← Chapters

ကျွမ်းကျင်ပညာရှင်တစ်ဦးကဲ့သို့

Vol. 2 Ch. 24

ကျွမ်းကျင်ပညာရှင်တစ်ဦးကဲ့သို့

Vol. 2 Ch. 24

~

တချိန်ထဲမှာပင် ဟိုင်းချန်ရှိ လူသိန်းဂဏာန်းမှာ တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်နေကြ၏ ။

ကောင်းဟောက်ရန်၏အိမ်တွင်...

ကောင်းဟောက်ရန်မှာ ပန်းခြံအသေးပါသော ဗီလာ တစ်ခုတွင် နေထိုင်လေသည် ။ ယခုအချိန်တွင် ဟောက်ရန်မှာ သူ၏ အထူးလေ့ကျင့်ရေး ပြီးဆုံးသွားပြီဖြစ်သည် ။ ထို့ကြောင့် ထိုင်အနားယူနေရင်း လျိုကျုံးဟောင် live လွှင့်နေသည်ကို ကြည့်နေလေ၏ ။

ဟောက်ရန်မှာ တိုက်ရိုက်ထုတ်လွှင့်နေသည်ကို ကြည့်ရင်း စိတ်တိုလာသဖြင့် စားပွဲကို ကန်လိုက်ပေသည် ။

" TV မှာ ပါရတာက ဘာလို့ ငါမဟုတ်ရတာလဲ... "

" ငါဘာလို့ ဒီလောက် ော က်သုံးမကျရတာလဲ..."

" ငါလဲ နာမည်ကြီးပြီး ဒီကောင်လို ကြွားချင်တာပေါ့..."

ဟောက်ရန်မှာ မနာလိုမှုများကြောင့် မျက်လုံးများပင် နီရဲလာ၏ ။

မနီးမဝေး ရုံးခန်းအတွင်းရှိ ဟောက်ရန်၏ အဖေဖြစ်သူမှာ တိတ်တဆိတ်ပင် ခေါင်းယမ်းလိုက်လေသည် ။

' ဟောက်ရန်ရဲ့ ပါရမီက နိမ့်လွန်းနေတယ်... သူ တက္ကသိုလ် တက်ခွင့်ရရင်တောင် ထိပ်တန်းတက္ကသိုလ်တွေ ဝင်ခွင့်ရမှာမဟုတ်ဘူး... '

ဟောက်ရန်၏ ဖခင်ဖြစ်သူမှာ ဟောက်ရန်အတွက် ငွေကြေးအကုန်ခံ၍ ထိပ်တန်းတက္ကသိုလ်သို့ ပို့ချင်သော်လည်း ခက်လွန်းလှပေသည် ။

' ဟောက်ရန်ရဲ့ ခွန်အားက နိမ့်လွန်းတယ်... အနာဂတ်မှာ ငါ့တို့မိသားစုပိုင်ဆိုင်မှုတွေကို သူကာကွယ်နိုင်မှာမဟုတ်ဘူး... '

မစ္စတာကောင်းမှာ ထိုသည်အားတွေးရင်း အသက်ပင် ပိုကြီးလာသလို ခံစားလိုက်ရသည် ။ ဤကမ္ဘာကြီးတွင် သိုင်းပညာရှင်များသာ ကြီးစိုးနေကြသည် ။ လူတစ်ဦး၏ ကြွယ်ဝခြင်းမှာ ထိုသူ၏ ခွန်အားထက် အဆမတန်များပြားနေပါက အန္တရာယ်များကို ဖိတ်ခေါ်နေသကဲ့သို့ပင် ။

' ဟူးးးး ထားလိုက်ပါတော့...'

မစ္စတာကောင်း တိတ်တဆိတ် ခေါင်းယမ်းလိုက်မိသည် ။ တကယ်တော့ မည်ကဲ့သို့ လုပ်ရမည်ကို သူပြင်ဆင်ပြီးဖြစ်သည် ။

' တကယ်လို့ ဟောက်ရန်သာ ကြယ်၇ ပွင့် သိုင်းပညာရှင် မဖြစ်လာဘူးဆိုရင် ငါပိုင်တဲ့ဟာအများစုကို သူအေးအေးချမ်းချမ်းနေနိုင်ဖို့ အလဲအလှယ်လုပ်ရမယ်... '

ဒေါသတကြီး ခုံကိုကန်နေသော ဟောက်ရန်တစ်ယောက်မှာတော့ သူ့ဘဝအတွက် သူ၏ဖခင်ဖြစ်သူမှာ အစီအစဥ်များ ချမှတ်နေမှန်း မသိလိုက် ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ပထမ အထက်တန်းကျောင်း၏ ကျောင်းအုပ်မှာလည်း ကြည့်နေရင်းဖြင့်ပင် ဒေါသထွက်လာ၏ ။

" ဟမ်း... ပါရမီရှင်လေး တစ်ယောက်တလေ ထွက်လာတာများ ော က်ပိုတွေ လုပ်နေကြတာ... "

လွန်ခဲ့သောနှစ်အနည်းငယ် သူ၏ကျောင်းမှ ပါရမီရှင် ထွက်ပေါ်လာတုန်းက ဤ ဒုတိယအထက်တန်းကျောင်း ကျောင်းအုပ်ထက် ပို၍ ကြွားခဲ့မှန်း သူမေ့ထားလိုက်ပေသည် ။

" ငါ့ကျောင်းက ဒါမျိုး ပါရမီရှင် ဘာလို့ ထွက်မလာရတာလဲ... "

" ငါ့ကျောင်းက တစ်ယောက်ယောက်သာ ဒီနှစ် စာမေးပွဲ အမှတ်စာရင်း ထိပ်ဆုံးနေရာရလို့ကတော့ ထိုင်ကို ကန်တော့ပစ်မယ် ..."

သူ၏ ကျောင်းမှ တတိယနှစ် ထိပ်တန်းကျောင်းသားများကို စဥ်းစားကြည့်သော်လည်း အဆင့်၃ သို့ ရောက်နိုင်မည့်သူ တစ်ယောက်မျှမရှိ ။ အဆုံးတွင်တော့ သက်ပြင်းအရှည်ကြီးသာ ချလိုက်တော့သည် ။

" ဟူးးးး... ကြည့်ရတာ ဒီနှစ်တော့ ဒုတိယကျောင်း ကျောတာ ခံလိုက်ရတော့မယ်ထင်တယ် ..."

ယင်ကျန်း၏ အိမ်တွင်...

ယင်းကျန်းက ဒူးထောက်ရင်း ကြမ်းပြင်ကို လက်သီးဖြင့် ဆင့်ကာဆင့်ကာ ထိုးနေလေသည် ။

" ဘာလို့လဲ... "

" ဘာလို့လဲ... "

" ငါ့မှာ ဘာလို့ လျိုကျုံးဟောင်လို ပါရမီ မရှိရတာလဲ... "

" ငါဒီလောက် ပြင်းပြင်းထန်ထန်လေ့ကျင့်နေတာ ငါ့မှာသာ သူ့လိုပါရမီရှိရင် ငါ့အမေလည်း ဒါမျိုးတွေ.... "

ထိုသည်အား စဥ်းစားမိလိုက်သည်နှင့် ပို၍ပင် ဒေါသထွက်လာသည် ။

အပြင်ဘက် လသာဆောင်ရှိ ယင်ကျန်း၏ ဖခင်ဖြစ်သူမှာလည်း စီးကရက်များကို တစ်လိပ်ပြီးတစ်လိပ် ဆက်တိုက်သောက်နေပေသည် ။ ဆေးလိပ်ပြာများက ကြမ်းပြင်အနှံ့ ပြန်ကြဲလျက် ။ ယနေ့ည အိမ်တွင် သားနှင့် အဖေသာ ရှိပြီး အမေဖြစ်သူကိုမူ မတွေ့ရ ။

ထိုအချိန်တွင် အိမ်သို့ ပြန်ရောက်နေသော လင်းမို့မှာ မြို့အား တုန်လှုပ်သွားစေသော သတင်းအားကြည့်ရင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည် ။

' ဒါပဲလား...'

' ဒါလေးကို ဒီလောက် ဟိုးလေးတကျော်ကျော်ဖြစ်နေကြတာလား... '

' ဘယ်လိုကောင်တွေလဲ... '

' တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ ကိုရောက်ပြီး သိုင်းပညာရှင်ဖြစ်သွားတာက ကိစ္စအကြီးကြီးလား...'

' ငါက အခု အဆင့်၃ အလယ်ဆင့်ဆိုတော့ ထက လိုက်ရင် ကောင်းမလား... '

' ငါ မနက်ဖြန် တစ်ရက်ပျင်းလိုက်ရင် အဆင့်၃ အထွတ်အထိပ်ရောက်တော့မှာဆိုတော့ အဲ့ကြရင် လိုက်ကြွားရင်ကောင်းမလား... '

' သိုင်းပညာရှင်လေးဖြစ်သွားတာကို တစ်မြို့လုံးကို ပွက်လောရိုက်သွားတာပဲ ...'

လင်းမို့ ဘာပြောရမှန်း မသိတော့ ။

' ငါ စာမေးပွဲမှာ လက်သီးပြင်းအား ၁၅၀၀ ၂၀၀၀ ကီလိုလောက်နဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ လောက် ထုတ်ပြလိုက်ရင် တစ်မြို့လုံးများ လန့်ပြီး တက်ကုန်ကြမလား မသိဘူး... '

' ဒီမြို့က ရှားနိုင်ငံမှာတောင် တတိယအဆင့်မြို့လေးပဲကို... နွားခြေရာခွက်ထဲက ဖားလောင်းလေးတွေ... '

လင်းမို့က ရေမြန်မြန်ချိုးကာ အိပ်ရာပေါ်သို့ သွားရင် ပုံရိပ်ယောင်ခေါင်းဆောင်းကို ကောက်ယူလိုက်သည် ။

' ဂိမ်းဆော့တာပဲ ကောင်းတယ်... ဒီည ပွဲနှစ်ဆယ်ဆက်အထိ နိုင်အောင် ဆော့ရမယ်... '

လင်းမို့က အစပြုသူကွင်းပြင်သို့ ရောက်သည်နှင့် ပွဲချက်ချင်းရှာလိုက်၏ ။ သူ၏ လက်သီးပြင်းအားမှာ ၁၁၅၀ ကီလိုသို့ ရောက်နေလပွေီ ။ ယနေ့ည ဆက်တိုက်နိုင်ပွဲများရလျှင် A1 ဆေးများ ရမည်ဖြစ်ပြီး မနက်ဖြန်တွက် လက်သီးပြင်းအား ၁၂၀၀ ကီလိုကို ကျော်ဖြတ်နိုင်မည်ဖြစ်သည် ။ ထိုသို့ဆိုလျှင် သူသည် သိုင်းပညာရှင်တပိုင်းအဆင့်ကို ကျော်၍ သိုင်းပညာရှင် တစ်ဦး ဖြစ်လာတော့မည်ပင် ။ လင်းမို့ ရှာနေသောပွဲမှာ တွေ့ရှိသွားသည် ။

[ Black Earth: အသက် ၁၈ နှစ် , သိုင်းအလုပ်သင်, ယေဘူယျ အသွင်အပြင် , ဆက်တိုက်နိုင်ပွဲ - ၁၀ ပွဲ ]

[ Grand Deity (Shen Hao) : အသက် ၁၈ နှစ် : သိုင်းပညာရှင် : ယေဘူယျအသွင်အပြင် : ဆက်တိုက်နိုင်ပွဲ - ၉ပွဲ]

' ငါသိုင်းအလုပ်သင်ပဲ ရှိသေးတာကို ဆယ်ပွဲဆက်နိုင်ပြီးတော့ သိုင်းပညာရှင်နဲ့ ချပေးတယ်ဟ... '

လင်းမို့မှာ ဆယ့်တစ်ပွဲဆက်အနိုင်ရရန် မလွယ်ကူမှန်း နားလည်ထားပေသည် ။

' တော်သေးတာပေါ့ တနေ့ကို ဆယ်ပွဲပဲ ဆော့လို့ရလို့ မဟုတ်ရင် မနေ့ထဲက ငါရှုံးပြီးနေပြီ... '

လင်းမို့သည် မနေ့က တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ အထွတ်အထိပ်သာ ရှိသေးသော်လည်း ယခုအခါတွင် အဆင့်၃ အလယ်ဆင့်သို့ရောက်နေလေပြီ ။ အစပြုသူကွင်းပြင်တွင် လက်သီးပြင်းအားမှာ အရေးမပါ၍ သူ ယုံကြည်မှု အပြည့်ရှိပေသည် ။

' ဒါပင်မယ့် ဒီနေ့ ပြိုင်ဘက် ကြည့်ရတာ လွယ်မယ့်ပုံမပေါ်ဘူး... '

လင်းမို့ ပြိုင်ဘက် ဖြစ်သူ၏ အချက်အလက်များကို သတိထားလိုက်မိသည် ။ နိုင်ပွဲကိုးပွဲဆက်နှင့် သိုင်းပညာရှင် တစ်ယောက်ပင် ။ နိုင်ပွဲဆက်ရရှိရန်အတွက် သိုင်းအလုပ်သင်များထက် သိုင်းပညာရှင်များမှာ များစွာပို၍ ခက်ခဲပေသည် ။

' ဒီနေ့ည ပထမဆုံးပွဲတော့ ပြင်းပြင်းထန်ထန် တိုက်ရတော့မယ်ထင်တယ် ...'

သို့သော် လင်းမို့ မကြောက်မိသည့်အပြင် တိုက်ခိုက်လိုစိတ်များပင် တဟုန်းဟုန်းတောက်လောင်လာသည် ။ အစပြုသူကွင်းပြင်တွင် သူနှင့်တိုက်တန်သောပြိုင်ဘက် တွေ့ရန် ခက်ခဲပေသည် ။ ယနေ့ တိုက်ပွဲကောင်း တစ်ပွဲ တိုက်ရပေတော့မည် ။

ရှုံးနိမ့်မည်ကို လင်းမို့ မကြောက်ပေ ။ နိုင်ချင်းရှုံးချင်းက အရေးမပါချေ ။ သူသည် အရှုံးကို ရင်ဆိုင်ရဲပေ၏ ။ ယနေ့သူရှုံးနိမ့်လျှင် မနက်ဖြန်တွင် တိုက်ခိုက်ရေးစွမ်းရည် အဆင်၃ အထွတ်အထိပ်ဖြင့် အစပြုသူကွင်းပြင်တွင် ဖားထိုင်ရိုက်ရုံသာ ရှိတော့သည် ။

ယနေ့တွင်ပင် သူနှင့် ရင်ဆိုင်နိုင်သည့် ပြိုင်ဘက် မတွေ့လောက်ဟု သူထင်ထားခဲ့ပေသည် ။

" ဒုန်း " " ဒုန်း "

လင်းမို့ ရော ပြိုင်ဘက်ဖြစ်သူရော ယေဘူယျ အသွင်အပြင်သာ အသုံးပြုထားကြသည် ။ သူတို့နှစ်ယောက်လုံးမှာ တိုက်ပွဲကွင်းပြင်ဆီသို့ တချိန်ထဲပင် ရောက်ရှိလာကြလေသည် ။

' ကျွမ်းကျင်သူဖြစ်ရမယ်... '

လင်းမို့မှာ ပြိုင်ဘက်ဖြစ်သူ၏ နာမည် Grand Deity( ကြီးမြတ်သောနတ်ဘုရား) အားတွေ့လိုက်မိသည်နှင့် ကျွမ်းကျင်သူမှန်းသေချာသိလိုက်သည် ။

ထိုအချိန်တွင် Grand Deity က လက်နှစ်ဖက်ကို နှောက်သို့ပစ်ကာ ဖြောင့်တန်းစွာ ရပ်နေ၏ ။ သူ၏ အော်ရာမှာ ပြိုင်ဘက်ကင်းဟု ထင်ရလောက်အောင် တည်ကြည်ခိုင်မာနေလေသည် ။ ဤသည်က ကျွမ်းကျင်ပညာရှင်တစ်ဦး၏ အပြုအမူပင် ။

' ကိုးပွဲဆက်နိုင်ထားတယ့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆိုတယ့်အတိုင်းပဲ သူ့ပုံစံကြည့်တာနဲ့ ဆရာကြီးမှန်းသိသာတယ်... '

လင်းမို့က ပို၍ သတိထားလိုက်သည် ။ ထိုသူက သေချာပေါက် ဆရာကြီးတစ်ပါးပင် ။

" သိုင်းအလုပ်သင်လား..."

Grand Deity က တအံတသြ ပြောလိုက်၏ ။

" ငါဘယ်လိုလုပ် သိုင်းအလုပ်သင်နဲ့ လာတွေ့နေတာလဲ... အော် ဆယ်ပွဲဆက်နိုင်ထားတာပဲ ဒါကြောင့်ကို..."

" စကြတော့မလား..."

လင်းမို့က မေးလိုက်၏ ။

" အလျင်မလိုပါနဲ့... "

Grand Deity က ဆရာကြီး ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည် ။

" အစပြုသူကွင်းပြင်မှာက သိုင်းပညာရှင်တွေရှားတယ်... မင်းလို သိုင်းအလုပ်သင်အနေနဲ့ ငါ့လိုသိုင်းပညာရှင်နဲ့ကျဖို့ဆိုတာ မလွယ်ဘူး... ဘယ်လိုလဲ ငါမင်းကို သုံးကွက်အကြောပေးမယ်... "

" ငါ့ကို သုံးကွက်အကြောပေးမှာလား..."

ဆရာကြီးဟန်နှင့် ပြိုင်ဘက်ဖြစ်သူ၏ ပြောလိုက်သောစကားကြောင့် လင်းမို့အနည်းငယ်အံ့အောသွား၏ ။

' သူက အဲ့လောက်တောင်သန်မာတယ်လား...'

' ငါ့ကို သုံးကွက်တောင် အကြောပေးအုံးမှာလား...'

" မှန်တာပေါ့..."

Grand Deity က အေးအေးဆေးဆေးပြောလိုက်၏ ။

" မင်းသုံးကွက်ရွေ့ပြီးရင် ရှုံးသွားလိမ့်မယ်... "

" အဲ့တာဆိုလည်း ကျေးဇူးတင်ပါတယ်... "

ပြိုင်ဘက်ဖြစ်သူက ယုံကြည်ချက် အပြည့်အဝ ရှိနေသည်ကို လင်းမို့မြင်လျှင် ဟန်လုပ်မနေတော့ပေ ။ သူ၏ ပြိုင်ဘက်ဖြစ်သူမှာ ကျွမ်းကျင်သူတစ်ဦးအသွင်ဖြစ်နေ၍ အလွန်သန်မာပေလိမ့်မည် ။

လင်းမို့သည် သိုင်းပညာရှင် တစ်ဦးနှင့် မတိုက်ခိုက်ဘူးပေ ။ ထို့ကြောင့် ဤသုံးကွက်ဖြင့် ပြိုက်ဘက်ဖြစ်သူ၏ ခွန်အားကိုသိရှိရန် စမ်းသပ်ရပေမည် ။

'ငါက သိုင်းအလုပ်သင်ပဲ ရှိသေးတာ ... သိုင်းပညာရှင်က သုံးကွက် အကြောပေးတာကို ရှက်နေစရာ မလိုပါဘူး...'

လင်းမို့ တွေးလိုက်မိသည် ။

All Chapters