← Chapters

စွမ်းအား ငှားရမ်းခြင်း

Vol. 3 Ch. 267

စွမ်းအား ငှားရမ်းခြင်း

Vol. 3 Ch. 267

ကျိုးတချီ နှုတ်ခမ်းလှုပ်ရုံ တစ်ခုခုကို တီးတိုး ရေရွတ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓမ္မစွမ်းအား တစ်ခုက လေထဲတွင် ဖွဲ့တည်ကာ နဂါးနှစ်ကောင်၏ အသွင်သဏ္ဌာန်ကို ဆောင်သည်။ ထိုနဂါးနှစ်ကောင်၏ ကိုယ်မှ သေဆုံးခြင်းကို ကိုယ်စားပြုသည့် ယုတ်မာခြင်း ချီစွမ်းအင်များက လှိုင်းသဖွယ် လွင့်လူးနေ၏။

ဘုန်း...

ယုတ်မာခြင်း ချီနဂါးက လေထုကို ဆွဲဖျက်ကာ ချန်းဖန်ထံ မုန်းတိုင်း တစ်ခုအလား တိုးဝင်လာ၏။ ကျိုးတချီ၏ ဆံပင်များမှာ လေထဲ၌ လွင့်လူးနေပြီး သူ၏ လက်ချောင်းများ ကလည်း သင်္ကေတ အမျိုးမျိုးကို ကိုယ်စားပြုသည်။ နဂါးနှစ်ကောင်မှာ လေထဲတွင်ပင် ပေါင်းစည်းကာ ပိုမိုကြီးမားသော စွမ်းအားကို ဖန်ဆင်းသည်။ သူ၏ ကိုယ်မှ ယုတ်မာခြင်းချီက ပိုမိုထူထဲ လာဟန်ရကာ ချန်းဖန်၏ နှလုံးသား နေရာသို့ ဦးတည်သည်။

ရက်စက်ခြင်းနှင့် သေဆုံးခြင်းကို ဖော်ဆောင်ကာ ကမ္ဘာကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသော နဂါး၏ ရှေ့၌ ချန်းဖန်မှာ တည်ငြိမ်လျက်ပင် ရှိနေသေးသည်။ သူ၏ လက်တွင် ရှိသည့် လေဆင်နှာမောင်းမှာ နဂါးနှင့် ယှဉ်ပါက သေးငယ်သည့်တိုင် အစစ်အမှန်ချီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လေဆင်နှာမောင်းက ရပ်တန့်၍ မရနိုင်သော အရှိန်ဖြင့် လည်ပတ်ရင်း ဓားတစ်ချောင်း၏ ထက်မြက်မှုကို သယ်ဆောင်သည်။ ထိုအရာက မရေမတွက်နိုင်သော ငွေရောင် အလင်းများကို ဖန်ဆင်းကာ အနားရှိ လေထုပင် ပွတ်တိုက်မှုကို တောင့်မခံနိုင်ပဲ အပြာရောင် မီးတောက်အား ‌ဖြစ်ပေါ်စေသည်။

"သွား..."

ချန်းဖန် လေဆင်နှာမောင်းကို ငြင်သာစွာ တွန်းလွှတ်လိုက်။ ထိုအရာက အပြာရောင် အလင်းကို သယ်ဆောင်ရင်း လေထဲသို့ တက်ကာ နဂါးဆီသို့ တန်းမတ်စွာ တိုးဝင်သွား၏။ လေဆင်နှာမောင်း၏ အရွယ်အစားက သေးငယ်သည့်တိုင် နဂါးအားစုပ်ယူ ဝါးမျိုကာ တိုဟူးတစ်ခုကဲ့သို့ အပိုင်းပိုင်း ဖြစ်စေသည်။

"ချီးပဲ..."

ကျိုးတချီ၏ မျက်နှာက မှောင်မည်း သွားသည်။ သူ၏ နဂါးမှာ ကောင်းကင်နှင့် မြေကြီးအကြားမှ ယုတ်မာခြင်း ချီဓာတ်များကို ဖွဲ့စည်းကာ တည်ဆောက် ထားခြင်း ဖြစ်သည်။ သို့သော် ချန်းဖန်၏ နည်းစနစ်က သူနှင့် ကွာခြားသည်။ လေဆင်နှာမောင်းမှာ သေးငယ်သည့်တိုင် အစစ်အမှန်ချီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ အဆုံးမရှိသော စွမ်းအားများကို သယ်ဆောင် နိုင်သည်။ ယုတ်မာခြင်း၏ ချီနဂါးမှာ မည်မျှပင် အစွမ်းထက်စေကာမူ အဆင့်ပိုမြင့်သော အစစ်အမှန်ချီအား အန်တုနိုင်လိမ့်မည် မဟုတ်ချေ။

"ဖွဲ့စည်း..."

ကျိုးတချီက ချီနဂါးအား ထိန်းချုပ်ခြင်းမှ ကင်းလွတ်စေပြီး လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ လက်ချောင်းများက မမြင်နိုင်လောက်သော လျင်မြန်ခြင်းဖြင့် လှုပ်ရှားကာ မှုန်ဝါးသော အရိပ်များကို ထင်ကျန်စေ၏။ ဓမ္မသင်္ကေတများက စုစည်းကာ ယင်ယန် ဓမ္မအစီအရင်ကို ဖြစ်တည်စေ၏။ ထိုအစီအရင်မှာ နေမင်း၏ ယန်စွမ်းအားများနှင့် ကမ္ဘာမြေ၏ အနှစ်သာရ ယန်ဓာတ်ကို ချိတ်ဆက်ကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအရာက ယင်ယန်စွမ်းအင် နှစ်ခုကို ပေါင်းစည်းကာ ယင်ယန်လက်ဝါးကို ဖြစ်စေသည်။ ထို့နောက် လေထဲသို့ ပျံတက်ကာ အရှိန်ပြင်းစွာဖြင့် လည်ပတ်ရင်း ထိုက်ကျိစက်ဝိုင်း သဏ္ဌာန်ကို ဖြစ်စေ၏။

ဘန်း...

အပြာရောင် အလင်းကို သယ်ဆောင်သည့် လေဆင်နှာမောင်းမှာ လေထဲ၌ မပျက်ယွင်းပဲ ယင်ယန်စက်ဝိုင်းကို တိုးဝင်သည်။ ယင်ယန်စက်ဝိုင်းမှာ ကျည်ဆန်ကိုပင် တားဆီးနိုင်သည့်တိုင် လေဆင်နှာမောင်းက တဖြည်းဖြည်း တိုးဝင် တိုက်စား၏။

ကျိုးတချီ လက်ကို ဝှေ့ယမ်းကာ လိပ်ခွံသဏ္ဌာန်အရာအား ပစ်လွှတ်သည်။ ထိုအရာက လေထဲတွင် ရွှေရောင်အလင်းများ ဖြစ်ပေါ်ကာ လေဆင်နှာမောင်းအား တားဆီး၏။ လေဆင်နှာမောင်းမှာ ထိုရွှေရောင်အလင်းနှင့် တွေ့သည်နှင့် တဖြည်းဖြည်း အရှိန်လျော့ကျကာ အဆုံးသတ်သည်။

"သူငယ်ချင်းလေး ... မင်းက တကယ်ပဲ ကောင်းကင်စာအုပ်ရဲ့ နံပါတ်တစ်နေရာကို ရရှိဖို့ ထိုက်တန်တယ်။ ခွန်လန်က မင်းကို သိုင်းပညာ၊ အစီအရင်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်သုံးခုရဲ့ ထိပ်ဆုံးကို ရောက်နေပြီလို့ ပြောခဲ့တာ အံ့ဩစရာ မရှိဘူးပဲ။ ငါက မင်းကို သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်အဆင့် တစ်ယောက်လို့ပဲ ထင်ထားခဲ့တာ။ ဓမ္မအစီအရင် လမ်းစဉ်မှာလည်း ခုလောက်တောင် အဆင့်မြင့်မား နေမယ်လို့ မထင်ခဲ့ဖူးဘူး..."

ကျိုးတချီက ချီးကျူးလိုက်၏။ ချန်းဖန်၏ ပထမဆုံး တိုက်ခိုက်မှုတွင်ပင် သူ၏ အစွမ်းထက် အကာအကွယ်ပစ္စည်း တစ်ခုကို ထုတ်သုံးအောင် တွန်းအားပေး နိုင်ခဲ့သည်။ ချန်းဖန် အသုံးပြုခဲ့သော လေဆင်နှာမောင်းမှာ သိုင်းပညာ တစ်ခု မဟုတ်ချေ။ ထိုအရာက လေနဲ့ ပတ်သက်သော အစီအရင်တစ်ခု ဖြစ်ပုံရသည်။

"အဲဒါက မင်းတတ်နိုင်တာ အကုန်ပဲလား..."

ချန်းဖန်က တည်ငြိမ်စွာ မေးလိုက်၏။ သူ စောစောက အသုံးပြုခဲ့သော လေဆင်နှာမောင်းမှာ ချီပေါက်ကွဲခြင်း စနစ်ဟုခေါ်သည့် ရိုးရှင်းသော နည်းစနစ်လေး တစ်ခုသာ ဖြစ်သည့်တိုင် ကျိုးတချီ၏ ပုံစံက အသည်းအသန် ခုခံလိုက်ရပုံ ပေါ်သည်။ သိုင်းပညာရပ်များနှင့် ယှဉ်ပါက ဓမ္မအစီအရင်များမှာ ပိုမို အစွမ်းထက်သည့်တိုင် ပြင်ဆင် လိုအပ်သည့်အချိန်က အလွန်များသည်။ ထို့ကြောင့် ချန်းဖန်နှင့် လဲ့ချန်းကျွယ်တို့၏ တိုက်ပွဲတွင် လဲ့ချန်းကျွယ်က ဓမ္မအစီအရင်ကို အသုံးမပြုခဲ့ပဲ သိုင်းပညာကိုသာ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခု ကျိုးတချီမှာ အစီအရင်များကို ကောင်းစွာ ပြင်ဆင်ထားပုံရကာ တန်ခိုးရှင် တစ်ယောက်၏ စွမ်းအား တစ်စိတ်တစ်ပိုင်း လောက်ထိ တိုက်ခိုက်နိုင်စွမ်း ရှိရာ ချန်းဖန်၏ ပြိုင်ဘက်ဖြစ်ရန် ထိုက်တန်သည်ဟု ဆိုနိုင်သည်။

"မင်းကို စိန်ခေါ်မိတဲ့ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို နောင်တ ရမိတယ်..."

ကျိုးတချီက ဖြူရော်ရော် ပြုံးလိုက်သည်။

"မင်းက ငါ့ရဲ့ တပည့်ကိုသတ်ပြီး ငါ့ရဲ့ ရိုးသားခြင်းကို စိန်ခေါ်ခဲ့တယ်။ ငါသာ သူ့အတွက် လက်စား မချေပေးနိုင်ရင် ငါ အနှစ် ခြောက်ဆယ်လုံးလုံး ပြင်းပြင်ထန်ထန် လေ့ကျင့်ခဲ့တာတွေကို ဖြုန်းတီးသလို ဖြစ်သွားမှာပေါ့..."

သူ၏ ဆံပင်များက လေနှင့်အတူ လွင့်ပါနေကာ မျက်လုံးများကလည်း လျှပ်စီးတန်း တစ်ခုအလား တလက်လက် တောက်ပနေခဲ့သည်။ ဝမ်းနည်းမှုနှင့် အထီးကျန်မှုက သူ၏ မျက်နှာကို စိုးမိုးနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ စွမ်းအားကြီးမားသော လှိုင်းတစ်ခု မွေးဖွားလာ၏။ ထိုအရာကား ဟောင်ကောင်ရှိလူတိုင်း ကြောက်ရွံ့ရသော အစီအရင်ပညာရှင်၏ သေခြင်းနှင့်ရှင်ခြင်းကို ဆုံးဖြတ်ပေးမည့် စွမ်းအားများ ဖြစ်သည်။

"ငါက ကျောင်းပေါင်း များစွာမှာ ကျင့်ကြံခဲ့ပြီးတော့ အကောင်းဆုံး နည်းစနစ်တွေရဲ့ အဆီအနှစ်ကို ထုတ်ယူခဲ့တယ်။ အဲဒီအရာတွေကို အသုံးပြုပြီး ဆန်းကြယ်ခြင်းကျိုး နည်းစနစ်ကို ဖန်တီးခဲ့တယ်။ သူ့ရဲ့ စွမ်းအားကို မင်း တွေ့မြင်ရတော့မှာပါ..."

ကျိုးတချီ လက်ဝါးနှစ်ဖက်ကို နှေးကွေးစွာ ဖြန့်ကားလိုက်၏။ ဗုဒ္ဓ၏ တန္ဒြာ အယူအရဆိုလျှင် လက်ချောင်း တစ်ခုချင်းစီက အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အပေါ်၊ အောက်၊ နီးခြင်း၊ ဝေးခြင်း၊ အတိတ်၊ ပစ္စုပ္ပန်တို့ကို ကိုယ်စားပြုသည်။ ကျိုးတချီ အစီအရင် ခင်းကျင်းနေသော ပုံသဏ္ဌာန်မှာ ကဝေဂိုဏ်း၏ ရှေ့ဟောင်း ဗုဒ္ဓတန္ဒြာနည်းစနစ်နှင့် အနည်းငယ် ဆင်တူသည်။

ကျိုးတချီက မျက်လုံးကို အနည်းငယ် စင်းကာ ရှေ့ဟောင်း ဂါထာများကို ရွတ်ဆိုလိုက်သည်။ နဂါးကို ဖော်ထုတ်ရန်အတွက် ဂါထာတစ်ခုကိုသာ ရေရွတ်ခဲ့ရသည့်တိုင် ယခုမူ ဂါထာများစွာကို တစ်ပြိုင်နက် ရွတ်ဆိုရင်း အစီအရင်အား အားဖြည့်သည်။

"ဟမ့်..."

ချန်းဖန် နှာခေါင်းတစ်ချက် ရှုံ့ကာ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ မူလက သူအသုံးပြုခဲ့သော လေဆင်နှာမောင်းထက် ပိုမိုကြီးသော လေပွေတစ်ခု ပေါ်လာကာ ကျိုးတချီ၏ အစီအရင်ထံ တိုးဝင်သည်။ လေဆင်နှာမောင်း၏ ဗဟိုချက်က အဆက်မပြတ် ပေါက်ကွဲနေကာ ရေတွက်၍ မရနိုင်သော အလင်းတန်းများကို ဖြစ်ပေါ်စေသည်။ လေဆင်နှာမောင်းက ကျိုးတချီထံ တိုးဝင်သည့်တိုင် အစီအရင်က သူအား ကာကွယ်ပေးသည်။

"နောက်ဆုံးတော့လည်း..."

ကျိုးတချီ အေးစက်စက် ပြုံးလိုက်သည်။ ရုတ်တရက် သူ၏ လက်မှာ မီတာတစ်ဆယ်ကျော် ရှည်လျားသည့် နဂါးကြိုးကိုးခု ထွက်ပေါ်လာ၏။ ထိုအရာများက လေပွေများကို ကွေ့ဝိုက်ကာ ချန်းဖန်အား ချုပ်နှောင်ရန် ပြင်သည်။

"ဆန်းကြယ် လက်ချောင်းနည်းစနစ်၊ နဂါးယဉ်ပါးခြင်းဓမ္မကြိုး..."

ထိုအရာကား ကျိုးတချီ၏ နာမည်ကျော် နည်းစနစ်ပင် ဖြစ်တော့သည်။ ထိုကြိုးများက ချန်းဖန်ထံ နဂါးများကဲ့သို့ ပြေးဝင်ကာ လှောင်အိမ်တစ်ခုအလား ပိတ်လှောင်သည်။ လှောင်အိမ်အတွင်း ကျရောက်နေသည့် ချန်းဖန်ကိုကြည့်ရင်း ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထိုဓားမှာ နင်းတန့်ချင်း အသုံးပြုခဲ့သော နွေဦးတန်ခိုးရှင်၏ ဓားဖြစ်ကာ သူသေဆုံး သွားပြီးနောက် ပိုင်ရှင်ထံ ပြန်ရောက်သွားဟန် ရသည်။

ကျိုးတချီ၏ သူ၏ လက်မောင်းကို ဓားဖြင့်လှီးရင်း သွေးစွန်းစေသည်။ ထိုအရာက သူ၏ သွေးကိုစုပ်ယူရင်း သူနှင့် ပိုမိုကြမ်းကြုတ်လာပုံရကာ တဆတ်ဆတ် တုန်လာပြီး ချန်းဖန်ရှိရာသို့ ပြေးဝင်သွားသည်။ ရုတ်တရက် လှောင်အိမ်ဆီမှ အဇူရာရောင် ဓားတစ်ချောင်း ပေါ်ထွက်လာကာ အတားအဆီး အားလုံးကို ဖြတ်သန်း၍ နွေဦးတန်ခိုးရှင်ဓားကို တားဆီး၏။

"စုတ်ချာလိုက်တာ..."

ချန်းဖန် ပြုံးလိုက်ရင်း လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ အဇူရာရောင် သင်္ကေတနှစ်ခု ပေါ်ထွက်လာကာ သူ့အား ဝန်းရံထားသော နဂါးယဉ်ပါးခြင်း ကြိုး၏ လှောင်အိမ်အား ဖျက်ဆီးသည်။

"ချင်နလက်ဝါး ... သွားစမ်း..."

သင်္ကေတနှစ်ခုက ပေါင်းစပ်ကာ လက်ဝါးသဏ္ဌာန် ပြောင်းလဲ၍ ကျိုးတချီရှိရာသို့ တိုးဝင်သွားသည်။ ထိုချင်နလက်ဝါးမှာ သူအသုံးပြုနိုင်သည့် အထဲ၌ တတိယမြောက် အစွမ်းအထက်ဆုံး နည်းစနစ်တစ်ခု ဖြစ်သည်။

"ကောင်းပြီ ... ဒီနည်းစနစ်ကို ဒီနေ့ အသုံးပြုရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဒီအရာကို ငါသေတဲ့အထိ လျှို့ဝှက်ချက် တစ်ခုအဖြစ် ထိန်းသိမ်းသွားဖို့ တွေးထားခဲ့ပေမဲ့လည်း ... ဟင်း..."

ကျိုးတချီ သက်ပြင်းချကာ ရွှေရောင်သဏ္ဌာန် လိပ်ခွံကို ကြည့်လိုက်သည်။

"မိတ်ဆွေအိုကြီး ... ငါနဲ့ အချိန်အကြာကြီး အတူရှိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ကျိုးတချီက တရိုတသေ ပြောလိုက်သည်။ သူ၏ မျက်လုံးတွင်မူ နှမြောခြင်း၊ ဝမ်းနည်းခြင်းများက ရစ်သိုင်းလျက်။

ဘုန်း...

လိပ်ခွံဘီးက အပိုင်းအစများ အဖြစ် ကွဲကြေကာ အလင်းတန်းကိုးခု အဖြစ် တောင်ထိပ်မှ အပေါ်သို့ လွင့်တက် သွားသည်။ ထိုအချိန်မှာပင် ကျိုးတချီ၏ သူ၏ လက်နှစ်ဖက်ကို ကောင်းကင်သို့ ဆန့်တန်းရင်း...

"ချူလုံတောင်ကိုးလုံး ... ကျုပ်ကို  မင်းတို့ရဲ့ စွမ်းအားတွေ ငှားရမ်းပါ..."

***

All Chapters