← Chapters

ချူလုံတောင်ထိပ်၌…

Vol. 3 Ch. 266

ချူလုံတောင်ထိပ်၌…

Vol. 3 Ch. 266

ချူလုံတောင်ထိပ်မှာ ဟောင်ကောင်၏ တောင်စဉ်တန်းကိုးခုအနက် အဓိကက တောင်ထွတ်ဖြစ်ကာ အဝေးမှ ကြည့်လျှင် ရစ်ခွေနေသော နဂါး၏ ဦးခေါင်းအလား ထင်ရစေသည်။ ထို့ကြောင့်ပင် ထိုတောင်စဉ်ကို နဂါးကိုးခေါင်၏ အရှင် "ချူလုံ" ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

အရုဏ်တက်ချိန် မရောက်ခင်မှာပင် များစွာသော ဒေသခံများ၊ နိုင်ငံခြားသားများမှာ ထိုတောင်ထိပ်သို့ ရောက်ရှိလာတတ်သည်။ ချူလုံတောင်၏ ဆည်းဆာမြင်ကွင်းမှာ ချူလုံဒေသ၏ ဆွဲဆောင်မှု အရှိဆုံး နေရာတစ်ခုဖြစ်ရာ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော လူများ လာရောက်၍ ထိုမြင်ကွင်းကို ကြည့်တတ်ကြသည်။

ယနေ့တွင်လည်း များစွာသော သာမန်လူများမှာ အာရုံဦး၏ အလှအပများကို ခံစားရန် ထိုတောင်ထိပ်သို့ တက်ရန် တောင်ခြေ၌ ရောက်ရှိ နေခဲ့ကြသည်။ ထိုအထဲတွင် ကျိုးချင်းရတို့ တစ်သိုက်လည်း အပါအဝင်ပင်။ သူတို့ မနက်စောစော ထကာ မနက်စာကို မြန်မြန်စား၍ နေထွက်ချိန် အမီရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ချူလုံတောင်မှာ ထူးဆန်းစွာပင် ပိတ်ထားသည်။

"ဘာတွေ ဖြစ်နေတာလဲ။ ဒီရှုခင်းကိုကြည့်ဖို့ ငါတို့ မနက် စောစောစီးစီး ထလာရတာလေ။ ဘာ သတိပေးချက်မှ မရှိပဲ ဘာဖြစ်လို့ ကောက်ကာငင်ကာ ထပိတ်ရတာလဲ..."

ကျိုးချင်းရက စိတ်ပျက်စွာဖြင့် ပြောသည်။

"ဒီတောင်ပေါ်မှာ ရုပ်ရှင်ရိုက်ကွင်း တစ်ခုခုများ ရှိနေတာလား..."

လျူရှောင်ဟန်ကလည်း စဉ်းစားရင်း မေးခွန်းထုတ်သည်။ ဟောင်ကောင်မှာ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်း၌ အလွန်ကျော်ကြားကာ လမ်းများ၊ နေရာများကို ပိတ်၍ ရုပ်ရှင်ရိုက်ခြင်းက မထူးဆန်းပေ။

"ဒါက ရုပ်ရှင်ရိုက်တာထက် ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လိမ့်မယ်..."

ချီဝမ်စန်းက ခေါင်းကိုခါရင်း ဆိုသည်။ လူများစွာမှာလည်း ထိုကိစ္စကို တောင်ခြေတွင် အသည်းအသန် ဆွေးနွေးနေခဲ့ကြသည်။

ရုတ်တရက် တစ်ယောက်က တစ်နေရာသို့ လက်ညှိုးထိုးရင်း...

"သူက ဘာလို့ အထဲကို ဝင်လို့ရတာလဲ..."

ချင်ရီလန်းတို့ ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ သူတို့၏ မြင်ကွင်းတွက် အနက်ရောင်ဝတ်စုံနှင့် အရပ်ရှည်ကာ၊ ချောမော ခန့်ညားသော ကောင်လေး တစ်ယောက်က ထိုတောင်ပေါ်သို့ ဖြည်းညင်းစွာ တက်ရန် ပြင်နေခဲ့သည်။

"အာ... သူက ချန်းဖန်နဲ့ တူလိုက်တာ..."

ကျိုးချင်းရက ပါးစပ်ကို ပိတ်လိုက်ရင်း အံ့ဩတကြီး ဆိုသည်။

"ဟုတ်တယ် ... သူက ချန်းဖန်နဲ့ တကယ်တူတယ်..."

လျူရှောင်ချင်နှင့် အခြားလူများကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။

"သူဌေး တစ်ယောက်တော့ ဘယ်ရောက်နေတယ်လဲ မသိဘူး။ ငါတို့ကို စာတစ်စောင်ပေးပြီး ပျောက်သွားခဲ့တာ..."

ချင်ရီလန်းက ပြောလိုက်သည်။

ချီဝမ်စန်းကမူ သူ၏ ခေါင်းကိုငုံ့ရင်း တစ်ခုခုအား အလေးအနက် တွေးတောနေပုံရသည်။ သူ၏ မိသားစုက ထူးဆန်းသော လူတစ်ယောက်ကို ခေါ်ကာ လူများ၏ စိတ်နှင့် အမူအရာကို ဖတ်ရန် သူ့ကို သင်ကြားစေခဲ့ဖူးသည်။ ထို့ကြောင့် လူတစ်ယောက်၏ အမူအရာ၊ ဟန်ပန်၊ လှုပ်ရှားပုံ တို့ကို ကြည့်၍ သူ့တွင် အကဲခတ်နိုင်သည့် စွမ်းရည် ရှိသည်။

ချီဝမ်စန်း ပထမဆုံး အကြိမ် ထိုထူးဆန်းသောလူကို မြင်ကတည်းက ချန်းဖန်နှင့် ထိုတစ်ယောက်ကြား၌ တူညီသော အရာများစွာ ရှိနေကြောင်း သူ တွေ့ခဲ့ရသည်။ ထိုလူ၏ အရပ်က အနည်းငယ် ရှည်သည့်တိုင် သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ပြီး လမ်းလျှောက်နေပုံက ချန်းဖန်နှင့် ခွဲမရပေ။

"စိတ်ဝင်စားစရာပဲ။ လမ်းလျှောက်ပုံတူတဲ့ နှစ်ယောက်က ဟောင်ကောင်ထဲမှာပဲ ရှိနေတာလား..."

ချီဝမ်စန်း သူ့ကိုယ်သူ ပြန်မေးလိုက်မိသည်။

ထိုအချိန်...

ချန်းဖန်မှာ ချူလုံတောင်ထိပ်သို့ ဖြည်းညင်းစွာ လမ်းလျှောက် တက်လာခဲ့သည်။ သူ ခြေတစ်လှမ်းလှမ်းတိုင်း တူညီသော အကွာအဝေးတစ်ခု ရွေ့လျားသွားသည်။ သူက ခြေလှမ်းကို ပုံမှန် အားမစိုက်ပဲ လှမ်းနေသည့်တိုင် တောင်ထိပ်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။

လမ်း‌တစ်လျှောက်၌ ကျင့်ကြံသူများစွာကို ချန်းဖန် တွေ့လိုက်ရသည်။ ‌ထိုအထဲက အနည်းစုမှာ ဟောင်ကောင်မှ ဖြစ်ပြီး အခြားလူများစွာမှာ တရုတ်ပြည်မကြီးမှ ဖြစ်သည်။ သူတို့ ဟောင်ကောင်သို့ ရောက်ရှိနေရခြင်းမှာ ညီလာခံအတွက် ဖြစ်သည့်တိုင် အထွတ်အထိပ် အဆင့်တစ်ယောက်နှင့် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတို့ကြားမှ တိုက်ပွဲမှာ ထိုညီလာခံထက် ပို၍ အရေးကြီးသည်။

"ဟိုကိုကြည့် ... အဲဒါ သူပဲ။ သူက ချန်းပေ့ရွှမ်း..."

ချန်းဖန်ကို သိသူ အနည်းစုက လက်ညှိုးထိုးရင်း ပြောလိုက်ကြသည်။

"ချန်းပေ့ရွှမ်း ရောက်လာပြီ။ ရာစုနှစ်ရဲ့ အကောင်းဆုံး တိုက်ပွဲ စတော့မယ်..."

လူများစွာက တောင်ထိပ်နေရာသို့ ကြည့်လိုက်ကြသည်။ ထိုတောင်ထိပ်နေရာမှာ သူတို့နှင့် မီတာရာဂဏန်းမျှ ကွာဝေးသည်။ သူတို့မှာ ထိုနေရာသို့ သွားရောက် ကြည့်ခွင့် မရှိသည့်တိုင် ယခု‌နေရာမှ ကောင်းစွာ တွေ့မြင်နိုင်သည်။

တောင်ထိပ်နှင့် ပိုမိုနီးကပ်လေလေ၊ ပိုမို အစွမ်းထက်သည့်လူ များလေလေ ဖြစ်နေသည်။ ချန်းဖန် တောင်ထိပ်နားသို့ ရောက်သည်နှင့် ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေသည့် အဘိုးအိုကို တွေ့မြင်ရသည်။ ထိုအဘိုးအိုမှာ အသက်ကိုးဆယ်ခန့်ရှိပြီး ကျန်းမာ၊ သန်စွမ်းပုံ ပေါ်သည်။ သို့သော်လည်း သူ၏ ဖျော့တော့သော မျက်နှာက သူ မည်မျှ ပင်ပန်းနေကြောင်း ပေါ်လွင်စေသည်။

"ကျန်းကျုံးမိန်..."

ထိုအဘိုးအိုကို ချန်းဖန် ချက်ချင်းပင် မှတ်မိလိုက်သည်။ ထိုအဘိုးအိုမှာ တီဗွီတွင်ပင် မကြာခဏ ပါလာတတ်သည်။ ချန်းဖန်၏ ဆေးများက ထိုအဘိုးအို၏ အသက်ကို ကယ်ခဲ့သည့်တိုင် ချန်းဖန် ထိုအဘိုးအိုအတွက် အချိန်ဖြုန်းရန် စိတ်မပါပေ။ သူ၏ မျက်လုံးတွင် ကျန်းကျုံးမိန်မှာ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုပေ။

ကျန်းကျုံးမိန်၏ ဘေးတွင်မူ တည်ငြိမ်ဟန်ရသော လူများ ရပ်နေခဲ့သည်။ သူတို့၏ ကိုယ်မှ ဓမ္မစွမ်းအားများမှာ ပျံ့လွင့်နေပြီး အလှမ်းမမီနိုင်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ကျင်းကျိယူ အပါအဝင် ထိုအထဲမှ သုံးယောက်မှာ ဓမ္မကျင့်ကြံခြင်း လမ်းစဉ်၏ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်သည်။ သူတို့၏ စွမ်းအားများက ဆေးဘုရင်နှင့် သိပ်မကွာကြပေ။ ထိုအထဲတွင် တုန်းတူမြို့၌ တွေ့ခဲ့ရသော ဟောင်ဝမ်ဇီလည်း ရှိနေခဲ့သည်။ ချန်းဖန်မှာ ထိုလူများကို ဂရုမစိုက်ပဲ တောင်ထိပ် အလယ်တွင် ရပ်နေသည့်သူကိုသာ လှမ်းကြည့်လိုက်၏။

"ဆရာချန်း ... ကျွန်တော် တစ်ဆယ်ဘီလျံကို ခုချက်ချင်း ပေးမယ်ဆိုရင် ပြိုင်ပွဲကို အရှုံးပေးလိုက်လို့ ရမလား..."

ရုတ်တရက် အဘိုးအိုကျန်းက သက်ပြင်းတစ်ချက် ချကာ ဆိုလိုက်သည်။ သူ ချန်းဖန်ကို မတွေ့မြင်ရခင်အထိ ကျိုးတချီအပေါ် ယုံကြည်မှု ရှိခဲ့သည်။ သို့သော်လည်း ချန်းဖန်နှင့် မျက်လုံးချင်း ဆုံပြီးနောက် အဘိုးအိုမှာ စတင် ကြောက်လန့် လာခဲ့သည်။ ချန်းဖန်၏ ကိုယ်မှ လူသားများ လိုက်မမီနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကြောင်း အဘိုးအို ခံစားနေရသည်။ ထိုအရှိန်အဝါက သူ့ကို အသက်ရှူပင် ကျပ်စေသည်။ ထိုကဲ့သို့သော အရှိန်အဝါမျိုးကို ကျိုးတချီဆီမှ သူမရခဲ့ဖူးချေ။ ကျိုးတချီအပေါ် သူ၏ မျှော်လင့်ချက်များက အလုံးစုံ ကျိုးပျက်သလို ကျန်းကျိုးမိန် ခံစားလိုက်ရသည်။

"နောက်ကျသွားပြီ..." ချန်းဖန်၏ စကားသံက အေးစက်စွာ ထွက်ပေါ်လာသည်။

ကျန်းကျိုးမိန်မှာ ထိုအဖြေကို မျှော်လင့်ခဲ့ပြီး ဖြစ်သော်လည်း စကားလုံး၏ အလေးချိန်က သူ့အပေါ် သက်ရောက်ဆဲ ဖြစ်သည်။ ချန်းဖန် ထိုအဘိုးအိုနှင့် ဆက်လက်၍ အချိန်မဖြုန်းတော့ပဲ ချူလုံတောင်ထိပ်သို့ လျင်မြန်စွာ ရွေ့လျားလိုက်၏။

ချန်းဖန် တောင်ထိပ်သို့ ခြေချလိုက်သည်နှင့် နေမင်းက တိမ်စိုင်အတွင်းသို့ ပြေးလွှား ပုန်းအောင်းသည်။ တိမ်အနားသတ်တွင် ရွှေရောင်အကွပ်များက သေသပ်စွာ ချုပ်ထားသည့် ကတ္တီပါအနားစကဲ့သို့ ဖြန့်ကြက်နေ၏။

"သဘာဝတရားက အဆုံးသတ် မရှိဘူး။ ဒါပေမဲ့ ငါတို့ရဲ့ တိုက်ပွဲကတော့ သမိုင်းရဲ့ တဒင်္ဂစာလောက်ပါပဲလေ..."

ပိုးချည်ဖြင့်‌ ရက်လုပ်ထားသည့် တရုတ်ရိုးရာ အင်္ကျီကို ဝတ်ဆင်ထားသည့် အဘိုးအိုက ချန်းဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အဘိုးအို၏ မျက်လုံးများက ကြည်လင် တောက်ပနေကာ နက်နဲခြင်းနှင့် ကြီးမြတ်ခြင်းကို ဖော်ကျူးသည်။

ထိုအဘိုးအိုကား ဖုန်းရွှေပညာရှင်များ၏ နံပါတ်တစ်၊ တောင်ပိုင်းဂိုဏ်း၏ အစွမ်းအထက်ဆုံး အစီအရင်ပညာရှင် ကျိုးတချီပင်...။

သူက ချန်းဖန်ကို သူငယ်ချင်းဟောင်း တစ်ဦးကဲ့သို့ နွေးထွေးစွာ ပြုံးပြလိုက်ရင်း...

"နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီပဲ။ မင်းက ငါနဲ့ တိုက်ခိုက်ဖို့အတွက် အခြားနေရာ တစ်ခုကို ရှာဖွေလိမ့်မယ်လို့ ငါထင်နေခဲ့တာ..."

"ဟမ့်... ခင်ဗျားလို ပမွှားလေးနဲ့ တိုက်ခိုက်ဖို့ ဘာတွေ သတိထား နေဦးမှာလဲ..."

ချန်းဖန် လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း ပြောလိုက်သည်။ သို့သော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ကျိုးတချီကို စစ်ဆေးလိုက်သည်။ ကျိုးတချီ၏ စွမ်းအားက ဝိညာဉ်ပင်လယ်အဆင့်သို့ ရောက်ရန် အလွန်ဝေးကွာ နေသေးသည်။ သို့သော် ကျိုးတချီမှာ ဓမ္မကျင့်ကြံခြင်း၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကာ လဲ့ချန်းကျွယ်နှင့် အဆင့်တူဟု သတ်မှတ် နိုင်သည်။

ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်သောကြောင့် ဝိညာဉ်ပင်လယ် အဆင့်များသာ သူ့ကို ယှဉ်ပြိုင်နိုင်သည်။ ဝိညာဉ်ပင်လယ် အဆင့်သို့ မရောက်မချင်း ကျိုးတချီ ချန်းဖန်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ချန်းဖန်မှာ ကျိုးတချီ၏ ခန့်မှန်း၍ မရနိုင်သော အစီအရင်များကို အမှန်ပင် စိတ်ဝင်စားမိသည်။ ကမ္ဘာမြေပေါ်ရှိ အစီအရင်များနှင့် အင်မော်တယ်ကမ္ဘာမှ အစီအရင်များကြား ကွာခြားချက် တစ်ခုခုကို သူ ရှာဖွေကြည့်လိုသည်။ ကျိုးတချီ၏ တည်ရှိမှုတွင် ယုံကြည်ခြင်းက သူ၏ မျက်လုံး၌ အထင်းသား ပေါ်နေခဲ့သည်။ ထိုအရာက ဓမ္မရတနာတစ်ခု သို့မဟုတ် တာအို အစီအရင် စသည့် လျှို့ဝှက်ချက် တစ်ခုခု ရှိနေခြင်း ဖြစ်နိုင်သည်။

"မင်း နတ်ဘုရား စိတ်စွမ်းအားကို သုံးနေတာလား..."

ချန်းဖန် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် လိုက်သည်နှင့် ကျိုးတချီ၏ မျက်နှာတွင် အံ့ဩခြင်းများ ဖြစ်ပေါ်လာ၏။ အထွတ်အထိပ် ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများမှာ ဝိညာဉ်စွမ်းအင်ကို ပိုမို ခံစားနိုင်စွမ်း ရှိသည်။ ကျိုးတချီမှာ ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံကို မဖမ်းဆီးနိုင်ခဲ့သည့်တိုင် ထိုအရာ၏ တည်ရှိမှုကို သူ အရိပ်အယောင် ခံစား၍ ရသည်။

"မင်းသာ အင်မော်တယ်အဆင့် (တန်ခိုးရှင် အဆင့်ဟု ပြောင်းသုံးပါမည်) ကို ရောက်နေခဲ့ပြီ ဆိုရင်တော့ ဒီနေရာက အသက်ရှင်လျက် ထွက်သွား နိုင်လိမ့်မယ်..."

ကျိုးတချီက ခေါင်းကို ခါယမ်းရင်း ပြောလိုက်၏။

"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ..."

ချန်းဖန်က ပြောလိုက်သည်။

"ငါက ဟောင်ကောင်ကို နှစ်ပေါင်း သုံးဆယ်ကျော် လွှမ်းမိုးခဲ့တယ်။ မင်းက တန်ခိုးရှင် အဆင့်ကို ရောက်နေခဲ့ရင်တောင် ငါမင်းကို ကြောက်မှာ မဟုတ်ဘူး..."

ကျိုးတချီ ရယ်မောလိုက်သည်။

"ဒါပေမဲ့ အဲဒီအဆင့်ကို မင်းရောက်နေဖို့ ဆိုတာက သံသယရှိစရာပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က စလို့ တန်ခိုးရှင်အဆင့် ကျင့်ကြံသူဆိုတဲ့ သတင်းကို မကြားခဲ့ရဘူးလေ..."

"တကယ်လို့ မင်းသာ အင်မော်တယ်အဆင့်ကို မရောက်သေးဘူးဆိုရင် ဒီနေရာက အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး..."

"အဲဒီတော့..."

ချန်းဖန်က ပြုံးလိုက်သည်။ ထို့နောက် သူ၏ ကျောက်စိမ်းကဲ့သို့ သန့်စင်နေသည့် လက်ဝါးကို ဖြည်းညင်းစွာ မလိုက်သည်။ လေပွေဝဲတစ်ခုက ဖြည်းညင်းစွာ ဖြစ်တည်လာပြီး လေဆင်နှာမောင်း အသွင်ကို ဆောင်လာသည်။ ထိုအရာက သူ၏ လမ်းကြောင်းရှိ အရာအားလုံးအား ဝါးမျိုမည့်ဟန် အရှိန်ပြင်းစွာ လည်ပတ်သည်။

"ဟားဟား ... ချန်းပေ့ရွှမ်း မင်းက ငါ့ကို လျှော့တွက် နေတာပဲ..."

ကျိုးတချီက ကျယ်လောင်စွာ ရယ်မောရင်း ရှည်လျားသည့် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ရွှေရောင်အလင်းများက အဘိုးအို၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်တည်စေသည်။

***

All Chapters