ဒြပ်စင်နှစ်ခုချပ်ဝတ်(၁)
Vol. 130 Ch. 1792
တတိယအလွှာမှ ထိုအဘိုးအို၏စကားများသည် လောကတွင် ပဲ့တင်ထပ်လာ၏။ ယင်းစကားများက ဝမ်လင်း၏နားထဲသို့ ဝင်ရောက်လာသလို ကောက်ရီကလန်မှ ယွမ်ရီဖန်ကလည်း ကြား၏။ ထိုအခါ သူသည် မျက်မှောင်ကြုတ်သွားမိသည်။
သူ၏ ဂုဏ်ဝင့်မှုမှာ သူ့အသွေးအသားထဲမှ လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် စကားလုံးများဖြင့် တဖက်လူကို နှိမ့်ချတတ်ခြင်း မရှိလေပေ။
ယွမ်ရီဖန်က ဝမ်လင်းကို ကြည့်နေရင်း မျက်မျောင်ကြုတ်သွားသည်။ သူက ဘေးတစ်ဖက်သို့ ဆုတ်ကာ ဖြစ်ပျက်လာမည့်အရာအပေါ် လစ်လျူရှုထားလိုက်တော့၏။
တတိယအလွှာထံမှ ထိုစကားလုံးများ ထွက်ပေါ်လာရင်း အစိမ်းနှင့်အဝါရောင် လင်းလက်သွား၏။ ထိုအရောင်နှစ်ရောင် ပျံ့နှံ့လာသည်နှင့် တခေါင်းလုံး ဖြူဖွေးနေသော အဘိုးအိုတစ်ယောက် တတိယအလွှာထံမှ လှမ်းလျှောက်လာသည်။
ထိုအဘိုးအို၏ခန္ဓာကိုယ်ကို သစ်သားနှင့်မြေစွမ်းအားတို့ ခြုံလွှမ်းထား၏။ သူ လှမ်းလျှောက်လာနေရင်း လူတစ်ယောက်က မိုးထိမြင့်မားသောသစ်ပင်အရိပ်နှင့် သဲမုန်တိုင်းတစ်ခုကို သူ၏နောက်တွင် တွေ့ရနိုင်သည်။
ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ဖိအားသည် ထိုအဘိုးအိုထံမှ ပျံ့နေ၏။
သူ လှမ်းလျှောက်လာသည့်နောက် သူက ညာလက်ကို မျှော်စင်ထံသို့ ဝေ့ယမ်းရာ အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး မျှောစင်ကို အကွာအကွယ် ပြုသည်။ ၎င်းအလင်းမျက်နှာပြင် အလန်အားကောင်းပြီး မြန်မြန်ချိုးဖျက်ဖို့ ခက်ခဲပေမည်။
“ဒြပ်စင်ငါးခုဂြိုဟ်ကို ချိုးဖျက်ဝင်လာပြီး နှလုံးသားဘီးကို ပြောင်းပြန်လှည့်ပစ်ခဲ့တယ်။ မင်း တော်တော် သိပ်သတ္တိရှိ နေတယ်ပေါ့။ ကောင်လေး။ မင်း ဒီနေ့ လာခဲ့မှတော့ ထွက်မသွားတော့နဲ့။ မင်းရဲ့ ရှေးတောက်ကလန် မဝင်ရောက်နိုင်တဲ့ နေရာအချို့ ရှိနေတယ်ဆိုတာ ငါ မင်းကို ပြသပေးမယ်…”
ထိုအဘိုးအိုက ဝမ်လင်းကို အေးတိအေးစက် ကြည့်သည်။
“ငါ မင်းကို ဖမ်းပြီး မင်းကို အပြစ်ပေးဖို့အတွက် မင်း စီနီယာကို လာခိုင်းမယ်…”
သူသည် ဝမ်လင်းက ဒီလှိုဏ်ဂူလောက်မှန်း မသိပေ။ ဝမ်လင်း၏ရှေးတောက်စွမ်းအားကို တွေ့မြင်သည့်နောက် ဝမ်လင်းက သူတို့လိုပင် အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ လာခဲ့သည်ဟု ယူဆမိသည်။
သူက ဝမ်လင်း တစ်ကိုယ်တည်းလာသည်ဟုလည်း မထင်ထားပေ။ ရှေးတောက်ကလန်မှ တခြားသူများလည်း ရှိနေလောက်အုံးမည်ပင်။
ထိုအဘိုးအိုက သူ့အတွေးကိုယ်သူ ရှစ်ဆယ်ရာခိုင်နှုန်းလောက် မှန်လိမ့်မည်ဟု ယုံကြည်ထား၏။ ထိုသို့ ပြောဆိုပြီးနောက် သူက ရှေ့သို့ တိုးကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ သစ်ပင်ကြီး၏အရိပ်ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ ထိုသစ်ပင်သည် ရှုံ့တွလာကာ လှုပ်ခါ၍ အဘိုးအို၏လက်ထဲ၌ အစိမ်းရောင်အလင်းဒြပ်ထုတစ်ခု ဖြစ်လာသည့်အထိပင်။
မျက်စိတစ်မှိတ်အတွင်း ထိုအစိမ်းရောင်အလင်းက အစိမ်းရောင်ကျာပွတ်တစ်လက်အဖြစ်သို့ ပြောင်းသွား၏။
ထိုကျာပွတ်သည် သစ်သားဓာတ်၊ အသက်ဓာတ်တို့နှင့် ပြည့်လျှံနေသည်။ အဘိုးအိုက ၎င်းကို ဝေ့ယမ်းရာ တစီစီအသံများ ပဲ့တင်ထပ်၏။ အစိမ်းရောင်စပါးအုံးမြွေတစ်ကောင်အလား ၎င်းသည် ဝမ်လင်းထံ လွှဲရိုက်လာချေပြီ။
လောကသည် အရောင်များ ပြောင်းလဲ၏။
ကောက်ရီကလန်သည် သူတို့၏ကျာပွတ်များအတွက် ကျော်ကြားလှ၏။ သူတို့၏ကျာပွတ်များမှာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတွင်ပင် ထင်ရှားကာ မထူညီသောနည်းလမ်းများဖြင့် ၎င်းတို့ကို ဖန်တီးကြသည်။
ဝမ်လင်းသည် အစိမ်းရောင်ကျာပွတ်၏ ပုံပန်းအသွင်ကို ကောင်းကောင်း မမြင်ရနိုင်ပေ။ သူက အစိမ်းရောင်အလင်းကိုသာ မြင်နိုင်၏။ သူ့ထံ တိုးဝင်လာသော အစိမ်းရောင်အလင်းမှာ သစ်သားဒြပ်စင် ပြည့်နှက်နေချေသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ ကျန်နှစ်လွှာထံမှ မည်သည့်လှုပ်ရှားမှုမျှ ရှိမနေသေးမြဲပင်။ တတိယအလွှာမှ အဘိုးအိုသည်ပင် တုန်လှုပ်ဖွယ်ကျင့်ကြံခြင်းအဆင့် ရှိနေလေပြီ။ ကျန်သည့်နှစ်လွှာထံမှ နှစ်ယောက်က မည်မျှအစွမ်းထက်မည်ကို သူ မသိပေ။
ဝမ်လင်းက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်၏။ အစိမ်းရောင်ကျာပွတ် နီးကပ်လာနေရင်း သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက သူ့လက်ဝါးကို ရှေ့သို့ တွန်းထုတ်သည်။
သူ့လက်ဝါး ရှေ့သို့ တွန်းထုတ်လိုက်သည်နှင့် သူ၏လက်ချောင်းများက ကွေးညွှတ်ကာ လက်သီးအသွင် ဖြစ်ပေါ်ပြီး သူက နောက်ပြန်ဆွဲငင်သည်။
ကံမ္မလက်ဝါး။
ထိုဆွဲငင်မှုဖြင့် ကျာပွတ်ထံမှ အစိမ်းရောင်အလင်းသည် ထုတ်နှုတ်ခြင်း ခံရကာ ဝမ်လင်း၏လက်ကြားထဲသို့ ရောက်ရှိ၏။ သူက ၎င်းကို ခြေမွပစ်ရာ အနှီအလင်းမှာ ပျက်စီးခြင်း ဆိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကျာပွတ်က တခဏ ရပ်တန့်သွား၏။ သည်အခိုက်တွင် ဂြိုဟ်ပေါ်ရှိ မြက်ပင်များမှာ မြန်ဆန်စွာ သွေ့ခြောက်ကုန်ပြီး သစ်သားအားအဖြစ် ပြောင်း၍ ကျာပွတ်အတွင်း၌ စုဝေးကုန်သည်။
ချက်ခြင်းပင် ဝမ်လင်း၏ကံမ္မလက်ဝါးက ထုတ်နှုတ်ခံလိုက်ရသော အနှစ်သာရကာ ပြန်ရရှိသွား၏။ ကျာပွတ်က ဝမ်လင်း၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။
ဝုန်းခနဲ ပေါက်ကွဲသွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သွားသည်။ ကျာပွတ်က သူ၏ခန္ဓာကိုယ်နှင့် မထိဘဲ ပေအချို့အကွာတွင် ရပ်တန့်သွားပေသည်။ ကျာပွတ်ထံမှ ဖန်တီးလေသော လှိုင်းဂယက်များက ဝမ်လင်းကို ပြင်းထန်သောအားတစ်ခုက သူ့အား ရိုက်ချသလို ခံစားရစေသည်။
ဝမ်လင်းက နောက်သို့ ခြေလှမ်းများစွာ ဆုတ်၍ သူ့လည်ချောင်းအတွင်းမှ သွေးကို ဖိနှိပ်၏။ အဘိုးအိုက မောက်မာစွာ ရယ်မော၍ နောက်တဖန် ဝေ့ယမ်းသည်။ သည်တစ်ကြိမ်၌ သူ၏ပစ်မှတ်မှာ ဝမ်လင်း၏ဦးခေါင်းသို့ပင်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားကာ သူက စတင်၍ ကောက်ချက်ချ၏။ သူက သည်နေရာသို့ သတ်ဖြတ်ရန် ရောက်လာခြင်း မဟုတ်ပေ။ သူ့ရည်ရွယ်ချက်မှာ သည်နေရာရှိ ပြင်ပကျင့်ကြံသူများက မည်မျှသန်မာသည်ကို တွေ့မြင်လိုသည်သာ ဖြစ်သည်။
ဝမ်လင်းသည် ထိုအဘိုးအို၏ကျင့်ကြံခြင်းကြောင့် အံ့အားသင့်မသွားပေ။ သို့သော် ထိုအဘိုးအိုသာ ထွက်လာသေးပြီး ကျန်မျှော်စင်နှစ်ထပ်မှ နောက်နှစ်ယောက်သည် ထွက်မလာသေးပေ။
“ကျာပွတ်။ ငါ့မှာလည်း ရှိတယ်…” ထိုအခိုက်၌ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ့စိတ်မှာ မိစ္ဆာတစ်ကောင်ကဲ့သို့ ဉာဏ်များလှသူ ဖြစ်၏။ ထို့ကြောင့် သူက သူ လိုချင်သောအဖြေအတွက် အကောင်းဆုံးနည်းလမ်းကို ရှာနိုင်စွမ်း ရှိသူပင်။
ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်ရာ စိတ်ဝိညာဉ်ကျာပွတ် ပေါ်လာချေသည်။ ထိုကျာပွတ်က ဘေးပတ်လည်သို့ ဆန့်ထွက်ကာ အက်သံများ ပဲ့တင်ထပ်သည်။ စိတ်ဝိညာဉ်ကျာပွတ်မှ ရွှေရောင်အလင်းက အစိမ်းရောင်အလင်းနှင့် နင်လားငါလား။
ထိုအဘိုးအိုက သည်စိတ်ဝိညာဉ်ကျာပွတ်ကို တွေ့မြင်သည်နှင့် သူ တုန်လှုပ်သွားသည်။ သို့သော် မကြာခင်တွင်ပင် သူက တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် သူ၏အမူအရာမှာ သုန်မှုန်လာတော့သည်။
အဖြစ်အပျက်အားလုံးက မြန်လှပါ၏။ ဝမ်လင်းက စိတ်ဝိညာဉ်ကျာပွတ်ကို ဆုပ်ကိုင်ကာ ရှေ့သို့ လှမ်းလျှောက်သည်။ ရုတ်တရက် သူက သူ့လက်ကို ဝေ့ယမ်း၏။ စိတ်ဝိညာဉ်ကျာပွတ်က အစိမ်းရောင်ကျာပွတ်နှင့် ထိပ်တိုက်တွေ့တော့သည်။
အဝေးမှ ကြည့်ပါက ထိုကျာပွတ်နှစ်ခုသည် ဧရာမမြွေကြီးများအလား။ ယင်းတို့ ထိပ်တိုက်တွေ့သည့်အခါ ပြင်းထန်သောတုန်ဟည်းသံကို ဖန်တီးသည်။ ကျာပွတ်များက ပျော့ပြောင်းပါ၏။ ယင်းတို့ထိမိသည့်အခါ တွန့်ခေါက် ချိတ်ဆက်သွားကြသည်။
ရွှေရောင်အလင်းနှင့် အစိမ်းရောင်အလင်းတို့က အတူတကွ ရောယှက်ကာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ဝမ်လင်းက ညာလက်တွင် စိတ်ဝိညာဉ်ကျာပွတ်ကို ဆုပ်ကိုင်ကာ အဘိုးအိုကလည်း အစိမ်းရောင်ကျာပွတ်ကို ကိုင်ဆွဲထား၏။ ကျာပွတ်နှစ်ခုက သူတို့၏လက်ထဲ၌ တုတ်ချောင်းနှစ်ချောင်းအလား။
သည်အခိုက်၌ သူတို့နှစ်ယောက်က ပြိုင်တူ ဆွဲငင်ယူလိုက်၏။ အဘိုးအိုမျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာပြီး သူ၏ကျင့်ကြံမှုသည် ညာလက်သို့ ရောက်ရှိလေ၏။
သို့ပေမည့် သူက ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
ဝမ်လင်းက ရှေးတောက်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူပင်။ သည်လောကတွင် ရှေးလူများထက် ပိုသန်မာသောခန္ဓာကိုယ် ဟူ၍ မရှိပေ။ ဝမ်လင်းက ရှေးတောက်သွေးမျိုးဆက်ကို ပိုင်ဆိုင်သူသာ မဟုတ် သူ့ကိုယ်ပွား၌လည်း အနှစ်သာရခုနစ်ခုကို ပိုင်ဆိုင်ထားပေသည်။
သူ၏အနှစ်သာရများသည်လည်း ပေါက်ကွဲထွက်လာကာ သူ့ညာလက်သို့ စီးဝင်၍ ရှေးတောက်စွမ်းအားနှင့် ပေါင်းစပ်သည်။ ဝမ်လင်း၏ညာလက်က ယဲ့မိုပိုင်ဆိုင်ခြင်းကြောင့် ပေါင်းစည်းမှုစွမ်းအားသည် ကြောက်ခမန်းလိလိ အဆင့်သို့ ရောက်ရှိ၏။ ထိုအဘိုးအိုသည် ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ဖြစ်သော်လည်း ဝမ်လင်း၏ခွန်အားနှင့် ယှဉ်ပါက ရူးမိုက်ရာ ကျပေမည်။
တစ်ချက်ဆွဲယူလိုက်သည်နှင့် လောကသည် တုန်ဟည်းကာ ကျာပွတ်နှစ်ခုသည် အသံများ မြည်လာ၏။ ယင်းတို့မှာ ဆက်လက် တောင့်မခံနိုင်တော့သည့်အလား။ ချက်ခြင်းပင် အဘိုးအို၏လက်မှ ကျာပွတ်သည် လွတ်ထွက်ကာ သူ့လက်ပေါ်၌ သွေးအမှတ်အသားတစ်ခု ကျန်ခဲ့၏။
ဘန်းခနဲ ပေါက်ကွဲကာ ကျာပွတ်နှစ်ခုသည် ဝမ်လင်းထံသို့ ရောက်ရှိ၏။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာပြီး သူက ထိုအဘိုးအိုထံ တိုးဝင်သည်။
အဘိုးအို၏အမူအရာက သုန်မှုန်နေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူက နောက်သို့ အမြန်ဆုတ်သည်။ အစိမ်းရောင်ကျာပွတ်မှာ ဝမ်လင်း၏ ဆွဲယူခြင်း ခံရပြီး အစိမ်းရောင်အလင်းအဖြစ်သို့ ပြောင်း၍ အဘိုးအိုထံ ပျံသန်းရောက်ရှိလာသည်။ တစ်ချိန်တည်းမှာ အဘိုးအို၏နောက်မှ သဲမုန်တိုင်းက ရှေ့သို့ ထိုးတက်ကာ သူ့အား ဝန်းရံသည်။ အက်သံများ ပဲ့တင်ထပ်၏။ အစိမ်းရောင်အလင်းသည် သဲမုန်တိုင်းအတွင်းသို့ ဝင်ရောက်သွားသည်။ သဲမုန်တိုင်းက မြန်ဆန်စွာ ကြုံ့လာပြီး သစ်သား၊မြေကြီး ဒြပ်စင်တို့ဖြင့် ပြုလုပ်ထားသော ချပ်ဝတ်တစ်ခု ဖြစ်ပေါ်လေသည်။
ထိုချပ်ဝတ်မှာ မြေဝါရောင်ရှိပြီး အစိမ်းရောင်ပန်းကွက်များလည်း ပါဝင်နေသည်။ အဝေးမှ ကြည့်ပါက စိမ်းရောင်ခြယ်သစ်ပင်တစ်ပင်အလား။
အနှီချပ်ဝတ်ပေါ်လာသည့်အခါ အဘိုးအို၏ကျင့်ကြံခြင်းသည် ရုတ်တရက် ဆန်းကြယ်လေဟာနယ်အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ တက်လှမ်းသွားသည်။ သူက ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။
ဤသည်မှာ ကောက်ရီကလန်၏ ချပ်ဝတ် ဖြစ်၏။
သို့ရာတွင် ချပ်ဝတ် ပို၍ အစွမ်းထက်လေလေ ၎င်းကို ထိန်းချုပ်နိုင်ဖို့ ပိုခက်ခဲလေပင်။ ၎င်းက အသုံးပြုသူကိုလည်း အန္တရာယ်ကောင်းကောင်း ပေးနိုင်သည်။ အဘိုးအို၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့တွနေ၏။ သစ်ပင်အကိုင်းအခတ်များက သူ၏ခန္ဓာကိုယ်တွင်း တူးဆွနေသည့်အလား။ သူက ကြမ်းကြုတ်သောအမူအရာဖြင့် မော်ကြည့်ကာ နာကျင်စွာဟိန်းအော်၍ တရကြမ်း ရှေ့သို့ တိုးဝင်လာသည်။
သူ ထိုးထွက်လာသည်နှင့် မြေပြင်သည် လှိုင်းတစ်ခုအလား လှုပ်ရှားသည်။ ကြီးမားသည့်တောင်ကုန်းများပေါ်လာကာ သူနှင့်အတူ ရွှေ့လျားသည်။
သည်အခိုက်အတန့်တွင် ဒီဂြိုဟ်ပေါ်ရှိ မြက်ပင်များအားလုံးသည် သွေ့ခြောက်သွားကာ အဘိုးအိုရှေ့တွင် အစိမ်းရောင်အမျှင်တန်းများအဖြစ် စုဝေးသည်။
၎င်းသည် မိုးထိမြင့်မားသောသစ်ပင်ကြီးများအဖြစ်သို့ ပြောင်းလဲကာ ရွှေ့လျားသည်။ ထိုသစ်ပင်များကား ထူထဲသောတောအုပ်နှင့်တူကာ ဧရာမသစ်ပင်လူသားအသွင် မြန်ဆန်စွာ ဖြစ်ပေါ်သည်။
ထိုသစ်ပင်လူသားမှာ ပေထောင်သောင်းချီ မြင့်မားကာ ထိုအဘိုးအိုကို ထွေးခြုံထားသည်။ ၎င်းက ဝမ်လင်းထံ နီးကပ်လာပြီး သူ၏ညာလက်ဖြင့် ရိုက်ချသည်။
ဒီအဘိုးအိုအတွက် သေလိုက်တော့…” တစီစီအသံများ ပဲ့တင်ထပ်ကာ ဧရာမသစ်ပင်လက်သီးချက်က ဝမ်လင်း၏အမြင်တွင် ပေါ်လာသည်။
ဝမ်လင်းအောက်တွင် မြေပြင်သည် ဝဲကတော့ ဖြစ်ပေါ်ကာ သဲမုန်တိုင်းက သူ့အား ခြုံလွှမ်းသည်။ မရေမတွက်နိုင်သော သဲမှုန်သဲစများသည် မြည်ဟည်းလျက် ဝမ်လင်းကို အပိုင်းပိုင်း ဆုတ်ဖြဲရန် တာဆူသည်။
ထိုသဲမုန်တိုင်းအတွင်း၌ ဝမ်လင်းက တည်ငြိမ်နေ၏။ အဖြစ်အပျက်အားလုံးမှာ သူ၏မျှော်လင့်ချက်အတွင်း၌သာ ရှိသည်။ သဲမုန်တိုင်းက သူ့အား ဝန်းရံနေစဉ် သစ်ပင်မှ လက်သီးချက် နီးကပ်လာပြီး ဝမ်လင်းသည် မျက်လုံးမှိတ်ထားလိုက်၏။ သည်အခိုက်တွင် အင်မောတယ်ရှေးမန္တာန်က သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းသည်။
ဒြပ်စင်ငါးခုဂြိုဟ်အပြင်ဘက်တွင် မဟာအင်ပါယာရွှမ်လောက ဖြစ်ပျက်သမျှကို ကြည့်နေ၏။ သူက ဝမ်လင်းကို အချိန်အတန်ကြာတည်းက စမ်းသပ်နေခြင်း ဖြစ်ကာ ခုချိန်၌ အတော်လေး ကျေနပ်နေလေပြီ။ သူ၏မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု တောက်ပ လှစ်ဟနေ၏။
“ဒါဟာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်မန္တာန်နဲ့ ဆင်တူတယ်။ သူ ဘာလုပ်နေတာလဲ…”