← Chapters

ဘယ်သူနိုင်လဲ

Vol. 3 Ch. 268

ဘယ်သူနိုင်လဲ

Vol. 3 Ch. 268

"ချူလုံတောင်ကိုးလုံး ကျုပ်ကို မင်းတို့ရဲ့ စွမ်းအားတွေ ငှားရမ်းပါ..."

ကျိုးတချီ သူ၏ အစီအရင်ကို စတင် အသက်သွင်း လိုက်သည်နှင့် တောင်စဉ်တန်း တစ်ခုလုံးက ဖိအားကို မခံရပ်နိုင်သည့်အလား စတင်တုန်ခါသည်။ တောင်စဉ် တစ်လျှောက် စုစည်းနေကြသည့် အစီအရင် ပညာရှင်များစွှာမှာ ငလျင်လှုပ်နေသည့်အလား တုန်ခါခြင်းကို ခံစားနေရ၏။ ထိုတုန်ခါမှုက တောင်တန်း၏ အတွင်းပိုင်းမှ လာသည့်အလား ပြင်းထန်လွန်းသည်။

"ဒါက ငလျင်လား..."

လူတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ကြောက်လန့်တကြား ကြည့်လိုက်ကြသည်။ ထိုအရာသာ ငလျင်ဖြစ်မည်ဆိုလျှင် တောင်ပြိုကျခြင်းကြောင့် သူတို့ သေဆုံးရလိမ့်မည်။

"အဲဒါက ငလျင်မဟုတ်ဘူး။ အစီအရင်တစ်ခုပဲ ..."

"အမှန်ပဲ ... ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုက ခုမှ စတာ။ အဲဒါက ငါ့ဆရာ ပြင်ဆင်ထားတဲ့ နဂါးကိုးကောင် ဓမ္မအစီအရင်ပဲ။ အတိအကျပြောရရင် အဲဒါက အစီအရင်ပုံစံတစ်ခု မဟုတ်ဘူး။ ဖုန်းရွှေ ဓမ္မအစီအရင်လို့ ပြောလို့ရတယ် ..."

ကျန်းကျိယူက ရှင်းပြလိုက်သည်။

"ငါ့ဆရာက ချူလုံတောင်ထိပ်မှာ နှစ်ပေါင်း ဆုံးဆယ်ကျော် လေ့ကျင့်ခဲ့ပြီး တောင်စဉ်တန်း တစ်ခုလုံးကို တစ်လက်မလောက်တောင် မကျန်အောင် လျှောက်လှမ်းခဲ့ပြီးပြီ။ သူက တောင်စဉ်တန်း တစ်လျှောက်လုံးမှာ အစီအရင်တွေ ခင်းကျင်းခဲ့ပြီး တောင်ကိုးလုံးကို ဆက်သွယ်ခဲ့တယ်။ တောင်စဉ်တန်းကိုးခုရဲ့ စွမ်းအားတွေက အစီအရင်ထဲမှာ ပါနေပြီးတော့ ဘယ်အစီအရင်ပုံစံထက်မဆို ပိုမိုအားကောင်းတဲ့ မဟာ အစီအရင်ကို ဖန်တီးနိုင်ခဲ့တယ်..."

"ရှက်စရာ‌ ကောင်းတာက ဒီတစ်ကြိမ် အသုံးပြုပြီးရင် ဓမ္မအစီအရင်က အသုံးမဝင်တော့ဘူး..."

ကျန်းကျိယူက စိတ်မသက်မသာ ဖြစ်ဟန်ဖြင့် ပြောသည်။

"ညီလေးရေ ... ဆရာကတော့ သူ့မှာရှိတဲ့ အရာအားလုံးကို ရင်းနှီးပြီး မင်းအတွက် လက်စားချေပေးနေပြီ။ ကောင်းကောင်းမွန်မွန် အနားယူပါတော့..."

ကျန်းကျိယူ တောင်ထိပ်ပေါ်သို့ ငေးကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။ ထိုအချိန်၌ ...  ကမ္ဘာမြေ၏ ချီစွမ်းအားလှိုင်းများမှာ တောင်စဉ်တန်းကိုးခု၏ ထိပ်၌ စုဝေးကာ အဝါရောင် အလင်းသဖွယ် ဖွဲ့စည်းကြသည်။ ထိုအဝါရောင် အလင်းမှုန်များမှာ တဖြည်းဖြည်း စုစည်းကြကာ ချူလုံတောင်ထိပ်သို့ ဦးတည်လာသည်။ ထိုအလင်းတန်းကိုးခုမှာ မိုင်ပေါင်းများစွာကို ဖြန့်ကြက်နေပြီး နဂါးကိုးကောင်အလား ထည်ဝါသည်။

"နဂါးကိုးကောင် အစီအရင် ... ဒါက ကျိုးတချီရဲ့ ဝှက်ဖဲပဲ..." တာအိုအကြီးအကဲ မိုးတိမ်က သက်ပြင်း တစ်ချက်ချရင်း ခေါင်းကို ခါလိုက်သည်။

သူ၏ မျက်လုံးတွင်မူ လေးစားခြင်းများ တဖိတ်ဖိတ် တောက်လျက်။

"သူက ဓမ္မစွမ်းအားတွေကို ဆက်သွယ်ဖို့ ဖုန်းရွှေလမ်းစဉ်ကို အသုံးပြုထားတာပဲ။ အရမ်းကောင်းတယ် ... ငါ တကယ်ပဲ အံ့အားသင့် ရတယ်..."

လူပေါင်း များစွာမှာလည်း ကောင်းကင်တွင် ဖြစ်ပျက်နေသော အရာများကို ကြည့်ရင်း အလွန့် အံ့အားသင့်နေကြသည်။ ကောင်းကင်၌ တည်နေသော အလင်းတန်းကိုးခုမှာ လင်းလက်လွန်းပြီး ကျေးလက်ဒေသ တချို့မှပင် တွေ့မြင်နိုင်သည်။ လူတိုင်းမှာ ကောင်းကင်သို့ ကြည့်ရင်း တစ်စုံတစ်ရာကို ခံစားမိကြသည်။ ထိုခံစားချက်မှာ ထိုအလင်းတန်းများကား နတ်ဘုရားတို့၏ စွမ်းအားဟူ၍။

ကျိုးတချီမှာ သူနှစ်ပေါင်းများစွာ စုစည်းထားခဲ့သော စွမ်းအားများကို ထုတ်ဖော်ခဲ့ပြီ ဖြစ်သည်။ ထိုစွမ်းအားက မည်သည့် သေမျိုးကိုမဆို သတ်ဖြတ်ရန် လုံလောက်သည်။ လူတစ်ယောက်က မည်မျှပင် အစွမ်းထက်စေကာမူ ‌မိုးနှင့်မြေ၏ စွမ်းအားကိုမူ အန်တုနိုင်မည် မဟုတ်ချေ။ ကျန်းကျုံးမိန်နှင့် အခြား ကျန်းမိသားစုဝင်များစွာမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူတို့၏ မျက်လုံးတွင် မျှော်လင့်ချက်များ တောက်ပ နေတော့သည်။

ထိုအချိန် တောင်ထိပ်ပေါ်တွင်...

ချန်းဖန်မှာ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း သူ့ထံလာနေသည့် အဝါရောင် အလင်းတန်း ကိုးခုကို ကြည့်နေခဲ့သည်။ ထိုစွမ်းအားမှာ တောင်၏ အတွင်းပိုင်း၌ တည်သော ကမ္ဘာမြေ၏ချီကို ဆယ်စုနှစ် တစ်ခုစာ စုပ်ယူထားပုံရသည်။ ထိုအရာက ချန်းဖန်၏ မြူအစီအရင်နှင့် အနည်းငယ် ဆင်တူသည်။ နှစ်ခုလုံးမှာ ဒေသတစ်ခုကို လွှမ်းခြုံပြီး ထိုအထဲမှ ချီစွမ်းအင်ကို စုပ်ယူသန့်စင်သည့် နည်းလမ်း ဖြစ်သည်။

သို့သော်လည်း ထိုကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို မသန့်စင်နိုင်လျှင် စွမ်းအားကြီးမား လိမ့်မည် မဟုတ်ပေ။ ကျိုးတချီမှာ ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် သူ၏ အစီအရင်က စုစည်းထားသော စွမ်းအားများကို သန့်စင်နိုင်ခြင်း မရှိပေ။ အဆိုးဆုံးမှာ ထိုအစီအရင်ကို တစ်ခါတည်းသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထိုအစီအရင်ကို အသုံးပြုပြီးလျှင် မူလအခြေအနေသို့ ပြန်ရောက်လိုပါက ကျိုးတချီအနေဖြင့် အနှစ်သုံးဆယ်ခန့် စောင့်ဆိုင်းရန် လိုအပ်သည်။

ချန်းဖန်၏ မြူအစီအရင်မှာမူ အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သည့်အပြင် အစီအရင်အတွင်းသို့ ရောက်လာသည့် အထွတ်အထိပ် အဆင့်တိုင်းကို သတ်ဖြတ်နိုင်သည်။ ထို့အပြင် တန်ခိုးရှင်အဆင့် တစ်ယောက်၏ ‌တိုက်ခိုက်မှုကိုပါ တောင့်ခံနိုင်စွမ်း ရှိသည်။

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်က မင်း ငါနဲ့ မတွေ့ခဲ့တာ နှမြောစရာပဲ။ မဟုတ်ရင် မင်းရဲ့တိုက်ခိုက်မှုကို ခုခံဖို့ ငါ့ရဲ့ နတ်ဘုရား စွမ်းအားကိုတောင် အသုံးပြုရမှာ..." ‌

ချန်းဖန်က လက်ကို နောက်သို့ပစ်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ လွန်ခဲ့သည့် နှစ်ဝက်ကျော်က ဆေးဘုရင်၏ အဆိပ်ခုနစ်မျိုး အစီအရင်ကို ရင်ဆိုင်ခဲ့ရချိန်၌ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်သို့ သူမရောက်ခဲ့သေးပေ။ ထို့ကြောင့် နတ်ဘုရားစွမ်းအား ဖြစ်သည့် ရွှေရောင်လီမီးတောက် မျက်လုံးကိုသုံးကာ ထိုအစီအရင်အား ဖျက်ဆီးခဲ့သည်။ ထိုအချိန်တွင် ချန်းဖန်မှာ တစ်ကြိမ်လျှင် နတ်ဘုရားစွမ်းအားကို တစ်ခါ အသုံးပြုနိုင်ခဲ့သည်။ တစ်ခါ အသုံးပြုပြီးလျှင် ထိုစွမ်းအားကို ပြန်လည်ရရှိရန် လအနည်းငယ် ကြာအောင် စောင့်ဆိုင်းရန် လိုအပ်သည်။

သို့သော်လည်း ချန်းဖန်မှာ ဉာဏ်အလင်း စုဆောင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး အဇူရာသက်ရှည် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ ကျိုးတချီ၏ နဂါးကိုးကောင် အစီအရင်မှာ သူ့အတွက် မည်သို့မျှ မထူးခြားပေ။

"နဂါးကိုးကောင် အစီအရင်..."

ကျိုးတချီမှာ ချန်းဖန်၏ အထင်သေးသော ပုံစံကို ဂရုမစိုက်ပဲ လက်ဟန်များ ပြောင်းလဲ၍ အစီအရင်အား ထိန်းချုပ်သည်။ ထိုအစီအရင်၏ စွမ်းအားမှာ အလွန်ကြီးမားပြီး သတိတစ်ချက် လွတ်ခံ၍ မရပေ။ တစ်ချက် မှားသည်နှင့် သူပါ သေဆုံးရလိမ့်မည်။

သူ၏ ခန္ဓာကိုယ်မှာလည်း အလွန်ကြီးမားသော ဖိအားကြောင့် တဆတ်ဆတ် တုန်ခါနေကာ နှုတ်ခမ်း ထောင့်စွန်းမှပင် သွေးများ စီးကျနေခဲ့သည်။ အလင်းတန်းကိုးခု စုစည်းပြီးသည်နှင့် ထိုအရာက ချန်းဖန်ထံ တိုးဝင်လာကာ တိုက်စားရန် ကြိုးစားသည်။ ထိုအရာ လမ်းကြောင်း တစ်လျှောက်ရှိ သစ်ပင်များ၊ ကျောက်ဆောင်များ အားလုံးက တိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိပဲ အမှုန်အဖြစ် ပြောင်းလဲကာ လေထဲသို့ လွင့်ပျံသည်။ ထိုအရာက သူ၏ လမ်းတွက် သံမဏိပိတ်နေလျှင်ပင် အမှုန့်ခြေပစ်မည့်ဟန် ရှိသည်။

"ချန်းပေ့ရွှမ်း ... အစွမ်းကုန် ခုခံစမ်း..."

ကျိုးတချီက သွေးတစ်လုတ် အန်ထုတ်ရင်း ပြောလိုက်သည်။ သွေးများစွာက သူ၏ နှာခေါင်းများ၊ နားများကပင် စီးကျနေတော့သည်။

"တန့်ချင်း ... မင်းဆရာက မင်းအတွက် လက်စားချေပေးနေပြီ။ ငြိမ်းငြိမ်းချမ်းချမ်း အနားယူတော့နော်..."

ကျိုးတချီမှာ အစီအရင်၏ အစွမ်းကို ကောင်းစွာ ယုံကြသည်။ ကမ္ဘာပေါ်ရှိ မည်သည့်သေမျိုးမဆို သူ၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ချန်းပေ့ရွှမ်းမှာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ မဟုတ်ကြောင်း သူအခိုင်အမာ ယုံကြည်သည်။ ကျိုးတချီ သူ၏ မျက်လုံးကို အားတင်းကာဖွင့်ရင်း ချန်းဖန်အား ကြည့်နေခဲ့သည်။ ထိုအကောင် သေဆုံးသွားသည်ကို သူ၏ မျက်လုံးဖြင့် ကိုယ်တိုင် တွေ့မြင်လိုသည်။

သို့သော် ...

သူ၏ အကြည့်အောက်မှာပင် အဇူရာရောင် စွမ်းအားတစ်ခုက ကောင်းကင်တွင် ဖွဲ့တည်ကာ အဝါရောင် အလင်းကို ခုခံရန် ပြင်သည်။ ထိုသဏ္ဌာန်က ချန်းပေ့ရွှမ်းနှင့် တူသည့်တိုင် နတ်ဘုရားတစ်ပါးနှင့် ပိုမိုဆင်တူသည်။

ဘန်း...

စွမ်းအားနှစ်ခု ရင်ဆိုင်တွေ့သည်နှင့် ကြီးမားသော လှုပ်ခတ်မှုက ဟောင်ကောင် တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။ မြို့အတွင်းရှိ လူများမှာ ကျယ်လောင်သော ပေါက်ကွဲသံနှင့် ငလျင်အလား တုန်လှုပ်မှုကြီးကြောင့် ချူလုံတောင်ဘက်သို့ ကပျာကယာ ကြည့်လိုက်ကြသည်။

"ဘာဖြစ်နေတာလဲ... ချူလုံတောင်ထိပ်မှာ ပေါက်ကွဲမှု တစ်ခုခု ဖြစ်တာလား..."

"ကျောက်မိုင်းခွဲတာ နေမှာပေါ့ကွာ ... မဟုတ်သေးဘူး။ ချူလုံတောင်က နိုင်ငံခြားသားတွေ အလာများ‌တဲ့ နေရာပဲဟာ။ အဲဒါက မဖြစ်နိုင်ပါဘူး..."

"ဟိုကိုကြည့်စမ်း..."

လူတစ်ယောက်က ချူလုံတောင်ရှိရာသို့ ညွှန်ပြကာ တအံ့တဩ ဆိုသည်။ လူတိုင်းက ထိုနေရာသို့ ကြည့်လိုက်ရာ။ အဝါရောင် အလင်းတန်းနှင့် အဇူရာရောင် အလင်းတန်းနှစ်ခုကို တွေ့မြင် လိုက်ကြရသည်။

"အဲဒါ ဘုရားအလောင်းများလား..."

သို့သော်လည်း တောင်သို့ ရောက်နေကြသူများမှာမူ ထိုအရာမှာ ရာစုနှစ်၏ အကောင်းဆုံး တိုက်ပွဲတစ်ခုဖြစ်ကြောင်း သိကြသည်။ ထိုတိုက်ပွဲ၏ ရလဒ်က ဟောင်ကောင်၏ ဖုန်းရွှေလောကကို ကြီးမားစွာ သက်ရောက် စေလိမ့်မည်။

"ဘယ်သူက ပိုအစွမ်းထက်လဲ ... အစီအရင်လား... သိုင်းပညာလား..."

ထိုနှစ်ယောက်မှ ချန်းပေ့ရွှမ်းမှာ ကမ္ဘာ၏ အစွမ်းအထက်ဆုံး သိုင်းပညာရှင်ဖြစ်ပြီး ကောင်းကင်စာအုပ်၏ နံပါတ်တစ်ဖြစ်သည်။ တစ်ဖက်ရှိ ကျိုးတချီမှာလည်း ဖုန်းရွှေလောက၏ အရှင်သခင်ဖြစ်ကာ လွန်ခဲ့သည့် နှစ်သုံးဆယ်ကပင် အထွတ်အထိပ်အဆင့် တစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအဘိုးအို နှစ်ပေါင်းသုံးဆယ်ခန့် ပြင်ဆင်ထားသော နဂါးကိုးကောင် အစီအရင်နှင့်ဆိုလျှင် အနိုင်ရသူမှာ ကျိုးတချီသာ ဖြစ်ပေလိမ့်မည်။

ရုတ်တရက် အရာရာက ငြိမ်ကျသွားသည်။ တောင်ထိပ်တွက်မူ မြူများဆိုင်းနေ၍ သူတို့ သဲသဲကွဲကွဲ မမြင်ရချေ။

"ငါတို့ဆရာက နောက်ဆုံးတော့ သတ်နိုင်ခဲ့လောက်ပါပြီ..."

ကျိုးတချီ၏ တပည့်များမှာ သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။ များစွာသော အစီအရင် ပညာရှင်များမှာလည်း ပြုံးလိုက်မိကြသည်။ မည်သို့ပင်ဆိုစေ ကျိုးတချီမှာ အစီအရင် ပညာရှင်ဖြစ်ရာ သူ့ကိုသာ နိုင်စေချင်ကြသည်။

"တန်ခိုးရှင်အဆင့် ကျင့်ကြံသူတောင် ဆရာကျိုးရဲ့ အစီအရင်ကို ကြောက်ရလိမ့်မယ်..."

"ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်တောင် မရောက်သေးတာ။ သေချာတယ်။ သူက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး..."

"ငါတို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ ... အစီအရင်ပညာက သိုင်းပညာထက် ပိုပြီး စွမ်းအားကြီးတယ်..."

"အဘိုး ... သမီးတို့ လုပ်နိုင်ခဲ့ပြီ..."

ကျန်းအန့်ချီက ကျန်းကျိုးမိန်ကိုကြည့်ရင်း ညင်သာစွာ ပြောလိုက်သည်။  ကျန်းကျိုးမိန် သက်ပြင်း တစ်ချက်ချကာ သဘောတူဟန် ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူ ဘေးနားတွင်ရှိသော ကျန်းကျိယူကို လှည့်ကြည့်လိုက်သည်။ ကျင်းကျိယူ၏ မျက်နှာက သွေးဆုတ်ဖြူရော်ကာ တစ်နေရာသို့ ကြည့်နေခဲ့သည်။

ကျန်းကျိုးမိန် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိကာ ထိုနေရာသို့ ကြည့်လိုက်၏။ ထိုနေရာတွင်မူ...

လူပုံရိပ်တစ်ခုက လက်နှစ်ဖက်ကို နောက်ပစ်ရင်း အေးစက်စွာဖြင့် မြူခိုးများကို ခွင်းကာ ထွက်လာနေခဲ့သည်။ သူ၏ အနက်ရောင် ဝတ်စုံနှင့် ဆံပင်ရှည်က သူ၏ အပြစ်ကင်းသော ရုပ်ရည်ကို ပိုမို ခန့်ညားစေသည်။ သူ၏ အသွင်သဏ္ဌာန်က နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ ထိုသူမှာ ချန်းဖန်ပင် ဖြစ်သည်။

သူ့ကိုကြည့်ရင်း တောင်စဉ် တစ်ခုလုံး လုံးဝတိတ်ဆိတ် သွားခဲ့တော့သည်။

***

All Chapters