ရာစုနှစ်၏ အကောင်းဆုံး တိုက်ပွဲ
Vol. 3 Ch. 265
ကျန်းအန့်ချီ ချန်းဖန်ကို ငေးကြည့်လိုက်သည်။ ထိုကဲ့သို့သော အကျိုးဆက်များ တသီတတန်းကြီး ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့် ထားခဲ့ချေ။ ကျန်းအန့်ချီ အတွေးတွင် ချန်းဖန် ဟောင်ကောင်သို့ လိုက်လာပြီး အကြွေး တောင်းလျှင်ပင် ဥပဒေကို လိုက်နာရမည်။ ကျန်းမိသားစုမှာ ဟောင်ကောင်တွင် အင်အားကြီးမားသော မိသားစု ဖြစ်ရာ ဥပဒေကို လက်တစ်လုံးခြား လုပ်ရန် သိပ်မခက်ပေ။ ချန်းဖန်တွင် သက်သေပြစရာ တစ်ခုမှ မရှိရာ သူမ ပေးစရာလည်း လိုတော့မည် မဟုတ်ချေ။
သို့သော် မထင်မှတ်ထား လောက်အောင်ပင် ချန်းဖန်က စည်းမျဉ်း၊ စည်းကမ်းများကို ဂရုမစိုက်ပေ။ သူမကိုပင် ပြန်ပေးဆွဲ လိုက်သေးသည်။ ရုတ်တရက် အတွေးတစ်ခုက ကျန်းအန့်ချီ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ သူမကဲ့သို့ ကျန်းမိသားစု၏ အချစ်တော် ရတနာလေးကို တောင်ပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်လာခြင်းမှာ အကြောင်းရင်း တစ်ခု ရှိရမည်။
ထိုအကြောင်းကား အဘယ်နည်း။ ကျန်းမိသားစုဝင်များကို စိတ်ကို ကြောက်ရွံ့ခြင်း တရား ထည့်သွင်းပေးရန် ဖြစ်နိုင်သည်။ ကြောက်ရွံ့ခြင်းမှာ သေဆုံးခြင်းထက် ပိုမို ဆိုးရွားသည်။
"အဘိုး ဘာတွေလုပ်နေလဲ မသိဘူး..."
ကျန်းအန့်ချီ တွေးလိုက်မိသည်။
***
ထိုအချိန် ဟောင်ကောင်၏ ဖုန်းရွှေလောက တစ်ခုလုံးမှာ ကြားရသော သတင်းများကြောင့် အလွန်စိတ်လှုပ်ရှား နေခဲ့ကြသည်။ ပထမဆုံး ချန်းဖန်ဆိုသော ကောင်လေးမှာ ကျန်းအန့်ချီ၏ မွေးနေ့ပွဲ၌ နင်းတန့်ချင်းကို သတ်သည်။ ထို့နောက် ကျန်းအန့်ချီကို ပြန်ပေးဆွဲသည်။ နောက်ဆုံး ကြားရသော သတင်းစကားက သူတို့ကို ပိုမို၍ အံ့အားသင့်စေခဲ့သည်။
"ကျိုးတချီက ချန်းပေ့ရွှမ်းကို ချူလုံတောင်ထိပ်မှာ ယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်ပြီတဲ့..."
ထိုသတင်းကား လူတိုင်း ပြောနေကြသော အရာတစ်ခု ဖြစ်သည်။ သို့သော် အားလုံးက ချန်းပေ့ရွှမ်း ဟူသော အမည်ကို သိပ်မသိကြပေ။ သို့သော် ကျိုးတချီကိုမူ သူတို့ကောင်းစွာ သိသည်။ ထိုပုဂ္ဂိုလ်မှာ ဟောင်ကောင်တွင် နှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပြီး တောင်ပိုင်းဂိုဏ်း၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည်။
ကျိုးတချီမှာ ချမ်းသာခြင်း၊ စွမ်းအားကြီးခြင်း စသည့် ဂုဏ်ပုဒ်များဖြင့် နှစ်ပေါင်း များစွာတိုင်အောင် ကျော်ကြားခဲ့ရာ သူ့ကို မသိသူ မရှိချေ။ ထိုသတင်းက လူပေါင်းများစွာ၏ စိတ်ဝင်စားမှုကို သိမ်းကျုံး ယူနိုင်ခဲ့သည်။ ကျိုးတချီကဲ့သို့သော လူမျိုးကပင် စိန်ခေါ်ရသော ချန်းပေ့ရွှမ်းဆိုသည့် တစ်ယောက်တွင် မည်သည့်စွမ်းအားများ ရှိမည်ကို သူတို့ အမှန်ပင် စိတ်ဝင်စားကြသည်။
ထိုသတင်းက လင်းနန်ညီလာခံသို့ တက်ရောက်လာသည့် ပညာရှင်များကြားတွင်ပင် အလွန် လျင်မြန်စွာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
"ကျိုးတချီက နောက်တစ်ကြိမ် တိုက်ခိုက်တော့မယ်တဲ့။ သူက တစ်စုံတစ်ယောက်ကို ချူလုံတောင်ထိပ်မှာ တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့တယ်တဲ့..."
ကျိုးတချီ၏ တည်ရှိမှုက သီးသန့်ရှိပြီး ဟောင်ကောင်တွင် ပြိုင်ဘက်ကင်းသည်။ ကျိုးတချီကပင် စိန်ခေါ်ယူရသော ချန်းပေ့ရွှမ်းဆိုသူမှာ မည်သူနည်း။
"ဘာပြောတယ် ... ချန်းပေ့ရွှမ်း ဟုတ်လား။ ဆရာကျိုးတော့ ဒုက္ခရောက်ပြီ..."
ညီလာခံ တက်ရောက်သူများထဲမှ အချို့က ချန်းပေ့ရွှမ်းကို ကောင်းကောင်း သိသည်။
"ချန့်ပေ့ရွှမ်းဆိုတာ ဘယ်သူလဲ။ သူက အရမ်း အစွမ်းထက်လို့လား..."
တစ်ယောက်က မေးသည်။ ထိုချန်းပေ့ရွှမ်းဆိုသော လူ၏ အကြောင်းကို သူတို့ အမှန်ပင် စိတ်ဝင်စားမိသည်။
"သူက တရုတ်ရဲ့ အစွမ်းအထက်ဆုံး အထွတ်အထိပ် အဆင့် ပညာရှင်ပဲ။ သူက အထွတ်အထိပ်အဆင့် သုံးယောက်ကိုတောင် သတ်ပြီး ကောင်းကင်စာအုပ်ရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီတော့ သူက အရမ်းကို အစွမ်းထက်တာပေါ့..."
တစ်ယောက်က ရှင်းပြလိုက်သည်။ ထိုစကားကြောင့် လူတိုင်း ထိတ်လန့် မိသွားကြသည်။ သူတို့ ဓမ္မပညာရှင်များမှာ တရုတ်ပြည်မမှ သိုင်းပညာရှင်များ အကြောင်း စိတ်မဝင်စားသည့်တိုင် အထွတ်အထိပ် အဆင့်များ မည်မျှ အစွမ်းထက်ကြောင်းကိုတော့ သူတို့ နားလည်သည်။
အထွတ်အထိပ် ပညာရှင်များ၏ အစွမ်းက သူတို့ ဓမ္မကျင့်ကြံခြင်း လောက၏ ပြည့်စုံခြင်းအဆင့် ပညာရှင်များထက်ပင် သာသေးသည်။ ချန်းပေ့ရွမ်းဆိုသော တစ်ယောက်မှာ အထွတ်အထိပ် အဆင့်သုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့သည့်အပြင် တရုတ်၏ အစွမ်းအထက်ဆုံးဟု ဆိုသည်။ ထိုကဲ့သို့သော သူ၏ သမိုင်းကြောင်းက သူမည်မျှ အစွမ်းထက်ကြောင်း ဖော်ပြနေသည်။
“ချန်းပေ့ရွှမ်း ကျိုးတချီကို အနိုင်ယူမှာလား”
ထိုမေးခွန်းက သူတို့၏ စိတ်ထဲသို့ ဝင်ရောက် လာသည့်တိုင် ကျိုးတချီ အနိုင်ရလိမ့်မည်ဟု သူတို့ ယုံကြည်သည်။ ကျိုးတချီမှာ တောင်ပိုင်းဂိုဏ်း၏ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်သည်။ သူ၏ ပုံရိပ်က ဓမ္မကျင့်ကြံခြင်း ပညာရှင်များကြားတွင် သိုင်းပညာလောက၏ ရဲ့နန်ထင်းကဲ့သို့ ကျော်ကြားသည်။ ထို့ပြင် ကျိုးတချီ၌ များစွာသော လှည့်ကွက်များ၊ အစီအရင်များ၊ ဓမ္မလက်နက်များ ရှိနေသေးသည်။
အထွတ်အထိပ် အဆင့် ပညာရှင်များမှာ အလွန် အစွမ်းထက်သည့်တိုင် ပြင်ဆင်ချိန် ကောင်းစွာ ရရှိထားသည့် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများကို အထင်မသေးသင့်ပေ။ ပြင်ဆင်ချိန် ကောင်းစွာ ရရှိထားသည့် ပြည့်စုံခြင်းအဆင့် ပညာရှင်များမှာ အထွတ်အထိပ်အဆင့် နှစ်ယောက်ခန့်ကိုပင် တစ်ပြိုင်နက် ရင်ဆိုင်နိုင်သည်။
ကျိုးတချီမှာ ဟောင်ကောင် အစီအရင် ပညာရှင်များ၏ ခေါင်းဆောင်ဖြစ်သလို မရေမတွက်နိုင်သော အရင်းအမြစ်များကိုလည်း ပိုင်ဆိုင် ထားသေးသည်။ ထို့ကြောင့် ကျိုးတချီ၏ စွမ်းအားက ခန့်မှန်း၍ မရနိုင်ချေ။
ထိုညတွက် အိပ်ပျော်သူ ဟူ၍ တစ်ယောက်မျှပင် မရှိခဲ့ချေ။ အားလုံးမှာ ရောင်နီလာချိန်၌ ဖြစ်ပွားမည့် တိုက်ပွဲ အကြောင်းကိုသာ စိတ်ရောက်နေကြတော့သည်။ အရုဏ်ဦးသို့ မရောက်မီမှာပင် များစွာသော လူများမှာ ချူလုံတောင်ထိပ်သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။ မြင်ကွင်းကောင်းသော နေရာများကို ရွေးချယ်ရင်း ရာစုနှစ်၏ အပြင်းထန်ဆုံး တိုက်ပွဲကို စောင့်ကြည့်ရန် စောင့်နေ ကြတော့သည်။
ထိုတိုက်ပွဲမှာ ကျိုးတချီနှင့် ချန်းပေ့ရွှမ်းတို့၏ ကြားမှ တိုက်ပွဲသာ မဟုတ်ချေ။ အထွတ်အထိပ် ပညာရှင်နှင့် ပြည့်စုံခြင်းအဆင့် ပညာရှင်များကြားမှ အားပြိုင်မှုလည်း ဖြစ်သလို၊ သိုင်းပညာလမ်းစဉ်နှင့် ဓမ္မကျင့်ကြံခြင်း တို့နှစ်ခုကြား အားပြိုင်မှု ဖြစ်သည်။
***
ချန်းဖန်၏ အကြောင်း ပြန်ကြားချက်ကို ကျိုးတချီ ကြားသည်နှင့် ချက်ချင်း သဘောတူညီလိုက်သည်။
ထိုအချိန် ချန်းဖန်မှာ တောင်ကုန်းထိပ်တွင်ပင် ထိုင်လျက် ရှိနေသေးသည်။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ဟင်းလင်းပြင် ရတနာကို စစ်ဆေးနေခဲ့သည်။ ကျန့်အန့်ချီမှာမူ သစ်ပင် အခေါင်းကြား၌ လှဲနေခဲ့သည်။ ကြောက်ရွံ့မှုကြောင့် သူမ တစ်ခါမျှပင် အိပ်မပျော်ခဲ့ချေ။ အကယ်၍ ချန်းဖန် ရှုံးခဲ့လျှင် သူမတို့၏ ပြဿနာများအားလုံး ပြေလည်သွားမည် ဖြစ်သော်လည်း ချန်းဖန်သာ အနိုင်ရခဲ့လျှင်....
သူမ ဆက်လက်၍ မတွေးရဲတော့ချေ။
"ကျိုးတချီ... သူနိုင်လောက်ပါ့ မလား..."
အချိန်များက တဖြည်းဖြည်း စီးဆင်းနေခဲ့သည်။ အရှေ့ဘက်မှ နီညိုရောင် အလင်းတစ်ခုက စတင်ဖြာထွက်လာ လောကကို အလင်းရောင် ပေးရန် အားယူသည်။ အရုဏ်ဦး အချိန်ကား ရောက်ရှိခဲ့ပြီ ဖြစ်၏။
ချန်းဖန် ဖြည်းညင်းစွာပင် မတ်တတ် ရပ်လိုက်သည်။ သုံးရက်လုံးလုံး လုံးဝ မလှုပ်ရှားခဲ့သည့် ချန်းဖန်ကို ကျိုးတချီ ကြည့်လိုက်မိသည်။
သူမ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြောင်းလဲလာ၏။ သူ၏ အရပ်က စင်တီမီတာ တစ်ရာ့ရှစ်ဆယ်လောက်ထိ ရှည်လျားလာသလို နက်မှောင်သော ဆံပင်များက ပခုံးထိပင် ရှည်လျား လာသည်။ မတ်တတ်ရပ် အပြီး၌ ချန်းဖန်၏ ပုံစံက ချောမော ခန့်ညားသည့် နတ်ဘုရားတစ်ပါးအလား ပြောင်းလဲ သွားတော့သည်။
ကျန်းအန့်ချီမှာ ချန်းဖန်အား မျက်တောင် မခတ်ပဲ ကြည့်နေခဲ့မိသည်။ အရာရာကို ယုံကြည်ရန် သူမ မဝံ့ရဲချေ။ မည်သို့ပင်ဆိုစေ ထို နတ်ဘုရား တစ်ပါးကဲ့သို့ ချောမောသော ကောင်လေးမှာ ချန်းဖန်ပင် ဖြစ်ကြောင်း သူမသိသည်။
"ငါ့ နောက်ကို လိုက်ခဲ့..."
ချန်းပေ့ရွှမ်း လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း တောင်ကုန်းထက်မှ တဖြည်းဖြည်း စတင်ထွက်ခွာ လိုက်တော့သည်။ ပင်လယ်လေးများ၏ အောက်တွင် ဆံပင်ရှည်လျားက ယိမ်းနွဲ့လျက် နတ်ဘုရား တစ်ပါးအလား ချန်းပေ့ရွှမ်း၏ ပုံစံက တည်ငြိမ်နေခဲ့သည်။
ကျန်းအန့်ချီ တစ်ယောက်တည်း ကျန်နေခဲ့မည် စိုးသဖြင့် ထိုပုံရိပ်နောက်သို့ လျင်မြန်စွာ ပြေးလိုက်မိတော့သည်။
***