Black Earth က ဘယ်သူလဲ
Vol. 3 Ch. 44
မနက်စောစော...
နေမင်း၏ လင်းရောင်ခြည်က ကျဆင်းလာလေပြီ ။
လင်းမို့ နိုးနိုးချင်း စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်၏ ။
‘ လက်သီးပြင်းအား ၁၂၀၃ ကီလို... ‘
လင်းမို့ မျက်ခုံးပင့်လိုက်သည် ။ သူ တစ်ညအိပ်လိုက်သည်နှင့် သိုင်းပညာရှင် ဖြစ်လာခဲ့လေပြီ ။
‘ ငါ မနေ့ညက ဆေးခနခန ထသောက်တာလည်းပါမယ်...’
အိမ်နီးချင်းများ၏ တက်ကြွအမှတ်များကိုသာ အားကိုးနေပါက ၁၂၀၀ ကီလို ကျော်နိုင်ခဲ့မည်မဟုတ် ။ တရေးနိုးတိုင်း ဆေးထသောက်ခဲ့သဖြင့် ကျော်လွန်နိုင်ခဲ့ခြင်းဖြစ်သည် ။ အကျိုးဆက်အနေနှင့် သူညက အိမ်သာ လေးငါးခေါက် ပြေးခဲ့ရသည် ။
‘ ငါ သိုင်းပညာရှင် ဖြစ်လာပြီဆိုတော့ အတည်ပြုလက်မှတ်ကို အချိန်မရွေး သွားယူလို့ရပြီ...’
လင်းမို့ တွေးရင်း ဗီရိုထဲမှ တီရှပ်တစ်ထည် ထုတ်ဝတ်လိုက်သည် ။
လက်သီးပြင်းအားဟု အလွယ်ခေါ်ဆိုနေသော်လည်း လက်သီးတစ်ချက်၏ ပြင်းအားကို ပြောသည်မဟုတ်ချေ ။ ကိုယ်ခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှု အချက်အလက်များကို ခေါ်ဆိုခြင်းဖြစ်သည် ။
လက်သီးပြင်းအား ၁၂၀၀ ကီလို ဆိုသည်က ဆေးဘက်ဆိုင်ရာ ကရိယာများဖြင့် စမ်းသပ်လျှင် ခန္ဓာကိုယ်ရှိ ဆဲလ်များ အမှတ် ၁၂၀၀ ရောက်ရှိနေသည်ကို ခေါ်ဆိုခြင်းပင် ။
အမှတ်၁၂၀၀ တူညီသော လူနှစ်ယောက် ရှိလျှင် ကြွက်သားကြီးမားပြီး ခန္ဓာကိုယ်ကြံ့ခိုင်သောလူ၏ လက်သီးပြင်းအားမှာ ၁၃၀၀. ၁၄၀၀ ကီလိုသို့ ရောက်ရှိနိုင်ပြီး ကိုယ်ခန္ဓာပိန်ပိန်ပါးပါး ရှိသူဆိုလျှင် ၁၀၀၀ ကီလိုခန့်သာ ရှိနိုင်သည် ။
သို့သော်လည်း တုတ်ခိုင်သော သိုင်းပညာရှင်က လေးလံနှေးကွေးပြီး ပိန်ပါးသောသူက ပိုမိုသွက်လက်မည်ဖြစ်သည် ။ ထို့ကြောင့် ထိုသူတို့ တိုက်ခိုက်လျှင် မည်သူအနိုင်ရနိုင်မှန်း ပြောနိုင်မည်မဟုတ် ။
တိုက်ခိုက်ရေး စွမ်းရည်ဆိုသည်က ခွန်အားသုံးရန် နည်းလမ်းဟု သတ်မှတ်နိုင်သည် ။
ဥပမာအားဖြင့် လင်းမို့၏ လက်သီးပြင်းအားမှာ ၁၂၀၀ ကီလိုသာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ဖြင့် ထိန်းချုပ်လျှင် လက်သီးပြင်းအား ၄၀၀၀ ကီလိုအထိ ရောက်ရှိနိုင်သည် ။
ထို့ကြောင့် အဆင့်တူ သိုင်းပညာရှင်များနှင့် ယှဥ်လျှင် လင်းမို့က လက်သီးပြင်းအား ပိုများပြီး ပိုမိုသွက်လက်ပေသည် ။
‘ သိုင်းပညာရှင် အတည်ပြုလက်မှတ် သွားယူဖို့ ဘယ်အချိန်သွားရမလဲ... ‘
လင်းမို့သည် အဝတ်အစားများ ဝတ်ဆင်ပြီးသည်နှင့် အိမ်အပြင်သို့ ထွက်လာလိုက်သည် ။
‘ လက်မှတ်ကတော်တော် အသုံးဝင်တယ်... အထူးအခွင့်အရေးအများကြီးရမှာ...’
တခြားအခွင့်အရေး ထားအုံးတော့ ။ သိုင်းပညာရှင်များသည် သာမန်လူများအား ရိုက်နှက်လျှင် အဖမ်းခံရမည်မဟုတ်ချေ ။ ထို့ကြောင့် မနေ့က သိုင်းပညာရှင်နှစ်ယောက် ယင်ကျန့်အား ရိုက်ရဲခြင်းဖြစ်သည် ။ သာမန်လူများအား အကြောင်းပြချက်မရှိ ရိုက်နှက်နိုင်ပေသည် ။
လင်းမို့ သည် သူ့အား ထိပ်တန်းတက္ကသိုလ်များက ဖိတ်ကြားထားသည့် အီးမေးလ်များကို မကြည့်မိသေး ။ အင်တာနက် သုံးရသည်ကို မကြိုက်သဖြင့် မနက်စောစော ရှေးဦးစကြာဝဠာ အတွင်းသို့ ဝင်ရန်အကြောင်းမရှိချေ ။
ဟိုင်းချန် အထက်တန်းကျောင်း...
လင်းမို့ ကျောင်းကွင်းပြင် မှ အမြန် ဖြတ်ပြေးလိုက်သည် ။ ယနေ့ တက်ကြွအညွှန်းကိန်း မှာ တရိပ်ရိပ် တက်လာနေပေသည် ။ ဤသည်မှာ မထူးဆန်း ။ ကျောင်းဖွင့်ရက် ပထမဆုံးနေ့ ဖြစ်သဖြင့် ကျောင်းသားများ တက်ကြွနေလေသည် ။ နောက်တစ်ပတ်တွင် စာမေးပွဲဖြေမည် ဖြစ်သဖြင့် ပို၍ ကြိုးစားနေကြသည် ။
လင်းမို့သည် အရင်နှစ်ရက်က ဆရာမလု ပေးထားသော တာဝန်ကို မမေ့ ။ ပထမနှစ် နှင့် ဒုတိယနှစ် ကျောင်းသားများကို လှုံဆော်ပေးရမည်ဖြစ်သည် ။ ထိုစဥ် က သူသည် ရင်ဘက်ကို ပုတ်၍ ‘ ကျောင်းသားများ တိုးတက်စေရန် ကျောင်း၏တာဝန်ကို ထမ်းဆောင်မည်ဟု’ ကတိပေးခဲ့၏ ။
တစ်ပတ်ပြီးသွားသော်လည်း သူမလုပ်ရသေး ။ သူ A1 ဆေး အလုံအလောက်ရရှိပြီး စာမေးပွဲမစမှီ လက်သီးပြင်းအား ၂၀၀၀ ကီလိုသို့ ရောက်ရှိနိုင်မည်ဖြစ်သော်လည်း ထွေးပြီးသား တံတွေး ပြန်မမျိုနိုင် ။ သူပြောခဲ့သည့် စကားကို ဖြစ်အောင် လုပ်ရမည် ။
ပို၍ အရေးကြီးသည်က စာမေးပွဲမစမှီ သူ၏ လက်သီးပြင်းအား ၂၃၀၀ ကီလိုလောက်ထိ ရောက်ရှိသွားပါက မည်သို့ ဖြစ်မည်နည်း ။
‘ ငါ ဂျူနီယာ တွေကို တိုးတက်အောင် ကူညီဖို့က ငါ့တာဝန်ပဲ...’
ရှေ့တွင် အတူတကွ လေ့ကျင့်နေကြသော ပထမနှစ်နှင့် ဒုတိယနှစ်များကိုကြည့်ကာ လင်းမို့၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည် ။ သူလုပ်ရမည်ကို စဥ်းစားထားပြီးဖြစ်ပေသည် ။
“ အကိုမို့....”
ပန်ဒါ မျက်လုံးနှင့် ဖတ်တီးလေး ဟောက်ရန်က နောက်မှ ပြေးလာပြီး ခေါ်လိုက်သည် ။ သူ့ကို ကြည့်ရသည်မှာ အားလပ်ရက်အတွင်း အသေအကြေ ကြိုးစားထားပုံရသည် ။
“ အကိုမို့... ကျွန်တော် ဆက်မလုပ်နိုင်တော့ဘူး... ‘
“ ဘာလို့မလုပ်နိုင်ရမှာလဲ... စာမေးပွဲနီးပါပြီဟ အံကြိတ်ပြီး ကြိုးစားမှပေါ့...”
လင်းမို့က ပေါ့ပေါ့ပါးပါး ပြောလိုက်၏ ။ ပါးစပ်ပြောက အလွန် လွယ်ကူပေသည် ။
“ ဆက်လုပ်နေရင် ကျွန်တော့ ခန္ဓာကိုယ်က အရိုးခြောက် ဖြစ်တော့မယ်ဗျ... “
ဟောက်ရန် သက်ပြင်းချလိုက်၏ ။
“ အကိုပြောသလိုပဲလေ စာမေးပွဲက ဖျင်နား ကပ်နေပြီး ဒီချိန်မှ ဘယ်လောက်ကြိုးစားကြိုးစား အသုံးမဝင်တော့ဘူး... လက်ရှိ ကျွန်တော့ အခြေအနေနဲ့ဆို အနိမ့်ဆုံး တက္ကသိုလ်တော့ သေချာပေါက်မှီတယ်... ကျွန်တော် ဆက်မလုပ်ချင်တော့ဘူး... “
“ ဆက်မကြိုးစားလို့ ဖြစ်မလားကွ...”
လင်းမို့၏ မျက်နှာ လေးနက်သွားသည် ။
“ ဝင်ခွင့် စာမေးပွဲအမှတ်တွေ တိုးလာမယ်လို့ ပြောတ မကြားဘူးလား...”
“ ကြားတယ်လေ... အဲ့တာ ကောလဟာလတွေပဲ မဟုတ်ဘူးလား...”
ဟောက်ရန်က မေးလိုက်၏ ။
“ ကောလဟာလလို့ မင်းကို ဘယ်သူကပြောလဲ... “
လင်းမို့ လေးလေးနက်နက် ပြောလိုက်သည် ။
“ အိမ်ရောင်းပြီး ဆေးဝယ်သောက်နိုင်တာ မင်းတစ်ယောက်ထဲလို့ မထင်နဲ့... ငါကြား...”
လင်းမို့၏ အသံက တိုးလာပြီး လျို့ဝှက်ချက်များ ပြောမည့်ဟန်ဖြင့်...
“ A1 ဆေးကို ရေနွေးအိုးထဲထည့်ပြီး ရေလိုသောက်တဲ့သူ တစ်ယောက်ရှိတယ်လို့ ငါကြားထားတယ်... မင်းသူနဲ့ ယှဥ်နိုင်လား... မင်းရဲ့ ရေနွေးအိုးထဲမှာ ဘာရှိလဲ... “
“ ဟစ်.... “
ဟောက်ရန် လန့်သွား၏ ။ သူက ရေနွေးအိုး၏ အရွယ်အစားကို တွေးကြည့်ရင်း....
“ မဖြစ်နိုင်ဘူး... လုံးဝမဖြစ်နိုင်ဘူး...”
လင်းမို့သည် ရေနွေးအိုး( အပူထိန်းခွက်ပုံစံ ) ထုတ်ယူ၍ တစ်ငုံံသောက်ကာ တည်ငြိမ်စွာဖြင့်...
“ ငါက မင်းကို လိမ်မလားကွ... ခုချိန်ဆို အဲ့ကောင် အိုးလိုက်မော့လိုက်နေလောက်ပြီ... မင်းတက်နိုင်တာလေးနဲ့ ဘာမှ ဆက်မကြိုးစားဘဲ နေလို့ရမလား...”
ဟောက်ရန် အံ့သြ သွားပြီး...
“ အကိုမို့မှန်တယ်... ရက်နဲနဲပဲ လိုတော့တယ် ကျွန်တော် အရှုံးမပေးဘူး... အဆုံးထိ ဆက်ကြိုးစားမယ်... “
လင်းမို့ ကျေနပ်စွာ ပြုံးလိုက်၏ ။
‘ အဲ့လိုမှပေါ့... ‘
ပျင်းရိခြင်းသည် ကူးစက်တက်ကြောင်း သိထားရမည် ။ လင်းမို့ ပျင်းရိခြင်းသည် ကိစ္စမရှိသော်လည်း အခြားသူများ ပျင်းရိ၍တော့မဖြစ် ။ သူ၏ တက်ကြွအမှတ်များ ပလုံ သွားလိမ့်မည် ။
“ အကိုမို့ ... ကျွန်တော် ပြောစရာရှိတယ်... “
ဟောက်ရန်က ခပ်တိုးတိုး ဖြင့်...
“ လျို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုက အကို့ကို စောင့်ကြည့်နေတယ်တဲ့... “