← Chapters

စိန်ခေါ်မှုများစွာ

Vol. 3 Ch. 263

စိန်ခေါ်မှုများစွာ

Vol. 3 Ch. 263

"ရပ်တန့်လို့ မရဘူး..."

ကျန်းမိသားစုဝင်များ အားလုံးမှာ ထိုစကားကြောင့် အလွန် အံ့အားသင့် သွားသည်။  သူတို့ အားလုံးလိုလိုမှာ သိုင်းသမားများ မဟုတ်ကြသည့်တိုင် ချင်းဟီ၏ အမူအရာကို ကြည့်ခြင်းဖြင့် တစ်ခုခုအား နားလည်မိသည်။

"သူက သေမင်းပေါ့ ဟုတ်လား..."

ကျန်းအန့်နာက မေးလိုက်သည်။ သူ၏ အယူအဆအရဆိုလျှင် ယောက်ျား တစ်ယောက်မှာ မည်မျှပင် စွမ်းအားကြီးပါစေ၊ ခုတင်ပေါ်တွင်မူ ခွန်အားကင်းမဲ့သည် ဟူ၍။

ချင်းဟီက မိန်းကလေးက လျစ်လျူရှုလိုက်ကာ ကျန်းဟိုချောင်အား ကြည့်လိုက်သည်။ သူ့အနေဖြင့် ဆယ်ကျော်သက် ကောင်မလေး၏ အူကြောင်ကြောင် မေးခွန်များကို ဖြေရင်း အချိန်မဖြုန်းလိုပေ။

ကျန်းဟိုချောင်မှာ တစ်ခုခုကို အသည်းအသန် စဉ်းစားနေပုံရသည်။ ချင်းဟီ၏‌ ပြောစကားအရ ချန်းဖန်မှာ ရပ်တန့်၍ မရနိုင်သူ ဆိုသည့်တိုင် စဉ်းစားစရာများ ရှိနေသေးသည်။ ယောက်ျား ဆယ်ယောက်ကို တစ်ပြိုင်နက် အနိုင်ယူခဲ့သူကို ရပ်တန့်၍ မရနိုင်သူဟု ခေါ်ဆိုကြသလို နိုင်ငံတစ်ခုလုံးကို အနိုင်ယူနိုင်သူကိုလည်း ရပ်တန့်၍ မရနိုင်သူဟု ရည်ညွှန်းကြသည်။ ထို့သော် ထိုအသုံးအနှုန်း နှစ်ခုကြားမှ ခြားနားချက်မှာ အလွန်ပင် ကြီးမားသည်။

အကယ်၍ ထို ချန်းဖန် ဆိုသော ကောင်လေးမှာ ချင်းဟီထက် အနည်းငယ်မျှ ပိုအစွမ်းထက်လျှင် ကျန်းမိသားစု အနေဖြင့် ကောင်းစွာ ကိုင်တွယ်နိုင်သည်။ ချင်းဟီမှာ မည်မျှပင် အစွမ်းထက်ပါစေ သာမန် သေမျိုး တစ်ယောက်သာ ဖြစ်နေသေးသည် မဟုတ်ပါလား။

"ဒီခွေးကောင်... အဲဒီကောင်က သူ့ကိုယ်သူ အရမ် းအထင်ကြီးနေပုံ ရတယ်..."

ကျန်းမိသားစု၏ တတိယသခင်ကြီး ကျန်းဟိုမင်က ပြောလိုက်သည်။ ကျန်းဟိုမင်မှာ သိုင်းသမားကို အထင်မကြီးပေ။ ထိုသူများမှာ ပိုက်ဆံအတွက် ခန္ဓာကိုယ်ကိုသာ အသုံးပြုကြသူများ ဖြစ်သည်။ ကျန်းအန့်နာ အပါအဝင် ကျန်းမိသားစုဝင် များစွာကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။ သိုင်းသမား တစ်ယောက်မှာ မည်မျှပင် အစွမ်းထက်စေကာမူ အနည်းဆုံး ဥပဒေကို လေးစား လိုက်နာရမည်ဟု သူတို့ ယုံကြည်သည်။

ကျန်းမိသားစုဝင် များစွာ၏ အမူအရာများကို ကြည့်ကာ ချင်းဟီ ဒေါသ ထွက်လာသည်။ ချင်းဟီ သူ၏ ခေါင်းကိုငုံ့၍ ကျိတ်ရယ် လိုက်မိသည်။ ထိုလူများကား ကောင်းကင်စာအုပ် နံပါတ်တစ်က မည်သည်ကို ဆိုလိုကြောင်း နားမလည်ကြပေ။

"မစ္စတာရှီ ... ချန်းပေ့ရွှမ်းက ဘယ်လောက်တောင် စွမ်းအား ကြီးတာလဲ..."

အဘိုးအိုကျန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

မစ္စတာရှီက ခြောက်ကပ်နေသော လည်ပင်းဆီသို့ တံတွေး မျိုချလိုက်ကာ...

"ကျွန်တော် သေချာ မသိပါဘူး။ ဒါပေမဲ့ သူက ဟောင်ဂိုဏ်းရဲ့ လဲ့ချန်းကျွယ်နဲ့ သွေးခေါင်းဂိုဏ်းရဲ့ အနက်ရောင်မြွေကိုတော့ သတ်ခဲ့တယ်တဲ့..."

"ဟောင်ဂိုဏ်းရဲ့ လဲ့ချန်းကျွယ်..."

လူတိုင်းက အံ့အားသင့်စွာ ရေရွတ် လိုက်မိကြသည်။ လဲ့ချန်းကျွယ်ကို လူတိုင်း မသိကြသည့်တိုင် ဟောင်ဂိုဏ်းကိုမူ သူတို့အားလုံး ကြားဖူးကြသည်။ လဲ့ချန်းကျွယ်မှာ ကနေဒါတွင်သာ အနေများပြီး လှုပ်လှုပ်ရှားရှား နေတတ်သူ မဟုတ်ချေ။

သို့သော် ဟောင်ဂိုဏ်းမှာမူ အင်အားကြီး တရုတ် မိသားစုများစွာနှင့် အဆက်အဆံရှိသဖြင့် သူတို့အားလုံး ကြားဖူးကြသည်။ ကျန်းမိသားစုပင်လျှင် ဟောင်‌ဂိုဏ်း၏ ခေါင်းဆောင် တစ်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိသည်။

"အဲဒီ လဲ့ချန်းကျွယ်က မိုးကြိုးဘုရင် ဇိုရိုနဲ့ ယှဉ်ရင်ရော..."

ဒုတိယသခင်ကြီး ကျန်းဟိုဟွမ်က မေးလိုက်သည်။ သူတို့မိသားစုမှာ မိုးကြိုးဘုရင်ဇိုရိုနှင့် ဟောင်ကောင် ကိုလိုနီ လက်အောက်တွင် ရှိစဉ်တည်းက အဆက်အဆံ ရှိခဲ့သည်။

"လဲ့ချန်းကျွယ်..."

မစ္စတာရှီပြောရန် ဟန်ပြင်လိုက် သော်လည်း အဘိုးအိုကျန်းက သူ့စကားကို ဖြတ်၍...

"လဲ့ချန်းကျွယ်က ဟောင်ဂိုဏ်းရဲ့ အထွတ်အထိပ်ပညာရှင် ဖြစ်ပြီးတော့ အစွမ်းအထက်ဆုံး အထွတ်အထိပ် ပညာရှင်လို့ သတ်မှတ်ခံခဲ့ရတယ်။ ဇိုရိုဆိုတာက ဂျူနီယာ အဆင့်လေးမှာပဲ ရှိပြီးတော့ လဲ့ချန်းကျွယ်ကို အလေးစားဆုံး အမူအရာနဲ့ ဆက်ဆံရတယ်။ နောက်ပြီး လဲ့ချန်းကျွယ်က ဟောင်ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ..."

အဘိုးအို၏ စကားအဆုံးပင် မိသားစုဝင်တိုင်း လုံးဝ ဆွံ့အ သွားမိကြသည်။  အကယ်၍ လဲ့ချန်းကျွယ်သာ ဟောင်ဂိုဏ်းခေါင်းဆောင် ဆိုလျှင် သူ၏ လွှမ်းမိုးမှုက အဘိုးအိုကျန်းထက် မည်သို့မျှ မလျော့ကျနိုင်ချေ။ ထိုကဲ့သို့သော လူကိုပင်လျှင် သတ်နိုင်ခဲ့သော ချန်းဖန်၏ စွမ်းအားက မည်မျှရှိနေသည်ကို မတွေးနိုင်တော့ချေ။

ယခု ကျန်းမိသားစုဝင်များမှာ ချင်းဟီပြောသည့် "ရပ်တန့်၍ မရနိုင်သော" ၏ အဓိပ္ပာယ်ကို နားလည်ခဲ့ပြီ ဖြစ်သည်။

"သူ... သူက အရမ်းကို အစွမ်းထက်တာ ဖြစ်မယ်..."

ကျန်းအန့်နာ သူမ၏ ပါးစပ်ကိုပင် ပိတ်လိုက်မိသည်။ ကြောက်ရွံ့ခြင်းက သူမ၏ မျက်လုံးတွင် စိုးမိုးလျက်။

"လဲ့ချန်းကျွယ် တစ်ယောက်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..." အဘိုးအိုကျန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က အစ်ကိုလဲ့နဲ့ငါ ဆုံခဲ့ဖူးတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု၊ နုပျိုမှုတွေကို ငါအရမ်း အားကျခဲ့ရပေမဲ့ သူငါ့ထက် လောကကြီးကနေ စောစော ထွက်သွားခဲ့ရတာပဲ..."

အချိန် အတန်ကြာသည်အထိ အခန်းက နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွားသည်။ ချန်းဖန် မည်မျှ အစွမ်းထက်ကြောင်း နားလည်လိုက်ကြပြီ ဖြစ်ရာ မည်သို့ ပြုလုပ်ရမည်ကို သူတို့ စဉ်းစား၍ မရတော့ချေ။ ကျန်းဟိုချောင်ပင်လျှင် လည်ချောင်းများ‌ ခြောက်ကပ်နေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရခြင်းက အမှန်ပင် သတ္တိကင်းမဲ့စေသည်။

"ငါတို့ ဘာလုပ်သင့်လဲ..."

ကျန်းဟိုချောင်က မေးလိုက်သည်။

"စိတ်မပူနဲ့... မင်းတို့ အဖေ အသက်ရှင် နေသေးတာပဲ..."

ကျန်းဟိုမိန်က ထရပ်လိုက်ကာ ကြမ်းပြင်ကို သူ၏ တောင်ဝှေးဖြင့် ဆောင့်လိုက်သည်။

"သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ ကျန်းမိသားစုက ဘယ်တော့မှ လွယ်လွယ် အရှုံးမပေးတတ်ဘူး..."

"အဖေ..."

ကျန်းမိသားစု ဒုတိယ မျိုးဆက်များစွာက အဘိုးအိုကျန်းကို စိတ်ပူစွာ ခေါ်လိုက်သည်။ မစ္စတာရှီပင်လျှင် အဘိုးအိုကျန်း၏ ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် ခံစားလိုက်ရသည်။

"ဟိုမင်..."

အဘိုးအိုကျန်းက သူ၏ လည်ချောင်းကို ရှင်းလိုက်ရင်း...

"ဟောင်ကောင်မြေအောက် ကမ္ဘာရဲ့ ဂိုဏ်းဆယ့်ခုနစ်ဂိုဏ်းကို ဆက်သွယ်လိုက်။ ငါ သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ စကားပြောစရာ ရှိတယ်..."

"ဟုတ်ကဲ့... အဖေ..."

ကျန်းဟိုမင်က မတ်တတ်ရပ်ရင်း ပြောသည်။

"ဟိုချောင်... ငါ့ကိုယ်စား ဟောင်ကောင်အစိုးရကို စာတစ်စောင် သွားရေးချေ..."

"ဟုတ်ကဲ့... အဖေ..."

"ဟိုယူ..."

အဘိုးအိုကျန်းက မိသားစုဝင် အားလုံးကို တာဝန်များ ခွဲဝေသတ်မှတ် ပေးလိုက်သည်။ ကျန်းမိသားစုမှာ စည်းလုံး ညီညွတ်မှုဖြင့် သူတို့၏ အင်အားကို တည်ဆောက်ထားကာ ဆယ်စုနှစ်တစ်ခု ကျော်ကြာအောင် လွှမ်းမိုးနိုင်ခဲ့သည်။ မြစ်မြောက်ပိုင်းမှ ဝေ့မိသားစုပင်လျှင် သူတို့၏ စည်းလုံးမှုကို မမီနိုင်ချေ။

ကျန်းမိသားစုမှာ သူတို့၏ အခြေခံအုတ်မြစ်ကို ခိုင်ခံ့စွာ တည်ဆောက် ထားနိုင်ခဲ့ရာ သူတို့၏ ဩဇာအာဏာက ပိုက်ဆံဆိုသော အရာထက် ပိုသည်။ အဘိုးအိုကျန်း အသက်ရှင်နေသမျှ ကာလပတ်လုံး ကျန်းမိသားစု ကျရှုံးစရာ အကြောင်း မရှိချေ။

အလုပ်တာဝန်များကို ခွဲဝေပေးပြီးသည်နှင့် အဘိုးအိုကျန်း မစ္စတာရှီဘက်သို့ လှည့်လိုက်သည်။

"မစ္စတာကျိုးတစ်ချီဆီကို စာတစ်စောင်လောက် ပို့ပေးလို့ ရမလား။ ခုည ငါ့ဆီကို အလည်လာခဲ့ပါလို့..."

"သခင်ကြီး ပြောချင်တာက..."

မစ္စတာရှီက မေးလိုက်သည်။

"နင်းတန့်ချင်းက သူ့ရဲ့ တပည့်ပဲ။ နင်းတန့်ချင်း အသတ်ခံလိုက်ရတဲ့ ကိစ္စကို သူဒီအတိုင်း ထိုင်ကြည့် မနေလောက်ပါဘူး..."

အပြုံးတစ်ခုက အဘိုးအို၏ မျက်နှာ‌တွင် ခပ်ရေးရေး ပေါ်လာခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်သုံးတယ်တုန်းက သူရဲ့ နဂါးယဉ်ပါးခြင်း ကြိုးကိုးချောင်းနဲ့ အထွတ်အထိပ် အဆင့်တစ်ယောက်ကို ချည်နှောင်ပြီး သတ်ခဲ့တာ ငါကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ အနှစ် သုံးဆယ် ကြာပြီးတဲ့နောက် ဘာတွေပြောင်းလဲ သွားမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

"နားလည်ပါပြီ..."

မစ္စတာရှီက ခေါင်းကို ငုံ့လိုက်သည်။ အဘိုးအိုကျန်းမှာ အသက်ကြီးလာပြီ ဖြစ်သောကြောင့် ကိစ္စတိုင်းကို ဝင်မပါတော့ချေ။ သို့သော် သူ၏ သက်တမ်း တစ်လျှောက် သူဦးဆောင်ခဲ့သော ပြဿနာတိုင်းက အောင်မြင်ခဲ့သည်သာ။ သို့သော်လည်း ယခု ရင်ဆိုင်နေရသည်မှာ ချန်းဖန် ဖြစ်သည်။

သာမန် အထွတ်အထိပ်အဆင့် တစ်ယောက် အတွက်ဆိုလျှင် သူ၏ ပြင်ဆင်မှုများက လုံလောက်သည့်တိုင် ချန်းဖန်အတွက် ရယ်စရာ ဖြစ်နေမည်က စိုးရိမ်စရာပင်။ မစ္စတာရှီ လေးပင်စွာဖြင့် သက်ပြင်းကိုသာ အခါခါ ချမိတော့သည်။

ထိုအချိန်တွင် ချန်းဖန်မှာ ဟိုတယ်သို့ မပြန်ခဲ့ချေ။ ထို့အစား ကျန်းအန့်ချီကို ခေါ်ဆောင်ရင်း အနီးအနားရှိ တောင်ကုန်းတစ်ခုသို့ ဦးတည်နေခဲ့သည်။

***

All Chapters