← Chapters

တည်ငြိမ်သောခန္ဓာကိုယ်က နှလုံးသားကို လမ်းညွှန်တယ်

Vol. 130 Ch. 1790

တည်ငြိမ်သောခန္ဓာကိုယ်က နှလုံးသားကို လမ်းညွှန်တယ်

Vol. 130 Ch. 1790

ဝမ်လင်းက မျက်လုံးမှိတ်လိုက်သည်။ သူက အမှန်အမှားအနှစ်သာရကို အသုံးပြုရန် ကြိုးစားခဲ့၏။ သို့သော် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။ သည်နေရာ၌ မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အရာအားလုံးက သူ့စိတ်နှလုံးသားပေါ်တွင်သာ မူတည်လေသည်။

ဝမ်လင်း၏နှလုံးသားက လှုပ်ရှားကာ မငြိမ်မသက် ဖြစ်နေပါက အရာအားလုံးသည်လည်း ရွှေ့လျားလိမ့်မည်။

ဝမ်လင်းက မျက်လုံးမှိတ်ကာ ရုတ်တရက် ပြန်ဖွင့်၏။ သူ့မျက်လုံးတို့မှာ ရေပြင်အလား တည်ငြိမ်လာသည်။ သူသည် အရာအားလုံးမှာ သူ့နှလုံသားအပေါ် စမ်းသပ်မှုတစ်ခုသာ ဖြစ်ကြောင်း နားလည်သွားတော့သည်။

သူ့စိတ်နှလုံး တည်ငြိမ်သ၍ သည်လောကမှာလည်း တည်ငြိမ်ပေမည်။ သို့ပေမည့် သူ့စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်ဖို့က ခက်၏။ အထူးသဖြင့် သူ့ပတ်လည်တွင် ကသိကအောက် ဖြစ်စရာများ ရှိနေချိန်တွင်ပင်။ သူက ခုချိန်၌ တည်ငြိမ်နေပြီ ဖြစ်သော်လည်း လုံးဝ တည်ငြိမ်သွားသည်တော့ မဟုတ်သေးပေ။

ခုချိန်၌ သူက သူ့ခန္ဓာကိုယ်ကိုသာ တည်ငြိမ်အောင် လုပ်နိုင်သေးသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း တည်ငြိမ်လာစဉ် သူ၏ရှေ့ရှိ ဂြိုဟ်သည် ရုတ်တရက် မြန်စွာလှည့်ပတ်နှုန်းကနေ အရှိန်လျော့ကျသွားသည်။ ထိုပြောင်းလဲမှုက အမှန်တကယ် သိသာလှသည်။ ချက်ခြင်းလိုလို အဆများစွာ နှေးကျသွားခြင်း ဖြစ်၏။

ကိုးခုမြောက်စက်ဝန်း၏ ဒုတိယကြိမ်အသက်ရှုချိန်။

သူ၏ခန္ဓာကိုယ် တည်ငြိမ်ပြီးနောက် ဂြိုဟ်လှည့်ပတ်မှုမှာ ရုတ်တရက် အရှိန်လျော့ကျသွားသည်။ သည်ဂြိုဟ်က ဝဲကတော့တစ်ခုလို ဖြစ်နေသေးသော်လည်း သူ့စိတ်နှလုံးပေါ် ရေအေးတစ်ခွက် လောင်းချလိုက်သည့်နှယ် ရူးသွပ်မှု၊ မှုန်ဝေမှု၊ ကသိကအောက်ဖြစ်မှုတို့သည် ပျောက်ကွယ်သွားသည်။ ဤသည်က သူ့စိတ်နှလုံးမှာ လုံးဝ တည်ငြိမ်တော့မည့် အရိပ်အယောင် ပြသလာခြင်းတည်း။

ထို့အတွက် ဝမ်လင်း၏စိတ်ဝိညာဉ်မှာလည်း တည်ငြိမ်သွားသည်။

သည်စိတ်ဝိညာဉ်တည်ငြိမ်မှုကြောင့် ဂြိုဟ်၏ဝဲကတော့သည် အဆများစွာ နှေးကွေးသွားသည်။ ၎င်းသည် ဂြိုဟ်နှင့်ဝဲကတော့ကြား လွန်ဆွဲနေသလိုပင် ထင်ရလေပြီ။

ကိုးခုမြောက်စက်ဝန်း၏ တတိယမြောက်အသက်ရှုချိန်။

တတိယမြောက်အသက်ရှုချိန် ကုန်လွန်ပြီးသည့်အခိုက် ဝမ်လင်း၏ ခန္ဓာနှင့်စိတ်ဝိညာဉ်တို့ တည်ငြိမ်လာပြီးနောက် သူ့မူလစိတ်ဝိညာဉ်မှာလည်း တည်ငြိမ်လာသည်။ သူ၏မူလစိတ်ဝိညာဉ် တည်ငြိမ်မှုကြောင့် သူ့မျက်နှာမှာ ဆက်လက် ဖြူရောခြင်း မရှိတော့ဘဲ ရိုးစင်းစွာ တည်ငြိမ်သည်။

သူ့အမြင်၌ ဒြပ်စင်ငါးခုဂြိုဟ်၏ လှည့်ပတ်မှုက ပို၍ အရှိန်ကျသွားသည်။ ၎င်းမှာ ဝဲကတော့တစ်ခု ဆက်မဟုတ်တော့ပေ။ ၎င်းက ဂြိုဟ်၏ပုံပန်းသွင်ပြင်သို့ ပြန်ပြောင်းလဲသွားသည်။ သူက ထိုဂြိုဟ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးသော်လည်း သူ့မျက်စိဖြင့် အမြန်နှုန်းကို ထောက်လှမ်းကြည့်နိုင်ပြီပင်။

ဒြပ်စင်ငါးခုဂြိုဟ်ကို ကြည့်ကာ ဝမ်လင်းက ဖြည်းဖြည်းချင်း ပြုံး၏။ ထိုအပြုံးက အလွန်ငြိမ်းအေးကာ မည်သည့်ဒေါသမျှ မရှိပေ။

အချိန်ကုန်လွန်သွားသည်။ အသက်ရှုချိန် လေးကြိမ်မြောက်၊ငါးကြိမ်မြောက်၊ ခြောက်ကြိမ်မြောက် ကုန်လွန်လာခဲ့ပြီ။

သည်အခိုက်တွင် ၎င်းက ဒြပ်စင်ငါးခုဂြိုဟ်ပေါ်တွင် ငြိမ်သက်မှုသာ ကြီးစိုးနေပြီ။ ကောင်းကင်ထက်သို့ ကြည့်နေသော ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အတိုင်းမသိတုန်လှုပ်မှုတို့ ပြည့်နေသည်။

အထူးသဖြင့် ရွှေရောင်အဘိုးအို၏ မျက်နှာသည် ဖြူရောလာ၏။ သူက ခပ်တိုးတိုး ရေရွတ်မိသည်။ သူက ခုထိ သူ တွေ့မြင်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်နေဆဲပင်။ ဤသည်မှာ သူစိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ သူ့စိတ်ထဲ၌ ဤသည်က မဖြစ်နိုင်ပေ။

သူက ဒီလှိုဏ်ဂူလောကမှ မဟုတ်ပေ။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ ကောက်ရီကလန်မှ လာခဲ့ခြင်း ဖြစ်၏။ သူက သည်ကိုးခုစက်ဝန်းနှလုံးသားအစီအရင်နှင့် ပတ်သတ်၍ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်းကြီး သိထားသည်။ ထိုအစီအရင်မှာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ပင် ကျော်ကြားသည့်အစီအရင် ဖြစ်၏။

သူက လှိုဏ်ဂူလောကမှ ကျင့်ကြံသူတစ်ယောက်သည် ဒီလောက်အချိန်တိုအတွင်း အစီအရင်ကို ချိုးဖျက်စေမည့် အရိပ်လက္ခဏာများ ပြသအောင် လုပ်နိုင်လိမ့်မည်ဟု လုံးဝ မတွေးမိဘူးပေ။ သည်နေရာရှိ အစီအရင်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ အစီအရင်ထက် များစွာ အားနည်းသော်လည်း ဤသည်က စက်ဝန်းကိုးခုနှလုံးသားဘီးအစီအရင် အစစ်အမှန်သာ ဖြစ်၏။

“ဒါ မဖြစ်နိုင်ဘူး။ သူက ဒီအစီအရင်ကို နားလည်သွားခဲ့ရင်တောင် ဒါဟာ ကိုးကြိမ်မြောက်စက်ဝန်းထဲ ရောက်နှင့်နေပြီ။ အချိန်ဟာ အကန့်အသတ် ရှိနေပြီ။ ဒီလောက်အချိန်အတွင်း သူ့စိတ်နှလုံးသားကို တည်ငြိမ်အောင်လုပ်ဖို့ဟာ မဖြစ်နိုင်ဘူး…”

ရွှေရောင်ဝတ်ရုံဖြင့်အဘိုးအိုက လက်သီးခပ်တင်းတင်း ဆုပ်ကာ သူကိုယ်တိုင် မရေမရာသော စကားများကို ခပ်တိုးတိုး ရွတ်မိနေ၏။

သူ့အပြင် နန်ဒူသည်လည်း အကြောက်တရား ကြီးစိုးနေကာ အချိန်အတန်ကြာသည့်အထိ စကားတစ်ခွန်းမျှ မဟနိုင် ဖြစ်နေ၏။

သူ့ခေါင်းထဲတွင် လှိုင်းထန်နေပေပြီ။ သူက ဝမ်လင်းကို ပြောပြ၍မရအောင် ကြောက်ရွှံ့နေမိပြီ။

ဒြပ်စင်ငါးခုဂြိုဟ်၏အပြင်ဘက်ရှိ မဟာအင်ပါယာရွှမ်လောက ဝမ်လင်းကို ကြည့်ကာ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်၏။ ထိုအလင်းက ပို၍ တောက်ပသထက် တောက်ပလာသည်။ သူက ဝမ်လင်း လုပ်နေသမျှကို မြင်၏။ သူ့စိတ်နှလုံးမှာ မြန်ဆန်စွာ ခုန်ပေါက်လာမိသည်။

“သူ ချက်ခြင်း တည်ငြိမ်အောင် မလုပ်နိုင်တာကြောင့် ပထမဆုံး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်တာပဲ။ သူ့ခန္ဓာကိုယ်ကို ကျောက်ဆူးလို အသုံးပြုပြီး သူ့စိတ်ဝိညာဉ်ကို တည်ငြိမ်စေတာ။ အဲ့နောက် သူ့စိတ်ဝိညာဉ်ကို လမ်းညွှန်မှုအဖြစ် အသုံးပြုပြီး သူ့မူလစိတ်ဝိညာဉ်ကို တည်ငြိမ်စေခဲ့တာပဲ။ သူ့မူလစိတ်ဝိညာဉ်ဟာ နှလုံးသားကို ရှာဖွေစူးစိုက်ပြီး တည်ငြိမ်အောင် လုပ်တာပဲ…”

“သူ့ခန္ဓာကိုယ်၊စိတ်ဝိညာဉ်နဲ့ မူလစိတ်ဝိညာဉ်တို့ တည်ငြိမ်မှုကြောင့် သူ့နှလုံးသားဟာလည်း အလိုလို တည်ငြိမ်သွားရတာပဲ။ ဒီလောက်အချိန်တိုအတွင်း ဒီနည်းလမ်းကို တွေးနိုင်တဲ့သူဟာ ရှားပါးလှတယ်။ ဒီလောက်နားလည်နိုင်စွမ်းဟာ မြင်ရခဲလှတယ်…”

“ငါ ဒီကောင်လေးကို ငါ့တပည့်အဖြစ် ခေါ်သွားမယ်…”  မဟာအင်ပါယာရွှမ်လောသည် နှစ်ပေါင်းတစ်သောင်းအတွင်း၌ပင် ပြသခဲသော စိတ်လှုပ်ရှားမှုကို ပြသလာခဲ့ပြီ။

ကိုးခုမြောက်စက်ဝန်း၏ ရှစ်ကြိမ်မြောက်အသက်ရှုချိန်။

သည်အခိုက်တွင် ဝမ်လင်း၏စိတ်နှလုံးသားမှာ လုံးဝ တည်ငြိမ်သွားလေပြီ။ သူက နေရာတွင် ရပ်ကာ ပြုံးနေ၏။ ဒြပ်စင်ငါးခုဂြိုဟ်၏ လှည့်ပတ်မှုက သတိပြုမိရန် ခက်ခဲလောက်သော အဆင့်ထိ လျော့ကျသွားလေပြီ။ ထိုဂြိုဟ်က ဝမ်လင်းရှေ့တွင် ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့၏။

ကိုးကြိမ်မြောက်အသက်ရှုချိန်သို့ ရောက်လာသည့်အခါ ၎င်းဂြိုဟ်သည် ဆက်လက်၍ လှည့်ပတ်ခြင်း မရှိတော့ပေ။ ဝမ်လင်း၏အမြင်၌ လုံးဝ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

သူသာ အလိုရှိပါက သူသည် ဒီစက်ဝန်းကိုးခုနှလုံးသားဘီးအစီအရင်ထဲကနေ လှမ်းထွက်ပြီး ဂြိုဟ်ထံသို့ ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုပေမည်။ သို့သော် သူက ထိုသို့ မလုပ်ပေ။ သူ့ဘဝတလျှောက် ဆုံးရှုံးမှုများ ခံစားခဲ့ရပြီးလျှင် သူက အမြဲတမ်း ပြန်ယူတတ်သူ ဖြစ်သည် မဟုတ်လား။ သူ့စိတ်စွမ်းအင် ကုန်ခမ်းတော့မည့်အတွက် ခုချိန်၌ သူက သေလုမတတ် ဖြစ်ခဲ့ရ၏။ သူသာ ဒီအဖြစ်ကို သည်းခံလိုက်ပါက သူသည် ဝမ်လင်း မဟုတ်တော့ပါ။

“ဒီအစီအရင်ရဲ့ နာမည်ကို ငါ မသိဘူး။ ဒါပေမဲ့ ဒါဟာ အသက်ရှိုချိန်ကိုးကြိမ်စာတိုင်းမှာ ပြောင်းလဲတယ်။ အခု ပြောင်းလဲခဲ့တာ စုစုပေါင်း ကိုးကြိမ်ပဲ။ တစ်ကြိမ်စီတိုင်းမှာ လှည့်ပတ်နှုန်းက ပိုပိုပြီး မြန်လာတယ်။ ဒါကြောင့် ဒါကို စက်ဝန်းကိုးခုနှလုံးသားဘီးလို့ ခေါ်ရင် မမှားနိုင်လောက်ဘူး…”

“ဒီအစီအရင်က ဘယ်လိုလုပ်သူ ဆန္ဒရှိသလို လှည့်ပတ်၊ရပ်တန့်နိုင်ပါ့မလဲ…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက ညာလက်ကို ဒြပ်စင်ငါးခုဂြိုဟ်ထံသို့ ညွှန်လိုက်၏။ ထို့နောက် သူ့လက်ဖြင့် စက်ဝန်းတစ်ခုကို ပြောင်းပြန် ရေးဆွဲလိုက်သည်။

“နှလုံးသားလှုပ်ရှားရင် ဒီဂြိုဟ်ဟာလည်း လှုပ်ရှားလိမ့်မယ်။ ငါ့နှလုံးသား ပြောင်းပြန် လှုပ်ရှားရင် ဒီဂြိုဟ်လည်း ပြောင်းပြန်လှုပ်ရှားလိမ့်မယ်။ မင်းတို့က ငါ့ကို ဒီအစီအရင်ထဲ ပိတ်မိနေစေချင်မှတော့ အခု မင်းတို့လည်း ဒီအစီအရင်ရဲ့ အံ့အားသင့်ဖွယ်ကောင်းပုံကို မြည်းစမ်း ကြည့်လိုက်တော့…”  ဝမ်လင်းက သူ့ညာလက်ဖြင့် တစ်ဆက်တည်း စက်ဝန်းများစွာကို ရေးဆွဲလိုက်လေသည်။

သူ၏ညာလက် လှုပ်ရှားသည့်အခါ ဒြပ်စင်ငါးခုဂြိုဟ်သည် ရပ်တန့်နေရာကနေ ရွှေ့လျားလာချေ၏။ သို့ပေမည့် သည်တစ်ကြိမ်၌ ၎င်းက ပြောင်းပြန်လည်ပတ်ခြင်းပင်။

၎င်းသည် ပြောင်းပြန် လှည့်ပတ်နေစဉ် မဟာအင်ပါယာရွှမ်လောက စတင် ရယ်မောတော့၏။ သူက ဝမ်လင်းကို အတော်လေး လေးစားမိသွားသည်။

“ဒီကောင်လေးက တကယ်ပဲ ငါ့စိတ်နဲ့ကိုက်တယ်။ သိပ်တော်တယ်…သိပ်တော်တယ်…”

တစ်ချိန်တည်းမှာ မဟာအင်ပါယာရွှမ်လောက ပျော်ရွှင်မိနေသော်လည်း ဂြိုဟ်ပေါ်ရှိကျင့်ကြံသူများကမူ ဆန့်ကျင်ဘက် ဖြစ်နေရပြီ။ သူတို့‌ေ ကာင်းကင်ထက်သို့ ကြည့်နေကြ၏။ သို့သော် ရုတ်တရက် တိမ်စိုင်များ ပြန့်ကြဲကာ ကောင်းကင်သည် အလျင်အမြန် ပြောင်းလဲလာ၏။ ကောင်းကင်သည် အပြာရောင်မရှိတော့ဘဲ ထိုအစား ဒြပ်စင်ငါးခုဂြိုဟ်၏ အပြင်ဘက်ရှိ လေဟာနယ်က အစားထိုးသည်။

ကောက်ရီကလန်မှ ကျင့်ကြံသူအားလုံးက လေဟာနယ်ထဲရှိ ဂြိုဟ်တစ်လုံးကို တွေ့မြင်ကြ၏။ ၎င်းမှာ ဒြပ်စင်ငါးခုဂြိုဟ်ပင် ဖြစ်နေသည်။

ထိုခံစားချက်က အလွန်ဆန်းကြယ်သည်။ သူတို့က ဒြပ်စင်ငါးခုဂြိုဟ်ပေါ်တွင် ရှိနေသည်မှာ ထင်ရှားသော်လည်း အခု သူတို့က ဒြပ်စင်ငါးခုဂြိုဟ်ကို မြင်နေရပြန်သည်။ သည်အဖြစ်မှာ တွေ့မြင်ရသူတိုင်း၏စိတ်နှလုံးများကို တုန်ယင်သွားစေနိုင်လောက်သည်။

ရွှေရောင်ဝတ်ရုံဖြင့်အဘိုးအိုသည်လည်း တုန်လှုပ်သွား၏။ သူက မင်သက်သွားပြီးနောက် သူ၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။

“မကောင်းတော့ဘူး…”

ချက်ခြင်းပင် သူတို့အမြင်အာရုံထဲရှိ ဒြပ်စင်ငါးခုဂြိုဟ်မှာ စတင်လှည့်ပတ်လာသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်လာကာ ဒီဂြိုဟ်၏လှည့်ပတ်မှုက ပိုမြန်လာသည်။ နှလုံးသား ရွှေ့လျားပါက ဂြိုဟ်သည် လှုပ်ရှားလှည့်ပတ်မည်။

ထိုရုတ်ချည်းဆန်သော မြင်ကွင်းက သူတို့၏နှလုံးသားများကို ကမောက်ကမ ဖြစ်စေသည်။ ထို့ကြောင့် သူတို့သည် စက်ဝန်းကိုးခုနှလုံးသားဘီးထဲ၌ ပိတ်မိကုန်ကြသည်။

သူတို့၏အမြင်၌ ဂြိုဟ်၏လှည့်ပတ်မှုက ဝဲကတော့တစ်ခုလို ဖြစ်လာခဲ့လေပြီ. ဤသည်မှာ ပထမစက်ဝန်း၏ ရှစ်ကြိမ်မြောက်အသက်ရှုချိန်သာ ရှိသေးသည်။

ထိုကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သွေးအန်ကာ နောက်သို့ ဆက်တိုက်ဆုတ်၏။ သူတို့က ကြောက်လန့်တုန်လှုပ်ကာ ထိတ်လန့်တကြား အော်ဟစ်လေသည်။

ရုတ်တရက် ဒုတိယစက်ဝန်း ရောက်ရှိလာပေပြီ။

နန်ဒူက သွေးအန်လိုက်ရပြီး ချက်ခြင်း မျက်လုံးမှိတ်လိုက်သည်။ သို့ပေမည့် သူ၏နာကျင်မှုနှင့် မူးဝေမှုက သူ့ကို တည်ငြိမ်အောင် မလုပ်နိုင်ဘဲ ဖြစ်စေသည်။ ထို့ကြောင့် သူက ခုခံရုံသာ တတ်နိုင်၏။ သို့ပေမည့် သူ ပို၍ ခုခံလေလေ သူ့စိတ်ထဲရှိ ဂြိုဟ်လှည့်ပတ်မှုက ပိုမြန်လာလေပင်။

အတိတ်တုန်းက ကြောက်ရွှံ့မှုက သူ့စိတ်ထဲတွင် ထပ်မံ ပြည့်ကြပ်လာပြန်၏။ ဤသည်က နန်ဒူကို ကြောက်ရွှံ့မှုကြောင့် ရူးသွပ်သွားတော့မတတ် ဖြစ်စေသည်။

ရွှေရောင်ဝတ်ရုံဖြင့်အဘိုးအိုလည်း ရှိသေး၏။ သူ့မျက်နှာမှာ သေလောက်အောင် ဖြူရောနေ၏။ သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားသည်။ သို့ပေမည့် ထိတ်လန့်တကြားအော်သံများ၊ အကူအညီတောင်းခံသံများက သူ့ကို ထပ်ခါထပ်ခါ နှောင်ယှက်နေ၏။ ထိုအတွက် သူ့အဖို့ မြန်ဆန်စွာ တည်ငြိမ်စေဖို့ ခက်ခဲလေတော့သည်။

သူ့အမြင်၌ ဒြပ်စင်ငါးခုဂြိုဟ် လှည့်ပတ်မှုက ဝဲကတော့အသွင် ပြောင်းလာပြီ မူးဝေသောခံစားချက်က သူ့အား ရူးသွပ်ချင်သလို ဖြစ်လာစေသည်။သူ့စိတ်စွမ်းအင်မှာ မြန်ဆန်စွာ သုံးစွာနေရသဖြင့် သူသည် ထိန်းချုပ်မှု လွတ်မတတ် ဖြစ်လာသည်။ သည်အခိုက်တွင် အစီအရင်က လေးကြိမ်မြောက်စက်ဝန်းသို့ ရောက်လာခဲ့ပေပြီ။

ထိုအခါ နန်ဒူနှင့် ရွှေရောင်ဝတ်စုံဖြင့် အဘိုးအိုတို့ကလွဲ၍ ကျန်သည့်ကျင့်ကြံသူအားလုံးသည် မေ့မြောသွားတော့၏။ သူတို့က မေ့မြောနေသော်လည်း သူတို့မျက်နှာပေါ်၌ နာကျင်မှု ရှိနေဆဲ ဖြစ်ကာ ပိုပိုအားကောင်းလာချေသည်။

သူတို့၏စိတ်အင်အားက မြန်မြန်ဆန်ဆန် ကုန်ဆုံးနေကာ သူတို့၏ခန္ဓာကိုယ်များမှာ သွေ့ခြောက်လာ၏။ သူတို့၏စိတ်စွမ်းအင်အပြင် အသက်ဓာတ်အားသည်ပင် ကုန်ခမ်းလာ၏။

နန်ဒူသည်လည်း ထိုသို့ ခံစားနေရသည်သာ။ သူက လေးကြိမ်မြောက်စက်ဝန်းတွင် ခဏတာ တောင့်ခံပြီးနောက် သတိလစ်သွားတော့၏။

ရွှေရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်တည်းသာ ရုန်းကန်နေ၏။ သူ့မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာကာ သူ့မျက်လုံးထဲ၌ ရူးသွပ်မှု ပြည့်လာပြီး သူက အော်ဟစ်လိုက်၏။ သူ့အမြင်၌ သူက ဒြပ်စင်ငါးခုဂြိုဟ်၏ ပုံရိပ်ပြန်မှုကို တွေ့မြင်နေရသည်။ ထိုဂြိုဟ်က ဝဲကတော့အဖြစ်သို့ ပြောင်းသွားခဲ့ပြီး မြန်ဆန်စွာ လှည့်ပတ်နေသည်ဖြစ်ရာ အစစ်အမှန်ဂြိုဟ်တစ်လုံး ဖြစ်သည်ဟုပင် ပြောဖို့ မဖြစ်နိုင်တော့ပေ။

အချိန်ကုန်လွန်လာ၏။ ငါးကြိမ်မြောက်၊ခြောက်ကြိမ်မြောက် စက်ဝန်းများထိ လှည့်ပတ်မှု ပြီးသွား၏။ ခုနစ်ကြိမ်မြောက်စက်ဝန်း လှည့်ပတ်စဉ်၌ ရွှေရောင်ဝတ်စုံဖြင့်အဘိုးအိုက သွေးအန်ကာ သူ့မျက်နှာသည် သွေ့ခြောက်တော့မည့် အရိပ်အယောင် ပြသလာသည်။

ထိုစဉ် မျှော်စင်၏ခုနစ်ထပ်၊ခြောက်ထပ်၊ငါးထပ်မြောက်တို့ ဟိန်းအော်သံသုံးသံ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာ မျှော်စင်ထံမှ အဘိုးအိုသုံးယောက်သည် ပျံသန်းထွက်လာကာ အမည်မသိမန္တာန်တစ်ခုကို အသုံးပြု၏။ သူတို့သုံးယောက်က ကြယ်များထံ သူတို့၏အင်္ကျီလက်အိုးများကို ဝေ့ယမ်းလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတခွင် ပျံ့နှံ့လေ၏။

ကောင်းကင်သည် ပြိုကျကာ လှည့်ပတ်နေသော ဒြပ်စင်ငါးခုဂြိုဟ်သည်လည်း ပျက်စီးသွား၏။ ထိုအစီအရင် ဆုတ်ဖြဲခံလိုက်ရသည့်အခါ၌ ဝမ်လင်း၏အဖြူရောင်ပုံရိပ်က ဒြပ်စင်ငါးခုဂြိုဟ်၏ ကောင်းကင်ထက်တွင် ပေါ်လာလေသည်။

All Chapters