← Chapters

မင်း ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ

Vol. 3 Ch. 40

မင်း ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ

Vol. 3 Ch. 40

~

“ ငါနိုင် တာများသွားလို့များ လူသစ်ကွင်းက ဆုမပေးချင်တော့တာလား...”

လင်းမို့တစ်ယောက် သူလုပ်သမျှ လူသစ်ကွင်းတွင် တိုက်ရိုက်ထုတ်လွှင့်နေသည်ကို သူမသိ ။ သူပြောလိုက်သည်ကို အားလုံး ကြားလိုက်ကြသည် ။

“ မာနကြီးလိုက်တာ...”

“ ဒီကောင် လူသစ်ကွင်းကို သူ့အဖေပိုင်တဲ့ ဆေးစိုက်ခင်းများ မှတ်နေလားမသိဘူး...”

“ အဲ့တာဖြစ်နိုင်တယ်ဟ... Black Earth ပွဲရှာတာ ကြာနေပြီ ခုထိမတွေ့သေးဘူး...”

“ တစ်နေ့ကျ ငါ Black Earth လို မာနကြီးနိုင်ရမယ်... ခေါင်းမော့ပြီး ကြွားနိုင်ရမယ်ကွ...”

ရှားနိုင်ငံ သိုင်းဌာနချုပ်...

လူသစ်ကွင်း စီမံခန့်ခွဲမှုဌာန ခေါင်းဆောင်သုံးယောက်၏ မျက်နှာ မည်းမှောင်နေ၏ ။ သူတို့ လက်ဖက်ရည်နှင့် ဆေးလိပ် မသောက်နိုင်တော့ ။ သူတို့ခေါ်ထားသောလူအားလုံး ရှုံးနိမ့်ခဲ့လေပြီ ။

“ ငါတို့ ရှုံးလို့ မဖြစ်ဘူး...”

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ လင်းမို့၏ မာနကြီးသော မှတ်ချက်ကို ကြားတော့ ခေါင်းဆောင်သုံးယောက်လုံး ​မျက်နှာဖြတ်ရိုက် ခံလိုက်ရသလိုပင် ။

သူတို့ ရှုံးနိမ့်မည်ကို ကြောက်ရမည်လော ။ သူတို့ A1 ဆေး ပေးရမည်ကို ဂရုစိုက်နေရမည်လော ။

သူတို့သည် သိုင်းဌာနရှိ ခေါင်းဆောင်များပင် ။ တခြားသူများအမြင်တွင် A1 ဆေးသည် အဖိုးတန်သော်လည်း သူတို့အဖို့ ထရပ်ကား အစီးလိုက် ပေးရလျှင်ပင် တစ်ချက်တွန့်မည်မဟုတ် ။ ပေးရသည်က သူတို့ အိပ်ကပ်ထဲက အိတ်စိုက်ရမည်မဟုတ်ပေ ။ သိုင်းဌာနချုပ်မှ ပေးသည်ဖြစ်ရာ သူတို့ နှမြောစရာ အကြောင်းမရှိ ။

သို့သော်လည်း ခေါင်းဆောင်များဖြစ်သဖြင့် သူတို့၏ ဂုဏ်သတင်းကို ဂရုစိုက်ကြသည် ။ လူသစ်ကျေးရွာ တာဝန်ကို သူတို့ ထုတ်ခဲ့သော်လည်း သိုင်းအလုပ်သင် တစ်ယောက်ကို မရပ်တန့်နိုင်ခဲ့ ။

“ ငါတို့ ဘာလုပ်သင့်လဲ...”

ခေါင်းဆောင် ဖြစ်သူ နျဲချင်က တိုးတိုး မေးလိုက်၏ ။

“ Black Earth က တကယ်ကြီး အဆင့်၄ ရောက်နေတာပဲ...”

လက်ထောက်ခေါင်းဆောင် နှစ်ယောက်ဖြစ်သော အကိုလောနှင့် ယွမ်လေးတို့ ကြက်သေသေနေကြသည် ။

သိုင်းအလုပ်သင်တစ်ယောက် အဆင့်၄ ရောက်ဖို့ဆိုသည်က မဖြစ်နိုင် ။ ဘယ်သောအခါမှ ဖြစ်နိုင်မည်မဟုတ် ။

“ သူ အဆင့်၄ လုံးဝ မဖြစ်နိုင်ဘူး... “

ယွမ်လေးက သေချာပေါက် ပြောလိုက်၏ ။

“ အဆင့်၃ မှာ ကြွက်သားတွေရဲ့ စွမ်းအားကို အသုံးချနိုင်တယ်... အဆင့်၄ မှာ အတွင်းအဂ်ါတွေ သွေးတွေ အရိုး တွေရဲ့ စွမ်းအားကို အသုံးချနိုင်တယ်... ဒီအဆင့်ကိုရောက်ရင် ခန္ဓာကိုယ်ပါရမီ ဘယ်လောက်နိမ့်နိမ့် သေချာပေါက် လက်သီးပြင်းအားက ကီလို ၁၂၀၀ ကိုကျော်သွားမှာ... သိုင်းအလုပ်သင်တစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ဘူး... “

လူတစ်ယောက်၏ တိုက်ခို​က်ရေးစွမ်းရည် မြင့်တက်လာလျှင် လက်သီးပြင်းအား သေချာပေါက်တိုးလာမည်ဖြစ်သည် ။

သို့သော်လည်း လင်းမို့သည် ထိုခေါင်းဆောင်များ ထင်သလိုမဟုတ် ။ သူ ရုတ်ချည်းတိုးတက်လာဖြင့် လက်သီးပြင်းအား ၁၂၀၀ ကီလို မကျော်နိုင်သေးခြင်းဖြစ်သည် ။ လက်သီး ပြင်းအားက တဖြည်းဖြည်းချင်း တိုးတက်လာနေသည် ။

“ တခြား ဖြစ်နိုင်တာ ရှိတယ်...”

ချဲနင်က ရုတ်တရပ် ပြောလိုက်၏ ။

“ Black Earth က အဆင့် ၄ တပိုင်း ဖြစ်နိုင်တယ် ...”

“ အဆင့်လေး တစ်ပိုင်း... “

အကိုလောနှင့် ယွမ်လေး ရှုပ်ထွေးသွားသည် ။ သူတို့ ထိုစကားအား အတော်ကြာအောင် ပြန်စဥ်းစားလိုက်သော်လည်း မသိချေ ။

အဆင့်၃ အထွတ်အထိပ်နှင့် အဆင့်၄ ကြားကွာခြားချက်မှာ အတွင်းအဂ်ါများကို ထိန်းချုပ်နိုင်ရန် ခက်ခဲခြင်းပင် ။ အဆင့် ၄ သို့ ရောက်သော်လည်း အတွင်း အဂ်ါများမထိန်းချုပ်နိုင်လျှင် အဆင့်၃ အထွတ်အထိပ်ဟုသာ ပြောရမည်ဖြစ်သည် ။

ထို့ကြောင့် Black Earth အား အဆင့်၃ အထွတ်အထိပ်ဟု ပြောနိုင်သလို အဆင့်၄ ဟုလည်း ပြောနိုင်ပေသည် ။ အဆင့်၄ တပိုင်း အဆင့် ဆိုသည်က အဘယ်နည်း ။

“ ဒီလိုဖြစ်တဲ့သူ အရမ်းရှားတယ်... “

ခေါင်းဆောင်နျဲချင်က...

“ Black Earth က အတွင်း အဂ်ါတွေ ထိန်းချုပ်နိုင်ပင်မယ့်... ခန္ဓာကိုယ် ပါရမီ အရမ်းနိမ့်လွန်းတော့ အတွင်း အဂ်ါတွေရဲ့ အစွမ်းကို အသုံးမချနိုင်ဘူး... “

လက်ထောက် ခေါင်းဆောင် နှစ်ယောက် ထိုအခါမှ နားလည်သွားသည် ။ Black Earth က တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ သို့ ရောက်ရှိနေသော်လည်း ခန္ဓာကိုယ် ပါရမီကြောင့် နောက်ပြန်ဆွဲခံထားရ၏ ။

သို့သော်လည်း အဆင့်၄ အောက် ပြိုင်ဘက်များအား အလွယ်တကူ အနိုင်ရနိုင်ပေသည် ။

“ သူ့ ခန္ဓာကိုယ် ပါရမီက ဘာလို့ အဲ့လောက်ဆိုးနေတာလဲ...”

ယွမ်လေး သက်ပြင်းချလိုက်မိသည် ။

“ ပိုအရေးကြီးတာက သူ့ ခန္ဓာကိုယ် ပါရမီက ဒီလောက်ဆွဲထားတာတောင် အဆင့်၄ ရောက်သေးတယ်ဆိုတော့ သူ့ စိတ်ဝိဥာည် ပါရမီက ဘယ်လောက်တောင် ကောင်းကင်ကို ဖီဆန်နေလဲ ... “

အကိုလော၏ အာရုံစိုက်မှု ပြောင်းလဲသွားသည် ။

“ ဒီကောင့် စိတ်ဝိဥာည် ပါရမီ က တကယ်ကြောက်စရာပဲ ဘာပဲဖြစ်ဖြစ်... “

ခေါင်းဆောင်နျဲချင်က တွေးတွေးဆဆဖြင့်...

“ အရေးအကြီးဆုံးက ဒီကောင့်ပါရမီ မဟုတ်ဘူး... ငါတို့ အရှက်မကွဲအောင် ဘယ်လို လုပ်ရမှာလဲဆိုတာပဲ...”

“ ငါတို့ ဒီကောင့်ကို ဆက်နိုင်ခိုင်းနေရင် လူသစ်ကွင်းမှာ ​မျက်နှာပြစရာ နေရာရှိမှာ မဟုတ်တော့ဘူး... “

ယွမ်လေးက မကျေမနပ် ပြောလိုက်၏ ။

“ ငါ လူသစ်ကွင်းထဲ ဝင်လို့မရလို့ပေါ့ကွာ... နို့မို့ရင် ငါ အဲ့ကောင်ကို ဝင်ရိုက်ပစ်တယ်... “

ထိုစကားကို နျဲချင် နှင့် အကိုလော ကြားတော့ ယွမ်လေးကို ကြည့်လိုက်မိသည် ။ ထိုကလေးက ကြာလေ အရှက်မရှိလေပင် ။ သိုင်းလောက၏ ထိပ်တန်း ပုဂ္ဂိုလ် က ကလေးတစ်ယောက်အား ကွင်းထဲဝင်၍ ရိုက်ချင်နေပေသည် ။

“ ယွမ်လေးမှန်တယ်... ဘာပဲဖြစ်ဖြစ် Black Earth ကို ရပ်နိုင်မှ ရမယ်... “

နျဲချင်က ဆက်ပြောသည် ။

“ ဒီကောင့်ကို နိုင်ဖို့ဆိုရင် အဆင့်၃ နဲ့မရတော့ဘူး အဆင့်၄ မှရမယ်...”

“ အဆင့်၄ ဆို ခေါ်ဖို့ လွယ်မှာ မဟုတ်ဘူး...”

အကိုလော မျက်မှောင်ကြုပ် လိုက်သည် ။ အဆင့်၄ မရှားပါးသော်လည်း သိုင်းလောကတွင် ကျွမ်းကျင်သူဟု သတ်မှတ်နိုင်ပေသည် ။ များသောအားဖြင့် ကောင်းကင်အဆင့် များသာ အဆင့်၄ ဖြစ်သည် ။ လူသစ်ကွင်းသို့ ကောင်းကင်အဆင့်များ မဝင်နိုင် ။ ထို့ကြောင့် အဆင့်၄ သို့ရောက်နေသော သိုင်းပညာရှင်ကိုသာ ရှာရမည်ဖြစ်သည် ။ ရှာရန် မလွယ် ။

“ ငါရှာလိုက်မယ်... ငါ့မှာ သင့်တော်တဲ့ လူရှိတယ်... “

ယွမ်လေးက ပြောလိုက်၏ ။

“ ငါ့ပိုင်နက်ထဲ မာနကြီးပြနေတဲ့ အဲ့ Black Earth ကို ငါမကြိုက်ဘူး... သူ့ကို အရှက်ကွဲအောင် ငါလူရှာလိုက်မယ်... “

လင်းမို့ ပွဲရှာနေသည်မှာ ဆယ်မိနစ် ကျော်လာသော်လည်း ရှာမတွေ့ ။

‘ ငါပွဲရှာတာ ရပ်လိုက်ရတော့မလား...’

‘ ဟူးးး..’

လင်းမို့ ဘာပြောရမှန်းမသိတော့ ။ တခြားသူများ နိုင်ပွဲဆက် ရပ်တန့်ရသည်မှာ ရှုံးနိမ့်သူများနှင့် ပွဲဆက်မရှာရဲသူများသာဖြစ်သည် ။ လင်းမို့ အတွက်တော့ သန်မာလွန်းသဖြင့် လူသစ်ကွင်းတွင် ပြိုင်ဘက် ရှာမတွေ့နိုင်ပေ ။

‘ ပြိုင်ဘက်ကင်းတစ်ယောက်ရဲ့ အထီးကျန်မှုဆိုတာ ဒီလိုပဲလား...’

လင်းမို့၏ မျက်နှာတွင် စိတ်ပျက်မှုများ ပေါ်လာသည် ။

ရုတ်တရပ်...

လင်းမို့သည် ပွဲရှာတွေ့ သွားသည်ကို သိလိုက်သည် ။

‘ ရှာတွေ့ပြီလား...’

လင်းမို့၏ မျက်နှာတွင် မျှော်လင့်ချက်အလင်းရောင်များ ဖြတ်ပြေးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်နေလေသည် ။

‘ ဘယ်ကောင် လာအရိုက်ခံတာလဲကွ...’

မကြာမီပင် လင်းမို့နှင့် သူ့ပြိုင်ဘက်တို့ တိုက်ပွဲကွင်းပြင်သို့ ရောက်ရှိသွားသည် ။ သို့သော်လည်း သူ့ပြိုင်ဘက်က သူ့ထက် မာနကြီးနေသည်ကိုမြင်လျှင် လင်းမို့ အံသြသွား၏ ။

“ Black Earth ဆိုတာမင်းလား...”

ငွေရောင် ဆံပင်တိုတိုနှင့် ပြိုင်ဘက်က လင်းမို့ကို အထင်သေးဟန်ဖြင့် စိန်ခေါ်လိုက်သည် ။

“ ပြောပါ... မင်းဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ... “

All Chapters