ဒြပ်စင်နှစ်ခုချပ်ဝတ်(၂)
Vol. 130 Ch. 1793
ဦးဆုံးအနေဖြင့် သစ်ပင်လူသားထံမှ လက်သီးချက် ကျရောက်လာ၏။ ထိုလက်သီးချက်တွင် ထူးဆန်းသောအားတစ်ခုမှ မပါဝင်ပေ။ သို့ပေမည့် ၎င်းက အဘိုးအို ချပ်ဝတ်ကို အသုံးပြုကာ သူ၏ကျင့်ကြံမှုအပြည့်အဝ ပါဝင်ပေသည်။
ထိုလက်သီးချက် ကျရောက်လာသည့်အခါ သဲမုန်တိုင်းသည် ဝမ်လင်းထံသို့ မြန်ဆန်စွာ ကြုံ့လာကာ သူ့အား အပိုင်းပိုင်း ဆုတ်တော့မည့်ကဲ့သို့ပင်။
သည်ဂြိုဟ်အနှံ့ ချက်ခြင်းပင် ကျယ်လောင်သောတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာ သစ်သားနှင့်မြေဒြပ်စင်အားတို့၏ ထိမှန်ခြင်း ခံရ၏။ အင်မောတယ်ရှေးမန္တာန် ပေါက်ကွဲထွက်လာသည့်အခါ ဝမ်လင်းက ဆက်တိုက် ပြန်ကောင်းမွန်သဖြင့် သူသည် မသေနိုင်တော့ပေ။
ဒြပ်စင်အနှစ်သာရနှစ်ခု ကျရောက်လာသည်နှင့် ဝမ်လင်းက ထိုအားကို ငှားယမ်းကာ မြားတစ်စင်းအလား ထိုးထွက်သည်။ သူက သဲမုန်တိုင်းကို ထွင်းဖောက်၍ အကွာအဝေးတစ်ခုထံ ဦးတည်သည်။ သူက မြန်လွန်း၏။
သူ့ရှေးတောက်နှင့်ကျင့်ကြံခြင်းကို အသုံးပြုကာ သူက အဘိုးအို၏ အင်အားပြည့်တိုက်ခိုက်မှုကို ခုခံသည်။ သူ၏အင်မောတယ်ရှေးမန္တာန်ကြောင့်သာ မဟုတ်ပါက သူ့လက်ရှိ ရှေးတောက်ခန္ဓာကိုယ်ဖြင့်ပင် သူ သေသွားနိုင်သည်။
ရှေးအင်မောတယ်မန္တာန်က သူ့အား ကာကွယ်ပေးထားသည့်အတွက် အချိန်တိုအတွင်း သူ၏ခန္ဓာကိုယ်မှာ ဖျက်စီးခံရလိမ့်မည် မဟုတ်ပေ။
တခြားတစ်ဖက်၏ စွမ်းအားကို အသုံးချကာ သူ၏အမြန်နှုန်းသည် ဆန်းကြယ်လေဟာနယ်အဆင့်ထက် သာလွန်ကာ ဆန်းကြယ်ဒုက္ခမျးကို ဖြတ်သန်းပြီးသော တစ်စုံတစ်ယောက်၏ မြန်နှုန်းကဲ့သို့ ဖြစ်လာသည်။ ဒြပ်စင်ငါးခုဂြိုဟ်မှာ ပျက်စီးသွားတော့မည့်အလား။
ဝမ်လင်းက အလင်းတန်းအဖြစ် ပြောင်းကာ မျှော်စင်ကို ကာရံပေးထားသော အလင်းမျက်နှာပြင်နှင့် ထိပ်တိုက်တွေ့၏။ ဝမ်လင်းက သူ့ကိုယ်သူ အသုံးပြုကာ ဒီမျှော်စင်၏အကာအကွယ်ကို ချိုးဖျက်သည်။
မျှော်စင်ပတ်လည်ရှိ အလင်းက အက်ကွဲလာပြီး တွန့်ခေါက်ပုံပျက်လာသည်။ သူက ထိုအစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားသော အရံအတားကို ချိုးဖျက်လာသည်။
ဝမ်လင်းက ထိုအရံအတားကို ချိုးဖျက်ကာ တစ်စက်လေးမျှ မရပ်ပေ။
မျှော်စင်သည် တုန်ခါကာ ဝမ်လင်း၏ ထိပ်တိုက်တွေ့မှုကြောင့် တွင်းပေါက်ကြီးတစ်ခု ပေါ်လာရသည်။ ထိုတွင်းပေါက် အဟထံမှ အစိတ်အပိုင်းများသည် ဝမ်လင်းရှေ့တွင် ကွယ်ပျောက်သည်။
ဝမ်လင်းက ဒုတိယအလွှာထံသို့ ချိုးဖျက်ဝင်လာစဉ်မှာပင် သူက အတွင်းရှိ ဒြပ်စင်ငါးခုအစွမ်းနှင့် ပြည့်နေသော အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရ၏။
ထိုအဘိုးအိုသည် အိုမင်းသော်ငြားလည်း သူ့ဆံပင်များကမူ အနက်ရောင် ရှိသည်။ သူက မန္တာန်တစ်ခုကို ကျင့်ကြံနေသည့်အလား နေရာတွင် ထိုင်နေသည်။ သို့သော် ဝမ်လင်း၏ ရုတ်တရက် ရောက်ရှိလာမှုက သူ့ကို တုန်လှုပ်သွားစေကာ သူသည် မျက်လုံးဖွင့်လာသည်။
ဝမ်လင်းက ထိုသူ့ကို မြင်သည့်အခါ သူ့စိတ်နှလုံးမှာ တုန်ယင်သွား၏။
ထိုအဘိုးအိုသည် အနည်းငယ် ပိုငယ်ပါက သူသည် နန်ဒူနှင့် အတော်လေး ရုပ်ချင်းဆင်လိမ့်မည်။ သူ၏အိုမင်းသော မျက်လုံးထဲ၌ စက်ဝန်းကိုးခုနှလုံးသားဘီးလည်း ပါဝင်နေသည်။
“ဒီက ထွက်သွားစမ်း…” ဒုတိယအလွှာထံမှ တုန်လှုပ်ဖွယ်ဟိန်းအော်သံ ထွက်ပေါ်လာ၏။ ထိုအသံတွင် ဒေါသနှင့် ပြည့်နှက်သည်။
ယွမ်ရီဖန်၏ ပျင်းရိပျင်းတွယ်အမူအရာသည်ပင် ပျောက်ကွယ်သွားကာ နောင်တရဟန် အစားထိုး ဝင်ရောက်လာ၏။
လူတိုင်းမှာ တုန်လှုပ်ကုန်၏။ သူတို့က သည်အသံပိုင်ရှင်ကို ကြောက်ကြသည်မှာ ထင်ရှားသည်။
ထိုအသံ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ သူ၏အင်မောတယ်ရှေးခန္ဓာကိုယ်မှာ ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ သူ့စိတ်မှာ တုန်ယင်ကာ သူ သွေးအန်ရပြီး နောက်သို့ အသည်းအသန် ဆုတ်ရသည်။ သူက သည်အသံကြောင့်ပင် ဒုတိယအလွှာထံမှ လွင့်ထွက်သွားတော့မည့်အလား။
သူတို့၏ကျင့်ကြံခြင်းကွာဟချက်က ကြီးမားလွန်းနေသည်။
သို့ပေမည့် ဝမ်လင်းက သည်လိုမျိုး နောက်ဆုတ်မသွားချင်ပေ။ သူက ခုထိ ပထမအလွှာရှိ လူကို မမြင်ရသေးပေ။ သည်အခိုက်၌ သူ့မျက်လုံးထဲတွင် ပြတ်သားမှုနှင့်ရက်စက်မှု ထင်းထင်းပေါ်လာသည်။
ဝမ်လင်းသည် တခြားသူများကိုသာ ရက်စက်တတ်သူ မဟုတ်ပေ။ သူ့ကိုယ်သူလည်း ရက်စက်တတ်၏။ သူက နောက်ပြတ်ဆုတ်နေရရင်း သူ့ညာလက်ကို ဝေ့ယမ်းရာ သွေးဓား ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံထားရင်း သူက သွေးဓားကို ပစ်လွှတ်လိုက်သည်။
သွေးဓားက ပထမအလွှာထံသို့ ပျံသန်းဝင်လာ၏။ တစ်ချိန်တည်းမှာ ဝမ်လင်းက သွေးအန်ကာ သူ့ဘယ်လက်ကို ပင့်မြှောက်၍ ဒုတိယအလွှာထံသို့ လက်ညွှန်လိုက်သည်။
“တော်တော် သတ္တိရှိနေတာလား…” ဒုတိယအလွှာရှိ ထိုအဘိုးအိုသည် ထရပ်၏။ သူ၏အကြည့်မှာ အေးစက်နေသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ သွေးဓားထံ လက်ဆန့်ထုတ်သည်။
သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်း လက်ညွှန်လိုက်သော ဘယ်လက်ထံမှ သူ၏မန္တာန် ပေါက်ကွဲထွက်လာသည်။
“ရပ်တန့်ခြင်း…”
ဝမ်လင်းက စွန့်စားလိုက်ခြင်းပင်။ သူက သူ့အင်မောတယ်ခန္ဓာကိုယ်နှင့်ဆို သူ အပြင်းအထန် ဒဏ်ရာ ရသွားလျှင်ပင် မသေနိုင်သည်ကို သိ၏။ သူ မသေသေးသ၍ သူသည် ဤသို့ စွန့်စားမည်ပင်။ သူ ဒဏ်ရာပြင်းထန်စွာ ရသွားလျှင်ပင် သည်နေရာကနေ ထွက်သွားဖို့ သူ့ထံ၌ နည်းလမ်းများ ရှိနေသည်။
ထိုရပ်တန့်ခြင်းမန္တာန်၏ သက်ရောက်မှုကြောင့် ထိုအဘိုးအို၏ ညာလက်မှာ ခဏတာ တန့်သွားရ၏။ ဝမ်လင်းသည်လည်း တန်ပြန်ကန်အားကြောင့် သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာတော့သည်။ သူ၏ဒွာရပေါက်များထံမှ သွေးမြူများစွာ ပန်းထွက်သည်။ သို့သော် သူ့အမြင်၌ ၎င်းမှာ ထိုက်တန်လေသည်။
ထိုအဘိုးအို တန့်သွားခြင်းက သွေးဓားကို ပထမအလွှာထံ ဝင်ရောက်သွားစေနိုင်သည်။ မျှော်စင်အပြင်ဘက်မှ သုံးလက်မခန့်အပေါက်တစ်ခု ပွင့်ဟသွား၏။
ဝမ်လင်းက နောက်ဆုတ်၍ ထိုသုံးလက်မအဟကို စိုက်ကြည့်ကာ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှု ပြည့်နှက်လာသည်။
သူက ပထမအလွှာတွင်းသို့ တွေ့မြင်လိုက်ရသည်။ ယင်း၌ မည်သည့်ကျင့်ကြံသူမျှ ရှိမနေဘဲ အနက်ရောင်ချပ်ဝတ်တစ်ခုသာ ရှိသည်။ ထိုချပ်ဝတ်ပေါ်ရှိ နက်မှောင်မှုက အလင်းအားလုံးကို ဝါးမြိုထားသောမဟူရာညအလားပင်။
ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်ကာ သွေးအန်၏။ သွေးဓားက ပြန်လှည့်လာမည့်အခါ၌ အဖြူရောင်လက်တစ်ဖက်က ၎င်းကို ဖမ်းယူသည်။
ထိုလက်ပိုင်ရှင်မှာ ဒုတိယအလွှာမှအဘိုးအိုပင်။ သူက လှမ်းလျှောက်လာ၏။ သွေးဓားက သူ့လက်ထဲကနေ မည်မျှ ရုန်းကန်ပါစေ ချိုးဖျက်နိုင်စွမ်း မဲ့သည်။
မျှော်စင်အပြင်ဘက်၌ သစ်သားနှင့်မြေချပ်ဝတ်ကို ဝတ်ဆင်ထားသော အဘိုးအိုက အလွန်လေးစားဟန်ဖြင့် ပြောလာသည်။ “စီနီယာအစ်ကိုမာကို နှုတ်ဆက်ပါတယ်…”
“ဦးလေးမာကို နှုတ်ဆက်ပါတယ်…” မာနကြီးသော ယွမ်ရီဖန်လည်း တုန်လှုပ်နေ၏။ သူက လက်နှစ်ဖက် ဆုပ်ထားစဉ် သူ့မျက်လုံးထဲတွင် လေးစားမှု ပြည့်လျှံသည်။
“စီနီယာအစ်ကိုမာကို နှုတ်ဆက်ပါတယ်…” ရှေးတောက်အရိပ် ပေါက်ကွဲမှုကြောင့် လွင့်ထွက်သွားသော သုံးယောက်လည်း သူတို့၏လက်များကို တရိုတသေ ဆုပ်သည်။
ဝမ်လင်းက အကွာအဝေးတစ်ခုထိ နောက်ဆုတ်သွားပြီး သည်အချင်းအရာများကို တွေ့မြင်၏။ သူက သည်နေရာရှိ ပုန်းကွယ်နေသော ကျင့်ကြံသူအားလုံးကို အတင်းအကြပ် ထွက်လာစေခဲ့ပြီကို နားလည်လိုက်ပြီ။ ပိုငယ်ရွယ်ပါက နန်ဒူနှင့် ရုပ်ချင်းဆင်သော အဘိုးအိုမှာ မာပင်။ သူက သည်လူများ၏ ခေါင်းဆောင် ဖြစ်ပေမည်။
ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထား၏။ သူ၏ဒဏ်ရာများက ပြင်းထန်သောလည်း သူက ထိတ်ပြာသွားခြင်း မရှိပေ။ သူသည် ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။
သူ လက်ညွှန်လိုက်သည့်အခိုက်တွင် အဘိုးအိုမာထံမှ အေးစက်မှု လှစ်ခနဲ ပေါ်သည်။ သူက ဝမ်လင်းကို စိုက်ကြည့်ကာ ရှေ့သို့ တဟုန်ထိုး ဝင်လာသည်။
“မင်း ဒီအဘိုးအို ကျင့်ကြံနေတာကို နှောက်ယှက်ခဲ့တာပဲ။ မင်း သေသင့်ပြီ…”
“သင် နောက်ထပ် ခြေတစ်လှမ်း လှမ်းတာနဲ့ သင်လည်း သေရမယ်…” ထိုအဘိုးအို ခြေလှမ်းလာစဉ် ဝမ်လင်း၏အေးတိအေးစက်အသံ ပဲ့တင်ထပ်သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေသော်လည်း သူ့စကားလုံးတို့မှာ ပြတ်သားလှချေ၏။
ရုတ်တရက် ကောင်းကင်သည် နက်မှောင်သွားပြီး ပုံရိပ်ကြီးတစ်ခုက အထက်မှ လွှမ်းလိုက်သည့်အလား။ တစ်ချိန်တည်းမှာ ကောင်းကင်ထက်၌ ဧရာမမျက်လုံးတစ်စုံ ပေါ်လာသည်။
ထိုမျက်လုံးတစ်စုံက အကြွင်းမဲ့ရက်စက်မှုဖြင့် အတိပြီး၏။
အဘိုးအိုမာသည် ကောင်းကင်ထက်ရှိ ထိုမျက်လုံးကို မော့ကြည့်ကာ တုန်လှုပ်သွားမိသည်။ သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားမိပြီး ရုတ်တရက် သူ ရပ်လိုက်ရ၏။ သူက နောက်ထပ် ခြေတစ်လှမ်း မလှမ်းဝံ့တော့ပေ။
အဘိုးအိုမာ၏ စိတ်ထဲတွင် လှိုင်းထန်နေပြီပင်။ သူသည် တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ကို မဖျောက်ဖျက်နိုင် ဖြစ်နေပြီး သူ၏အမူအရာက သိသာနေစေသည်။
သူ့အပြင် သစ်သား၊မြေကြီးချပ်ဝတ်ဖြင့် အဘိုးအိုသည်လည်း မလှုပ်ရှားဝံ့ပေ။ သူက ကောင်းကင်ထက်ရှိ မျက်လုံးတစ်စုံကို မော့ကြည့်မိသည်နှင့် သူ့မျက်နှာက ချက်ခြင်း ဖြူရောကာ သူ့စိတ်နှလုံး မြည်ဟည်းသွားမိသည်။
တခြားသုံးယောက်မှာလည်း တုန်ရီနေသည်။
ယွမ်ရီဖန်က ခဏတာ မင်သက်သွားမိပြီး မကြာမီတွင် ကြောက်ရွှံ့မိသည်။ သူက အဘိုးအိုမာကို ကြည့်လိုက်မိသည်။ သူ ထိုအဘိုးအို၏ အမူအရာကို တွေ့မြင်သည့်အခါ သူ့မျက်နှာမှာ ချက်ခြင်း ဖြူရောသွားသည်။
“ကောင်းကင်ဘုံတာအို…” အဘိုးအိုမာက ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် လှမ်းကြည့်သည်။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်နှင့်လောဘတို့ကို ကွယ်ဝှက်ထားပေသည်။ သို့သော် သူက နောက်ထပ် ခြေတစ်လှမ်း မလှမ်းဝံ့ပေ။
သူ လောင်းကြေးမထပ်ဝံ့ပေ။
“ငါ့ဓားပြန်ပေး…” ဝမ်လင်းက ဖြည်းဖြည်းချင်း နောက်ဆုတ်ပြီး ကောင်းကင်ထက်သို့ တက်လှမ်းသွားတော့သည်။
အဘိုးအိုမာက အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းကို မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကောင်းကင်ဘုံတာအိုကြောင့် ငါ တုန်လှုပ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီအဘိုးအိုက ၎င်းဟာ ငါ့ကို ဝါးမြိုနိုင်တဲ့ စွမ်းအား ရှိလိမ့်မယ်လို့ မယုံဘူး။ မဟုတ်ရင် မင်း အခုလို အခြေအနေမျိုးနဲ့ အဆုံးသပ်လိမ့်မှာ မဟုတ်ဘူး…”
အဘိုးအိုမာက ထိုသို့ဆိုရင်း သူ့ညာခြေကို ဖြည်းဖြည်းချင်း ကြွသည်။ သို့ပေမည့် သူ၏အကြည့်က ဝမ်လင်းပေါ်သို့ မလွတ်တမ်း ကျရောက်နေကာ ဝမ်လင်း၏အမူအရာကို စောင့်ကြည့်နေသည်။
ဝမ်လင်းက ခပ်ရေးရေး ပြုံး၍ ဆိုသည်။ “ဒါက သင့်ကို တကယ်ပဲ မဝါးမြိုနိုင်ပါဘူး။ ဒါပေမဲ့ သင် ငါ့ဓားကို ပြန်ပေးသင့်တယ်…”
သူ၏တိုက်ရိုက် ဝန်ခံလိုက်မှုက အဘိုးအိုမာကို မျက်မှောင်ကြုတ်သွားစေပြီး မရေမရာ ဖြစ်သွားစေသည်။ သူ့ခြေလှမ်းမှာ ရပ်သွား၏။ သူက ဝမ်လင်းကို အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ သို့သော် သူသည် ဝမ်လင်း၏အမူအရာထံမှ မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ပေ။
“သူ ဒီလို လုပ်ရဲမှတော့ ကျိန်းသေပေါက် ပြင်ဆင်လာခဲ့ပြီး ဖြစ်ရမယ်…”
“အသက်သုံးရှိုက်စာအတွင်း ငါ့ဓားကို ပြန်ပေးပါ….”
အသက်သုံးရှိုက်အချိန်သည် ချက်ခြင်း ကုန်လွန်သွားသည်။ အဆုံးသပ်၌ အဘိုးအိုက သူ့နောက်ဆုံးခြေလှမ်းကို ပြန်ရုတ်သိမ်းကာ ဝမ်လင်းထံ သွေးဓား ပစ်ပေးလိုက်လေ၏။ ဝမ်လင်းသည် ၎င်းကို မယူပေ။ သို့သော် မြေနိမ့်သားရဲက ထိုဓားကို ဝါးမြိုပစ်လိုက်သည်။
“နှုတ်ဆက်ခဲ့တယ်…” ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ နောက်ဆုတ်၏။ သည်ခြေလှမ်းဖြင့် သူက ဒြပ်စင်ငါးခုဂြိုဟ်ကနေ ထွက်ခွာလာတော့သည်။