အဆင့်၃ အထွတ်အထိပ်
Vol. 3 Ch. 35
~
လင်းမို့၏ တက်ကြွအမှတ် မှာ ၃၀ တွင် ငြိမ်နေသော်လည်း ဟော့ပေါ့ စားပြလိုက်သည်နှင့် ၅၀ သို့ ခုန်တက်သွားသည် ။ ဆက်လက် မြင့်တက်နေဆဲပင် ။
‘ ဟော့ပေါ့က ဒီလောက်စွမ်းမှန်းသိရင် အရင်ကတည်းက ဟော့ပေါ့ စားပြပါတယ်...’
ဟော့ပေါ့၏ စွမ်းဆောင်နိုင်စွမ်းက အသားကင်ထပ် များစွာပိုပေသည် ။ အသားကင် မလိုအပ်တော့ ။ ဟော့ပေါ့ သာ စားပြ တော့မည် ။
‘ ဆုံးရှုံးမှုတွေ များလိုက်တာ... ‘
လင်းမို့ နောင်တရသွားသည် ။ အရင်နှစ်ရက်က စားခဲ့သော အသားကင်မှာ အရသာရှိသည်ဟု မထင်ရတော့ပေ ။
‘ ငါ ပထမ ရက်ကတည်းကသာ ဟော့ပေါ့ စားခဲ့ရင် ခုချိန်ဆို အဆင့်၄ ရောက်နေပြီ...’
လင်းမို့သည် သူအမှားလုပ်မိသည်ဟု ခံစားမိလိုက်၏ ။
‘ ဒီနေ့ အကင်ဆိုင်မဖွင့်တာနဲ့ ငါ ဟော့ပေါ့ မှာလိုက်မိတာ ကံကောင်းတာပဲ...နို့မို့ရင် ဟော့ပေါ့ ဘယ်လောက်စွမ်းလဲ စာမေးပွဲပီးတဲ့အထိ သိလိုက်မှာမဟုတ်ဘူး...’
အရင်က ဆိုင်ရှင်အား လင်းမို့ အနည်းငယ် စိတ်ဆိုးနေသော်လည်း ယခုအခါ ကျေးဇူးတင်သွားသည် ။ ဆိုင်ရှင် ၏ သိုင်းပညာအိမ်မက်ကို စောစော မဖျက်ဆီးမိသည့်အတွက်ပင် နောင်တရမိ၏ ။
‘ စားမယ်... ‘
အရင်နှစ်ရက်က ဆုံးရှုံးခဲ့သည့် အမှတ်များကြောင့် နာကျင်နေသောသူ့နှလုံးသားလေးကို အစာစားခြင်းဖြင့်သာ ဖြေသိမ့်ရပေမည် ။
သိုးသားလွှာ...
ပုဇွန်အနှစ်...
အမဲသားလုံး...
ဘဲအူ...
အရာအားလုံးက ကျောင်းသားများ၏ စိတ်စွမ်းအားကို ဆက်တိုက် မြင့်တက်စေသည် ။
လင်းမို့၏ တက်ကြွ အမှတ်များလည်း ဆက်တိုက်မြင့်တက်လာခဲ့၏ ။
နောက်ဆုံးတွင်...
လင်းမို့ အမဲသားများအား အလုတ်ကြီး စားလိုက်သည့် အချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြိုးနှစ်ချောင်း အဆင့်သို့ ရောက်ရှိသွားသည် ။ အဆင့်၃ အထွတ်အထိပ်သို့ရောက်ရန် ခြေတလှမ်း နီးလာလေပြီ ။
‘ ဆက်စားထား...’
လင်းမို့သည် ဂျင်ရုံအတွင်းရှိ ဗိုက်ဆာသဖြင့် ငိုလုနီးပါးဖြစ်နေသော ကလေးများကို ဂရုမစိုက်တော့ဘဲ အလုတ်ကြီးများ ဆက်တိုက်စားတော့သည် ။
လင်းမို့ စားနေသည်မှာ နှစ်နာရီးနီးပါးကြာသွားသည် ။ သူက ဒလီသမားကို ခေါ်ကာ အိုးနှင့် ခွက်များကို ဆိုင်သို့ ပြန်ပို့ခိုင်းလိုက်သည် ။ ဂျင်ရုံမှာ အခုအချိန်အထိ အတန်းမပြီးသေးပေ ။
‘ အေ့...’
စားပြီးသည်နှင့် သူလေတက်လိုက်မိသည် ။ သူ ဗိုက်ပြည့်နေလေပြီ ။ သူ၏ ခံစားချက်များ ကောင်းမွန်နေပေသည် ။
‘ စားကောင်းပင်မဲ့ ယွမ်၄၀၀ ကျော်တောင် ကုန်သွားတယ်... ဟောက်ရန်ပေးတာ မလောက်ဘူး... မနက်ဖြန်ပိုတောင်းရမယ်... ‘
ထိုစဥ် အတန်း ပြီးဆုံးသွား၍ ကျောင်းသားများ အပြင်ထွက်လာကြသည် ။
လင်းမို့၏ တက်ကြွအညွှန်းကိန်းမှာ ပြုတ်ကျသွားလေသည် ။
‘ အတန်းပြီးသွားပြီလား... ငါ အဆင့်၃ အထွတ်အထိပ် မရောက်သေးဘူးဟ... ‘
လင်းမို့ မကျေနပ်တော့ ။
‘ စာမေးပွဲက ဆယ်ရက်ပဲ လိုတော့တာ... မင်းတို့ နည်းနည်းလေး ပိုပြီး ကြိုးစားလို့မရဘူးလား...’
တိုက်ခိုက်ရေးစွမ်းရည် တိုးတက်မှုအပေါ် များစွာ မျှော်လင့်ခဲ့မိသော်လည်း အလိုကြီးအရနည်း ဖြစ်သွား၏ ။ ဟော့ပေါ့ ကြောင့် သူအများကြီး ပိုရခဲ့သော်လည်း မျှော်မှန်းထားသည် အဆင့်၃ အထွတ်အထိပ်ထိ မရောက်ခဲ့ချေ ။ တိုက်ခိုက်ရေးစွမ်းရည် တိုးမြင့်နိုင်ရန် ခက်လှပေသည် ။
‘ မဖြစ်ဘူး... ဒီနေ့ည ငါ့တိုက်ခိုက်ရေးစွမ်းရည်က အဆင့်၃ အထွတ်အထိပ် ရောက်မှဖြစ်မယ်... ‘
လင်းမို့အား လူသစ်ကွင်းတွင် ဆုကြေးထုတ်ထားလေရာ ယနေ့ညတွင် အမဲလိုက်ခံရတော့မည် ။ သူ အိမ်ပြန်ရောက်၍ လူသစ်ကွင်းသို့ သွားလျှင် လူသစ်ကျေးရွာ၏ အပြင်မှ အင်အားကြီးသော သိုင်းပညာရှင်များ ရောက်လာကြမည်ဖြစ်သည် ။ ထိုထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ အထွတ်အထိပ်များ သေချာပေါက်ပါနိုင်သည် ။ ထိုလူများနှင့် တွေ့လျှင် သူ၏ ဆက်တိုက်နိုင်ပွဲများ ရပ်တန့်သွားတော့မည် ။ ထိုသည်က အဆင်မပြေ ။
‘ ဂျင်ရုံမှာ နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ ငါမပြန်ဘူး... ဒီနေ့ အဆင့်၃ အထွတ်အထိပ် ရောက်ကို ရောက်ရမယ်...’
လင်းမို့ ဆုံးဖြတ်လိုက်သည် ။ အပြင်ထွက်လာသောလူများမှာ လင်းမို့အား မြင်လိုက်ကြ၏ ။
“ ဒီနောက်လိုက်ခွေးက တနေကုန် နေပြီးတာတောင် မပြန်သေးပါလား... “
“ ဘယ်ပြန်မလဲဟ ကျန်းရွှယ်မှ မပြန်သေးတာကို...”
“ ကျန်းရွှယ် အပြင်ထွက်လာရင် သူ့ကို မြင်အောင် စောင့်နေတာထင်တယ်... “
“ တခြားသူဆီက အကြည့်တစ်ချက်ရဖို့ တနေကုန် အပြင်မှာ စောင့်နေတာလား... အချစ်စစ် ဆိုတာကို ငါယုံလုနီးနီးပဲ...”
ဂျင်ရုံအတွင်းမှ လူများ ထွက်လာသည်နှင့် မီးများ တစ်ပွင့်ပြီး တစ်ပွင့် ပိတ်သွားသည် ။ နောက်ဆုံး ဂျင်ရုံအတွင်း မီးတစ်ပွင့်သာ ကျန်တော့သည် ။ အဝါရောင် မီးအလင်းရောင်က ကျန်းရွှယ်၏ အထီးကျန်ပုံရိပ်အပေါ်တွင် ဖြာကျနေပေသည် ။
လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြိုးနှစ်ချောင်း အဆင့်တွင်သာ ရှိနေပြီး အဆင့်၃ အထွတ်အထိပ်သို့ မရောက်သေးချေ ။
ကျန်းရွှယ်သည်လည်း ရက်အနည်းငယ် ကြာသည်အထိ အဆင့် ၂ အထွတ်အထိပ်သို့ မရောက်သေးပေ ။
‘ ငါ အဆင့် ၂ အထွတ်အထိပ်ကို ခံစားမိတာတောင် ဘာလို့ အဆင့်မတက်ရသေးတာလဲ... ‘
အထီးကျန် အလင်းရောင်အောက်တွင် ကျန်းရွှယ်တစ်ယောက် တိုက်ကွက်များကို တစ်ခုပြီးတစ်ခု လေ့ကျင့်နေသည် ။
‘ အဝမှာ တစ်နေတဲ့ ခံစားချက်က နေရတာအဆင်မပြေဘူး...’
သူမ အလျင်လိုနေသော်လည်း တိုးတက်မလာခဲ့ပေ ။ သူမ ထိုအကြောင်းကို ကြိုတင်ပြင်ဆင်မှုအတန်း၏ ဆရာအား မေးခဲ့သေးသည် ။ ဆရာက နည်းလမ်း နှစ်ခုသာ ရှိသည်ဟု ပြောခဲ့၏ ။ တစ်ခုမှာ ကံကောင်းပြီး ညဏ်အလင်းပွင့် ခြင်းနှင့် နောက်တစ်ခုမှာ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခြင်း ဖြင့်သာ ချိုးဖျက်နိုင်မည်ဟု ပြောခဲ့လေသည် ။
ညဏ်အလင်းပွင့်ခြင်းက ရုတ်တရပ်ဖြစ်ပေါ်လာနိုင်သော ကံပေါ်တွင်သာ မူတည်နေသဖြင့် သူမ မတက်နိုင် ။ ထို့ကြောင့် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့ရသည် ။
‘ ငါ မသေမခြင်း ကြိုးစားမယ်... ‘
သူမ လုံလုံလောက်လောက် ကြိုးစားလျှင် တစ်ဆို့နေသည်ကို ချိုးဖျက်နိုင်မည်ဟု ယုံကြည်ပေသည် ။
‘ ငါ ဒီနေ့ည အဆင့်၂ အထွတ်အထိပ်ကို ရောက်ရမယ်...’
ကျန်းရွှယ်၏ ခွန်အားများ ပေါက်ကွဲထွက်လာသည် ။
‘ စာမေးပွဲစဖို့ ဆယ်ရက်လိုသေးတယ်... စာမေးပွဲမစခင် ညဏ်အလင်းရပြီး အဆင့်၃ ရောက်ဖို့ မျှော်လင့်လို့ရသေးတယ်... ‘
ကျန်းရွှယ်က သူမအား ကျော်တက်သွားသည်ကို မကြိုက်ပေ ။ ဟိုင်းချန် ဒုတိယအထက်တန်းကျောင်းမှ လျိုကျုံးဟောင်ပင် အဆင့် ၃ သို့ ရောက်နိုင်လျှင် သူမ လုပ်နိုင်ရမည်ဟု ယုံကြည်ထားသည် ။
‘ လျိုကျုံးဟောင်ဆိုတာ ငါနဲ့ ပါရမီ အတူတူပဲ... အရင်ရက်တွေတုန်းက သူအဆင့် ၂ ပဲရှိသေးတာ... သူညဏ်အလင်းပွင့်ပြီး အဆင့်၃ ရောက်သွားတာပဲ ဖြစ်ရမယ်... ‘
လျိုကျုံးဟောင်သည် မနေ့ညက အရှက်ကွဲခဲ့သော်လည်း ဟိုင်းချန် ရှိလူငယ်များ၏ စံပြပုဂ္ဂိုလ် ဖြစ်နေသေးသည် ။ သို့သော်လည်း လျိုကျုံးဟောင်နှင့် သိပ်မကွာသည့် ကျန်းရွှယ်ကဲ့သို့ ပါရမီရှင်များမှာ လျိုကျုံးဟောင်အား စံပြအဖြစ် မထားပေ ။ ကျော်ဖြတ်ရမည့် ပစ်မှတ်အဖြစ် သတ်မှတ်ထားသည် ။ လျိုကျုံးဟောင်ပင် အဆင့် ၃ သို့ ရောက်နိုင်လျှင် သူမလည်း လုပ်နိုင်ရမည်ဟု ကျန်းရွှယ် ဆုံးဖြတ်ထားသည် ။
‘ နောက်တစ်ကြိမ်...’
ကျန်းရွှယ်သည် တနေကုန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သဖြင့် ပင်ပန်းနွမ်းနယ်နေသည် ။ သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှု ဖြင့်သာ ဆက်လက် လေ့ကျင့်နေခြင်းပင် ။
ဂျင်အပြင်ဘက်ရှိ လင်းမို့လည်း အနည်းငယ် စိတ်ဓာတ်ကျနေသည် ။
‘ ဟူး... အကုန်ပြန်သွားကြပြီ...’
လင်းမို့ ဂျင်ရုံအတွင်း လူမည်မျှ ကျန်သည်နှင့် မည်သူကျန်သည်ကို မသိ ။ သူဟော့ပေါ့ စားပြီးသည်နှင့် ဂျင်ရုံအတွင်း မကြည့်မိတော့ ။ ဂျင်ရုံအတွင်း မီးမှိန်မှိန် လင်းနေသေးပြီး လူတစ်ယောက်နှစ်ယောက်တော့ ကျန်သေးပုံရသည် ။
‘ ငါ ဒီနေ့ည အဆင့်၃ အထွတ်အထိပ် မရောက်နိုင်တော့ဘူးလား... ‘
လင်းမို့ စိတ်တိုင်းမကျတော့ ။ ယခုအချိန် သူ၏ ခံစားချက်များမှာ ကျန်းရွှယ်နှင့် သိပ်မကွာပေ ။ သူတနေကုန် ကြိုးစား၍ ပျင်းရိခဲ့ပါသော်လည်း အဆင့်၃ အထွတ်အထိပ်သို့ မရောက်နိုင်ခဲ့ ။
‘ ထားလိုက်ပါတော့... အထဲမှာလည်း တစ်ယောက်နှစ်ယောက်ပဲ ကျန်တော့မယ်... ဘာမှ ရတော့မှာ မဟုတ်ဘူး.. ပြန်တာပဲ ကောင်းတယ်... ‘
လင်းမို့ ပြန်ရန် ထရပ်လိုက်သည် ။
ထိုအချိန်တွင် စနစ်၏ ကြေညာသံကို ရုတ်တရပ်ကြားလိုက်ရ၏ ။
“ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... သင့်အဆင့်ဟာ အဆင့်၃ အထွတ်အထိပ်သို့ ရောက်ရှိသွားပါပြီ...”