← Chapters

ကြက်ကန်း ဆန်အိုးတိုး

Vol. 3 Ch. 37

ကြက်ကန်း ဆန်အိုးတိုး

Vol. 3 Ch. 37

~

‘ ဘာဖြစ်သွားတာလဲ...’

ယခုအချိန်တွင် အံ့အားသင့် နေသူမှာ လင်းမို့တစ်ယောက်ထဲမဟုတ် ။ ဂျင်ရုံအတွင်းရှိ ကျန်းရွှယ်မှာ လင်းမို့ထက် ဆယ်ဆပိုမို အံ့သြနေသည် ။

‘ ငါဘယ်လိုလုပ် အဆင့်တက်သွားတာလဲ... ‘

ဂျင်ရုံအတွင်း အဝါရောင် မီးအလင်းရောင်အောက်ရှိ ကျန်းရွှယ်တစ်ယောက် မျက်လုံးပြူးနေ၏ ။

ဤမျှ အချိန်တိုလေးအတွင်း သူမ အဆင့်တက်သွားသဖြင့် ကြက်သေသေနေသည် ။ သူမ မယုံနိုင်သေးပေ ။ သူမ သတိထားမိခြင်းမရှိဘဲ အဆင့်၂ အထွတ်အထိပ်သို့ ဝုန်းဆိုပြီး ရောက်သွား၏ ။ သူမ၏ လိပ်ပြာလေး လွင့်သွားသဖြင့် ပြန်ဖမ်းနေရလေသည် ။

လင်းမို့ လှည့်ထွက်သွားသည်နှင့် ကျန်းရွှယ်က လင်းမို့၏ အကြံကို လက်မခံသော်လည်း သူမ၏ နှလုံးသား အတွင်းမှ ထိုသို့ ပြုလုပ်ရန် တိုက်တွန်းနေသည် ။

‘ လုပ်ကြည့်လို့လဲ ဆိုးကျိုးမရှိပါဘူး...’

ထိုသို့ တွေးမိသည်နှင့် သူမ ကြိုးစားကြည့်လိုက်သည် ။

‘ သိုင်းကွက်တွေကို အာရုံစိုက်လို့ ငါ့စိတ်တွေ တင်းကျပ်နေမှာလား...’

ကျန်းရွှယ်က လင်းမို့ပြောသည်ကို လက်မခံ ။ သူမ အကောင်းဆုံးကြိုးစားလျှင် အောင်မြင်မည်ဟု ယုံကြည်ထားသူဖြစ်သည် ။

သူမ၏ စိတ်ကို ထိန်းချုပ်မထားဘဲ စိတ်ခေါ်ဆောင်သလို ရွေ့လျားကြည့်လိုက်သည် ။ သိုင်းကွက်များကို စဥ်းစားမနေတော့ ။ တစ်ဆို့နေသော်လည်း အဆင့်မတက်နိုင်သည့် ခံစားချက်ကြောင့် သူမ ရူးသွပ်ခံနီးနေလေပြီ ။

ယခု လင်းမို့ ပြောသည့်အတိုင်း လေ့ကျင့်ကြည့်ရာ ဆယ်စက္ကန့်အတွင်းပင် ရုတ်တရပ် ညဏ်အလင်းပွင့် သည်ကို ခံစားမိလိုက်သည် ။ ကျန်းရွှယ်၏ ခွန်အားမှာ လုံလောက်ပြီးဖြစ်၍ အဆင့်၂ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားသည် ။ ဆယ်စက္ကန့်အတွင်း အောင်မြင်ခဲ့ပေရာ သူမ မအံ့အောဘဲ မနေနိုင် ။

ကျန်းရွှယ်က ရှုပ်ထွေးနေသော ခံစားချက်များဖြင့် အပြင်သို့ ထွက်သွားသော လင်းမို့ကို လှမ်းကြည့်လိုက်သည် ။

‘ ဆယ်စက္ကန့်တောင်မကြာဘူး မြန်လိုက်တာ...’

လင်းမို့လည်း မှင်တက်နေတုန်းပင် ။ သူတံခါးဝမှ ထွက်လိုက်သည်နှင့် အဆင့်၄ သို့ရောက်ရှိသွားသည် ။

‘ ဘာဖြစ်သွားတာလဲ...’

အဆင့်တက်သည်မှာ မြန်လွန်းသဖြင့် သူလိုက်မမှီတော့ ။

ချက်ချင်းပင် ဖြစ်နိုင်သည်ကို လင်းမို့ စဥ်းစားမိလိုက်သည် ။

‘ ကျန်းရွှယ်အဆင့်တက်သွားတာလား...သူအဆင့်တက်လို့ တက်ကြွအညွှန်းကိန်း ဆောင့်တက်ပြီး ငါအဆင့်တက်သွားတာလား...’

ထိုသို့သာ ဖြစ်နိုင်သည်ဟု သူထင်လိုက်သည် ။

‘ ကျန်းရွှယ်အဆင့်တက်သွားတာ ဟုတ်မဟုတ် ငါပြန်ကြည့်ရမယ်... ‘

လင်းမို့သည် ပြန်ဝင်တော့မည်ဖြစ်သော်လည်း ဂျင်ရုံအတွင်းရှိ နောက်ဆုံးမီး ပိတ်သွားသည်ကိုမြင်လျှင် ရပ်စောင့်နေလိုက်သည် ။ ခဏအကြာတွင် ကျန်းရွှယ် ထွက်လာ၏ ။

“ နင် မပြန်သေးဘူးဘဲ...”

ကျန်းရွှယ်က လင်းမို့ကို မြင်လျှင် အံ့သြဟန် မပြဘဲ ပြောလိုက်၏ ။ လင်းမို့ မပြန်သေးသည်မှာ ပုံမှန်သာဖြစ်သည် ။ သူပြန်လျှင် နောက်လိုက်ခွေးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်မည်မဟုတ် ။

“ ငါ... “

လင်းမို့တစ်ယောက် ပြောရန်ပြင်ဆင်ထားသော စကားများ ပျောက်ဆုံးသွားသည် ။

‘ ငါ့ကိုနင်က နောက်လိုက်ခွေးထင်နေတာလား...ငါ မပြန်သေးတာက အဆင့်၄ ဘယ်လိုရောက်သွားလဲ သိချင်လို့ကွ ... နင့်ကို ဖွန်ကြောင်ချင်လို့ ထင်နေတာလား... ဆုတောင်းလေ...’

“ ဘာပဲဖြစ်ဖြစ် ... ငါနင့်ကို ကျေးဇူးတင်ပါတယ်... “

လင်းမို့ပြန်မပြောမှီ ကျန်းရွှယ်က ပြောလိုက်၏ ။

“ ငါ့ကို ကျေးဇူးတင်တယ်လား...”

လင်းမို့ အနည်းငယ် အံ့အားသင့်သွားသည် ။

“ ဟုတ်တယ်... “

ကျန်းရွှယ် ဖုံးကွယ်မထား ။

“ နင်ပြောလိုက်တာကြောင့် ငါအောင်မြင်သွားတာ... လေ့ကျင့်တဲ့နေရာမှာ အဓိက အချက်တွေ သတိထားမိပြီးတော့ အဆင့်၂ အထွတ်အထိပ် ရောက်သွားတယ်... “

‘ တကယ်ပင်... ‘

လင်းမို့ သည် ကျန်းရွှယ်၏ စကားကို ကြားတော့ အဆင့်၄ ရောက်သွားသည်မှာ သူမကြောင့်မှန်း သေချာသွားသည် ။

‘ ဟားဟားဟား.... မိန်းမ...မိန်းမ... ပြောတော့တမျိုး လုပ်တော့တမျိုး... ‘

‘ နင်ငြင်းနေတာတောင် နင့်ခန္ဓာကိုယ်ကမှ ရိုးသားသေးတယ်... ‘

လင်းမို့ အထင်သေးစွာ တွေးလိုက်မိသည် ။ အရင်စက္ကန့်အနည်းငယ်က သူအကြံပေးသည့်အတိုင်း မလုပ်ဟု ပြောသော်လည်း နောက်တစ်စက္ကန့်အတွင်း သူ့အကြံအတိုင်း လေ့ကျင့်နေသည် ။ အရှက်မရှိကြ ။

ထိုစဥ် ကျန်းရွှယ်က ဆက်ပြောသည် ။

“ နင်ပြောတာ ကြက်ကန်းဆန်အိုးတိုးပင်မယ့် ငါနင့်ကို ကျေဇူးတင်နေသေးတယ်...” ( ဝူးမန်းများသည် ဘယ်တော့မှ ဝန်ခံမည်မဟုတ် )

‘ ကြက်ကန်းဆန်အိုးတိုးလား...’

လင်းမို့ သွေးအန်မလို ဖြစ်သွားသည် ။

‘ ငါနင့်ကို သနားပြီး နင်ဖြစ်နေတယ့် ပြသနာကို ထောက်ပြတာတောင် နင်က ငါ့ကို ကြက်ကန်ဆန်အိုးတိုးတယ်လို့ ပြောသေးတာလား...’

“ ဘာပဲဖြစ်ဖြစ် နင်ဒီလို ကံကောင်းတယ်ဆိုတော့ နင့်မှာ သိုင်းပညာအသိညာဏ် နဲနဲတော့ ရှိတယ် ပြောရမှာပဲ...ငါ ခုအဆင့်တက်ထားတာဆိုတော့ အိမ်ပြန်ပြီး တည်ငြိမ်အောင် လေ့ကျင့်ရအုံးမယ်... “

ကျန်းရွှယ်က ပြောပြီးသည်နှင့် လင်းမို့အား စကားပြန်ပြောချိန်မပေးဘဲ လှည့်ထွက်သွားတော့သည် ။ သူမ၏ အေးစက်စက်အမူအရာအား ထိမ်းထားဆဲပင် ။

ခြေလှမ်းအနည်းငယ် လျောက်လာပြီးနောက် ကျန်းရွှယ်က နောက်သို့လှည့်ကာ လှမ်းခေါ်လိုက်သည်။

“ လင်းမို့...”

“ ဘာလဲ... “

အိမ်သို့ပြန်ရန် ဆန့်ကျင်ဘက်သို့ သွားနေသော လင်းမို့လည်း လှည့်ကြည့်လိုက်ရတော့သည် ။

“ နင် သိုင်းပညာလမ်းစဥ်ကို လုံးဝ အရှုံးပေးလိုက်တယ်လို့ ငါမထင်ဘူး... “

သူတို့နှစ်ဦးကြား အကွာအဝေးမှာ အနည်းငယ် လှမ်းသဖြင့် ကျန်းရွှယ်က အော်ပြောလိုက်၏ ။

“ စာမေးပွဲစဖို့ ဆယ်ရက်လိုသေးတယ်... နင့် ညာဏ်နဲ့ဆို အသက်မွေးဝမ်းကြောင်း ကျောင်းတော့ ဝင်ခွင့်ရနိုင်သေးတယ်... “

လင်းမို့ မျက်ဖြူလှန်သွားသည် ။

‘အသက်မွေးဝမ်းကြောင်းကျောင်းက ဘာလုပ်ရမှာလဲ... ‘

သူ ထိပ်တန်း တက္ကသိုလ်များသာ တက်ရန် ဆုံးဖြတ်ပြီးဖြစ်သော်လည်း သူ့အား အသက်မွေးဝမ်းကြောင်းကျောင်း တက်ခိုင်းနေပေသည် ။

“ တော်ပါပြီ...”

လင်းမို့လည်း လေကုန်ခံ၍ ပြန်ငြင်းမနေတော့ဘဲ လှည့်ထွက်လာခဲ့လိုက်သည် ။ နောက်တွင်ကျန်ခဲ့သော ကျန်းရွှယ်အား လက်ယမ်းကာ နှုတ်ဆက်လိုက်သည် ။

“ ဟေး... မမေ့နဲ့နော်...”

ကျန်းရွှယ်က ကြိုးစားနေတုန်းပင် ။

“ လက်မလျော့ပါနဲ့... သိုင်းပညာလမ်းစဥ်ကို ဆက်လျောက်နေမှ နင့်အနာဂတ်မှာ စိတ်လှုပ်ရှားစရာတွေကို ရှာတွေ့နိုင်မှာ... “

ပြီးနောက် အနားရှိ အမှောင်အတွင်းမှ ရင်းနှီးပုံရသော လူနှစ်ယောက်ကို ဖြတ်ကျော်လာခဲ့သည် ။

ထိုနှစ်ယောက်က လက်ချင်းတွဲထားသည် ။ ထိုအထဲမှတစ်ယောက်က ငြူစူဟန်ဖြင့် တိုးတိုးလေးပြောလိုက်၏ ။

“ သူတို့ကို ကြည့်လိုက်အုံး... ချစ်နေကြတယ်မထင်ဘူးလား...”

“ ချစ်လေး... အဓိပ္ပါယ်မရှိတာတွေ လျောက်မပြောနဲ့...”

တခြားတစ်ယောက်က ဝင်ပြော၏ ။

“ ဆန့်ကျင်ဘက် လိင်တွေက ကလေးမွေးရုံကလွဲလို့ ဘာလုပ်လို့ရလို့လဲ... တို့လိုလူတွေကိုသာ အချစ်စစ်လို့ခေါ်တာ... “

လင်းမို့ အိမ်သို့ ပြန်ရောက်လျှင် ကျန်းရွှယ်အား မေ့သွားပြီဖြစ်သည် ။ အိမ်ပြန်ရောက်လျှင် အထုတ်ဖွင့်၍ A1 ဆေးတစ်ပုလင်း သောက်လိုက်ပြီး ကျန်ကိုးပုလင်းကို ရေခဲသေတ္တာထဲတွင် ထည့်ထားလိုက်သည် ။

ပြီးနောက် ပုံရိပ်ယောင် ခေါင်းဆောင်းကို ဝတ်ကာ ရှေးဦးစကြာဝဠာ ထဲသို့ ဝင်လိုက်သည် ။

“ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄...”

လင်းမို့ မျက်လုံးများမှာ တိုက်ပွဲဆာလောင်စိတ်ကြောင့် တောက်ပလာသည် ။

သူ့အား မနေ့က လူသစ်ကွင်းမှ ဆုကြေးထုတ်ထားခဲ့သည် ။ သန်မာသည့် သိုင်းပညာရှင်များ လင်းမို့၏ နိုင်ပွဲကို ရပ်တန့်နိုင်ရန် လာကြပေတော့မည် ။

‘ ဘယ်ကောင်လာလာ... ချီးထွက်အောင် ရိုက်ပစ်မယ်... ‘

All Chapters