မင်းက ဖွန်လာကြောင်တဲ့ကောင်
Vol. 2 Ch. 21
~
" အကင်တွေကို လွှင့်ပစ်မှာလား... "
လင်းမို့ ဒေါသတကြီး မတ်တပ်ရပ်လိုက်၏ ။
' ဒီစကားကို ပါးစပ်က ဘယ်လိုပြောထွက်တာလဲ...'
' အကင်ပေါ်မှာ အပြစ်ပုံမချပါနဲ့... '
' အကင်က အပြစ်ကင်းတယ်... '
' ခင်ဗျား ရယ်စရာပြောလို့ရတယ် ရှုပ်လို့ရတယ်... ဒါပင်မယ့် အကင်နဲ့ ပက်သက်ပြီးတော့ ဟာသလာမလုပ်ပါနဲ့.... '
" ဒါမှပေါ့ကွ... "
ဆိုင်ရှင် ဝူပင်းက နှောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ လက်ယက်ကာ လင်းမို့အား စိန်ခေါ်လိုက်လေသည် ။
" လာတိုက်စမ်း... ငါ့ခွန်အားကို ကီလို၉၀၀ မှာထိန်းထားမယ်... "
လင်းမို့သည် မတ်တပ်ရပ်လိုက်သည်မှာ တိုက်ခိုက်ရန်ပင်ဖြစ်သည် ။ သူက ဆိုင်ရှင်ကို ကြည့်ရင်း စဥ်းစားမိလိုက်၏ ။
' ဒါလည်းကောင်းတာပဲ... အဆင့်၃ စဦးပိုင်းနှင့် အဆင့်နှစ် အထွတ်အထိပ်ကြား ကွာခြားချက်ကို သိရတာပေါ့...'
လင်းမို့က သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မျာစွာတိုးတက်လာသည်ကို ခံစားမိသော်လည်း တိုက်ခိုက်ကြည့်မှသာ ရှင်းရှင်းလင်းလင်းသိနိုင်မည်ဖြစ်သည် ။ သူက ရှေးဦးစကြဝဠာရှိ လူသစ်ကွင်းတွင် သင့်လျော်သော ပြိုင်ဘက်ရှာတွေ့ရန် မလွယ်ကူပေ ။ ဆိုင်ရှင်မှာ သူ၏ လက်သီးပြင်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်ရန် ပြိုင်ဘက်ကောင်းဖြစ်၏ ။ ပို၍ အရေးကြီးသည်မှာ ထိုသူက သူ့အား စိမ်လာခေါ်နေခြင်းပင် ။
" ဒါဆိုလည်း ဂရုစိုက်ပါ... "
လင်းမို့က သတိပေးလိုက်သည် ။
" ငါက မင်းကို သင်ပေးမလို့ကို သတိထားစရာလိုအုံးမလားကွ... ဟားးးဟားးဟားး... "
ဆိုင်ရှင်က ရယ်လိုက်လေသည် ။
" လာ မင်းစိတ်ကြိုက်တိုက်ခိုက်စမ်းပါ... မင်းကို ကျောင်းသားတစ်ယောက်ကို သင်ပေးတဲ့နေရာမှာ သတိထားနေရအုံးမယ်ဆိုရင် ငါဆယ်စုနှစ်လောက်လေ့ကျင့်လာခဲ့တဲ့ သိုင်းပညာက အမှိုက်ဖြစ်သွားမှာပေါ့... "
" ဒါပင်မယ့် ခင်ဗျား ဂရုစိုက်သင့်တယ်နော်... "
လင်းမို့က သူ၏ စွမ်းရည်များအား စမ်းသပ်ချင်နေသော်လည်း ဆိုင်ရှင်က မာနကြီးနေသည်ကိုမြင်လျှင် သတိပေးလိုက်မိသည် ။
" ကျွန်တော့် ခွန်အားက တခြားကျောင်းသားတွေပြောသလောက်မပျော့ဘူးနော်... "
" မင်းဟန်ဆောင်နေတုန်းပဲ... "
ဝူပင်းက မျက်ဖြူလှန်ပြလိုက်၏ ။
" ဖျင်းတဲ့ကောင်တွေက ကြွားတဲ့နေရာမှာ ဆရာကြီးတွေကြည့်ပဲ... မင်းသာအားမနည်းဘူးဆိုရင် တခြားကျောင်းသားတွေက ဘာလို့ဝိုင်းလှောင်နေကြမှာလဲ ..."
ဆိုင်ရှင်က လင်းမို့သည် စာမေးပွဲကို လက်လျော့လိုက်သော အရှုံးသမားမှန်း တခြားကျောင်းသားများပြောသည်ကို ကြားထား၏ ။
" ပြီးတော့..."
ဝူပင်းက သရော်ပြုံး ပြုံးလိုက်၏ ။
" မင်းမှာ တကယ်လို့ တက္ကသိုလ်တစ်ခုခု ဝင်နိုင်ချေရှိအုံးမယ်ဆိုရင် ဘာလို့ ငါ့ဆိုင်မှာနေ့တိုင်းလာသောက်နေမှာလဲ... "
' ဒီကောင်က အရှုံးသမား မဟုတ်ဘူးလို့ ပြောရဲသေးတာလား...'
' ဒီကောင်သာ ကျောင်းသားဆိုးမဟုတ်ရင် ငါကန်းနေလို့ပဲ... '
" ဟင်း.... "
လင်းမို့ သက်ပြင်းသာ ချလိုက်မိတော့သည် ။ ထိုသူမှာ သူဘာပြောပြော မယုံတော့သောကြောင့် လက်သီးဖြင့်သာ စကားပြောရန်ကျန်တော့၏ ။
' ဒီဆိုင်ရှင် စိတ်ဓာတ်တော့ အများကြီးကျမသွားလောက်ပါဘူး... '
လင်းမို့ ခေါင်းယမ်းလိုက်မိသည် ။ သူ ဆိုင်ရှင်အား တကယ်အထင်ကြီးပေသည် ။ ထိုသူမှာ သက်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်သော်လည်း သိုင်းပညာအိမ်မက်ကို အရှုံးမပေးသေးပေ ။ ဂျင်ရုံရှေ့တွင် ဆိုင်ဖွင့်ကာ တိတ်တဆိတ် သင်ယူနေ၏ ။ ဤကဲ့သို့အခြေအနေမျိုးဖြင့်ပင် တိုက်ခိုက်ရေးစွမ်းရည် အဆင့်နှစ် အထိတ်အထိပ်အထိ တိုးမြှင့်နိုင်ခဲ့ပေသည် ။
" ဂရုစိုက်ပါ...."
လင်းမို့သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ လက်သီးဖြင့် ထိုးလိုက်သည် ။ ထိုသည်က ရိုးရှင်းသော လက်သီးတစ်လုံးသာဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ ကြောင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ သာရှိသော ဝူပင်းမှာ တုံ့ပြန်ရန် အားနည်းချက်ရှာမတွေ့ပေ ။
" အင့်.... "
ဝူပင်းက လျင်မြန်စွာ ခုခံနိုင်လိုက်သော်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည် ။
" ကောင်းတယ် ကလေး... ငါမင်းကို လျော့တွက်မိတာပဲ ... မင်းအလစ်တိုက်တာ အောင်မြင်ခံနီးပဲ... လာလာ... ထပ်လာခဲ့... ငါတကယ်အတည်တိုက်တော့မယ်... မင်းနောက်တစ်ခါ အလစ်တိုက်ဖို့ အခွင့်အရေးမရှိတော့ဘူး..."
ဝူပင်းသည် လင်းမို့က အလစ်တိုက်သောကြောင့်သာ မနည်းခုခံလိုက်ရသည်ဟု တွေးလိုက်မိသည် ။
" ဝှီးးး... "
သူ၏ စကားဆုံးသည်နှင့် လင်းမို့၏ လက်သီးမှာ နောက်တစ်ကြိမ် ဝဲပျံလာသည် ။
" ဟမ့်... "
ဝူပင်းက အလွန်အမင်းအာရုံစိုက်ထားသော်လည်း ထိုလက်သီးကို မနဲခုခံလိုက်ရ၏ ။
သူ ပထမလက်သီးကို ခက်ခက်ခဲခဲ ခုခံနိုင်လိုက်သော်လည်း လင်းမို့၏ နောက်ထပ်လက်သီးချက်မှာ ဆက်ဝင်လာသည် ။
" ဘန်း..."
ထိုလက်သီးက ဝူပင်း၏ ဗိုက်ကို ထိုးမိလိုက်ရာ ဝူပင်း နောက်သို့ဆုတ်၍ အော်ပြောလိုက်၏ ။
" မင်းက ခွန်အားကို ဝှက်ထားတာပဲ..."
ဝူပင်းမှာ နှစ်ကြိမ်ဆက်တိုက် အရေးနိမ့်သွားခဲ့သောကြောင့် တခုခုမှားနေမှန်း ရိပ်မိသွားသည် ။
" မင်းရဲ့လက်သီးပြင်းအားကကီလို ၉၀၀ ကျော်နေတာပဲ... အဲ့တာကြောင့်ငါ ခုခံဖို့ခက်နေတာ... "
လင်းမို့သည် အမှန်တကယ်ပင် လက်သီးပြင်းအားကို ကီလို၉၀၀ တွင်ထိန်းချုပ်ထားခြင်းဖြစ်သည် ။ သို့သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်ပိုမြင့်သောကြောင့် ဝူပင်းက ကီလို ၉၀၀ ထက်ပိုကျော်နေသည်ဟု အထင်လွဲသွားခြင်းဖြစ်လေသည် ။
" မင်းရဲ့ လက်သီးပြင်းအားက အားမနည်းဘူးဆိုတော့ ငါလည်း ထိန်းမထားတော့ဘူး ကီလို ၁၁၀၀ နဲ့တိုက်တော့မယ်... "
ဝူပင်း၏ ယှဥ်ပြိုင်လိုစိတ်မှာ ပြင်းထန်လှပေသည် ။ သူ၏ ယနေ့အောင်မြင်မှုများ ရရှိခဲ့ရန်အတွက် နှစ်ပေါင်းများစွာကြာအောင် ခါးသီးစွာ လေ့ကျင့်ခဲ့ရ၏ ။ သူ၏ ဂုဏျသိက်ခါကွောငျ့ အထက်တန်းကျောင်းသားတစ်ယောက်အား ရှုံးနိမ့်၍မဖြစ်ချေ ။ ပို၍ဆိုးသည်က ဤကျောင်းသားမှာ လူတိုင်းဝိုင်းလှောင်ခံနေရသော ဖွတ်ကျားတစ်ကောင်ဖြစ်သည် ။
" မင်းခုသတိထား... ငါစတိုက်ပြီနော်... "
ဝူပင်းက ပြောပြီးသည်နှင့် ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်သည် ။ သူက သတိပေးလိုက်သည်နှင့် တူသော်လည်း ချက်ချင်းတိုက်ခိုက်လိုက်ခြင်းက မရိုးသားပုံပေါ်သည် ။ မည်သို့ပင်ဆိုစေကာမူ ဤသည်အား အလစ်တိုက်သည်ဟုဆိုရပေမည် ။
သူက သူ၏ အမြန်နှုန်းကို အားကိုးကာ လင်းမို့အား အနိုင်ယူရန် ဆုံးဖြတ်ခဲ့သည် ။ ထို့နောက် လင်းမို့အား အနိုင်ယူပြီးသည်နှင့် ချက်ချင်းပင် အကင်သွားကင်လိုက်မည်ဖြစ်သည် ။ ဖုံးကွယ်နေသော ကျွမ်းကျင်သူတစ်ယောက်၏ အထီးကျန်ပုံရိပ်အဖြစ် လင်းမို့ကို မြင်စေချင်သည် ။
' ခုအထက်တန်းဘိတ်ချေးကျောင်းသားတွေတောင် ဒီလောက်သန်မာနေပြီလား...'
' ငါ့သူ့ကို အနိုင်ယူနိုင်တယ်ဆိုပင်မယ့်... ဒါက ရှက်စရာကောင်းလိုက်တာ... '
ဝူပင်းကဲ့သို့ နှစ်ပေါင်းများစွာကြာ တိတ်တဆိတ်လေ့ကျင့်နေခဲ့သူတစ်ယောက်က ကြွားဝါရန် ကြိုးစားနေခြင်းက အလွန်ရှားပါးပေသည် ။ ထို့အပြင် ကြွားဝါရန် အလွန်ခက်ခဲလိမ့်မည်ဟု မည်သူထင်မည်နည်း ။
ဝူပင်း အနည်းငယ်နောင်တရသွား၏ ။ လင်းမို့က အားမနည်းမှန်း သူသိလျှင် စိန်ခေါ်မည်မဟုတ် ။
' ဒါပင်မယ့် ဒီကောင် ငါ့အလစ်တိုက်ကွက်ကို ခုခံနိုင်မှာ မဟုတ်ဘူး... '
ဝူပင်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိနေတုန်းပင် ။ ဂျင်းသည် ရင့်လေပိုစပ်လေဖြစ်သည် ။ သိုင်းပညာရှင်များမှာ အသက်ကြီးလေ ညဏ်များလေ ဖြစ်ပေသည် ။ ဝူပင်းဆိုသည်ကလည်း နတ်ဆိုးအိုကြီးတစ်ကောင်ပင် ။
သူ၏ လက်သီးပြင်းအား ၁၁၀၀ ကီလို ၊ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ အထွတ်အထိပ် နှင့် အလစ်တိုက်ကွက်တို့ပေါင်းလျှင် ခုခံနိုင်သည့် အထက်တန်းကျောင်းသားမရှိပေ ။ ဤမြို့ရှိ ထိပ်တန်းကျောင်းသားများပင်လျှင် ခုခံနိုင်မည်မဟုတ်ချေ ။
' ငါ့အလစ်တိုက်ကွက်က တိုက်ခိုက်ရေးစွမ်းရည်နှင့် ဘဝအတွေ့အကြုံတွေ ပေါင်းစပ်ထားတာပဲ... '
အချိန်ခဏလေးအတွင်းမှာပင် ဝူပင်း၏ စိတ်ထဲတွင် အတွေးများစွာ ဖြစ်ပေါ်လာခဲ့ပေသည် ။ သူအနိုင်ရပြီးလျှင် ဤကလေး၏ ရှေ့ဝယ်မည်သို့ ပုံရိပ်ချန်ခဲ့မည်ကိုပင် သူဆုံးဖြတ်ပြီးဖြစ်သည် ။
" အရှုံးပေးလိုက်စမ်း..."
ဝူပင်း ယုံကြည်မှု လွန်ကဲစွာဖြင့် အလစ်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည် ။
' ချီး... လူယုတ်မာ... '
လင်းမို့ ချက်ချင်းတုံ့ပြန်လိုက်၏ ။ လွန်ခဲ့သော ဆယ်မိနစ်ကဆိုပါမူ သူအရိုက်ခံရပေလိမ့်မည် ။ ယခုအခါတွင်တော့ သူတို့နှစ်ဦးကြား အဆင့်ခြင်းကွာခြားခဲ့လေပြီ ။
လင်းမို့၏ မျက်လုံးထဲတွင် ဝူပင်း၏ အလစ်တိုက်ကွက်က အားနည်းချက်များစွာရှိနေပေသည် ။
' အဆင့်ကွာသွားတာနဲ့ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို အလွယ်မြင်နိုင်တာပဲ... '
လင်းမို့တွေးလိုက်မိ၏ ။ သူ၏ အမြင်တွင် ဝူပင်း၏ လှုပ်ရှားမှုမှာ အားနည်ချက်များဖြင့် ပြည့်နေလေသည် ။ သို့သော် သူ၏ ရိုးရှင်းသော လက်သီးချက်က ဝူပင်းအား ခုခံရ ခက်ခဲစေသည် ။ လက်သီးပြင်းအား တူလျှင်ပင် စွမ်းအားကွာခြားချက်က ကြီးမားလှပေသည် ။
ဝူပင်းအနားသို့ရောက်လာသည်နှင့် လင်းမို့က ထိုင်ချလိုက်ခါ ခြေထောက်ကို ဖြတ်ကန်လိုက်သည် ။
ဝူပင်းသည် လင်းမို့က သူ၏ တိုက်ကွက်ကို တုံ့ပြန်နိုင်မည်ဟု ထင်မထားသည့်အပြင် သူ၏ အားနည်းချက်ဖြစ်သော ခနွာကိုယ်အောက်ပိုင်းကို တိုက်ခိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ ။ ယခုလင်းမို့၏ ကန်ချက်အား တုံ့ပြန်ရန် နောက်ကျသွားပေပြီ ။
" ဘုတ်... "
ဝူပင်း မြေပြင်ပေါ်သို့ လဲကျသွားလေသည် ။
" ငါ...ငါ... "
ဝူပင်း ဆွံ့အသွားပေသည် ။ သူ၏ အနုပညာဆန်သော လှုပ်ရှားမှုမှာ ကျရှုံးခဲ့ရရုံသာမက သူ၏...
' ချီးပဲ... '
ဝူပင်း တည်ငြိမ်မှုများ ဆုံးရှုံးသွားလေသည် ။ သူက မတ်တပ်ထရပ်ခါ ဆိုင်ကို စတင်သိမ်းတော့သည် ။
' လူငယ်တွေက ကိုယ်ကျင့်တရားမရှိကြဘူး... ငါ့လိုအဖိုးကြီးကိုတောင် အနိုင်ကျင့်ကြတယ်... '
' ငါ့ရှေ့ အရှုံးသမားတစ်ယောက်လို လာဟန်ဆောင်နေတာလား... '
' မင်းရဲ့ခွန်အားနဲ့ ဘယ်တက္ကသိုလ်မှ မမှီဘူးလို့ ပြောချင်တာလား... ငါယုံပေးလိုက်မယ်... '
" ဆိုင်ရှင်.... ဆိုင်ရှင်.... ဘာလုပ်နေတာတုန်း.... "
လင်းမို့က ဆိုင်ရှင်ကို ဖျောင်းဖျရန် ကြိုးပမ်း၏ ။
" ကျွန်တော်တို့ စကားပြောကောင်းနေတာမှတ်လား... ဘာလို့ဆိုင်ပိတ်မှာတုန်း... "
" ငါ့ဖင်ကိုပြော... "
ဆိုင်ရှင်က ငေါက်လိုက်၏ ။
" မင်းနဲ့ငါက အတူတူပဲလို့ထင်ထားတာ... တက္ကသိုလ် မမှီလည်း သိုင်းပညာရှင်အိမ်မက်ကို လက်မလျော့နိုင်တယ့် ကောင်လေးဆိုပြီး အထင်ကြီးထားတာ... "
" ကျွန်တော်က ညံတဲ့ကျောင်းသားလို့ ကျွန်တော်မပြောဘူးလေ... "
လင်းမို့ ဘာပြန်ပြောရမှန်းမသိတော့ ။ သူ့က အရှုံးသမားဟု တခါမျှပင် မပြောဘူးချေ ။ သူ့အကြောင်းကို တခြားသူများသာ လျှောက်ပြောနေကြခြင်းဖြစ်သည် ။
" ဟီးဟီးးး... ဂုဏ်ယူပါတယ်... "
ဆိုင်ရှင်က လင်းမို့ကို လန့်သွားပုံရသည် ။
" မင်းတက္ကသိုလ် ဝင်ခွင့်ရဖို့ အေးဆေးဖြစ်နေပြီမှတ်လား... အဲ့ဒါကြောင့် တခြားသူတွေကြိုးစားနေတာကို ဒီမှာ လာပျင်းနေတာမှလား ..."
" အာ... ကျွန်တော် မဟုတ်ပါဘူး...."
လင်းမို့ လျင်လျင်မြန်မြန် ငြင်းချက်ထုတ်လိုက်သည် ။
" ငါမင်းကို ယုံပေးရမှာလား... မင်းဒီကို ဖွန်လာကြောင်တယ်ဆိုတာ ငါအရင်က မယုံခဲ့ဘူး... မင်းရဲ့ သိုင်းပညာအိမ်မက်အတွက် ဒီနေရာကိုလာတယ်လို့ ငါထင်ခဲ့တာ... "
ဆိုင်ရှင်က အသံပြဲကြီးနှင့် အသကုန်အော်ဟစ်လိုက်သည် ။
" ခုငါသိပြီ... မင်းဒီကို ဖွန်ကြောင်ဖို့ လာတာ..."
ဆိုင်ရှင်က နောက်ဆုံးစာကြောင်းကို အသံကုန်အော်ဟစ်လိုက်သည်ဖြစ်ရာ ဂျင်ရုံတစ်ခုလုံး ပြန့်နှံ့သွား၏ ။ ဂျင်ရုံအတွင်းရှိ ကျောင်းသားရာဂဏာန်းမှာလည်း ပြတင်းပေါက်ရှိရာသို့ လှည့်ကြည့်မိလိုက်ကြသည် ။
ကျန်းရွှယ်၏ မျက်နှာမှာလည်း ချက်ချင်းပင် အေးစက်သွားသည် ။
ဆိုင်ရှင်၏ အော်ဟစ်သံမှာ ဂျင်ရုံအတွင်း ပဲ့တင်သံများ ပေါ်ထွက်နေတုန်းပင်...
" မင်းကဖွန်လာကြောင်တာ..."