သုတေသနလုပ်ငန်းများ ၁
Vol. 11 Ch. 102
လာမည့်ရက်များတွင်ကား စုချန်းသည်လင်ယဲ့မွှား၏ သွေးဗီဇကို စနစ်တကျပင်လေ့လာသုံးသပ်နေခဲ့၏။ လင်ယဲ့မွှား၏ ပြောင်းလဲမှုများသည်မည်သည့်ရက်တွင်မဆို တသမတ်တည်းသာ ရှိနေခဲ့လေသည်။ စုချန်းသည်နေ့တိုင်းလိုလို လင်ယဲ့မွှားအား အောရစ်၏ မအောင်မြင်သော ဆေးရည်ကို အတင်းအကျပ်တိုက်ကာ မူလစွမ်းအင်ဆူပွက်လာစေရန်ပြုလုပ်၏။ တချိန်တည်းမှာပင်သူသည်လင်ယဲ့မွှားအား မြူခိုးကြားမှ မြွေခြေလှမ်းကို နှိုးဆွစေကာ သွေးဗီဇနှင့်မူလစွမ်းအင်ပြောင်းလဲမှုတို့ကို လေ့လာသုံးသပ်ခြင်း ပြုလုပ်၏။ ထို့နောက်၎င်းအချက်အလက်တို့ကို စနစ်တကျ မှတ်သားခြင်းပြုလုပ်၏။
အမှန်တော့ စုချန်း၏ ဇီဝဗေဒနှင့်သဘာဝတရားအပေါ် နားလည်သဘောပေါက်မှုသည်အောရစ်ထံမှ မြစ်ဖျားခံလာ၏။ အောရစ်သည်ခွန်အားအရာတွင်အထူးတလည်မမြင့်မားလှသော်လည်း ချီစုဆောင်းခြင်း နယ်ပယ်အဆင့်မြင့်အလွှာထိတော့ ရောက်ရှိနိုင်ခဲ့၏။ သို့သော်သူ၏ သဘာဝတရားအပေါ် နားလည်သဘောပေါက်မှုမှာကား အတော်လေး မြင့်မားနေခဲ့လေပြီ။ ဤသည်မှာ အာကင်နာလူမျိုးများ၏ ဓလေ့သာ ဖြစ်သည်။ အာကင်နာလူမျိုးများအတွက်မူလစွမ်းအင်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခြင်းမှာ ၎င်းတို့၏ အသိပညာကြောင့်သာ ဖြစ်၏။
နှစ်ဝက်မပြည့်မီပင်စုချန်း၏ ဇီဝဗေဒအပေါ် လေ့လာမှုသည်အဆင့်တခုသို့ ရောက်ရှိလာခဲ့လေသည်။ သို့သော်မည်သည့်ပညာရပ်တွင်မဆို လေ့လာရုံမျှနှင့်မလုံလောက်။ လေ့လာထားသော အသိပညာများအား လက်တွေ့နှင့်ပေါင်းစပ်ရန်လိုအပ်၏။ ထိုအဆင့်သည်မဖြစ်မနေ ဖြတ်သန်းရမည့်အဆင့်ပင်ဖြစ်သည်။
လင်ယဲ့မွှားကိုယ်တွင်းရှိ မူလစွမ်းအင်များအား ခွဲခြမ်းစိတ်ဖြာသည့်အလုပ်မရှိလျင်စုချန်းနှင့်သံမဏိသည်တောနက်အတွင်းသို့ သွားရောက်ကာ သားရဲသတ္တဝါဆိုးများအား အမဲလိုက်ကြကုန်၏။ ထို့နောက်သူတို့သည်သေဆုံးသွားသော သားရဲသတ္တဝါဆိုးများ၏ ကိုယ်တွင်းမှ ထွက်လာသော စွမ်းအင်အလင်းမှုန်များအား စုပ်ယူကြလေသည်။ ထို့နောက်သူတို့သည်ထိုသတ္တဝါများ၏ အသွေးအသား၊ အရိုးအကြောများအား ခွဲခြမ်းစိတ်ဖြာကာ ၎င်းတို့၏ ခန္ဓာဗေဒအား လေ့လာကြ၏။
စုချန်းနှင့်သံမဏိတို့၏ နေ့စဉ်ရက်ဆက်ဆောင်ရွက်နေကြသော အပြုအမူများအား ကြည့်၍ လင်ယဲ့မွှားမှာ အံ့သြ၍ မကုန်နိုင်အောင်ပင်ဖြစ်နေ၏။ ထူးဆန်းသော ဤဆရာတပည့် နှစ်ယောက်သည်ရံဖန်ရံခါတွင်သားရဲသတ္တဝါတချို့အား အရှင်လတ်လတ်ဖမ်းခေါ်လာကြ၏။ ထိုသတ္တဝါများကို သတ်ဖြတ်ပြီးသည်နှင့်၎င်းတို့နှစ်ယောက်သည်မကောင်းသော ဓလေ့ထုံးစံတချို့ကို ဆောင်ရွက်နေသကဲ့သို့ ထူးထူးဆန်းဆန်း လုပ်ဆောင်ကြပြန်သည်။ သေဆုံးပြီး သားရဲသတ္တဝါများကိုကား ၎င်းတို့သည်အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်ခွဲစိတ်ပြီး အပိုင်းလိုက်မှတ်တမ်းတင်ကြပြန်၏။ တခါတရံတွင်ကား စုချန်းသည်၎င်းသတ္တဝါတို့ကို အရှင်လတ်လတ်ပင်ခွဲစိတ်ဖြတ်တောက်ပစ်၏။
ထိုအခါ သူတို့၏ ပတ်ဝန်းကျင်မှာ အမြဲတမ်းလိုလိုပင်သွေးရောင်လွှမ်းနေတော့သည်။ သားရဲသတ္တဝါဆိုးများဟူသည်ပူးပေါင်းဆောင်ရွက်တတ်သူများ မဟုတ်။ ခွဲစိတ်ဖြတ်တောက်စဉ်တလျှောက်လုံးတွင်၎င်းတို့သည်အူသည်းလှိုက်သည်း အော်ဟစ်နေလေ့ရှိ၏။ ထိုအခါ သွေးများ၊ အသားတစ်များမှာ နေရာတိုင်းလိုလိုတွင်ပျံ့နှံ့နေလေ့ရှိပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းသော ငိုကြွေးသံများမှာလည်း နေရာအနှံ့ ဆူညံစွာ ထွက်ပေါ်လာလေ့ရှိသည်။
စုချန်းနှင့်သံမဏိတို့ လုပ်ဆောင်နေကြသည့်ထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည်လင်ယဲ့မွှားကို လိပ်ပြာလွင့်မတတ်ကြောက်လန့်စေခဲ့၏။ ထိုအခါ စုချန်းက လင်ယဲ့မွှားကို နှစ်သိမ့်ပြန်သည်။
"စိတ်မပူပါနဲ့ကွ မင်းကိုငါ မခွဲစိတ်ပါဘူး"
သို့သော်စုချန်း၏ လေသံမှာကား...
"ငါ့မှာ ကစားစရာအရုပ်ဆိုလို့ မင်းပဲရှိတာကွ ဒီတော့ မင်းကိုငါ ကောင်းကောင်းဆက်ဆံမှာပေါ့"ဟု ဆိုလိုသော အဓိပ္ပါယ်ပေါက်နေလေရာ လင်ယဲ့မွှားမှာ ပို၍သာ ကြောက်လန့်နေတော့သည်။
သားရဲသတ္တဝါများအား ခွဲစိတ်ခြင်း၊ လက်တွေ့လေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်း၊ အမဲလိုက်ခြင်း စသော ကိစ္စရပ်များသည်စုချန်း၏ နေ့စဉ်ဘဝကို လည်ပတ်နေစေသော ကိစ္စရပ်များ ဖြစ်သည်။ ထို့ကြောင့်စုချန်း၏ အနီရောင်တောင်ကြောသို့ တတိယမြောက်ခရီးစဉ်သည်ကား နယ်ပယ်အသီးသီးတွင်အံ့သြလောက်စရာ တိုးတက်မှုအသီးသီးနှင့်ပြည့်နှက်နေတော့သည်။
အထပ်ထပ်အခါခါ ခွဲစိတ်ခြင်းနှင့်လေ့လာသုံးသပ်ခြင်း ပြုလုပ်ပြီးနောက်စုချန်း၏ ဇီဝဗေဒအပေါ် နားလည်သဘောပေါက်မှုသည်တဖြည်းဖြည်း တိုးတက်လာခဲ့သလို အောရစ်၏ ရေးသားချက်များကိုလည်း ပို၍ ရှင်းလင်းစွာ နားလည်သဘောပေါက်လာခဲ့၏။ ထိုအခါ လင်ယဲ့မွှားကိုယ်တွင်းရှိ မူလစွမ်းအင်များအပေါ် သူ့အမြင်မှာလည်း ထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။ သူ့အမြင်အာရုံထဲတွင်လင်ယဲ့မွှားကိုယ်တွင်းရှိ မူလစွမ်းအင်စီးဆင်းမှုသည်ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းခြင်း နည်းလမ်းများအား သိမ်းဆည်းထားသည့်လျှို့ဝှက်ကျမ်းစာအုပ်တအုပ်အဖြစ်မြင်လာ၏။ ထိုစာအုပ်သည်စုချန်းအား လေ့လာရန်၊ ခွဲခြမ်းစိတ်ဖြာရန်စောင့်ဆိုင်းနေသည်ဟု ယူဆလာတော့သည်။
အချိန်ကြာမြင့်လာသည်နှင့်အမျှ စုချန်းသည်သွေးဗီဇတို့၏ ထူးခြားသော စွမ်းရည်သတ္တိတို့ကို နားလည်သဘောပေါက်စ ပြုလာတော့သည်။
အခြေခံအားဖြင့်ဆိုရသော်ပျံသန်းနေသောမြွေ၏သွေးဗီဇသည် မူလစွမ်းအင်အပေါ် လွှမ်းမိုးနိုင်သည့်ထူးခြားသော မူလပစ္စည်းတမျိုးကို ပိုင်ဆိုင်ထား၏။ ထိုပစ္စည်းသည်အသုံးပြုသူ၏ မူလစွမ်းအင်ကို ထူးခြားသောပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ထိုစွမ်းအားကိုလည်း အထူးတလည်တိုးပွားလာစေနိုင်သည်။ တဖန်၎င်းသည်မူလစွမ်းရည်များကိုလည်း ချဲ့ကားစွမ်းဆောင်လာနိုင်စေသော အစွမ်းသတ္တိရှိ၏။ တနည်းအားဖြင့်မူလစွမ်းရည်များ ပေါ်ထွက်လာစေရန်အစပျိုးရသည့်မူလစွမ်းအင်အဆောင်လက်ဖွဲ့ပုံစံများကို ချဲ့ထွင်ပေးလိုက်သည့်သဘောပင်။
ဥပမာအားဖြင့်ပြရလျင်မြူခိုးကြားထဲမှ မြွေ၏ခြေလှမ်းကိုပင်ပြရပေလိမ့်မည်။ သာမာန်အားဖြင့်မြွေခြေလှမ်းကို ဖော်ထုတ်ရန်ကိုယ်ခန္ဓာ၏ ကွဲပြားခြားနားသော နေရာဆယ့်နှစ်မျိုးတွင်မူလစွမ်းအင်အဆောင်လက်ဖွဲ့ ဆယ့်နှစ်မျိုး တည်ရှိနေရန်လိုအပ်၏။ သို့သော်သွေးဗီဇနှင့်ဆက်နွယ်သည့်မူလစွမ်းအင်ပြောင်းလဲမှုတွင်ကား အဆောင်လက်ဖွဲ့ နှစ်ဆယ့်လေးမျိုးအထိ ဖြစ်ပေါ်လာပြီး မြူခိုးကြားမှ မြွေခြေလှမ်း၏ အင်အားမှာလည်း ဆထက်တံပိုး တိုးပွားလာတော့သည်။ ဤနေရာတွင်မူလစွမ်းအင်အဆောင်လက်ဖွဲ့ ဆယ့်နှစ်မျိုးမှ နှစ်ဆယ့်လေးမျိုးသို့ တိုးပွားလာခြင်းမှာ သာမာန်သွေးနှောများအတွက်သာ ဖြစ်ပြီး ကုချိန်းလွှာတို့ကဲ့သို့ ဆွေစဉ်မျိုးဆက်သွေးဗီဇ ဆက်ခံလာသူများအတွက်ဆိုလျင်ယခုထက်ပို၍ အင်အားကောင်းစွာ နိုးထလာမည်မှာ သေချာလှသည်။
မူလစွမ်းရည်ဟူသည်မူလစွမ်းအင်ပြောင်းလဲမှုများအပေါ်တွင်မှီခိုနေသော သဘောတွင်ရှိ၏။ ထို့ကြောင့်ပျံသန်းနေသောမြွေ သွေးဗီဇသည်မြူခိုးကြားထဲမှ မြွေခြေလှမ်းနည်းစနစ်အပေါ်တွင်လွှမ်းမိုးနိုင်ခြင်းပင်တည်း။ သို့သော်၎င်းသည်တခုတည်းသော နည်းလမ်းမဟုတ်ကြောင်း စုချန်းက သဘောပေါက်ထား၏။ အကြောင်းမှာ ရည်ရွယ်ချက်မရှိပဲ လေပေါ်တွင်လမ်းလျှောက်နိုင်ခဲ့သော ဖြစ်ရပ်က သူ့တွင်သက်ဆိုင်ရာ သွေးဗီဇ မရှိလျင်ပင်ထူးခြားစွာ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ပြောပြနေသောကြောင့်ပင်ဖြစ်သည်။ လက်ရှိတွင်စုချန်း လုပ်ဆောင်ရန်လိုအပ်သော တခုတည်းသောအရာမှာ ထိုစွမ်းဆောင်မှုကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်နိုင်သာ ဖြစ်လေတော့သည်။ ဤပုံဤနည်းအားဖြင့်သူသည်မြူခိုးကြားထဲမှ မြွေခြေလှမ်း၏ ထူးခြားသော စွမ်းဆောင်ရည်ကို တခါတရံမှ သူအလိုရှိတိုင်း ဖော်ထုတ်နိုင်သော အနေအထားသို့ ပြောင်းလဲလာနိုင်ပေလိမ့်မည်။
"မူလစွမ်းအင်အဆောင်လက်ဖွဲ့တွေ တိုးပွားလာဖို့အတွက်သွေးဗီဇကို အားကိုးနေမဲ့အစား အခြားတခုခုနဲ့ အစားထိုးနိုင်ရင်ငါရှာနေတဲ့ အဖြေကို တွေ့မှာပဲ အင်း ကြည့်ရတာ မူလစွမ်းအင်ပုံစံတွေဟာ နည်းလမ်းကောင်းများ ဖြစ်လာမလားပဲ"
စုချန်းက တီးတိုးရေရွတ်လိုက်သည်။ အကြောင်းမှာ အာကင်နာမျိုးစိတ်များသည်ရှေးဟောင်းအာကင်နာနည်းစနစ်များကို မူလစွမ်းအင်အဆောင်လက်ဖွဲ့နှင့်မူလစွမ်းအင်ပုံစံများ အသုံးပြုပြီး ပြောင်းလဲခဲ့ဖူးကြောင်း သူ သတိရလာသောကြောင့်ဖြစ်သည်။ သို့သော်မြွေခြေလှမ်း၏ ထူးခြားသော စွမ်းဆောင်ရည်အား ဖော်ထုတ်ရန်ထိုနည်းလမ်းများသည်သူ့အတွက်မလုံလောက်ပဲ ဖြစ်နေ၏။
အထက်တွင်ဖော်ပြခဲ့ပြီးသော မူလစွမ်းအင်အဆောင်လက်ဖွဲ့ နှစ်ဆယ့်လေးနေရာလုံးသည်စုချန်း၏ ထွက်ဖောက်မြင်နိုင်သော မျက်လုံးအောက်ဝယ်ထင်းထင်းကြီး မြင်နေရ၏။ သို့သော်သွေးဗီဇစွမ်းရည်များ၏ အင်အားမှာကား ထိုမူလစွမ်းအင်အဆောင်လက်ဖွဲ့အပေါ်တွင်သာ မူတည်နေခြင်းမရှိပဲ မူလစွမ်းအင်၏ ပြောင်းလဲလာသော သဘောသဘာဝအပေါ်တွင်လည်း မူတည်နေပြန်သည်။ ဤပြသနာကို ဖြေရှင်းရန်မှာကား ထင်သလောက်မလွယ်ကူပေတကား။
အင်း..ဒီအတိုင်းဆိုရင်တော့ ငါ့အနေနဲ့ အလုပ်နှစ်ခုကို ခွဲခြားလုပ်ကိုင်ရမဲ့ပုံပဲ ပထမအလုပ်ကတော့ ငါ့ရဲ့ စုပ်ယူခြင်းနည်းလမ်းကို ခုထက်ပိုပြီး တိုးတက်လာအောင်လုပ်ဆောင်ဖို့ပဲ ဒါမှသာ မူလစွမ်းအင်ကို များများစားစား စုဆောင်းနိုင်ပြီး အလိုအလျောက်ပြောင်းလဲနိုင်လာလိမ့်မယ်ဒုတိယအလုပ်ကတော့ ပျံသန်းနေတဲ့မြွေသွေးဗီဇနဲ့ အာနိသင်တူပြီး မူလစွမ်းအင်အပေါ် သက်ရောက်နိုင်တဲ့ အခြား သွေးဗီဇတမျိုးမျိုးကို ရအောင်ရှာဖွေဖို့ပဲ...
အထက်ပါအတိုင်း စဉ်းစားတွေးခေါ်ပြီးနောက်စုချန်းသည်အနာဂတ်တွင်မည်သည့်အရာများအား ပို၍ဦးစားပေး လေ့လာသင့်ကြောင်း သဘောပေါက်လာ၏။
ပထမဆုံးအနေနှင့်သူသည်သူ၏ မြူခိုးကြားမှမြွေခြေလှမ်းအတွက်မူလစွမ်းအင်ပုံစံအသစ်တခုကို တည်ဆောက်ရပေလိမ့်မည်။ ထို့နောက်၎င်းကိုအသုံးပြုပြီး မူလစွမ်းအင်အဆောင်လက်ဖွဲ့၏ အရေအတွက်အား တိုးပွားလာစေရန်ကြိုးပမ်းရပေလိမ့်မည်။ ဒုတိယအနေနှင့်သူသည်စုပ်ယူခြင်းနည်းလမ်းကိုပြောင်းလဲပြီး မူလစွမ်းအင်များမျာစားစား စုဆောင်းနိုင်ရန်အားထုတ်ရမည်ဖြစ်သည်။ တတိယအလုပ်မှာ ပျံသန်းနေသောမြွေသွေးဗီဇ၏ ထူးခြားသော မူလပစ္စည်း ပါဝင်သည့်ဆေးဝါးတမျိုးမျိုးကို ရှာဖွေရန်ပင်ဖြစ်သည်။
သို့သော်ထိုလုပ်ငန်းသုံးရပ်လုံးမှာ အလွန်တရာ ခက်ခဲလှပေရာ အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်မှာကား မလွယ်လှ။ စုချန်း၏ စိတ်ထဲတွင်ကား သူ ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ စုပ်ယူခြင်းနည်းလမ်းကို ပြောင်းလဲရန်ပင်ဖြစ်သည်ဟု ယုံကြည်ထား၏။ အကြောင်းမှာ ထိုနည်းစနစ်သည်သူ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့်အပြင်ထူးခြားသော အမြင်အာရုံကြောင့်ကွဲပြားခြားနားသည့်အကျိုးသက်ရောက်မှုများကို မြင်တွေ့နိုင်သောကြောင့်ပင်။ သို့သော်မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင်စုချန်းသည်တတိယအလုပ်ဖြစ်သော မူလပစ္စည်းရှာဖွေခြင်းကို ပထမဦးဆုံး လုပ်ဆောင်ရန်ကံကြမ္မာမျိုး ဖန်လာခဲ့လေသည်။
အနီရောင်တောင်ကြောသို့ ဝင်ရောက်ပြီး ၃၆ရက်မြောက်နေ့တွင်စုချန်းသည်ခါတိုင်းလိုပင်သူ၏ သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေခဲ့၏။ ထိုစဉ်သံမဏိက ဝင်လာပြီး အစီရင်ခံလိုက်လေသည်။
"သခင်လက်စွပ်က ပြည့်နေပါပြီခင်ဗျာ"
သားရဲသတ္တဝါဆိုးများအား အမဲလိုက်ခြင်းလုပ်ငန်းမှ စုချန်းသည်များပြားလှသော သားရဲအရေခွံများ၊ အရိုးများနှင့်တခြားအရင်းအမြစ်များစွာကို စုဆောင်းရရှိထားခဲ့၏။ ထိုပစ္စည်းများမှာ မြို့တော်သို့ပြန်ရောက်လျင်ရောင်းချရန်ဖြစ်ပြီး သံမဏိဝတ်ဆင်ထားသော လက်စွပ်အတွင်း၌ ယာယီသိမ်းဆည်းထားခဲ့၏။ သူတို့တွင်လေဟာနယ်လက်စွပ်နှစ်ကွင်းရှိသော်လည်း ထိုလက်စွပ်နှစ်ကွင်းလုံးလိုလိုမှာ ပစ္စည်းများနှင့်ပြည့်နှက်နေခဲ့လေပြီ။
ထိုအခါ စုချန်းက ပြောလိုက်သည်။
"မင်း လက်စွပ်ခနပေးစမ်းကွာ အထဲမှာ အသုံးမဝင်တာတွေရှိနေရင်လွှင့်ပစ်တာပေါ့ နက်ဖြန်ကျရင်တောင်ကြောပြင်ပကို ခနထွက်ပြီး ဒီပစ္စည်းတွေ သွားရောင်းကြမယ်ပြီးမှ လိုအပ်တာတချို့ ထပ်ဝယ်ပြီး ပြန်လာကြမယ်"
ပြောပြောဆိုဆို စုချန်းက လက်စွပ်ကို ဖွင့်ကာ အသုံးမဝင်သော ပစ္စည်းတချို့ကို အပြင်သို့ လွှင့်ပစ်လိုက်၏။ ထို့နောက်သူက လက်စွပ်ကို စနစ်တကျ ပြန်ပိတ်ရန်ဟန်ပြင်လိုက်စဉ်အတွင်းထဲ၌ ထူးခြားသော ဆေးပင်တပင်ကို မမျှော်လင့်ပဲ တွေ့ရှိလိုက်ရလေသည်။
ထိုဆေးပင်ကို စိမ်းကားခြင်းရေအလျင်ဆေးပင်ဟု ခေါ်ပြီး အေးစက်စေသော အစွမ်းသတ္တိတမျိုးကို ပိုင်ဆိုင်ထား၏။ သူသည်ထိုဆေးပင်ကို လင်ယဲ့မွှားထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ လင်ယဲ့မွှားသည်အတိုင်းထက်အလွန်မောက်မာလှသော်လည်း ၎င်းထံတွင်မူလကျောက်တုံး ဆယ်ဂဏန်းမျှသာ တန်ဖိုးရှိသော မူလစွမ်းအင်ရှာဖွေရေးကြေးမုံမှအပ တခြားတန်ဖိုးရှိသော ပစ္စည်း မရှိချေ။ ၎င်းကြေးမုံသည်ပင်နောက်ထပ်အသုံးပြုရန်သုံးခါစာသာ ကျန်ရှိတော့၏။ ဆင်းရဲလွန်းအားကြီး၍ လင်ယဲ့မွှားကို စုချန်းကပင်ပြန်သနားရလေသည်။ ထိုဆေးပင်မှာလည်း စုချန်းအား တိုက်ခိုက်ရန်အလာ လမ်းခရီးတနေရာမှ လင်ယဲ့မွှား ခူးဆွတ်လာခြင်း ဖြစ်သည်။ ထိုဆေးပင်များသည်မြွေနဂါးများ ကြိုက်နှစ်သက်သော အစားအစာတမျိုး ဖြစ်၏။
စိမ်းကားခြင်းရေအလျင်ဆေးပင်ကိုကြည့်ရင်း စုချန်း၏ ဦးခေါင်းထဲတွင်ထူးခြားသော စိ်တ်ကူးစိတ်သန်းတချို့ ပေါ်ပေါက်လာ၏။ ထိုအခါ သူက ချက်ချင်းပင်ဆေးပင်ကို လက်စွပ်အတွင်းမှ ဆွဲထုတ်လိုက်ပြီး အညှာကို ဖြတ်တောက်ပြီး ဖန်ခွက်တခုအတွင်းသို့ ထည့်လိုက်၏။ ထို့နောက်ထူးခြားသော အရည်တစက်ခန့်လောင်းထည့်ကာ ပြောင်းလဲမှုများကို စောင့်ကြည့်နေလေသည်။ အရည်များများ ထပ်ထည့်လိုက်သောအခါတွင်ကား ဆေးပင်သည်အလွန်သေးငယ်သည့်အလွှာများအဖြစ်ပြောင်းလဲသွားတော့သည်။ ထိုပြောင်းလဲမှုများသည်သာမာန်မျက်စိနှင့်မမြင်နိုင်သော်လည်း စုချန်း၏ မျက်လုံးထဲတွင်ကား အလွန်ရှင်းလင်းပီသစွာ မြင်တွေ့နေရ၏။
အထူးတလည်မျှော်လင့်ထားခြင်းမရှိသော စမ်းသပ်မှု၏ ရလဒ်ကား စုချန်းကို မျက်လုံးပြူးသွားစေ၏။ အကြောင်းမှာ စိမ်းကားခြင်းရေအလျင်ဆေးပင်တွင်သူရှာဖွေနေသော မူလပစ္စည်းကို တွေ့ရှိလိုက်ရသောကြောင့်ပင်တည်း။