စစ်မှန်သော နောက်လိုက်နှာဘူးခွေး
Vol. 3 Ch. 32
~
လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်...
ကောင်းဟောက်ရန်အား ကျောင်းသားနှစ်ဆယ်ကျော်လောက်က သူ၏ကားဆီသို့ ဆွဲခေါ်လာကြသည် ။
“ တွေ့လား... အကိုမို့ အဲ့မှာ... “
ဟောက်ရန်က ထိုင်နေသော လင်းမို့ကို ဂုဏ်ယူစွာ ညွှန်ပြလိုက်၏ ။
“ အကိုမို့ အိပ်နေတယ်ထင်တယ်... သူ့ကို မနိုးမိစေနဲ့...”
လူတစ်စုလုံး ကားနားကပ်ကာ ဝိုင်းအုံကြည့်နေကြလေသည် ။
“ တကယ်ကြီး လင်းမို့ဟ... “
“ သူတကယ်လာတာပဲ...”
“ ငါ ဟောက်ရန် ကြွားနေတယ်ထင်တာ...”
အခြားသူများပြောသည်ကို ကြားသည်နှင့် ဟောက်ရန် ချက်ချင်းပင် မာနကြီးသွားသည် ။
“ ငါနဲ့ အကိုမို့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာ မင်းတို့ ဘယ်သိမှာလဲ... “
သို့သော်လည်း ကျောင်းသားများ၏ အာရုံစိုက်မှု ပြောင်းလဲသွားသည် ။
“ ဒီပြတင်းပေါက်က ကျန်းရွှယ်နဲ့ အနီးဆုံးဆိုတာ မင်းတို့သတိထားမိလား...”
မျောက်ပိန်လေးက ဝါရင့်စုံထောက်သဖွယ် အခြေအနေအား ခွဲခြမ်းစိတ်ဖြာတော့သည် ။
“ လင်းမို့က ကားထဲမှာ ပုန်းပြီးတော့ ကျန်းရွှယ်ကို ချောင်းမယ်ဆိုရင် ဒီနေရာက အကောင်းဆုံးပဲ...”
သူတို့ လင်းမို့အား နောက်လိုက်ခွေးနှာဘူး ဟုတ်မဟုတ် အတည်ပြုရန် ထွက်လာခဲ့ကြခြင်းဖြစ်သည် ။ ယခု မျောက်ပိန်လေး ပြောလိုက်သည်ကြောင့် သူတို့အတည်ပြုနိုင်သွားပေသည် ။
ဂျင်ရုံတွင် ပြတင်းပေါက်များစွာရှိသော်လည်း လင်းမို့က ကျန်းရွှယ်နှင့် အနည်းဆုံးတွင် နေရာယူထား၏ ။ ဤသည်က တိုက်ဆိုင်မှု ဖြစ်နိုင်ပါမည်လော ။ လောကကြီးတွင် ဤသို့သော တိုက်ဆိုင်မှုမျိုး ရှိအံ့မထင် ။
တခြား စုံထောက်တစ်ယောက်ကလည်း ဝင်၍ခန့်မှန်းသည် ။
“ မင်းတို့သတိထားမိကြလား... နောက်က ပြင်ထားတဲ့ အိပ်ရာကို ကြည့်လိုက်... အိပ်ရာက ဒီလောက်ကောင်းနေတာကို သူက ခုံမှာပဲ ဘာလို့ထိုင်နေတယ်ထင်လည်း ... ဘာလို့လို့လဲဆိုတော့ ခုံပေါ်မှာထိုင်မှ ကျန်းရွှယ်ကို မြင်ရမှာမို့လို့ပဲ... “
“ မိုက်တယ်... မိုက်တယ်... ပြောသွားတာတွေက အတိအကျပဲ... “
“ အခြေအနေကို အကဲခပ်တာ တကယ်ကောင်းတယ်... “
“ ပြီးတော့ လင်းမို့ ဘာလို့ ခုချိန်အိပ်နေလဲဆိုတော့ ... ကျန်းရွှယ်ကို တနေကုန်ချောင်းနေတော့ မျက်စိညောင်းပြီး အိပ်ပျော်သွားတာပဲ... သူခုချိန် အိမ်မက်ထဲမှာ ဘာတွေလုပ်နေမှာလဲဆိုတာ ဘယ်သူသိမှာလဲ... “
“ ဒီကောင်က တကယ်ကို နောက်လိုက်နှာဘူးခွေးပဲ...”
“ ဒီတစ်ခါ သေချာသွားပြီ... “
“ ဒီကောင်က လိုက်ဖို့တောင် ဇ မရှိဘဲနဲ့ နောက်လိုက်နှာဘူးခွေး လုပ်နေတာပဲ... “
လင်းမို့တစ်ယောက် သူကားပေါ်အိပ်နေချိန်တွင် အစစ်အမှန်နောက်လိုက်နှာဘူးခွေး ဟူသော ဘွဲ့နာမည် တွင်သွားမည်ဟု ထင်ထားမည်မဟုတ် ။
ထိုအချိန် လင်းမို့ တစ်ခုခု အာရုံခံမိလိုက်သဖြင့် နိုးလာခဲ့သည် ။ သူ၏ မျက်လုံး ဖွင့်လိုက်သောအခါတွင် ဆွံ့အ သွားချေသည် ။
‘ ဘာဖြစ်နေတာလဲ ... ငါအိပ်နေတုန်း မြို့ထဲမှာ ဇွမ်ဘီတွေ ပေါ်လာတာလား... ‘
တူညီသော မျက်နှာ အမူအရာများနှင့် လူများ ကားပြတင်းပေါက်အား ဝိုင်းရံထားသည်ကိုမြင်လျှင် မည်သူမဆို ထိုသို့တွေးကြပေမည် ။ လင်းမို့သည်လည်း ဇွမ်ဘီများဟု အတည်ပြုလုနီပါးပင် ။ သို့သော်လည်း သူအလျင်အမြန် သဘောပေါက်သွား၏ ။ အပြင်မှ မှတ်ချက်များကို သူကြားသောအခါ မျက်နှာတစ်ခုလုံး မဲမှောင်သွားပေသည် ။
‘ အစစ်အမှန် နောက်လိုက်ခွေးနှာဘူးလား... ဒီကောင်တွေငါ့ကို ထင်ချင်ရာ ထင်နေကြပြန်ပြီ... ‘
လင်းမို့ ဘာပြန်ပြောရမှန်း မသိတော့ ။ သူ ဤနေရာသို့ တက်ကြွအညွှန်းကိန်း လိုချင်၍ လာသော်လည်း ထိုသူများက သူ့အား နှာဘူးတံဆိပ် ကပ်ထားကြလေသည် ။ ကျန်းရွှယ်က ထိုမျှ ဆွဲဆောင်အားကောင်းပါသည်လော ။ သူမအနားသို့ ကပ်သည့် မည်သူမဆို နှာဘူးဖြစ်ရပါမည်လော ။
‘ မဟုတ်ဘူး... ငါ့ကို အထင်လွဲတာ ထပ်မခံနိုင်တော့ဘူး... စာမေးပွဲရောက်ဖို့လဲ ဆယ်ရက်ကျော်လိုသေးတယ်... နေ့တိုင်းငါ့ကို လူတွေဝိုင်းနေရင် စိတ်တိုလို့ သေလိမ့်မယ်... ‘
လင်းမို့ ကားတံခါးကို တွန်းဖွင့်ကာ အပြင်ထွက်လိုက်သည် ။ သူဖြေရှင်းပေတော့မည် ။
ထိုအချိန်တွင် ဖုန်းဝင်လာလေသည်။
‘ ဒလီ သမားက ဆက်တာပဲ...’
လင်းမို့ လန့်သွား၏ ။ သူမနေ့က ပွဲနှစ်ဆယ်ဆက်အထိ နိုင်ခဲ့သဖြင့် A1 ဆေး ဆယ်ပုလင်း ရရှိခဲ့သည် ။ သူ၏ လိပ်စာမှာ မနေ့ကအတိုင်း ကျောင်းတံခါးဝတွင်ဖြစ်သည် ။
‘ ချီးပဲ... ရှင်းပြဖို့ အချိန်မရှိတော့ဘူး... ဒလီ လက်ခံဖို့က ပိုအရေးကြီးတယ်...’
လင်းမို့ ပြေးထွက်သွားတော့သည် ။ ထိုသည်က A1 ဆေးဖြစ်သည် ။ တစ်ပုလင်းလျှင် အိမ်တန်ဖိုး တဝက် ။ ဆယ်ပုလင်းလျှင် အိမ်ငါးလုံးပင် ။ ထိုမျှ အဖိုးတန်သော ပစ္စည်းများ တစ်ခုခုဖြစ်လျှင် သူငိုလျှင်ပင် မျက်ရည်ကျတော့မည်မဟုတ် ။ စိတ်ချရစေရန် အရင်သွားယူရပေမည် ။
နှာဘူးခွေး နှင့် ကျန်းရွှယ်အကြောင်းကိုတော့ လင်းမို့ မေ့ထားလိုက်လေပြီ ။
“ ဝှစ်... “
လင်းမို့သည် သိုင်းအလုပ်သင်သာ ဖြစ်သော်လည်း အရှိန်က မြန်လှပေသည် ။ မျက်တစ်ခတ်အတွင်းပင် လမ်းအဆုံးတွင် ပျောက်ကွယ်သွားသည် ။
နောက်ဆုံး လူစု၏ အကျော်အမော်စုံထောက်ကြီးက မှတ်ချက်ဝင်ပေးတော့သည် ။
“ လင်းမို့ ထွက်ပြေးသွားပြီ...”
“ သူရှက်လွန်းလို့ထင်တယ်... “
“ ငါတို့ နောက်လိုက်ခွေးကို ဒီလိုဝိုင်းကြည့်နေကြတာ လွန်သွားပြီထင်တယ်... ခွေးတွေမှာတောင် သိက္ခာဆိုတာ ရှိသေးတယ်လေ... “
“ ဟုတ်တယ်... ကောင်မလေးတစ်ယောက်ကို မလိုက်ရဲလို့ နောက်လိုက်ခွေးလုပ်ရတယ်ဆိုတာ မလွယ်ဘူး... လင်းမို့ပိုရှက်သွားတာပေါ့... “
ဟောက်ရန် တစ်ယောက် လင်းမို့ပျောက်ကွယ်သွားသည်ကို မဝေခွဲနိုင်သော အကြည့်ဖြင့် ကြည့်နေလေသည် ။
‘ ငါ့အကိုက တကယ်ခွေးလား...’
ဟိုင်းချန်အထက်တန်းကျောင်း၏ ဆန့်ကျင်ဘက်လမ်းရှိ တူညီသောနေရာတွင် မနေ့က ကားရောက်နေပြန်သည် ။ ကားပေါ်တွင် သိုင်းပညာရှင် ငါးယောက်မဟုတ်တော့ဘဲ ဆယ်ယောက်ဖြစ်နေ၏ ။ မနေ့က ကဲ့သို့ မပျော်နိုင်တော့ဘဲ မျက်နှာများမှာ လေးနက်နေကြသည် ။ မနေ့က တာဝန်က D အဆင့် သာဖြစ်သော်လည်း ယနေ့တွင် A အဆင့်သို့ ရောက်သွားလေသည် ။ တာဝန်မှာ အဆင့်မြင့်လွန်းသဖြင့် သူတို့ ပေါ့ပေါ့ပါးပါးမနေနိုင်တော့ ။
ပစ္စည်းသယ်လာသော ကားအပြင် နောက်ထပ် ဘတ်စကားလေးနှစ်စီးမှာလည်း မနီးမဝေးတွင် လျို့ဝှက်ကာကွယ်နေကြ၏ ။ သိုင်းပညာရှင် ဆယ်ဂဏာန်းမှာ အနီးပတ်ဝန်းကျင်တွင် ဖြန့်ကျက်ကာ ဖြစ်ပေါ်လာနိုင်သော် အန္တရာယ်များကို စောင့်ကြည့်နေကြသည် ။
“ ခေါင်းဆောင်... ဒီနေ့တာဝန်က ဘာလဲ...”
မနေ့က ပစ္စည်းပို့ပေးသူ သိုင်းပညာရှင်က မေးလိုက်၏ ။
“ မနေ့ကလိုပဲ... ဒါပင်မယ့် ဒီနေ့တာဝန်က A အဆင့်ဖြစ်သွားပြီ... “
“ မင်း မသိသင့်တာတွေ မမေးနဲ့... စည်းမျဥ်းတွေကို မမေ့နဲ့... “
ခေါင်းဆောင်က မာန်လိုက်၏ ။ သို့သော်လည်း ခေါင်းဆောင်ကိုယ်တိုင်ပင် တာဝန်ကို သေချာမသိ ။ သူမည်သည်ကို ပို့ဆောင်ပေးရမှန်း မသိချေ ။
A အဆင့်တာဝန်မှာ မြင့်လွန်းလှပြီး A1 ဆေးဆယ်ပုလင်းဆိုသည်က တာဝန်နှင့် မကိုက်ညီပေ ။ တာဝန်၏ ရည်ရွယ်ချက်ကို လျို့ဝှက်ထားပုံရသည် ။
‘ သေချာပေါက် လျို့ဝှက်ချက်တွေ ရှိရမယ်... ‘
လျို့ဝှက်ချက် တစ်စုံတစ်ရာ ပေါက်ကြားသွားပါက မည်သို့ဖြစ်လာမည်မှန်း သူတို့အားလုံးသိကြသည် ။
“ ဟုတ်ကဲ့ပါ.... “
ဒလီသမားက အပြစ်ဝန်ခံလိုက်၏ ။
“ ကျွန်တော် မမေးသင့်တာ မေးမိသွားတယ်... “
“ ခေါင်းဆောင်... ခေါင်းဆောင် ... ကျွန်တော်တို့ မသင်ကာစရာ တွေ့ရတယ်... “
အပြင်တွင် စောင့်ကြည့်နေသော အဖွဲ့ဝင်က သတင်းပို့လိုက်သည် ။
ခေါင်းဆောင်၏ အခြေအနေမှာ ပိုမိုလေးနက်သွား၏ ။
“ အခြေအနေကို သတင်းပို့... “
“ မနေ့က မသင်ကာစရာ လူပဲ...”
တင်ပြနေသူမှာ မနေ့က Captain woof အကျီ်ဝတ်ဆင်ခဲ့သောသူပင် ။
“ ကျွန်တော်တို့ ဝိုင်းရိုက်ခဲ့တဲ့သူလေ.... “
“ အော် ယင်ကျန့် ဆိုတဲ့ ကောင်လား...”
ခေါင်းဆောင်က ချက်ချင်း သိလိုက်သည် ။ ကျွမ်းကျင် အေးဂျင့်များ ဖြစ်သဖြင့် မှတ်ညဏ်ကောင်းလှ၏ ။
“ ဟုတ်တယ်သူပဲ... သူအခုပေါ်လာပြန်ပြီ... ကျွန်တော်တို့ တာဝန်ကို တစ်ခုခု ထိခိုက်နိုင်လား... “
“ မသေချာလည်း ... ရှင်းပစ်လိုက်... “
A အဆင့် တာဝန်ဆိုတော့ တစ်ခုခု ဖြစ်မှာထက်စာရင် လူမှားသတ်မိတာက တော်သေးတယ်... သူ့နောက်လိုက်ကြည့်ထား ငါ peppa big အကျီ် ဝတ်ပြီး ထွက်လာခဲ့မယ် ...”