ရိုက်နှက်ခြင်း
Vol. 3 Ch. 38
~
ရှား နိုင်ငံ၏ ညသန်းခေါင်ယံ ။
သိုင်းဌာနချုပ် ၊ ရှေးဦး စကြာဝဠာ ရှိ လူသစ်ကျေးရွာ၏ စီမံခန့်ခွဲမှုဌာန ။
ဌာနခေါင်းဆောင် နျဲချင်၏ ရုံးခန်းအတွင်း မီးများ လင်းထိန်နေသည် ။
အပြာရောင် အလုပ်ရှပ်အကျီ် ဝတ်ဆင်ထားသော နျဲချင်က စန္ဒကူးသစ်သားစားပွဲတွင်ထိုင်ကာ သူ့ရှေ့ရှိ လက်ထောက်ခေါင်းဆောင်နှစ်ယောက်ကို မေးမြန်းနေသည် ။
“ အကိုလောနဲ့ ယွမ်လေး... လူသစ်ကွင်းက Black Earth ဆိုတဲ့ကောင်လေးကို ဘယ်လိုမြင်လဲ... “
“ ရွာသူကြီး ... ဘာမြင်စရာရှိမှာတုန်း... “
ယွမ်လေးက စီးကရက်ကိုခဲရင်း အမှုမထားသလို ပြောလိုက်၏ ။
“ သူက တိုက်ခိုက်ရေးစွမ်းရည် အဆင့်၃ ရှိတဲ့ သိုင်းအလုပ်သင်လေးတစ်ယောက်ပဲမှတ်လား... မနေ့က သူ့အခြေအနေကြည့်ရရင် အဆင့်၃ အစပိုင်း ဒါမှမဟုတ် အဆင့်၃ အလယ်အဆင့်ကို မကျော်ဘူး... “
ရွာသူကြီး ဆိုသည်က ယွမ်လေး ပေးထားသော ဌာနခေါင်းဆောင်၏ နာမည်ပြောင်ဖြစ်သည် ။ သူတို့ စီမံခန့်ခွဲမှာဌာနမှာ လူသစ်ကျေးရွာကို တာဝန်ယူထားသည် ။
လူသစ်ကွင်းက လင်းမို့အား ဆုကြေးထုတ်လိုက်ခြင်းမှာ သူတို့လက်ချက်ပင် ။
“ ငါလည်း သိပ်မထူးဘူးထင်တယ်... “
အကိုလောကလည်း ထောက်ခံလိုက်သည် ။
“ Black Earth ရဲ့ နားလည်မှုပါရမီက သိပ်မဆိုးပင်မဲ့ ကိုယ်ခန္ဓာ ပါရမီက အမှိုက်ပဲ ... ကြည့်ရတာ သူ့အဆင့်နဲ့ဆို သိုင်းအလုပ်သင်မဟုတ်လောက်ဘူး... အရင်ထဲက သိုင်းပညာရှင် ဖြစ်နေပြီထင်တယ်... တိုက်ခိုက်ရေးစွမ်းရည် တစ်ခုထဲ ကွက်ပြီး ထူးချွန်နေတာဆိုတော့ သူ့ကို ပျိုးထောင်ပေးဖို့ မထောက်ခံချင်ဘူး...”
“ သူကြီး... ဒိကိစ္စလေးကြောင့် ကျွန်တော်နဲ့ အကိုလော ကို ဒီအချိန်ကြီး ခေါ်တွေ့တာလို့တော့ မပြောနဲ့နော်... “
ယွမ်လေးက ညည်းညူ လိုက်သော်လည်း ပြန်စဥ်းစားကြည့်ပြီးနောက်...
“ ဒါပင်မဲ့ လူသစ်ကွင်းမှာ ကိစ္စကြီး တစ်ခုခု ဖြစ်တော့မယ်ဆိုရင်တော့ ညအချိန်ပို ဆင်းရတာ ကိစ္စမရှိဘူး... ဘာပဲဖြစ်ဖြစ် ညအချိန်ပိုကြေးလေးရအောင်တော့ လျှောက်လိုက်မယ်နော်... “
“ ဟားဟားဟား... ငါက သူ့မှာ ပါရမီဘယ်လောက်ရှိလဲ မေးချင်တာ မဟုတ်ဘူး...”
နျဲချင်က ရယ်လိုက်ကာ စီးကရက်မီးညှိရင်း အကိုလောကို တစ်လိပ်ကမ်းပေးလိုက်သည် ။
“ ငါတော့ အဲ့အကောင်ပေါက်လေးက မာနကြီးလွန်းတယ်ထင်တယ်... ငါတို့လူသစ်ကွင်းကိုများ ဆေးစိုက်တဲ့ လယ်ကွင်းမှတ်နေလားမသိဘူး... အဲ့ကောင်လေး မှတ်လောက်သားလောက် ဖြစ်သွားအောင် ပညာပေးရမယ်... “
အကိုလောက ခေါင်းညိတ်လိုက်သည် ။
“ လူသစ်ကွင်းရဲ့ စံချိန်က ၁၈ ပွဲထဲ... ဒါကို ဒီကလေးက ပွဲ ၂၀ တောင်နိုင်ထားပြီးပြီ ... ဒီကောင့်ကို ပညာပေးရမယ်... ပြီးတော့ နိုင်ပွဲဆက်တွေ တအားများနေရင် သူများတွေက လိမ်တယ်ထင်နေကြအုံးမယ်... “
“ ဝါရင့် သိုင်းပညာရှင်တွေက ငါတို့ထုတ်ထားတဲ့ ဆုကြေးကို လက်ခံပြီးပြီ... အဲ့ကလေးရှုံးမယ့်အချိန်ကို လက်ဖက်ရည်သောက်ရင်း စောင့်နေယုံပဲ... ဒါပင်မဲ့... သူက ခုထိ ရှေးဦးစကြာဝဠာ ထဲဝင်မလာသေးဘူး... မလာရဲတော့ဘူးလားမသိဘူး... သူမလာရင် ငါတို့ ပွဲတည်ပေးလို့ မရတော့ဘူး...”
နျဲချင်က ပြောလိုက်၏ ။
ထိုအချိန်တွင် ဌာနခေါင်းဆောင်၏ ကိုယ်ရေးလက်ထောက် ကောင်းယွဲ့က တံခါးဖွင့်ကာ အတွင်းသို့ ဝင်လာသည် ။ သူမ က တင်ပြလိုက်သည် ။
“ ခေါင်းဆောင် ...Black Earth ရှေးဦးစကြာဝဠာ ထဲဝင်လာပြီးတော့ လူသစ်ကွင်းမှာ ပွဲရှာနေပြီရှင့်... ဆရာကြည့်အုံးမလား...”
“ ဘာကြည့်စရာရှိမှာတုန်း ... ငါတို့ မကြည့်တော့ဘူး... ဒီမှာ လက်ဖက်ရည်သောက်ကောင်းနေတာ အချိန်လာမဖြုန်းနဲ့... “
နျဲချင်က လက်ယမ်းကာ ပြောလိုက်သည် ။
“ ကောင်းလေး ငါတို့ အရင်အစီအစဥ်အတိုင်း အားအနည်းဆုံးကနေ အသန်မာဆုံး ရွေးထားတဲ့ သိုင်းပညာရှင်ကိုးယောက် နဲ့ ပွဲတည်ပေးလိုက် ...”
“ ဟုတ်ကဲ့ပါရှင့်... “
ကိုယ်ရေးလက်ထောက်က ပြောပြီးသည်နှင့် စီစဥ်ရန် ပြေးတော့သည် ။
“ လာ လာ လက်ဖက်ရည်သောက်... “
ဌာနခေါင်းဆောင် သုံးယောက်မှာ Balck Earth အား အလေးအနက်မထားပေ ။ သူတို့၏ အမြင်အရ သိုင်းအလုပ်သင်တစ်ယောက်က မည်မျှသန်မာနိုင်ပါမည်နည်း ။ အလွန်ဆုံး အဆင့်၃ အလယ်ဆင့်သာဖြစ်နိုင်သည် ။
အဆင့်၃ အလယ်ဆင့် ဖြစ်လျှင်ပင် ဝါရင့်သိုင်းပညာရှင်များနှင့်တွေ့လျှင် အရှုံးပေးရပေလိမ့်မည် ။ ထိုသိုင်းပညာရှင်များအား သူတို့ သေချာရွေးထားခြင်းဖြစ်သည် ။
ငါးမိနစ်ခန့်ကြာလျှင် ကိုယ်ရေးလက်ထောက်က ပြေးဝင်လာသည် ။
“ ဟားဟား... ပြီးသွားပြီလား...”
ယွမ်လေးက လက်ဖက်ရည် စုပ်သောက်ရင်း ပြောလိုက်၏ ။
“ ဒီပွဲက သုံးမိနစ်ကနေ ငါးမိနစ်ကြာတယ်ဆိုတော့... Black Earth က ငါတို့ ထင်တာထက် ပိုလုပ်နိုင်တာပဲ...”
“ တစ်ပွဲမဟုတ်ဘူး... ဒါပင်မယ့်... “
ကိုယ်ရေးလက်ထောက် ရှုပ်ထွေးသွားသည် ။
“ သုံးပွဲ... “
“ သုံးပွဲ......”
ဌာနခေါင်းဆောင် သုံးယောက်လုံး ထရပ်လိုက်သည် ။
“ သူနိုင်သွားတာလား...”
ပွဲရှာရန် ကြာချိန်နှင့် ပွဲအစ ပွဲအဆုံးကြာချိန် များနုတ်လျှင် တစ်ပွဲလျှင် သိပ်ကြာပုံမရ ။ ကိုယ်ရေးလက်ထောက်၏ အသွားအပြန် အချိန်ထက်ပေါင်းလျှင် ပွဲစသည်နှင့် ချက်ချင်းအနိုင်ယူလိုက်ပုံရသည် ။
“ ဟုတ်ပါတယ်ရှင့်...”
ကိုယ်ရေးလက်ထောက်က ဆက်လက်တင်ပြသည် ။
“ တစ်ပွဲကို လက်သီးတစ်ချက်နဲ့ အနိုင်ယူသွားတာပါ... ကျွန်မ ဘာဆက်လုပ်ရမလဲရှင့်...”
“ အစီအစဥ်အတိုင်းပဲ ဆက်လုပ်ပါ...”
နျဲချင် လက်ယမ်းလိုက်သည် ။
“ ဒီကလေးက အဆင့်၃ နောက်ဆုံး ရောက်နေမယ် ထင်မထားဘူး...”
အကိုလော သက်ပြင်းချလိုက်သည် ။
“ ပွဲတိုင်း ချက်ချင်းနိုင်တာဆိုတော့ သေချာပေါက် အဆင့်၃ နောက်ဆုံးပဲ...”
ယွမ်လေးက ထောက်ခံသည် ။
“ ဒါပင်မယ့် ဘာဖြစ်လဲ ... သူ့ခွန်အားလေးနဲ့ ငါတို့မျက်နှာ ဖြတ်ရိုက်ချင်တာလား...”
“ လက်ဖက်ရည်ပဲ ဆက်သောက်ရအောင်...”
နျဲချင်က ပြောလိုက်သည် ။
ကိုယ်ရေးလက်ထောက် နောက်တစ်ကြိမ် ပြန်ဝင်မလာမခြင်း လက်ဖက်ရည် ဆက်သောက်နေကြသည် ။
ခဏကြာလျှင် ကိုယ်ရေးလက်ထောက် ပြန်ဝင်လာပြီး...
“ ဆရာ... ၂၆ ပွဲနိုင်သွားပါပြီ...”
“ ဘာ...”
“ နိုင်သွားပြန်ပြီလား...”
နျဲချင် နှင့် အကိုလော လန့်အော်လိုက်သည် ။
“ ဖူးးးး....”
အငယ်ဆုံး ဖြစ်သော ယွမ်လေးက သောက်နေသော လက်ဖက်ရည်ကို ထွေးထုတ်လိုက်မိ၏ ။ ကံကောင်းစွာဖြင့် လေထုထဲရှိ လက်ဖက်ရည်များကို ခွက်ဖြင့် ပြန်ဖမ်းလိုက်လေသည် ။
“ ၂၆ ပွဲဆက်နိုင်သွားပြီ... ဘာဆက်လုပ်ရမလဲရှင့်... “
ကိုယ်ရေးလက်ထောက်က မေးလိုက်၏ ။
“ အဆင့် ၃ အထွတ်အထိပ်ပဲ... ငါသူ့ကို အဆင့်၃ အထွတ်အထိပ်ရောက်နေမယ် မထင်မိဘူး... တကယ်ရှားတယ်... အဆင့်၃ အထွတ်အထိပ်ရောက်နေတယ့် သိုင်းအလုပ်သင်ကို မမြင်ရတာ ကြာလှပြီ...”
နျဲချင်က လူသစ်ကွင်း စီမံခန့်ခွဲမှုဌာန၏ ခေါင်းဆောင်ဖြစ်သဖြင့် များစွာမြင်ဖူးသည် ။ သူက ဆက်မပြောခင် သက်ပြင်းချလိုက်၏ ။
“ အရင်အစီအစဥ်အတိုင်းပဲလုပ်ပါ ... ၂၆ ပွဲက သူ့နောက်ဆုံးနိုင်ပွဲပဲ ... နောက်ပွဲဆို သူ အဆင့်၃ အထွတ်အထိပ်တွေနဲ့ တွေ့ရတော့မှာ.... ၂၇ ပွဲမြောက်ကို သူနိုင်မှာမဟုတ်ဘူး... “
“ ဟုတ်တယ်... သူက ဆယ့်ရှစ်နှစ်ပဲရှိသေးတာ အဆင့်တူ မြေခွေးဟောင်းတွေနဲ့ ဘယ်ယှဥ်နိုင်မလဲ ...”
အကိုလောလည်း သဘောတူသည် ။
“ နောက်ပွဲကို သူသေချာပေါက်ရှုံးလိမ့်မယ်... “
“ ဒါပင်မယ့်... “
ကိုယ်ရေးလက်ထောက်က အနည်းငယ်တုံ့ဆိုင်းကာ မေးလိုက်၏ ။
“ အဆင့်၄ ရောက်နေရင် ဘယ်လိုလုပ်မလဲ... “
“ အဆင့်၄ လား ဟားဟားဟားးး...”
ယွမ်လေး ရယ်လိုက်မိသည် ။
“ နင်အဆင့်၄ ရောက်တဲ့ သိုင်းအလုပ်သင်ဆိုတာ ကြားဖူးလို့လား.. သူအဆင့်၄ မဖြစ်နိုင်ဘူး...”
“ ကျ....ကျွန်မ မကြားဖူးပါဘူး...”
ကိုယ်ရေးလက်ထောက်က တွေးကြည့်လိုက်သော်လည်း သူမ မကြားဘူးပေ ။
“ ဒါပေါ့ ဘယ်ကြားဖူးမလဲ... “
ယွမ်လေးက နှာခေါင်းရှုံံ့ကာ ဆက်ပြောသည် ။
“ ဒီဂြိုလ်ပြာကြီးတစ်ခုလုံးမှာတောင် အဆင့်၄ သိုင်းအလုပ်သင်ဆိုတာ မရှိဘူး... ခုလည်းမရှိဘူး... အရင်ကလည်းမရှိဘူး... နောက်လည်း ရှိမှာမဟုတ်ဘူး... ဘာမှ မစိုးရိမ်နဲ့ အရင်အစီအစဥ်အတိုင်း ဆက်လုပ်ပါ... “
“ ဟုတ်ကဲ့ပါရှင့်...”
ကိုယ်ရေးလက်ထောက်က နားမလည်သော်လည်း ထွက်သွားလိုက်သည် ။
ကိုယ်ရေးလက်ထောက် နားမလည်သော်လည်း ခေါင်းဆောင် သုံးယောက်လုံး နားလည်ကြသည် ။ လက်သီးပြင်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်ကို မသက်ဆိုင်ဟု အများက ထင်ကျသော်လည်း အမှန်တကယ် ဆက်နွယ်နေကြသည် ။
လက်သီးပြင်းအားများလျှင် တိုက်ခိုက်ရေးစွမ်းရည် အမြန်တိုးတက်လာမည် ။ တိုက်ခိုက်ရေးစွမ်းရည်မြင့်လျှင် လက်သီးပြင်းအား အလွယ်တကူ တိုးတက်လာမည်ဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ရောက်ပြီး သိုင်းအလုပ်သင်သာ ဖြစ်သေးလျှင် ထိုသူ၏ ခန္ဓာကိုယ် ပါရမီက အလွန်အမင်းနိမ့်ကျနေပြီး လက်သီးပြင်းအားကို လုံးဝ မလေ့ကျင့်မှသာ ဖြစ်နိုင်ပေမည် ။
သို့သော်လည်း လက်သီးပြင်းအားက သဘာဝအတိုင်း တိုးလာပြီး သိုင်းပညာရှင်အဆင့်သို့ ရောက်သွားမည်ပင် ။ ထိုသည်က ကမ္ဘာပေါ်ရှိ သချ်ာညံ့သော အထက်တန်းကျောင်းသားနှင့်တူသည် ။ မည်မျှပင် ညံ့စေကာမူ မူကြိုကလေးထက်တော့ သာမည်ဖြစ်သည် ။
ထို့ကြောင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ သို့ရောက်လျှင် သိုင်းပညာရှင် ဖြစ်ကို ဖြစ်လာလိမ့်မည် ။ သို့သော်လည်း Black Earth က အဆင့်၃ ၏ အထွတ်အထိပ်ရောက်နေသဖြင့် သူတို့အံ့အားသင့်နေဆဲပင် ။
“ ဘာဖြစ်လဲ ... သူက အဆင့်၃ အထွတ်အထိပ်ဆိုရင်တောင် သူဘာလုပ်နိုင်မှာလဲ...”
ယွမ်လေးက လက်မလျော့သေး ။
“ တိုက်ခိုက်ရေးစွမ်းရည် မြင့်ပင်မယ့် ခန္ဓာကိုယ်ပါရမီ မရှိဘူး... သူ့ကို အကုန်အကျခံပြီး ပျိုးထောင်ပေးဖို့ မထိုက်တန်သေးဘူး... “
နျဲချင်နှင့် အကိုလောက ဘာမှ မပြောသော်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။
“ ညီမျှတဲ့ လူတွေသာ သိုင်းပညာလမ်းစဥ်ကို ဝေးဝေးလျောက်နိုင်မှာ... “
“ လက်ဖက်ရည်.. လက်ဖက်ရည်...”
နျဲချင်က အပြင်သို့ လှမ်းအော်လိုက်သည် ။
“ ငါတို့ လက်ဖက်ရည်ကို ကောင်းကောင်းမသောက်ရဘူး ... လက်ဖက်ရည်အနံ့တောင် မမွှေးတော့ သလိုဘဲ... ဒါနဲ့ယွမ်လေး... မင်းလက်ဖက်ရည်ခွက်ကို မလဲတော့ဘူးလား... အထဲမှာ တံတွေးတွေ နဲ့...”
“ မ.... “
ယွမ်လေးက မလဲတော့ ပြောရန်ပြင်လိုက်သော်လည်း ကိုယ်ရေးလက်ထောက်က ပြေးဝင်လာပြန်သည် ။ ယခုအချိန်တော့ သူမက အလျင်လိုလျှက် စိုးရိမ်နေပုံရသည် ။
“ ခေါင်းဆောင်... သတင်းဆိုး... ကျွန်မတို့ ရှူံးသွားပြီ... “
“ ဖူး....”
“ ဖူး....”
“ ဖူး....”
သုံးယောက်လုံး ပြိုင်တူ မှုတ်ထုတ်လိုက်ကြသည် ။ လေထုထဲရောက်သွားသော လက်ဖက်ရည်များကို မည်သူမှ ပြန်မဖမ်းတော့ ။ တစ်ယောက်နှင့် တစ်ယောက် မှင်သက်ကာ ကြည့်နေကြပြီး သူတို့ မယုံံနိုင်ကြသေးပေ ။
“ အဆင့် ၄ ...”
( နားမလည်မှာ ဆိုးလို့ ပုံမှန်လေ့ကျင့်တဲ့သူတွေက တိုက်ခိုက်ရေးစွမ်းရည် အဆင့်တက်လာတိုင်း လက်သီးပြင်းအားက တိုးတိုးလာပြီးတော့ အဆင့်၄ ရောက်ရင် သိုင်းပညာရှင်အဆင့် ဖြစ်သွားမှာ... လင်းမို့က အမြန်တက်လာလို့ လက်သီးပြင်းအားက သိသိသာသာ တိုးမလာတာ... )