အရက်စက်ဆုံး အရိုက်ခံရခြင်း
Vol. 3 Ch. 42
~
‘ လက်ဆွဲနှုတ်ဆက်မှာလား...’
ချင်ဖုန်း အနည်းငယ် အံ့သြ သွားသော်လည်း မျက်လုံးအတွင်းဝယ် မြေခွေးတစ်ကောင်အရိပ်အယောင်များ ဖြတ်သန်းသွားသည် ။
“ ဒါပေါ့...”
ချင်ဖုန်းက အတွေ့အကြုံ မရှိသည့် လူငယ်လေးအသွင် အန္တရာယ် မရှိသည့်ဟန် ဖြင့် ပြောလိုက်၏ ။
‘ Black Earth က ဒီလို ကောက်ကျစ်မယ် ထင်မထားဘူး... စိတ်ဝင်စားစရာပဲ...’
ချင်ဖုန်း၏ နှုတ်ခမ်းထောင့်များက ကစားလိုသည့်ဟန်ဖြင့် ပြုံးလိုက်သဖြင့် တွန့်ကွေးသွားသည် ။
‘ မင်းက လှည့်စားချင်တာလား...’
‘ ဒီခေတ်မှာ လူတိုင်းမြေခွေးတွေကြည့်ပဲကွ... ‘
‘ ငါနဲ့ လှည့်စားတာ ပြိုင်ချင်လို့လား...ဟီးဟီးဟီးးး...’
သူတို့ နှစ်ယောက် တိုက်တွဲကွင်းပြင် အလယ်သို့ လျှောက်လာပြီး တစ်မီတာ အကွာတွင် ရပ်လိုက်ကြသည် ။ နှုတ်ဆက်မည့်ဟန်ဖြင့် ညာလက်များ ပြိုင်တူမြှောက်လိုက်ကြပြီး...
“ မဂ်လာပါ သူငယ်ချင်း...”
ရုတ်တရပ်...
ပြုံးနေသော ချင်းဖုန်း၏ အသွင်မှာ ချက်ချင်း ခက်ထန်သွားသည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ၏ ခွန်အား မှာ ပေါက်ကွဲထွက်လာပြီး မြှောက်ထားသော ညာလက်ကို ဝိုက်လက်သီး အသွင်ပြောင်းကာ လင်းမို့၏ မေးစေ့ကို လှမ်းထိုးလိုက်သည် ။
ကျေနပ်နေသော အပြုံးက ချင်ဖုန်း၏ မျက်နှာတွင် ပေါ်လာ၏ ။ သူ၏အမူအရာကို ကြည့်လျှင်...
‘ စပရိုက် မားသားဖားကာ... ငါအရင်ဦးတယ်ကွ...’
လင်းမို့သည် ထိုသည်ကြောင့် လှည့်စားမခံရ ။ သူ့ကိုသူ မြေခွေးအိုကြီးဟု သတ်မှတ်ထားသူမှာ အခြားမြေခွေးငယ်လေးများကြောင့် အဘယ်သို့ လှည့်စားခံရမည်နည်း ။
ချင်ဖုန်း လက်သီးဖြင့် ထိုးလိုက်သည်နှင့် လင်းမို့က ဘေးသို့လှည့်ကာ လက်ဖြင့် ကာလိုက်၏ ။
“ ဘန်း...ဘန်း...ဘန်း...”
တစ်ခဏချင်း သုံးကွက် ဖလှယ်လိုက်သည် ။
“ အဆင့်၄...”
တစ်ယောက်နှင့် တစ်ယောက်ကြည့်ရင်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များမှာ တူညီနေမှန်း သိလိုက်ကြသည် ။
‘ အဆင့်၄ သိုင်းအလုပ်သင်ဟ...’
ချင်ဖုန်း ချက်ချင်းပင် အထင်ကြီးမိသွားသည် ။ သို့သော်လည်း နောက်ဆုံးအဖြေ ပြောင်းလဲသွားမည်ဟု သူမထင်မိ ။
‘ အဆင့်၄ အစပိုင်း က ငါ့ကို အနိုင်ယူဖို့ မလုံလောက်ဘူး... ငါ့စိတ်စွမ်းအားကို လက်သီးပြင်းအားနဲ့ ပေါင်းလိုက်တာနဲ့ အေးဆေးနိုင်တယ်... ‘
ချင်ဖုန်း အတွေးများမိ သွားသည်ကြောင့် လင်းမို့ ညာခြေကို မြှောက်ကာ ပြင်းပြင်းထန်ထန် နင်းချလိုက်သည်ကို သတိမထားမိလိုက် ။
လင်းမို့ ပြင်ဆင်ထားသော အလစ်တိုက်ကွက်ပင် ။
‘ ခြေထောက်ကွ...’
လင်းမို့က ခြေဖနောင့်ဖြင့် ချင်ဖုန်း၏ ခြေချောင်းများအပေါ်သို့ အားကုန် ပေါက်ချလိုက်သည် ။
“ အွတ်းးး....”
လက်ချောင်းများက နှလုံးနှင့် ချိတ်ဆက်ထားသလို ခြေချောင်းများလည်း အတူတူပင် ။ ချင်ဖုန်း နာကျင်မှုကြောင့် ကြည်ဖတစ်ကောင်လို အော်လိုက်မိသည် ။ နာကျင်လွန်းသဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ ။
ဤသည်က လင်းမို့ စောင့်နေသော အခိုက်အတန့် ။
“ ဖောင်းဖောင်းဖောင်းးး...”
တစေအရိပ်သဖွယ် လျှင်မြန်၍ အားပါလှသော လက်သီးတွဲလုံးများက ချင်ဖုန်း၏ နှဖူး ဆီသို့ တရစပ် ဝင်သွားသည် ။
အလစ်တိုက်ကွက်နှင့် လက်သီးတွဲလုံး က ဆက်တိုက်ပင် ။
‘ တိုက်ခိုက်ရေး အသိညဏ် ဆိုတာ ဘာလဲသိလား...’
‘ အဲ့တာ အလိုအပ်ဆုံးပဲကွ...’
‘ မင်းလဲနေတုန်း သေအောင်ရိုက်မယ်... ‘
လင်းမို့ အလစ်တိုက်ကွက် အောင်မြင်သွားသည်နှင့် လက်သီးတွဲလုံးများ ပစ်သွင်းလိုက်သည် ။ မျက်နှာကိုသာ ဦးတည်ထားပေသည် ။ ချင်ဖုန်း ချက်ချင်းလဲကျသွား၏ ။
သနားစရာ ချင်ဖုန်း ပြန်မတိုက်နိုင် ။ သူ၏ အဆင့်၄ စိတ်စွမ်းအားနှင့် တုန့်ပြန်နိုင်ရင် ကြိုးပမ်းနေသည် ။ သို့သော်လည်း လက်သီးတွဲလုံးများက မျက်နှာဆီသို့ ဆက်တိုက်ဝင်လာသဖြင့် စိတ်စွမ်းအားကို မထိန်းချုပ်နိုင်တော့ ။ သူ၏ စိတ်စွမ်းအားကို အသုံးမချနိုင်လျှင် သာမန်သိုင်းပညာရှင်နှင့် ကွာခြားတော့မည်မဟုတ်ချေ ။
“ ဖုန်းဖုန်းဖုန်းဖုန်းးးး...”
လက်သီးမိုးများက ဆက်တိုက်ရွာကြလာသည် ။ ချင်ဖုန်း၏ ခေါင်းမှာ ဝက်ခေါင်းသဖွယ် ရောင်ကိုင်းနေ၏ ။ ယခုအခိုက်အတန့် သူတစ်ခုသာ တွေးနိုင်တော့သည် ။
‘ ဒီကလိန်ကကျစ်ကောင် က ကောက်ကျစ်လွန်းတယ်... ‘
လင်းမို့ အံ့သြ သွားသည် ။
‘ ဒီကောင့်ခေါင်းက အရိုက်ခံနိုင်လှပါလား...’
အဆင့်၃ များဆိုလျှင် သူတစ်ချက်ထိုးသည်နှင့် ရှုံးနိမ့်သွား၏ ။
အဆင့်၄ ရောက်လျှင် ခန္ဓာကိုယ်တစ်ခုလုံးရှိ အဂ်ါများအားလုံး နှင့် သွေး ကို ထိန်းချုပ်နိုင်သဖြင့် ခံနိုင်ရည် မြင့်မားလှသည် ။ ထို့အပြင် အဆင့်တူခြင်းကို လက်ဗလာဖြင့် ထိုးနေသည်ဖြစ်ရာ သေအောင်သတ်ရန် မလွယ်ကူပေ ။
‘ ငါပိုအားထည့်ရမယ်... ‘
လင်းမို့ တွေးမိသည်နှင့် သူ၏ လက်သီးတွဲလုံးများက ပို၍ ပြင်းထန်လာသည် ။
ချင်ဖုန်းက ပြန်မထနိုင်ဘဲ ဆက်တိုက်အထိုးခံနေရသည် ။ ပြန်တိုက်ဖို့ရန် အသက်ရူချိန်ပင်မရ ။
“ သနားစရာပဲ... “
ဆက်တိုက်အထိုးခံနေရသည်ကို ကြည့်နေကြသူများ ဆံပင်များထောင်ကုန်ကြသည် ။
“ ရက်စက်လိုက်တာ... သူ့နာမည်ကို Black Earth မဟုတ်ဘဲ Black Hand လို့ ပြောင်းလိုက်ရမှာ... “
( နောက်ကွယ်က ထိန်းချုပ်သည့် လက်မည်းကြီး... )
“ ဟာသဖြစ်အောင် ကြွားတဲ့ကောင် ကျွဲရိုက် နွားရိုက် အရိုက်ခံနေရပြီ... “
“ ငါတော့ အဲ့ငကြွားကောင် အရိုက်ခံရတာ ကျေနပ်တယ်...”
သန်းနဲ့ချီသော ကြည့်ရှုသူများ ချင်ဖုန်းအရိုက်ခံရသည်ကို မြင်ရရန် စောင့်နေကြခြင်းဖြစ်သည် ။
ချင်ဖုန်းက စပေါ်လာကတည်းက အမြင်ကပ်လောက်အောင် မာနကြီးနေသည်ဖြစ်ရာ လူတိုင်း သူအရိုက်ခံရသည်ကို မြင်လိုလှသည် ။
အမှန်တော့ ချင်ဖုန်းသည် ရှားပါးသော စိတ်စွမ်းအားရှင် ဖြစ်သလို တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ရှိသူဖြစ်သည် ။ ရွယ်တူခြင်း သူ့အား မည်သူ အနိုင်ရနိုင်မည်နည်း ။ ထို့ကြောင့် ချင်ဖုန်း၏ မာနမှာ ပို၍ပို၍ ကြီးလာခြင်းပင် ။
သို့သော်လည်း ကံမကောင်းသည်ကြောင့် လင်းမို့နှင့် တွေ့လာခဲ့၏ ။
လူသစ်ကျေးရွာ စီမံခန့်ခွဲမှု ဌာန...
ခေါင်းဆောင်သုံးယောက်နှင့် ကောင်းယွဲ့တို့ ကြက်သေသေနေကြသည် ။
ဤသို့ ဖြစ်လာမည်ဟု သူတို့ လုံးဝမထင်ခဲ့ကြ ။ Black Earth က ချင်ဖုန်းကို အသေရိုက်နေသည် ။
ဒီ...
‘ ရက်စက်လိုက်တာ...’
‘ ကြောက်စရာကောင်းလိုက်တာ...’
‘ ဆိုးရွားလိုက်တာ...’
“ အဆင့်၄ သိုင်းအလုပ်သင် ဖြစ်လိမ့်မယ်လို့ ငါလုံးဝ ထင်မထားဘူး...”
နျဲချင်က ခေါင်းယမ်းကာ ပြောလိုက်၏ ။
“ အဆင့်၄ ကြောင့်မဟုတ်ဘူး... ဒီကောင်က ကောက်ကျစ်တာ... အလစ်တိုက်တာ ကိစ္စမရှိဘူး... ဘယ်လိုလူမျိုးက ခြေချောင်းတွေကို အလစ်တိုက်လို့လဲ... ကောက်ကျစ်လိုက်တဲ့ကောင်... “
“ အလစ်တိုက်ကွက်ပါဆိုမှ... အကုန်သုံးရမှာပေါ့... “
အကိုလောက အလွန်တည်ငြိမ်နေ၏ ။ သူဒါမျိုး ခံစားဖူးပေသည် ။ သူငယ်စဥ်က ဤကဲ့သို့ ခဏခဏ အရိုက်ခံခဲ့ရဘူးသည် ။
“ ခု ကျိုးချင်ဖုန်းက ဒီလောက်အရိုက်ခံနေရတာ သူ့ကို ဘယ်လိုနှစ်သိမ့်ပေးပြီး ဘယ်လိုကျေနပ်အောင်လုပ်မှာလဲဘဲ တွေးထားသင့်တယ်... “
“ ငါ...ငါ ဘယ်လိုသိမှာလဲ...”
ယွမ်လေး စိတ်ဓာတ်ကျသွား၏ ။
ကျိုးချင်ဖုန်း၏ စာရွက်ပေါ်ရှိ ခွန်အားအရ လူသစ်ကျေးရွာတွင် အဆင့်၄ အလယ်ဆင့်များကိုပင် ယှဥ်နိုင်ပေသည် ။ ယခုကဲ့သို့ သိုင်းအလုပ်သင်၏ ရိုက်နှက်ခြင်းခံရမည်ဟု မည်သူထင်မည်နည်း ။
“ မင်းသူ့ကို နှစ်သိမ့်ပေးဖို့ သေချာစဥ်းစားရမယ်... “
ခေါင်းဆောင်နျဲက...
“ ဒီကလေးက တစ်သက်လုံး ဒီလို အရှက်ကွဲဖူးမှာ မဟုတ်ဘူး... သူကျေနပ်အောင် နှစ်သိမ့်မပေးနိုင်ရင်... သူမင်းကို တစ်သက်လုံး မုန်းသွားလိမ့်မယ်... “
ထိုစဥ် သိုင်းပညာအကြောင်း သိပ်မသိသော ကောင်းယွဲ့က ဝင်မေးလိုက်သည် ။
“ ကျိုးချင်ဖုန်းက စိတ်စွမ်းအားရှင် မဟုတ်ဘူးလား... ဘာလို့ သူ့စိတ်စွမ်းအားသုံးပြီး ပြန်မတိုက်တာလဲ... “
“ သူဘယ်လိုလုပ် စိတ်စွမ်းအား သုံးနိုင်မှာလဲ... “
ခေါင်းဆောင်နျဲက ခေါင်းကို လက်ညိုးဖြင့် ညွှန်ပြရင်း ကောင်းယွဲ့ကို ခေါင်းသုံးစဥ်းစားရန် အမူအရာပြလိုက်သည် ။
“ ခေါင်းကို ဒီလောက် အထိုးခံနေရတာ သူဘယ်လိုလုပ် အာရုံစိုက်နိုင်တော့မှာလဲ... အာရုံမစိုက်နိုင်ရင် စိတ်စွမ်းအား သုံးလို့မရတော့ဘူးလေ...”
“ သူ စိတ်စွမ်းအား စုစည်းဖို့ ကြိုးစားရင်တောင် ပြန့်ကျဲ ကုန်လိမ့်မယ်... “
အကိုလောက ဝင်ထောက်ခံလိုက်၏ ။
“ အော် အဲ့လိုကို... “
ငတုံးမလေး ကောင်းယွဲ့ နားလည်သွားသည် ။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုကို လှမ်းကြည့်လိုက်မိ၏ ။
“ ဟင်း... သနားစရာလေး... “
“ ဖုန်း...ဖုန်း....ဖုန်း...ဖုန်း....”
တိုက်ပွဲကွင်းပြင်အတွင်း ချင်ဖုန်းကို သတ်နိုင်ရန် လင်းမို့ လက်သီးချက် ရာကျော်ထိုးလိုက်ရသည် ။
ချင်ဖုန်းတစ်ယောက် သူ၏ ခန္ဓာကိုယ် မှုံဝါးလာသည်နှင့် မျက်ရည်များ စီးကျလာလေသည် ။
“ Black Earthhhhh… မင်းလွန်သွားပြီ... မင်းထမင်းဝအောင်စားထား... ငါမင်းကို ဘယ်တော့မှ မမေ့ဘူး...”
“ အဲ့တော့.... “
လင်းမို့က အမှုမထားဟန်ဖြင့် ပြောလိုက်၏ ။
“ ငါမင်းကို အကြံပေးအုံးမယ်... လူငယ်ဆိုတာက ရိုးသားပြီး နှိမ့်ချ နေရတယ်... အရမ်းမာနမကြီးနဲ့...”
“ မင်း...မင်းလည်း လူငယ်ပဲကို...”
ချင်ဖုန်းက ပြန်ပြောသည် ။
“ ငါလား... “
လင်းမို့က ခဏစဥ်းစားပြီးမှ ပြန်ဖြေလိုက်သည် ။
“ လူငယ်တွေ ကြားထဲမှာ မာနကြီးနိုင်တာ ငါတစ်ယောက်ပဲ ရှိတယ်... “
လင်းမို့ ပြောပြီးသည်နှင့် လက်သီးအား ပွတ်နေရတော့သည် ။ မာနကြီးရန်အတွက် အဖိုးအခပင် ။ သူ၏လက်သီး နာကျင်လှလေပြီ ။