အစီအရင်အဖွဲ့အစည်း
Vol. 3 Ch. 270
အစွမ်းအထက်ဆုံးသော အစီအရင်များမှာ တောင်တန်းများ၊ မြစ်များမှ စွမ်းအင်များကို စုပ်ယူပြီး တည်ဆောက်ထားသည့် အစီအရင်များ ဖြစ်သည်။ ထိုအရာများမှာ ကောင်းကင်နှင့် မြေကြီးတို့၏ စွမ်းအားများကို ချိတ်ဆက် အသုံးပြုကြခြင်းကြောင့် သာမန် အစီအရင်များထက် အဆများစွာ ပိုမို အားကောင်းသည်။
သုံးနိုင်ငံခေတ်တွင် ရှီနိုင်ငံ၏ စစ်ဗျူဟာမှူး ခုံးမင်မှာ ရန်သူ ဝူနိုင်ငံ၏ အဆတစ်ထောင်ခန့် ပိုမိုများပြားသော ပြိုင်ဘက်များကို အစီအရင်တစ်ခု ခင်းကျင်း၍ ချေမှုန်း နိုင်ခဲ့သည်။
တာအို ကျင့်ကြံသူများမှာ ကောင်းကင်တာအိုကို ကျင့်ကြံကြပြီး ပိုမို အဆင့်မြင့်လာလေလေ၊ သဘာဝတရားနှင့် ပိုမို တစ်သားတည်း ကျလာလေလေ ဖြစ်သည်။ ကမ္ဘာတွင် ကောင်းကင်နှင့် မြေကြီးထက် ပိုမို အစွမ်းထက်သော အရာမရှိချေ။
ဖုန်းရွှေပညာရှင်များ၏ အစီအရင်များမှာလည်း ကျင့်ကြံသူများ၏ အစီအရင်များနှင့် အများစုမှာ ဆင်တူသည်။ ဖုန်းရွှေအစီအရင် ပညာရှင်များမှာ မြေကမ္ဘာ သံလိုက်များကို အသုံးပြုပြီး ပတ်ဝန်းကျင်မှ စွမ်းအင်များကို တွက်ချက်ကာ အစီအရင်များ တည်ဆောက် ကြရသည်။ ဥပမာ ဆေးနတ်ဘုရား တောင်ကြားဂိုဏ်း၏ အဆိပ်ခုနစ်မျိုး အစီအရင်၊ ကျိုးတချီ၏ နဂါးကိုးကောင် အစီအရင်တို့မှာ ကြီးမားသော နေရာမှ စွမ်းအားများကို စုစည်းကာ တည်ဆောက် ထားသည့် အစီအရင်ကြီးများ ဖြစ်သည်။
အစီအရင်ပုံစံငယ် (အင်းကွက်) များကို လူတိုင်း ခင်းကျင်းရန် လွယ်ကူသော်လည်း အစီအရင်ကြီးများမှာမူ ခင်းကျင်းရန် ခက်ခဲသည်။ ထို့ကြောင့် ချန်းဖန်က အစီအရင် ခင်းကျင်းနည်း သင်ကြားပေးမည်ဟု ကြေညာလိုက်ခြင်းက အစီအရင်ပညာရှင် များစွာကို အံ့အားသင့် စေခဲ့သည်။
"ဟုတ်တယ်။ မင်းတို့သာ ငါ့ဆီကို အသုံးဝင်တဲ့အရာတွေ ယူလာပေးနိုင်ရင် အဲဒီအရာနဲ့ ထိုက်တန်တဲ့ အရာတွေ သင်ကြားပေးမယ်”
ချန်းဖန်က တည်ငြိမ်စွာ ကြေညာလိုက်သည်။ ကမ္ဘာမြေပေါ်တွင် အစီအရင်များမှာ အလွန်ပင် တန်ဖိုးကြီးပြီး ရှားပါးသော်လည်း ချန်းဖန်တို့ကဲ့သို့ ကျင့်ကြံသူများ အတွက်မူ အထောက်အကူ ပစ္စည်းတစ်ခုထက် မပိုချေ။ ချီစုဆောင်းခြင်း အစီအရင်၊ တောင်တန်း အကာအကွယ် အစီအရင်၊ ကောင်းကင်ကြယ် အစီအရင် စသည့် အစီအရင်များမှာ နေရာတိုင်း၌ ခင်းကျင်းနိုင်ခဲ့ အစီအရင်များ ဖြစ်သည်။ ထိုကဲ့သို့သော အစီအရင်များကို မျှဝေပေးခြင်းက ကိစ္စမရှိပေ။ အကယ်၍ သူတို့ထဲတွင် အဆိပ်ခုနစ်မျိုး အစီအရင်၊ နဂါးကိုးကောင် အစီအရင်ကဲ့သို့ အစွမ်းထက် အစီအရင်ကြီးများ ခင်းကျင်းနိုင်သည့် လူများ ပေါ်လာလျှင်ပင် ချန်းဖန်လွယ်လွယ် အနိုင်ယူနိုင်စွမ်း ရှိသည်။
ချန်းဖန်၏ ကြေညာမှုက တာအိုအကြီးအကဲ မိုးတိမ်ကဲ့သို့သော ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများကိုပင် လောဘတက် သွားစေသည်။
"အရမ်းမိုက်တယ်။ ဆရာချန်းက သဘောထားကြီးမှုက တကယ်ပဲ ငါတို့ကို အမြင်ကျယ် စေတယ်။ သူက အစွမ်းအထက်ဆုံး အထွတ်အထိပ်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်တယ်..."
ချန်ဖန်း ထွက်သွားပြီးနောက် တောင်ထိပ်တွင် စုဝေးနေသော လူများမှာလည်း တဖြည်းဖြည်း ကျဲပါးသွားကြသည်။ သို့သော်လည်း တိုက်ပွဲ၏ အကျိုးဆက်က ယခုမှ စမည် ဖြစ်သည်။ ဟောင်ကောင်ရှိ လူများစု အတွက်မူ ကျိုးတချီ သေဆုံးခြင်းက မရေးမပါပေ။ ကျိုးတချီမှာ ချမ်းသာခြင်းနှင့် စွမ်းအားကြီးခြင်းတို့၌သာ သူ၏ ဘဝကို မြှုပ်နှံထားသူ ဖြစ်သည်။
ကျိုးတချီမှာ ဟောင်ကောင်ကို နှစ်ပေါင်း သုံးဆယ်ကျော် အုပ်စိုးခဲ့ပြီး ဟောင်ကောင်၏ လူချမ်းသာများကြား၌ သူ၏ ဩဇာအာဏာ သက်ရောက်မှုမှာ အလွန်ပင် ကြီးမားခဲ့သည်။ သူ၏ မိတ်ဆွေ အပေါင်းအသင်းများ မှာလည်း ထိပ်တန်း သူဌေးကြီးများ၊ အစိုးရ အရာရှိကြီးများသာ ဖြစ်သည်။ ကျိုးတချီ၏ သေဆုံးမှုက လူချမ်းသာ အသိုင်းအဝိုင်းကိုသာ တုန်လှုပ်စေခဲ့သည်။
တရုတ်ပညာရှင် အဖွဲ့အစည်း ကြား၌လည်း ကျိုးတချီ၏ သေဆုံးမှုသတင်းက အလွန် လျင်မြန်စွာ ပျံ့နှံ့နေသည်။ တိုက်ပွဲသို့ လာရောက် ကြည့်ရှုသူ များစွာ ရှိသော်လည်း မလာခဲ့သူများလည်း ရှိနေသေးသည်။
"ကျိုးတချီ သေပြီ။ ဘယ်လို ဖြစ်နိုင်မှာလဲ”
"အမှန်ပဲ။ ငါ့ဆရာက အဲဒီတိုက်ပွဲကို မျက်လုံးနဲ့ မြင်ခဲ့ရတာတဲ့”
"ကျိုးတချီက ချန်းပေ့ရွှမ်းကို အနိုင်မယူနိုင်ခဲ့ဘူး ဆိုတော့ သိုင်းပညာရှင်တွေက ငါတို့ အစီအရင် ပညာရှင်တွေကို အထင်သေးတော့မှာပဲ”
လူများစွာမှာ ထိုအဖြစ်အပျက်အား အမျိုးမျိုး ဆွေးနွေး ပြောဆိုနေခဲ့ကြသည်။ သူတို့ ပိုမို အံ့အားသင့်ရသော အရာမှာ ကျိုးတချီ၏ နှစ်ပေါင်း သုံးဆယ်ကျော် တည်ဆောက်ထားသည့် အစီအရင်က ချန်းပေ့ရွှမ်းကို မသတ်နိုင်ခဲ့ခြင်းပင်။
"ငါကြားတာက ချန်းပေ့ရွှမ်းက အထွတ်အထိပ် အဆင့်တင် မကဘူးတဲ့။ သူက ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်တယ်တဲ့”
"အမှန်ပဲ။ သူ့ အစီအရင်တစ်ခု ဆောက်ဖို့အတွက် အသုံးဝင်မဲ့ ပစ္စည်းတွေ ယူလာနိုင်မယ်ဆိုရင် အစီအရင် တည်ဆောက်တဲ့ နည်းတွေ သင်ပေးမယ်တဲ့”
"ငါလည်း ကြားတယ်။ ကောလာဟက အရဆိုရင် ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတွေကတောင် တရုတ်ပညာရှင် ညီလာခံကို တက်ဖို့ သူ့ကို ဖိတ်ကြား ထားတယ်တဲ့”
***
ထိုအချိန်တွင် ချန်းဖန်ကမူ ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းယူရန် စာချုပ်စာတန်းများနှင့် အလုပ်ရှုပ်နေခဲ့သည်။ ကျန်းမိသားစုမှာ ဟောင်ကောင်၏ အချမ်းသာဆုံး မိသားစုများအနက် တစ်မှ တစ်ဆယ် အတွင်းဝင်သော မိသားစု တစ်ခုဖြစ်သည်။ ကျန်းလုပ်ငန်းစု၏ တန်ကြေးပင်လျှင် ဘီလျံတစ်ရာခန့် ထိုက်တန်သည်။ ပုံမှန် အခြေအနေအရဆိုလျှင် အဘိုးအိုကျန်း သေဆုံးခဲ့ပါက ကျန်းမိသားစုဝင်များ အကြား တိုက်ပွဲများ၊ ပြိုင်ဆိုင်မှုများ ဖြစ်နိုင်သော်လည်း ယခုအချိန်တွင်မူ ပြိုင်ဆိုင်လိုစိတ်များ လုံးဝမရှိခဲ့ကြပေ။ သူတို့အားလုံး အိမ်ထဲတွင်ပင် ငြိမ်ကုပ် နေကြသည်။ ချန်းဖန်က သူတို့ကို မသတ်ခဲ့သော်လည်း သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းလိုက်ခြင်းက သူတို့ကို သတ်သည်ထက် ပိုမိုဆိုးရွားသည်။
"ထွက်သွားကြစမ်း။ ဒီအိမ်က ခုဆရာချန်း ပိုင်သွားပြီ”
လူအုပ်စုတစ်ခုက တတိယသခင်ကြီး ကျန်းဟိုမင်နေသော အိမ်ခြံထဲသို့ ဝင်လာကာ အော်ဟစ် လိုက်သည်။
ကျန်းဟိုမင်၏သား ကျန်းအန့်ယွမ်က အိမ်ရှေ့သို့ ထွက်လာကာ ...
"မင်းတို့က ဘယ်က ကလေကချေတွေလဲ။ ငါ့အိမ်ထဲ ဘာလို့ ရောက်နေတာလဲ။ အစောင့်တွေ။ အမြန်လာစမ်း”
"ဟမ့် ... မင်းကိုယ်မင်း ကျန်းမိသားစုရဲ့ သခင်လေး ထင်နေတာလား။ မင်းတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဆရာချန်းက သိမ်းပိုက်လိုက်ပြီကွ။ မယုံရင် စာချုပ်ကို ကြည့်။ ဒီမှာတွေ့လား ကျန်းမိသားစု အကြီးအကဲတွေရဲ့ လက်မှတ်။ နောက်ပြီး ဒါက တရားဝင်နော်။ မင်း ဘာပြောမလဲ”
လူအုပ်စု၏ ခေါင်းဆောင်က ကျားပုံတက်တူး ထိုးထားသော လက်မောင်းကြီးကို လှန်ပြရင်း ပြောလိုက်သည်။
"ဒါပေမဲ့..."
ကျန်းအန့်ယွမ်မှာ စကားလုံးများ ပျောက်ရှသွားသည်။ သူ၏ ဖခင်ထံမှ ထိုသတင်းကို ကြားခဲ့ပြီး ဖြစ်သည့်တိုင် အိမ်မှ ယခု ချက်ချင်း နှင်ထုတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ရပ်ကြစမ်း..."
ကျန်းဟိုမင်က အိမ်ထဲမှ ထွက်ပေါ်လာကာ အော်လိုက်သည်။
"ဒီအိမ်ကို မင်းတို့ ပိုင်သွားပြီ ဆိုရင်တောင် ငါတို့ကို လက်ဖျားနဲ့ ထိခွင့် မရှိဘူးကွ”
အင်အားကြီး လုပ်ငန်းစုတစ်ခု၏ စီအိုးအိုအနေဖြင့် မာနကတော့ သူ့တွင် ရှိနေသေးသည်။ ယခုကဲ့သို့ စော်ကားခံရခြင်းကိုမူ မခံနိုင်ချေ။ ထိုအချိန်မှာပင် လူတစ်ယောက်က သူတို့ခြံထဲသို့ ဝင်လာသည်ကို ကျန်းဟိုမင် တွေ့လိုက်ရသည်။
"ဆရာချူ..."
ထိုပုဂ္ဂိုလ်မှာ ဟောင်ကောင်၏ ထိပ်တန်း အစီအရင် ပညာရှင် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း ကျန်းဟိုမိန် တန်းသိလိုက်သည်။
"ဆရာချန်းနဲ့ယှဉ်ရင် ကျုပ်က ဆရာလို့ အခေါ်ခံဖို့ မထိုက်တန်ပါဘူးလေ”
ချူယူလင်းက လက်ကို ခါပြရင်း ပြောလိုက်သည်။
"ဒီနေ့ကစပြီး အိမ်ထဲမှာ ရှိသမျှ အရာအားလုံး ဆရာချန်း ပိုင်ဆိုင်သွားပြီ။ တတိယ သခင်ကြီးလု ... သွေးထွက်သံယိုတွေ မဖြစ်ခင် အိမ်ကနေ မြန်မြန် ထွက်သွားပေးပါ”
ကျန်းဟိုမိန်၏ မျက်နှာက မည်းမှောင်သွားသည်။ သူတို့တွင် အိမ်များ ပြောင်းရွှေ့ရန် လဝက်ခန့် ကြာအောင် အချိန်ရလိမ့်မည်ဟု ထင်မှတ် ထားခဲ့သော်လည်း ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည် မထင်ခဲ့ချေ။ ထို ချန်းပေ့ရွှမ်းဆိုသော ကောင်မှာ ဟောင်ကောင်ရှိ ထိပ်တန်း အစီအရင် ပညာရှင်များကိုပင် လူမိုက်ငှား၍ သူတို့၏ ပိုင်ဆိုင်မှုများကို လိုက်သိမ်းစေ သေးသည်။ ထိုအခြင်းအရာက အနည်းငယ်တော့ လွန်သည်။
ကျန်းဟိုမင်မှာ မည်သို့မျှ ပြန်မပြောတော့ပဲ သူ၏ မိသားစုနှင့်အတူ အိမ်မှ ထွက်ခွာ ပေးလိုက်သည်။
***
ချန်းဖန်၏ အစီအရင် တည်ဆောက်ခြင်းများ သင်ကြားပေးမည် ဟူသော မက်လုံးက အစီအရင် ပညာရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် အစီအရင် ပညာရှင်များစွာမှာ ချန်းဖန်အား လေးစားသည်ထက် လေးစား လာကြသည်။ ဆရာချူးမှာ ချန်းဖန်၏ ပရိသတ်များမှ တစ်ယောက် ဖြစ်သည်။ သာမန်လူထုများ အကြားတွင်မူ ပျံ့နှံ့နေသော သတင်းများက အဖြစ်မှန်နှင့် အနည်းငယ် ကွာခြားသည်။
"ကျန်းကျုံးမိန်က နှလုံးရောဂါနဲ့ ဆုံးပြီတဲ့”
"ကျန်းအန့်ချီက ထူးဆန်းတဲ့ ရောဂါတစ်ခုကြောင့် အသက် လေးဆယ်လောက် ပိုအိုစာ သွားပြီတဲ့”
"ကျန်းလုပ်ငန်းစုရဲ့ လုပ်ငန်းတွေက ပိုင်ရှင် ပြောင်းသွားပြီတဲ့။ ပိုင်ရှင် အသစ်ကိုတော့ မသိရသေးဘူး။ ကျန်းမိသားစုက ကြွေးတွေ မကျေလို့ အိမ်တွေတောင် ချပေးလိုက် ရတယ်တဲ့”
ဟောင်ကောင်ရှိ သတင်းစာများမှာ ခေါင်းစဉ် အမျိုးမျိုးတပ်၍ ကျန်းမိသားစု အကြောင်းကို ခန့်မှန်းရေးသား နေကြသည်။ သို့သော်လည်း ထိုအဖြစ်အပျက်များ၏ နောက်ကွယ်မှ အဓိကလူကိုမူ သူတို့ မသိကြချေ။
"သူက ဘယ်သူလဲ။ ဘယ်ကလဲ။ ကျန်းမိသားစုကိုတောင် ထိန်းချုပ်နိုင်တဲ့ သူ့ရဲ့နောက်ခံကရော ဘာလဲ”
ထိုမေးခွန်းက ဟောင်ကောင်လူထု ဦးနှောက်ကို အလုပ်ရှုပ်စေသည်။ ဟောင်ကောင် အထက်တန်းစားများ ကြားတွင်မူ ချန်းပေ့ရွှမ်းဆိုသော အမည်က သရဲ တစ္ဆေတစ်ကောင်အလား ကြောက်ရွံ့စေခဲ့သည်။ ထို ချန်းပေ့ရွှမ်းဆိုသော တစ်ယောက်ကို ဆန့်ကျင်ရန် သူတို့ တွေးပင် မတွေးရဲချေ။
ထိုအချိန်တွင် ချန်းဖန်မှာ ဟေတန်ဟော်တယ်သို့ ပြန်သွားပြီ ဖြစ်သည်။ နိုင်ငံ အားလပ်ရက်မှာလည်း ကုန်ဆုံးတော့မည် ဖြစ်သည်။
***