို့ပြောလို့ရတယ်... မင်းငါ့နာမည်မသိဘူးမလား..."

ဆိုင်ရှင်က ခွက်ကိုချလိုက်ပြီး ပြန်ဖြည့်လိုက်သည်။

" ငါ့မျိုးရိုးနာမည်က ဝူ နာမည်က ပင်း ... ငါ့ကို အကိုဝူလို့ခေါ်လို့ရတယ်... ပြီးတော့ ငါ့အကင်ဆိုင်ကို ဒီgym ရှေ့မှာ ဘာလို့လာဖွင့်ထားလဲဆိုတာ ညီလေးလင်း မင်းသိချင်တယ်မလား... "

လင်းမို့လည်း ဤနေရာတွင် ဆိုင်လာဖွင့်သည်မှာ အနည်းငယ် ထူးဆန်းမှန်း စဥ်းစားမိသည် ။ အကင်ဆိုင်များမှာ စျေးများနှင့် ညစျေးတန်းကဲ့သို့သောလူရှုပ်သောနေရာများတွင်သာ ဖွင့်တက်ကြသည် ။ ထို့ကြောင့် gym ရှေ့တွင် လာဖွင့်ထားသော ဤဆိုင်က ထူးခြားနေ၏ ။ သူအရင်နှစ်ရက်က ကမ်းကျင့်ကျားဆိုသော လူမိုက်တစ်ယောက်က ဘာလို့ဤနေရာတွင် ဆိုင်လာဖွင့်လဲဟု မေးနေသည်ကို ကြားလိုက်သေးသည် ။

" ဘာလို့လဲဆိုတော့.. ..."

ဆိုင်ရှင် ဝူပင်းက gym ရုံအား နက်နက်ရိုင်းရိုင်းကြည့်လိုက်သည် ။

" ဒီကြိုတင်ပြင်ဆင်မှုအတန်းကြောင့်ပဲ..."

" အိုး.... "

ကြည့်ရသည်မှာ ထိုလူလတ်ပိုင်း ဆိုင်ရှင်တွင်လည်း ပုံပြင်အချို့ ရှိပုံရသည် ။

" ငါ ကိုယ်ခံပညာတက္ကသိုလ်တွေကို မဝင်နိုင်ခဲ့ပင်မဲ့... ငါ့နှလုံးသားထဲက သိုင်းပညာလမ်းစဥ်အိမ်မက်ကို ဘယ်တုန်းကမှ အရှုံးမပေးခဲ့ဘူး... "

ဝူပင်းက မျက်ရည်များဝေ့လျက်ဆက်ပြော၏ ။

" ဒါကြောင့် gym အဝင်ဝမှာ အသားကင်ဆိုင်ကို ငါဖွင့်လိုက်တယ်... အသားကင်ရောင်းရင်း သိုင်းပညာကိုလည်း တိတ်တိတ်လေး သင်ယူနေခဲ့တယ်... "

လင်းမို့ အိမ်မက်အလင်းရောင်များဖြင့် တောက်ပနေသော ဆိုင်ရှင်၏ မျက်နှာကို ကြည့်လိုက်မိသည် ။

ရုတ်တရပ် ဆိုင်ရှင်၏ အော်ရာမှာ ပြောင်းလဲသွားပြီး လင်းမို့ကို ဓားကဲ့သို့ အကြည့်ဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်သည် ။

" မင်းဒီကို ဖွန်လာကြောင်တာဆိုပင်မယ့် မင်းဆီက သိုင်းတာအိုနှလုံးသားကို ငါခံစားမိတယ်... "

လင်းမို့ လန့်သွား၏ ။

' မင်းငါ့ကို လာနောက်နေတာမှတ်လား... '

' ငါနေ့တိုင်း ပျင်းလို့ အိပ်နေတာတောင် ငါ့သိုင်းတာအိုနှလုံးသားကို ခံစားမိသေးတာလား... '

" ညီလေးလင်း... အတွေ့အကြုံရင့်ကျက်သူတစ်ယောက်အနေနဲ့ ငါမင်းကိုပြောချင်တာရှိတယ်... ငါတို့ တက္ကသိုလ် မတက်နိုင်လည်း ဘာမှမဖြစ်ဘူး... ငါတို့ သိုင်းပညာလမ်းစဥ်ကို ဆက်မလျောက်နိုင်လည်း ဘာမှမဖြစ်ဘူး... ဒါပင်မဲ့ ငါတို့ နှလုံးသားထဲက သိုင်းပညာအိမ်မက်ကိုတော့ ဘယ်တော့မှ လက်မလျော့လိုက်နဲ့... "

လင်းမို့ ဆိုင်ရှင်အား မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည် ။ ပကတိတရား ။ သူ အရှိကို အရှိအတိုင်း လက်ခံနိုင်သော ပကတိတရားကို ခံစားမိလိုက်သည် ။ ဆိုင်ရှင်သည် အားနည်းသော်လည်း ရည်မှန်းချက် အလွန်ကြီးမားပေ၏ ။

" မင်းနေ့တိုင်း ငါ့အသားကင်လာစားနေတာ ငါ့အသားကင်လက်ရာကြောင့်တင်မကဘူး...ငါတို့နှစ်ယောက်က ရေစက်ပါတယ်လို့ ပြောလို့ရတယ်... ဒါ့ကြောင့် ငါဒီနေ့ မင်းကို နဲနဲလောက် သင်ပေးမယ်... "

" ဖွီးးးး.... "

လင်းမို့ ပါးစပ်အပြည့် သောက်ချလိုက်သော ဘီယာများ ပြန်ထွက်သွားလေသည် ။

' မင်းက ငါ့ကို သင်ပေးမှာလား...'

" ဟေး... ငါ့ကို လျော့မတွက်နဲ့... "

ဆိုင်ရှင် ဝူပင်းက လင်းမို့၏ တုံ့ပြန်မှုကိုကြည့်၍ လင်းမို့တွေးနေသည်ကို သိလိုက်သည် ။ သို့သော် သူစိတ်မဆိုးသည့်အပြင် အေးအေးဆေးဆေး ဆက်ပြော၏ ။

" ဒီနှစ်တွေမှာ ငါ့လက်သီးပြင်းအားက သိပ်မတိုးတက်ဘူး... ခုထိ ကီလို ၁၁၀၀ ကျော်ရုံလေးပဲ ရှိသေးတယ်... ဒါပင်မယ့် ငါ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၂ အထွတ်အထိပ်ရောက်နေပြီ... မင်းကိုသင်ပေးနိုင်တာထက်တောင် ပိုသေးတယ်... "

' အဆင့် ၂ အထွတ်အထိပ်လား... '

လင်းမို့ ဆိုင်ရှင်အား အထင်ကြီးစွာ ကြည့်လိုက်သည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ ဆိုသည်က သာမန်လူများကြားတွင် ကျွမ်းကျင်သူဟု ဆိုနိုင်ပေသည် ။ လွန်ခဲ့သော မိနစ်အနည်းငယ်တုန်းကသာဆိုလျှင် သူတိုက်ခိုက်ချင်ပေလိမ့်မည် ။ ယခုတွင်တော့ သူစိတ်မဝင်စားတော့ ။

သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ သို့ ချိုးဖျက်နိုင်ခဲ့စဥ်က အဆင့်၃ နှင့် အဆင့်၂ အထွတ်အထိပ်ကြားရှိ ခြားနားချက်ကို သူသိရှိပြီးဖြစ်သည် ။ ယခု သူတို့တိုက်ခိုက်လျှင် တစ်ဖက်သတ် ရိုက်ပွဲသာ ဖြစ်ပေါ်လာလိမ့်မည် ။

" မကြောက်ပါနဲ့ဟ... "

ဆိုင်ရှင်က လင်းမို့ ပြန်မဖြေသည်ကိုမြင်လျှင် ကြောက်သွားသည်ဟု ယူဆကာ နှစ်သိမ့်ပေးလိုက်သည် ။

" မင်းလက်သီးပြင်းအားက ကီလို ၉၀၀ ကျော်ပဲရှိတယ်ဆိုတာ ငါသိတယ်...... ငါ့ခွန်အားကို ကီလို၉၀၀ မှာ ထိန်းထားလိုက်မယ်... စိတ်မပူနဲ့ ငါမင်းကို အနိုင်မကျင့်ပါဘူး... "

" မလုပ်ပါနဲ့... ကျွန်တော်တို့ မေ့ထားလိုက်ရအောင်... "

လင်းမို့က အသားကင်စားရင် ဗလုံးဗထွေးပြောလိုက်သည် ။

" မေ့ထားရမှာလား... မင်းဘယ်လိုလုပ် မေ့ထားလို့ရမလဲ... "

ဆိုင်ရှင်က ဒေါသတကြီး ခုံကိုရိုက်၍ ပြောလိုက်သည် ။

" ကျ.... "

လင်းမို့ ဘာပြောရမှန်း မသိတော့ ။ သူ့တွင် သိုင်းပညာအိမ်မက် မရှိချေ ။

" မတ်တပ်ရပ်လိုက်... "

ဆိုင်ရှင်သည် လင်းမို့က မတ်တပ်မရပ်ရဲသည်ကိုမြင်လျှင် ခြိမ်းခြောက်လိုက်လေသည် ။

" မတ်တပ်မရပ်ရဲရင်... ငါမင်းရဲ့ အသားကင်တွေကို လွှတ်ပစ်လိုက်မယ်.. .သိုင်းပညာအိမ်မက် မရှိတဲ့သူက ငါ့အသားကင်ကိုစားဖို့ မထိုက်တန်ဘူး..."

All Chapters