← Chapters

တကြိမ်တခါမျှ ရှုံးနိမ့်ခြင်းသည်ဘဝတခုလုံး ရှုံးနိမ့်သွားသည်မဟုတ်

Vol. 11 Ch. 101

တကြိမ်တခါမျှ ရှုံးနိမ့်ခြင်းသည်ဘဝတခုလုံး ရှုံးနိမ့်သွားသည်မဟုတ်

Vol. 11 Ch. 101

သိပ်မကြာမီပင်လင်ယဲ့မွှားသည်ကျောက်တုံးတတုံးပေါ်တွင်အဝတ်မပါပဲ တုံးလုံးပက်လက်ဖြစ်နေခဲ့လေပြီ။ သူ့ခြေလက်များကိုကား ဆေးရည်စိ်မ်ထားသည့်သားရဲတိရိစ္ဆာန်ကြွက်သာများနှင့်တင်းကျပ်စွာ ချည်နှောင်ထား၏။ သူသည်စုချန်းကို အလွန်ထိတ်လန့်တုန်လှုပ်သော မျက်နှာထားနှင့်စိုက်ကြည့်နေရှာသည်။ သူ့စိတ်ထဲတွင်ကား စုချန်းသည်လိင်တူဆက်ဆံသူ တယောက်ပေလောဟု တွေးတောမိနေ၏။

သို့သော်လင်ယဲ့မွှားသည်လိုအပ်သည်ထက်ပို၍ စဉ်းစားမိနေကြောင်း သိသာနေ၏။ အကြောင်းမှာ စုချန်းသည်သူ့တင်ပါးများကို အနည်းငယ်မျှပင်စိတ်မဝင်စားသောကြောင့်ပင်။ ဂူ၏ အခြားတဖက်တွင်ကား လက်သမားသုံး ခုံရှည်တလုံးကို စနစ်တကျ နေရာချထားကြောင်း တွေ့ရှိရသည်။ ၎င်းသည်အာကင်နာအဖိုးအို အောရစ်၏ ပစ္စည်းဖြစ်၏။ စုချန်းသည်ထိုခုံရှည်ကို သူနှင့်အတူ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ခုံရှည်ပေါ်တွင်အောရစ်ယခင်အသုံးပြုခဲ့သကဲ့သို့ ဆေးပုလင်းများ၊ ဖန်ခွက်များ၊ အိုးများနှင့်ရှုပ်ပွနေ၏။

ထိုအချိန်တွင်စုချန်းသည်ခုံရှည်၏ ရှေ့တွင်အလုပ်ရှုပ်နေ၏။ သူသည်အောရစ်၏ ဆေးနည်းများအတိုင်း ဆေးတဖုံ ဖော်စပ်ရန်ကြိုးစားနေခြင်း ဖြစ်သည်။ စုချန်းသည်နှုတ်သီးပါသော ခွက်ရှည်အတွင်းမှ အပြာရောင်ဆေးရည်တမျိုးကို သူ အသင့်ပြင်ဆင်ထားသည့်ဖန်ခွက်ဝိုင်းအတွင်းသို့ လောင်းချလိုက်၏။ သိပ်မကြာမီ အခိုးအငွေ့များ ပေါ်ထွက်လာပြီး အပြာရောင်ဆေးရည်သည်အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မကြာခင်ပေါက်ကွဲထွက်တော့မည်အဆိပ်ရည်ကဲ့သို့ အမြှုပ်တစီစီနှင့်ဖြစ်လာတော့သည်။

"အပြာရောင်ဖုံးကွယ်ခြင်းမြက်ပင်နဲ့ ပန်းသုံးပွင့်ပေါင်းစပ်လိုက်ရင်ဒီလို တုံ့ပြန်လာမယ်လို့ ဘယ်သူသိနိုင်မလဲ အတော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။ ထို့နောက်သူသည်ဆေးရည်ကို လင်ယဲ့မွှားဆီသို့ ယူဆောင်လာကာ ပါးစပ်ကို ဖြဲလျက်လောင်းထည့်ရန်ကြိုးစားတော့သည်။ "ဒီကောင်တော့ ငါ့ကို အဆိပ်ခတ်ပြီး သတ်နေပြီ"ဟု လင်ယဲ့မွှား ကြောက်လန့်တကြား တွေးနေ၏။ သူသည်ရုန်းကန်ရန်ကြိုးစားသော်လည်း မည်သို့မျှ ရုန်းကန်နိုင်စွမ်း မရှိလေရာ ဆေးရည်များကို ကြိတ်မှိတ်သောက်ချလိုက်ရရှာ၏။ ဆေးရည်များ ဝါးမြိုမိသည်နှင့်လင်ယဲ့မွှားကိုယ်တွင်း၌ တစုံတရာကို မီးရှို့ခံနေရသကဲ့သို့ ပူလောင်စွာ ခံစားလိုက်ရ၏။

"မဟုတ်ဘူး"

လင်ယဲ့မွှားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သိပ်မကြောက်ပါနဲ့ကွ အဆိပ်မဟုတ်ပါဘူး"

စုချန်းက ပြောလိုက်၏။

"တကယ်တော့ ဒီဆေးရည်က သွေးဗီဇနှိုးဆွတဲ့ ဆေးရည်တမျိုးပဲကွ"

သွေးဗီဇနှိုးဆွတဲ့ ဆေးရည်ဆိုပါကလား။ မည်သည့်အဓိပ္ပါယ်မျိုးပေနည်း။ လင်ယဲ့မွှားကား နားမလည်နိုင်တော့။ ထိုအခါ စုချန်းက စကားဆက်သည်။

" ဒီဆေးရည်ဟာ မအောင်မြင်တဲ့ သွေးဗီဇနှိုးဆွဆေးရည်တမျိုးပဲ ဒီဆေးနည်းကို တီထွင်ခဲ့တဲ့သူဟာ လူတော်တယောက်ပဲ သူ့မှာ ထူးခြားတဲ့ အတွေးအခေါ်တမျိုး ရှိခဲ့တယ်သူဟာ ဒီကနေ့ ကျန်ရှိနေတဲ့ သားရဲသတ္တဝါဆိုးတွေဟာ အလွန်ရှေးကျပြီး အင်အားကြီးမားတဲ့ မူလသတ္တဝါဆိုးတွေရဲ့ သားစဉ်မြေးဆက်တွေပဲလို့ ယူဆခဲ့တယ်သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေနဲ့အတူ ဒီသတ္တဝါတွေဟာ အားနည်းသထက်နည်းလာခဲ့ပေမဲ့ သူတို့ရဲ့ သွေးကြောတွေထဲမှာ အလွန်ကြီးမားတဲ့ စွမ်းအင်တမျိုးကို ပိုင်ဆိုင်ထားတုန်းပဲလို့ သူက တထစ်ချ ယုံကြည်ထားတယ်ဒါကြောင့်မို့လို့ သူဟာ ဒီစွမ်းအင်ကို ပေါ်ပေါက်လာစေမဲ့ ဆေးဝါးတမျိုးကို ဖန်တီးဖို့ ကြိုးစားခဲ့တယ်ဆိုပါတော့"

"ဒီဆေးရည်ကို ဘယ်လိုအသုံးပြုမှာလဲ"

လင်ယဲ့မွှားက အံ့သြတကြီးနှင့်မေးလိုက်သည်။ သူ့ကိုယ်တွင်း၌ ယခုတိုင်ပူလောင်လျက်ရှိသော်လည်း သူ့စိတ်အာရုံမှ အကြောက်တရားများသည်ကား အတော်လေး ပြယ်လွင့်သွားခဲ့လေပြီ။

စုချန်းက ပြုံးလိုက်သည်။

"ရှင်းပါတယ်ကွာ ဒီဆေးရည်ကို အသုံးပြုလိုက်တာနဲ့ အစွမ်းထက်တဲ့ သွေးဗီဇတမျိုးကို ရရှိနိုင်တာပေါ့ ဒီဆေးကြောင့်ရရှိမဲ့ အင်အားက နည်းတယ်ဆိုရင်တောင်မင်းတို့ငါတို့လောက်တော့ ရှိမှာပေါ့"

သွေးဗီဇများ ဖြတ်သန်းခြင်းသည်အလွန်တရာ ဝိရောဓိဖြစ်သော ကိစ္စဖြစ်၏။ တဖက်တွင်လင်ယဲ့မွှားကဲ့သို့ သွေးနှောများအတွက်သွေးဗီဇနိုးထခြင်းသည်တသက်တွင်တကြိမ်သာ ဖြစ်လေ့ဖြစ်ထရှိလေရာ ထိုသို့နိုးထသည့်အချိန်တွင်အင်အားကြီးမားသည့်သွေးဗီဇမျိုး နိုးထလာစေရန်ဆုတောင်းလေ့ရှိကြသည်။ အခြားတဖက်တွင်လည်း သွေးဗီဇသည်အင်အားကြီးမားလေလေ နိုးထလာရန်ခဲယဉ်းလေလေသာ။ မြောက်များလှစွာသော လူများသည်ထိုကဲ့သို့ အစွမ်းထက်သည့်သွေးဗီဇနိုးထလာစေရန်ဘဝတလျှောက်လုံး အမျိုးမျိုးအဖုံဖုံ ကြိုးစားအားထုတ်လေ့ ရှိကြသော်လည်း ထိုမျှော်လင့်ချက်မျိုး အလွယ်တကူပြည့်ဝရန်မှာကား ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။

ထိုအခြေအနေမျိုးတွင်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန်လူတို့သည်အမျိုးမျိုး အဖုံဖုံသော သွေးဗီဇဆေးဝါးများကို တီထွင်နိုင်ရန်ကြိုးစားလာကြ၏။ ချမ်းသာကြွယ်ဝသည့်လူတချို့မှာကား သူတို့၏ ငွေကြေးများကို အသုံးပြုကာ သွေးဗီဇဆေးဝါးများ ဝယ်ယူကြလေသည်။ ဥပမာပြရလျင်လင်ယဲ့မွှားကဲ့သို့သော လူစားမျိုးပင်ဖြစ်သည်။ လင်ယဲ့မွှားသည်သူ၏ မျိုးနွယ်စုအပေါ် အမှီသဟဲပြုကာ ကုမျိုးနွယ်စုထံမှ သွေးဗီဇဆေးဝါးကို ရယူနိုင်ခဲ့၏။

တချို့လူများမှာကား ပို၍ ရဲရင့်သော နည်းလမ်းမျိုးကို ရွေးချယ်ခဲ့ကြ၏။ အောရစ်သည်ထိုကဲ့သို့သော လူစားမျိုး ဖြစ်သည်။ အာကင်နာမျိုးစိတ်ဝင်တယောက်ဖြစ်သော သူသည်မွေးဖွားလာကတည်းက အလင်းရောင်ကို မမြင်တွေ့ခဲ့ရပေ။ မွေးကင်းစအရွယ်ကတည်းက တခြားသက်ရှိမျိုးစိတ်များ၏ အမဲလိုက်ခြင်းကို ခံခဲ့ရလေရာ သူ့အနေနှင့်သွေးဗီဇဆေးဝါးများကို ဝယ်ယူနိုင်ရန်နည်းလမ်းမရှိခဲ့။ ထိုအခါ သူ့အနေနှင့်သွေးဗီဇကို ရရှိရန်ကိုယ်စွမ်းကိုယ်စကိုသာ သုံး၍ ကြိုးစားရတော့သည်။ တဖန်သူသည်အဆင့်နိမ့်သွေးဗီဇမျိုးကို လိုချင်သည်မဟုတ်။ ထိုအခါ ရှေးအစဉ်အဆက်ဘိုးဘေးဘီဘင်များနည်းတူ သူသည်ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်ရန်ကြိုးစားတော့သည်။

ထို့နောက်တွင်ကား သူသည်"ငါသည်ကား အစွမ်းထက်နတ်ဆိုးသတ္တဝါများကို ဖမ်းဆီးရန်နှင့်သွေးဗီဇများ ထုတ်ယူရန်အင်အားမရှိသောကြောင့်အဆင့်နိမ့်သားရဲများ၏ ရှေးဟောင်းမျိုးရိုးစဉ်လာ သွေးဗီဇကို နှိုးဆွစေကာ ငါ့အတွက်အသုံးပြုပေအံ့" ဟု ကြံစည်တွေးတောမိတော့သည်။ ဤပုံဤနည်းအားဖြင့်အောရစ်သည်မျိုးရိုးစဉ်လာ ရှေးဟောင်းသွေးဗီဇကို နှိုးဆွနိုင်သည့်ဆေးတမျိုးကို တီထွင်ဖော်စပ်ရန်စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။

ထိုအခါ စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"ကံဆိုးတာက သူ့ခမျာ မအောင်မြင်ခဲ့ရှာဘူး သူရဲ့ စဉ်းစားတွေးခေါ်ပုံဟာ အလွန်ကောင်းမွန်ပြီး ရည်ရွယ်ချက်ကလည်း ပြောင်မြောက်ပေမဲ့ လုပ်ဆောင်ရမဲ့ကိစ္စက ကြီးမားလွန်းတော့ တယောက်တည်း လုပ်ဆောင်ရမှာ အခက်အခဲ ရှိခဲ့တာပေါ့လေ"

စုချန်း၏ စကားကို ကြားလိုက်သောအခါ လင်ယဲ့မွှားခမျာ ရင်တုန်ပန်းတုန်ဖြစ်သွားရှာ၏။

"မင်းပြောချင်တာက ဒီဆေးဟာ...."

စုချန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်ဒီဆေးဟာ မအောင်မြင်သေးတဲ့ ဆေးပဲ သူ့မှာ အိပ်ပျော်နေတဲ့ သွေးဗီဇကို နိုးထလာစေနိုင်တဲ့ စွမ်းရည်မရှိဘူး သူလုပ်နိုင်တာဆိုလို့ တခုပဲရှိတယ်ဘာလဲဆိုတော့ သွေးဗီဇအင်အားကို ဆူပွက်ကျယ်ပြန့်လာစေနိုင်......."

မဟုတ်ဘူး!!!

လင်ယဲ့မွှားက ကြောက်လန့်တကြား ထအော်လိုက်၏။ ချီစုဆောင်းခြင်းနယ်ပယ်တွင်တစုံတယောက်၏ သွေးဗီဇအင်အားမှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။ အင်အားများ အလွန်အကျွံ ဆူပွက်တိုးပွားလာပါက သွေးဗီဇနှင့်ကိုယ်ခန္ဓာသည်တိုးပွားလာသော အင်အားကို မထိန်းချုပ်နိုင်တော့ပဲ ကြောက်မက်ဖွယ်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်၏ (wuxiaမှာ အတွင်းအားများလာပြီး သွေးကြောတွေ ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ သဘောတရားနဲ့ အတူတူပဲလို့ ယူဆ...ဤကား စကားချပ်) ။ အခန့်မသင့်လျင်သေပင်သေသွားနိုင်၏။

"စိတ်ချစမ်းပါကွ မင်းမသေပါဘူး ငါက မင်းကိုထဲက ပျံသန်းနေတဲ့မြွေသွေးဗီဇ ဘယ်လိုလှုပ်ရှားသလဲလို့ တိတိကျကျ သိချင်ရုံလောက်ပါ"

စုချန်းက သူ၏ ရည်ရွယ်ချက်ကို တိတိကျကျပင်ထုတ်ဖော်လိုက်၏။ သူ၏ အမှန်တကယ်ရည်ရွယ်ချက်မှာ ပျံသန်းနေသောမြွေသွေးဗီဇကို စောင့်ကြည့်လေ့လာရန်သာ ဖြစ်သည်။ ကုချိန်းလွှာနှင့်တွေ့ဆုံခဲ့စဉ်လေထဲတွင်လမ်းလျှောက်နိုင်ခဲ့သော ဖြစ်ရပ်က စုချန်းကို ဖိနှိပ်ရန်ခက်ခဲသော မျှော်လင့်ချက်မျိုး ပေးစွမ်းလျက်ရှိ၏။ ထိုအခါ သူသည်သာမာန်လူသားများအနေနှင့်သွေးဗီဇအထောက်အပံ့မပါပဲ သွေးဗီဇဆိုင်ရာ မူလစွမ်းရည်များအား ဖော်ထုတ်လေ့ကျင့်၍ ရမရ စူးစမ်းလိုစိတ်များ ပေါ်ပေါက်လာတော့သည်။

ထိုစိတ်ကူး မှန်မမှန်သူမသိပါ။ သို့သော်ထိုရူးသွပ်သော စိတ်ကူးသည်သူ့စိတ်နှလုံးအိမ်အတွင်းဝယ်မြဲမြံစွာ အမြစ်တွယ်လျက်ရှိနေတော့သည်။ ထိုစိတ်ကူးသည်သူ့အပေါ်တွင်မည်မျှအကျိုးသက်ရောက်လာမည်မှန်းလည်း သူမသိပါ။ လက်ရှိ သူစဉ်းစားနေသမျှသော အရာအားလုံးသည်ပျံသန်းနေသောမြွေ၏ လျှို့ဝှက်ချက်များကို သိရှိနိုင်ရန်နှင့်သူ၏ မြူခိုးကြားထဲမှ မြွေခြေလှမ်းနည်းစနစ်တိုးတက်လာစေရန်သာ ဖြစ်သည်။

ထိုအခိုက်မှာပင်ဆေးတန်ခိုး ပြလာခဲ့ပြီဖြစ်လေရာ လင်ယဲ့မွှား၏ ကိုယ်ခန္ဓာအတွင်းရှိ မူလစွမ်းအင်များ စတင်ဆူပွက်စ ပြုလာ၏။ ထိုမြင်ကွင်းမှာ သူ တချိန်က မြင်ခဲ့ဖူးသော ကုချိန်းလွှာ၏ ကိုယ်ခန္ဓာအတွင်းရှိ မူလစွမ်းအင်ရွေ့လျားမှုနှင့်တထပ်တည်း တူညီနေကြောင်း စုချန်း မြင်တွေ့ရလေသည်။ သို့သော်ဤတကြိမ်မြင်ကွင်းကား ယခင်တကြိမ်နှင့်မတူညီပဲ ပို၍ ရှင်းလင်းပီသ၏။ ပို၍ အသေးစိတ်ကြ၏။ သိပ်မကြာမီပင်လင်ယဲ့မွှား၏ သွေးဗီဇမှာ ပေါက်ကွဲထွက်လာ၍ သူ့ကိုယ်တွင်းရှိ ဖိနှိပ်ခံထားရသည့်မူလစွမ်းအင်များမှာလည်း ရုန်းကန်တိုးထွက်စ ပြုလာ၏။

သို့သော်စုချန်းက ထိုကဲ့သို့ အခြေအနေမျိုးကို ကြိုတင်မျော်တွေးထားပြီးသားပင်။ ထို့ကြောင့်လည်း သူသည်ချီပိတ်ဆို့ခြင်းဆေးမှုန့်၏ ပမာဏကို လျှော့ချခဲ့ခြင်း ဖြစ်သည်။ မူလစွမ်းအင်သည်လင်ယဲ့မွှား၏ ကိုယ်ခန္ဓာအတွင်းတွင်စတင်ပေါ်ပေါက်လာခဲ့ပေပြီ။ သို့သော်ထိုစွမ်းအင်မှာ စိတ်ပျက်စရာ ကောင်းလှအောင်နည်းပါးလှ၏။ ထိုအခါ စုချန်းက ပြောလိုက်သည်။

"ငါပြောသလို လိုက်လုပ်စမ်း မင်းကိုယ်ထဲက မူလစွမ်းအင်ကို စတင်လှည့်ပတ်ပြီး နေမင်းပေါင်းကူးတံတားကို မြင်ယောင်လိုက်ပြီးတာနဲ့ ဒါကို ဖြတ်သန်းနိုင်အောင်ကြိုးစားစမ်း"

လင်ယဲ့မွှားခမျာ အလွန်ထိတ်လန့်သွားရှာ၏။ အကြောင်းမှာ စုချန်းသည်သူ့အား စွမ်းအင်ဆူပွက်နေသည့်အချိန်မှာပင်မြွေခြေလှမ်းကွက်များအား နှိုးဆွရန်ခိုင်းစေနေသည်မဟုတ်ပါလား။

"မလုပ်ဘူးကွ မလုပ်ဘူး"

"ဖျောင်း"

"အဖြေမှားတယ်"

စကားပြောသံနှင့်အတူ ပြင်းထန်သော လက်သီးချက်တချက်လင်ယဲ့မွှား၏ မျက်နှာပေါ်သို့ ကျရောက်လာ၏။ အသည်းခိုက်မတတ်နာကျင်မှုကြောင့်လင်ယဲ့မွှား၏ မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။ သူ ထိန်းချုပ်နိုင်ပြီဟု ယူဆခဲ့သော အကြောက်တရားသည်လင်ယဲ့မွှား၏ တကိုယ်လုံးသို့ ပြန်လည်ပျံ့နှံ့သွား၏။ ထိုအခါ လင်ယဲ့မွှားသည်ခေါင်းကိုငုံ့ကာ စုချန်း၏ အမိန့်အတိုင်း မြူခိုးကြားထဲမှ မြွေ၏ ခြေလှမ်းနည်းစနစ်ကို စတင်ဖော်ထုတ်ရန်ကြိုးစားတော့သည်။

စုချန်း၏ အမြင်အာရုံမှာကား အရာရာကို ဖောက်ထွင်းမြင်နိုင်သော နတ်ဘုရားတပါး၏ မျက်လုံးမျိုးနှင့်ပင်တူနေသေးသည်။ သူသည်လင်ယဲ့မွှား၏ အရေပြားကို ဖောက်ထွင်းပြီး ကိုယ်တွင်းရှိ မူလစွမ်းအင်စီးဆင်းပုံကို ကျကျနနပင်လေ့လာနေ၏။ သွေးဗီဇစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင်မူလစွမ်းအင်သည်ထူးခြားသော အခြေအနေမျိုးနှင့်ဖြစ်ပေါ်လာကြောင်း စုချန်း မြင်တွေ့နေရလေသည်။ ထိုမူလစွမ်းအင်သည်သာမာန်လူများတွင်ဖြစ်ပေါ်သော မူလစွမ်းအင်နှင့်မတူပဲ ပို၍ ထူထဲ၏။ ပို၍ သန်မာ၏။ ပို၍ အင်အားပြည့်ဝ၏။

ပျံသန်းနေသောမြွေသွေးဗီဇသည်တစုံတယောက်၏ မူလစွမ်းအင်ကို အဆင့်မြှင့်ပေးကာ ၎င်း၏ အရည်အသွေးကို တိုးပွားလာစေ၏။ ထိုမျှသာမကသေး နည်းလမ်းအသစ်များနှင့်တမူထူးခြားသော စီးဆင်းမှုလမ်းကြောင်းများကိုလည်း ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ စုချန်း၏ ပထမမေးခွန်းအတွက်အဖြေပင်ဖြစ်သည်။

သို့သော်သွေးဗီဇသည်မူလစွမ်းအင်စီးဆင်းမှုကို မည်သို့ သက်ရောက်နေသနည်း။ စီးဆင်းမှုလမ်းကြောင်းအသစ်များ ပေါ်ပေါက်လာအောင်မည်သို့ ပြုလုပ်လိုက်သနည်း။ ယခင်လမ်းကြောင်းအဟောင်းနှင့်လမ်းကြောင်းအသစ်ကြားဝယ်မည်သည့်ကွဲပြားခြားနားချက်များ ရှိနေသနည်း။ ထိုမေးခွန်းများ၏ အဖြေကိုကား လက်ရှိတွင်စုချန်းတယောက်မသိရှိနိုင်သေး။

ထိုအခါ သူ့အနေနှင့်ပို၍ လေ့လာလေလေ သူ့စိတ်နှလုံးအိမ်အတွင်း၌ မေးခွန်းများ ပိုမိုများပြားလာကြောင်းကိုတော့ စုချန်း သဘောပေါက်လာ၏။ မေခွန်းတခု၏ အဖြေကို သူသိရှိလိုက်သည်နှင့်ထိုအဖြေသည်ပင်နောက်ထပ်မေးခွန်းတခုသို့ ဦးတည်သွားစေပြီး မရေမတွက်နိုင်သော မေးခွန်းများ ထပ်မံဖြစ်ပေါ်လာစေရာ သူသည်ပဟေဠိဝင်္ကပါထဲတွင်ပိတ်မိနေသကဲ့သို့ ရှိလေတော့သည်။ စုချန်းအနေနှင့်မည်သည့်အချိန်တွင်ထိုဝင်္ကပါထဲမှ လွတ်မြောက်နိုင်မည်ကို မသိရှိသလို ဝင်္ကပါအလွန်တွင်သူတွေ့ရှိမည့်အရာသည်သူ့အတွက်အသုံးဝင်မဝင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်း မရှိပေ။

ဤဝင်္ကပါသည်အဆုံးအစမရှိသော တွင်းနက်ကြီးလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။ အကြောင်းမှာ နှစ်ထောင်ပေါင်းများစွာအတွင်း ဤပြသနာကို ဖြေရှင်းနိုင်မည့်သူဟူ၍ တဦးတလေမျှပင်မပေါ်ပေါက်ခဲ့သောကြောင့်ပင်။ နှစ်ထောင်ပေါင်းများစွာအတွင်း မည်သူမျှ မဖြေရှင်းနိုင်ခဲ့သော ပြသနာကို သူကကော အဘယ်ကြောင့်ဖြေရှင်းနိုင်မည်ဟု ထင်နေရသနည်း။ သို့သော်တခြားလူများ မဖြေရှင်းနိုင်ရုံနှင့်ဤပြသနာကို သူလည်း မဖြေရှင်းနိုင်ဟု လှေနံဓားထစ်မယူဆသင့်ဟု စုချန်းက ပြောင်းပြန်တွေးတောနေမိပြန်သည်။

အကယ်၍ လူသားတို့သည်၎င်းတို့၏ ထိုးထွင်းညဏ်ကိုသာ အသုံးမချခဲ့လျင်လူသားမျိုးနွယ်ဟူသည်မည်သည့်အခါမျှ တိုးတက်လာမည်မဟုတ်သလို အစာကွင်းဆက်၏ ထိပ်ဆုံးနေရာသို့လည်း ရောက်ရှိလာစရာ အကြောင်းမရှိ။ ထိုနည်းတူစွာ မူလစွမ်းအင်ကိုလည်း မည်သည့်အခါကမျှ အသုံးချနိုင်ခဲ့လိမ့်မည်မဟုတ်။

အထက်ပါအတိုင်း တွေးတောမိသောအခါ စုချန်း၏ ရှုပ်ထွေးနေသော အတွေးများသည်နေလာ၍ နှင်းပျောက်ရသည့်ပမာ လွင့်ပြယ်သွားတော့သည်။ သူ့အနေနှင့်ခိုင်မာသော ဆုံးဖြတ်ချက်မျိုး ချမှတ်ခဲ့ပြီး ဖြစ်လေရာ ယခုအချိန်ကျမှ ဒွိဟဖြစ်နေစရာ အကြောင်းမရှိ။ နောက်တွန့်နေစရာ အကြောင်းမရှိ။ သူရဲဘောကြောင်နေစရာ အကြောင်းမရှိ။ူသူသည်မျက်မမြင်ဘဝသို့ ကျရောက်သွားခဲ့စဉ်ကပင်သူတောင်းစားအဖိုးကြီး၏ မရေရာသော စကားတခွန်းကို လက်ဆုပ်လက်ကိုင်ပြုကာ အရှုံးမပေးခဲ့ပေ။

ယခုအခြေအနေတွင်လည်း မျှော်လင့်ချက်တစွန်းတစမျှသည်ပင်သူ့ကို ရှေ့ဆက်လျှောက်စေရန်တွန်းအားပေးနိုင်၏။ ကုချိန်းလွှာနှင့်တိုက်ခိုက်စဉ်မမျှော်လင့်ပဲ လေပေါ်တွင်လမ်းလျှောက်နိုင်ခဲ့သော ဖြစ်ရပ်သည်ဤအခြေအနေတွင်စုချန်းအတွက်မျှော်လင့်ချက်တစွန်းတစပင်ဖြစ်သည်။ ဤမျှော်လင့်ချက်သည်သိပ်မကြီးမားလှသော်လည်း ပိန်းပိတ်အောင်မှောင်နေသော အကာလညအခါဝယ်မီးအိမ်ငယ်လေးပမာ စုချန်းကို ယုံကြည်မှုများ ဖြစ်ပေါ်စေခဲ့လေသည်။

သူ့အနေနှင့်အဆက်မပြတ်လေ့လာနေသ၍ အချည်းနှီးဟု ယူဆရသော အရာများမှ အောင်မြင်မှုတစုံတရာ ရရှိလာလိမ့်မည်ဟု စုချန်းက စွဲစွဲမြဲမြဲ ယုံကြည်ထားလေသည်။

အကယ်၍ မအောင်မြင်ခဲ့လျင်ကောဟု မေးရန်ရှိသည်။ မအောင်မြင်ခဲ့လျင်လည်း ပြသနာမရှိ။

တကြိမ်တခါမျှ ရှုံးနိမ့်ခြင်းသည်ဘဝတခုလုံး ရှုံးနိမ့်သွားသည်မဟုတ်။

All Chapters